“ပုဂံဘုရားတွေကို သော့ခတ်ထားတာ ကျွန်တော် မကြိုက်ဘူး” - ပြင်သစ် ဗိသုကာပညာရှင် ဒေါက်တာ ပယ်ရီပစ်ချက်စ်

    • ရေးသားသူ, မင်းသစ်
    • ရာထူးတာဝန်, ဘီဘီစီ(မြန်မာပိုင်း)

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံအကြောင်း စာအုပ် ၈ အုပ်တွဲရေးသားပြီး နာမည်ကျော်ခဲ့တဲ့ ပြင်သစ် ဗိသုကာပညာရှင် ဒေါက်တာပယ်ရီပစ်ချက်စ်ဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၂ ရက်က ပြင်သစ်နိုင်ငံမှာ ကွယ်လွန်သွားပါတယ်။

ဒေါက်တာပစ်ချက်စ်ဟာ ပုဂံလွင်ပြင်ပေါ်က ဘုရားစေတီပုထိုးတွေနဲ့ သာသနိကအဆောက်အဦ ပေါင်း ၂၀၀၀ ကျော်ကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အမှတ်စဥ်တပ်ပြီး စနစ်တကျ စာရင်းပြုစုပေးခဲ့တဲ့ ပထမဆုံး နိုင်ငံခြားသားပညာရှင်ဖြစ်ပါတယ်။

အဲဒီအကြောင်းကို မစ္စတာပစ်ချက်စ်က “ပုဂံရှေးဟောင်းအမွေအနှစ်အဆောက်အဦများ စာရင်း သွင်းခြင်း” ခေါင်းစဥ်နဲ့ စာအုပ် ၈ အုပ်တွဲ ရေးခဲ့ပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ဝေခဲ့ပါတယ်။

“ပုဂံဒေသအမွေအနှစ်ထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် ဆရာကြီးပစ်ချက်စ်က မပါမဖြစ်ပဲ။ ပုဂံကို ဘယ်နိုင်ငံက ပညာရှင်ပဲလာလာ၊ ဆရာကြီးရဲ့ စာအုပ်ကိုပဲ အမှီပြုရတာလို့” ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် အရှေ့တောင်အာရှဆိုင်ရာ၊ ရှေးဟောင်းသုတေသနနဲ့ အနုပညာစင်တာရဲ့ အကြီးတန်းသုတေသနမှူး ဒေါ်ဥမ္မာမျိုးက ဘီဘီစီကို ပြောပါတယ်။

ပယ်ရီပစ်ချက်စ် ပြုစုရေးသားခဲ့တဲ့ စာအုပ် ၈ အုပ်တွဲကို ဝယ်ယူစုဆောင်းထားသူ ဂရစ်ဖစ်ဒီဇိုင်း ပညာရှင် ဒါရိုက်တာမျိုးဆွေသန်းက “ဒေါက်တာ ပယ်ရီပစ်ချက်ရဲ့ လုပ်ရပ်ဟာ ပုဂံအမွေအနှစ်နဲ့ သက်ဆိုင်တဲ့ မြန်မာနိုင်ငံသားတွေအဖို့ သာဓုခေါ်ရမယ့် လုပ်ရပ်ဖြစ်တယ်” ဆိုပြီး မှတ်ချက်ပြုပါတယ်။

ပုဂံအတွက် ဒေါက်တာ ပယ်ရီပစ်ချက်စ်ဘာတွေလုပ်ခဲ့လဲ

နှစ်ပေါင်း ၄၀ ကျော်ကြာ ပုဂံ‌‌‌ဒေသကို အာရုံစိုက် သုတေသနလုပ်ခဲ့တဲ့ မစ္စတာပစ်ချက်စ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ် ရှိပြီဖြစ်ပါတယ်။ မစ္စတာပစ်ချက်စ်ကို ၁၉၃၆ ခုနှစ်မှာ ပြင်သစ် မှာ မွေးပြီး ဗိသုကာပညာရပ်တွေကိုလည်း ပြင်သစ်မှာပဲ အဓိကသင်ယူခဲ့ပါတယ်။

ပြင်သစ် ဗိသုကာပညာရှင် တစ်ယောက်သာမက ၁၈၉၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် အာရှရေးရာလေ့လာရေး ပြင်သစ်ကျောင်း (EFEO) ရဲ့ အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။

EFEO အဖွဲ့ အတွက် ဗိသုကာပညာလေ့လာရေးနဲ့ ရှေးဟောင်းဒေသတွေက အမွေအနှစ် အဆောက်အဦ ထိန်းသိမ်းရေးလုပ်ငန်းတွေရဲ့ တောင်နဲ့ တောင်အာရှပိုင်းဆိုင်ရာ အကြီးအကဲအနေနဲ့လည်း တာဝန်ယူပေးခဲ့ပါတယ်။

မစ္စတာပစ်ချက်စ် တစ်ယောက် ပုဂံဘုရားတွေကို မှတ်တမ်းတင်ပြီး စာအုပ် ၈ အုပ်တွဲရေးဖို့ အထိ အကြောင်းဖန်လာတာဟာ ၁၉၇၅ ခုနှစ် ဇူလိုင် ၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၆.၅ အဆင့်ရှိတဲ့ ပုဂံငလျင်ကြီးကြောင့် ဖြစ်ပါတယ်။

ငလျင်ကြောင့် ပျက်စီးသွားတဲ့ စေတီပုထိုးတွေနဲ့အဆောက်အဦတွေကို မှတ်တမ်းတင်ပြီး ထိန်းသိမ်းစောင့်ရှောက်တာတွေလုပ်ဖို့ ယူနက်စကိုနဲ့ EFEO အဖွဲ့တို့ရဲ့ အစီအစဥ် နဲ့ ပုဂံမြေ ကို သူ ခြေချဖို့ ဖြစ်လာခဲ့ပါတယ်။

ပုဂံသုတေသနလမ်းညွှန် စာအုပ်‌နဲ့ နာမည်ကျော်ခဲ့တဲ့ ဗြဟ္မစာရီမွန်ဗိုကေ (ခေါ်) မွန်ဗိုကေလို့ လူသိများတဲ့ ရှေးဟောင်းသုတေသီ ဦးဗိုကေ က ပုဂံရှေး‌‌‌‌‌‌‌ဟောင်းဌာနခွဲကိုထူထောင်ပြီး ကျောက်စာဝန် လုပ်နေချိန်လည်း ဖြစ်ပါတယ်။

ဒေါက်တာပစ်ချက်စ် ပုဂံမြေကို စတင်ခြေချပြီးကတည်းက ရွှေစည်းခုံဘုရားကို အမှတ်စဥ် (၁) သတ်မှတ်ပြီး ဘုရား တစ်ဆူချင်းစီရဲ့ အဆောက်အဦအမျိုးအစား၊ အတိုင်းအထွာ၊ ဆောက်လုပ်ပုံ အသေးစိတ်၊ အသုံးပြုတဲ့ပစ္စည်း၊ သုံးထားတဲ့ အုတ်အရွယ်အစား၊ တည်ဆောက်တဲ့ခုနှစ်၊ ကြွင်းကျန်ရစ်တဲ့ အနုလက်ရာ၊ နံရံပန်းချီ စတုရန်းပေ၊ ကျောက်စာမှတ်တမ်း စတာတွေကို အသေးစိတ် မှတ်တမ်းတင်ခဲ့တာ အဆောက်အဦပေါင်း ၂၀၀၀ ကျော် အထိရှိခဲ့ပါတယ်။

မစ္စတာပစ်ချက်စ်ရဲ့ စာအုပ်ထဲမှာ အေဒီ ၁၁ ကနေ ၁၃ ရာစု အတွင်းက ဗုဒ္ဓဘာသာ နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ရှေးဟောင်းအဆောက်အဦပေါင်း ၂၂၆၀ ရဲ့ တည်နေရာ၊ ပန္နက်ပုံစံ၊ မြေပုံ၊ ဓာတ်ပုံတွေနဲ့ မှတ်တမ်းအသေးစိတ်တွေ ပါဝင်တယ်ဆိုပြီး ယူနက်စကိုအဖွဲ့ က မှတ်တမ်းပြုပါတယ်။

ပုဂံ ဘုရားအမှတ် ၃၁၅ မှာ တွေ့ရှိခဲ့တဲ့ ပိတ်စပေါ်မှာ ရေးဆွဲထားတဲ့ ပုဂံခေတ် ပန်းချီလက်ရာ ကို ရှာဖွေတွေ့ ရှိချိန်မှာလည်း ဒေါက်တာပစ်ချက်စ် ရှိနေခဲ့တယ်လို့ အဲဒီအခြေအနေအကြောင်း သိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီတူးဖော်တွေ့ရှိချက်ဟာ ပုဂံခေတ်မှာကတည်းက ပိတ်စပေါ်မှာပန်းချီကားရေးဆွဲနေပြီဆိုတာကို မြန်မာရှေးဟောင်းသုတေသနပညာရှင်တွေ သက်သေထူနိုင်ခဲ့တဲ့အထိ သက်ရောက်မှုကြီးခဲ့ပါတယ်။

ပိတ်စပေါ်မှာရေးဆွဲထားတဲ့ ပုဂံခေတ်ရှေးဟောင်းပန်းချီကားကို ပုဂံမြို့ ရှေးဟောင်း သုတေသန ပြတိုက်မှာ ပြသထားပြီး ရှာဖွေတွေ့ရှိမှတ်တမ်းမှာ အရင်က ဒေါက်တာပစ်ချက်စ် နာမည်ရေး ထိုးခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ဖြုတ်ခဲ့တယ်လို့ အဲဒီအကြောင်း သိသူတွေက ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာပစ်ချက်စ်ရဲ့ ပုဂံနဲ့ ပတ်သက်ပြီး ရေးဆွဲခဲ့တဲ့ မြေပုံတွေကို အခုအချိန်အထိ လက်ကိုင်ထားနေရတုန်းပဲလို့ ရှေးဟောင်းသုတေသနပညာရှင် အများစုက ပြောပါတယ်။

“အရမ်း တိကျတယ်။ GPS တိုင်းတာရေး ပစ္စည်းတွေ မပေါ်သေးတဲ့အချိန်မှာ သူဘယ်လို အလုပ်လုပ်သွားခဲ့တယ်ဆိုတာ အံ့သြ မဆုံးဘူး” လို့ အမည်မဖော်လိုတဲ့ ရှေးဟောင်းပညာရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပုဂံဘုရားပေါင်း အဆူ ၂၀၀၀ ကျော်အတွက် ဒေါက်တာပစ်ချက်စ် ပြုစုပေးသွားတဲ့ မှတ်တမ်း တွေဟာ မြန်မာနိုင်ငံရှေး‌ဟောင်းသုတေသနဌာန အတွက် အကျိုးကျေးဇူးများခဲ့တယ်လို့ အငြိမ်းစား ရှေးဟောင်း ဒုညွှန်ချုပ် ဒေါက်တာသိန်းလွင် (စာရေးဆရာ မြန်စာမြေသိန်းလွင်) က ဘီဘီစီကို ပြောပါတယ်။

“ကျွန်တော်တို့ မန္တလေးမြို့ အပါအဝင် မြန်မာနိုင်ငံက ရှေးဟောင်းအဆောက်အဦတွေကို စာရင်း သွင်းမှတ်တမ်း လုပ်မယ်ဆိုရင် ဆရာကြီးပစ်ချက်စ် ပုဂံအတွက် လုပ်ပေးထားခဲ့တဲ့ ပုံစံကို နမူနာယူရတယ်” လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ဒါအပြင် ဒေါက်တာပစ်ချက်စ်ဟာ ရှေးဟောင်းသုတေသနဌာနက ဝန်ထမ်းပေါင်းများစွာကိုလည်း ဗိသုကာနဲ့ အမွေအနှစ် ထိန်းသိမ်းရေး ပညာတွေကို သင်ကြားပေးခဲ့ပါတယ်။

ဒေါက်တာပစ်ချက်စ်ဟာ သူပုဂံမှာ ရှိနေချိန်အတွင်းမှာလည်း ပုဂံနဲ့ပတ်သက်တဲ့ “ပုဂံသတင်းလွှာ” ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ လစဥ် ရေးသားထုတ်ဝေခဲ့ပါသေးတယ်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ကြိုးပမ်းမှုတွေမှာလည်း ဒေါက်တာပယ်ရီပစ်ချက်စ် ဟာ ယူနက်စကိုအဖွဲ့ရဲ့ အကြံပေး ပညာရှင်အနေနဲ့ တလျှောက်လုံးပါဝင်ခဲ့တယ်လို့ ပုဂံ ကမ္ဘာ့အမွေ အနှစ်တင်သွင်းရေးအဖွဲ့ခေါင်းဆောင်လုပ်ခဲ့တဲ့ အငြိမ်းစား ရှေးဟောင်း ဒုညွှန်ချုပ် ဒေါက်တာသိန်းလွင်က ဘီဘီစီ ကို ပြောပါတယ်။

ဒါအပြင် ဒေါက်တာပစ်ချက်စ်ဟာ နရသီဟပတေ့ဘုရား ခေါ် တရုတ်ပြေးဘုရား အပါအဝင် ပုဂံက မုဒ် ၅ မုဒ် ရှိတဲ့ ဘုရားတွေအကြောင်းကိုလည်း စာအုပ်ရေးခဲ့ပါသေးတယ်။

"ပညာရှင်တွေကြားမှာတော့ လက်စွဲပေါ့။ အပြင်လူတွေ သိပ်သတိမထားမိလိုက်ကြဘူး" လို့ ဒေါက်တာပစ်ချက်စ် ရဲ့ မုဒ် ၅ မုဒ် ဘုရားတွေအကြောင်းရေးထားတဲ့ စာအုပ်နဲ့ ပတ်သက်ပြီး ဒေါက်တာသိန်းလွင်က မှတ်ချက်ပြုခဲ့ပါတယ်။

ဆေးပေါ့လိပ်ကြိုက်ပြီး မြန်မာ့ဓလေ့ကို ချစ်တဲ့ ပယ်ရီပစ်ချက်စ်

ဒေါက်တာပစ်ချက်စ်ဟာ မြန်မာဆေးပေါ့လိပ်ကို အလွန်ကြိုက်နှစ်သက်သူပါ။ မြန်မာရိုးရာဓလေ့ထုံးထမ်းအစဥ်လာတွေကို အမြဲလေးစားလိုက်နာသူဖြစ်တယ်လို့ သူနဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့သူတွေက ပြောပါတယ်။

“သူကိုကြည့်လိုက်ရင် အမြဲတမ်းလွယ်အိတ်ပါတယ်။ ဒေသခံတွေနဲ့တွေ့တဲ့အခါမျိုးမှာဆိုရင်လည်း ကြမ်းတပြေးတည်းထိုင်တယ်” လို့ စာရေးဆရာ မြန်စာမြေသိန်းလွင် က ဘီဘီစီ ကိုပြောပါတယ်။

‌ဒေါက်တာပစ်ချက်စ်က ပုဂံ‌ဒေသခံတွေကို အမွေအနှစ်ထိန်းသိမ်းစောင့်ရှောင့်ရေးသင်တန်းတွေပေးတဲ့အချိန်တုန်းက စကားပြန် လုပ်ပေးခဲ့ဖူးတဲ့ ပုဂံဒေသခံ ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ဆရာမ ဒေါ်တင်တင်အေး ကလည်း မစ္စတာပစ်ချက်စ် အကြောင်းကို အမှတ်တရ ပြန်ပြောပြပါတယ်။

"သူကရိုးသားတယ်။ ဘုရားတွေထဲသွားတဲ့အခါမှာ လူသူမရှိတဲ့ဘုရားပဲ ဖြစ်ဖြစ် ဘယ်တော့မှ ဖိနပ်စီးပြီး မဝင်ဘူး အပြင်မှာချွတ်ခဲ့တယ်။ နေပူလည်း ဂရုမစိုက်ဘူး။ အလုပ်ကြိုးစားတယ်။ ယဥ်ကျေးတယ်။ စိတ်ထားမှန်တယ်” လို့ ပြန်ပြောပြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် အရှေ့တောင်အာရှဆိုင်ရာ ရှေးဟောင်းသုတေသနနဲ့ အနုပညာစင်တာရဲ့ အကြီးတန်း သုတေသနမှူး လုပ်နေတဲ့ ရှေးဟောင်းပညာရှင် ဒေါ်ဥမ္မာမျိုးဟာ မြန်မာနိုင်ငံ ယူနက်စကိုရုံးမှာ လုပ်ခဲ့တုန်းက ဒေါက်တာပစ်ချက်စ်နဲ့ ဆုံခဲ့ဖူးသူဖြစ်ပါတယ်။

၂၀၁၆ ပုဂံ ငလျင်ပြီးတဲ့ နောက်ပိုင်း ပြိုကျသွားတဲ့ ပုဂံဘုရားတွေကို ယူနက်စကို အစီအစဥ် နဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်တာ၊ ပုဂံဒေသကို ယူနက်စကိုမှာ တင်သွင်းရေးလုပ်ငန်းတွေမှာ အတူလက်တွဲ လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပုဂံဘုရားတွေ ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး သူ့ကို ဒေါက်တာပစ်ချက်စ် ပြောခဲ့ဖူးတာတွေကို ဒေါ်ဥမ္မာမျိုးက ဘီဘီစီ ကို ပြန်မျှဝေခဲ့ပါတယ်။

“ပုဂံမှာ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ဖို့ဆိုရင် ဒေါ်လာသန်းချီတန်တဲ့ စီမံကိန်းကြီးတွေ မလိုအပ်ပါဘူး။ ဘယ်ဘုရားမှာ မြက်လေးတွေပေါက်နေပြီလဲ၊ ဘယ်ဘုရားမှာ မိုးလေးတွေယိုနေပြီလဲ၊ ဘယ်ဘုရားရဲ့ အုတ်လေးတွေက ကြွေကျနေပြီ ဆိုတာမျိုးလေးတွေကို အမြဲတမ်းစောင့်ကြည့် စစ်ပေးလိုက်ရင်ကိုပဲ ပုဂံဘုရားတွေက နှစ်ပေါင်းများစွာ ခံနိုင်ပါသေးတယ်လို့” ဒေါက်တာ ပစ်ချက်စ်က သင်ပေးသွားတယ် လို့ ဒေါ်ဥမ္မာမျိုးက ဘီဘီစီကို ပြောပါတယ်။

ပုဂံ ငလျင်တွေ နဲ့ ရေစက်ပါခဲ့တဲ့ မစ္စတာ ပစ်ချက်စ်

၁၉၇၅ ပုဂံငလျင်နောက်ပိုင်းအခြေအနေကို စာအုပ် ၈ အုပ်တွဲ‌ရေးခဲ့တဲ့အထိ ပုဂံ ကို သံယောဇဥ်ကြီးခဲ့တဲ့ မစ္စတာပစ်ချက်စ်ဟာ ၂၀၀၀ ခုနှစ် ဝန်းကျင်မှာတော့ ပြစ်သစ်မှာပဲ ပြန်အခြေချ နေထိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ပုဂံကို အနည်းဆုံး တစ်နှစ်‌ နှစ်ခေါက်လောက်တော့ ပြန်လာလေ့ရှိပြီး သူမှတ်တမ်း လုပ်ခဲ့တဲ့ ပုဂံနဲ့ လက်ရှိ ပုဂံရဲ့ ကွဲပြားချက်တွေကို ရှာဖွေ သုတေသန လုပ်လေ့ရှိတယ်လို့ သူ့ရဲ့ လုပ်‌ဖော်ကိုင်ဘက်တွေက ပြောပါတယ်။

၂၀၁၆ ပုဂံမှာ ငလျင်လှုပ်တယ်လို့ သိသိချင်း မှာပဲ မစ္စတာပစ်ချက်စ် ပြင်သစ်ပြည်ကနေ ပုဂံကို မြန်မြန်ဆန်ဆန်ပဲ ပြန်ရောက်လာခဲ့ပါတယ်။

“ငလျင်ကြောင့် ဘုရားတွေ ဘယ်လောက်ပြိုကျပျက်စီးသွားတယ်ဆိုတာကို သူက စိုးရိမ်တကြီးနဲ့ ရောက်လာခဲ့တာ။ အသက်ပဲ ၈၀ ကျော်နေပြီ။ အဲဒါ ခေတ်မမီတော့တဲ့ ကင်မရာအဟောင်း အသေးလေးတစ်လုံးနဲ့ ရိုက်လိုက်၊ လက်ထဲက မှတ်စုစာအုပ်အသေးလေး မှာ ပြန်ရေးလိုက်နဲ့ တနေကုန် လျှောက်သွားနေတာ" လို့ အဲဒီအချိန်က သူနဲ့အတူ လိုက်ပါခဲ့ဖူးတဲ့ ရှေးဟောင်းသုတေသန ဝန်ထမ်း တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

၂၀၁၆ ငလျင်ကြောင့် စူဠာမဏိဘုရား အပေါ်ခြမ်းပြိုကျခဲ့တဲ့အပြင် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးသွားတဲ့ စေတီပုထိုး အရေအတွက် ၃၆ ဆူအထိ ရှိတယ်လို့ အဲဒီအချိန်တုန်းက ပုဂံ ရှေးဟောင်းဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဘီဘီစီကို ပြောပြပါတယ်။

မစ္စတာပစ်ချက်စ် ပုဂံကို ရောက်လာချိန်မှာ သူနဲ့အတူ ၁၉၇၅ ပုဂံငလျင်နောက်ပိုင်း လက်တွဲ ညီခဲ့ကြတဲ့ ဆားဗီးယားနိုင်ငံသား ငလျင်အင်ဂျင်နီယာပညာရှင် ‌ဒေါက်တာ ပရီဒေါ့ဂရီလာဗစ် နဲ့ မြန်မာနိုင်ငံသား ရှေးဟောင်းသုတေသနပညာရှင် မင်းဘူးဦးအောင်ကြိုင်တို့ရဲ့ သုံးပွင့်ဆိုင် အတွဲကို ပုဂံမြေပေါ်မှာ တကျော့ပြန်မြင်ခဲ့ရပါတယ်။

“အမွေအနှစ်အဆောက်အဦတွေ ထိန်းသိမ်းစောင့်ရှောက်တဲ့ပညာကို ပစ်ချက်စ်က ပုဂံဒေသခံ လူငယ်တွေကို ပညာအမွေလက်ဆင့်ကမ်းပေးနိုင်ခဲ့တယ်။ သူဟာ လူကောင်းတစ်ယောက်ပါ။ ပညာရှင်ပီသတဲ့သူဖြစ်သလို ဆရာကောင်းလည်းဖြစ်ခဲ့တယ်” လို့ ငလျင်အင်ဂျင်နီယာပညာရှင် ‌ဒေါက်တာ ပရီဒေါ့ဂရီလာဗစ်က မစ္စတာပစ်ချက်စ် ကွယ်လွန်ချိန်မှာ ရေးခဲ့ပါတယ်။

ဒေါက်တာပစ်ချက်စ် နဲ့ မင်းဘူးဦးအောင်ကြိုင်

ပုဂံနဲ့ပတ်သက်လာရင် အသိဆုံးလူသားတွေဆိုပြီး ဒေါက်တာပစ်ချက်စ်နဲ့ မင်းဘူးဦးအောင်ကြိုင် တို့ နှစ်ဦးကို ရှေးဟောင်း ပညာရှင်တွေကြားမှာ အမွှန်းတင်ပြီးပြောလေ့ရှိကြပါတယ်။

သူတို့ နှစ်ဦးဟာ ပုဂံအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို နှစ်ပေါင်း ၄၀ ကျော် အတူလက်တွဲ လုပ်ကိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဦးအောင်ကြိုင်ဟာ ပုဂံဘုရားတွေထိန်းသိမ်းရေး ဝန်ထမ်းငယ်ဘဝမှာပဲ မစ္စတာပစ်ချက်စ်နဲ့ စဆုံခဲ့တာပါ။

နောက်ပိုင်းမှာတော့ ပုဂံအပါအဝင် ရှေးဟောင်းသုတေသန နဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်းများစွာကို မင်းဘူးအောင်ကြိုင် ကလောင်နာမည်နဲ့ ရေးသားခဲ့သလို ရှေးဟောင်းသုတေသန ဒုညွှန်ချုပ် ရာထူးနဲ့ အငြိမ်းစားယူခဲ့သူလည်း ဖြစ်ပါတယ်။

ဦးအောင်ကြိုင်ဟာ အငြိမ်းစားယူပြီးနောက်ပိုင်းမှာလည်း ပုဂံနဲ့ ရှေးဟောင်းဌာန အပေါ် သံယောဇဥ်ကြီးသူဖြစ်လို့ အကြံပေးအနေနဲ့ ဆက်လုပ်ကိုင်ပေးခဲ့ပါသေးတယ်။

“သူတို့နှစ်ယောက်က ဆရာတပည့်တွေ၊ နှစ်ပေါင်းများစွာ အလုပ်အတူတူတွဲလုပ်ခဲ့ကြတာ။ ပစ်ချက်စ်ရဲ့ စာအုပ် ၈ အုပ်တွဲထဲမှာ ဦးအောင်ကြိုင် လုပ်ပေးခဲ့တဲ့ဟာတွေ အများကြီးပါတယ်” လို့ အငြိမ်းစား ရှေးဟောင်း ဒုညွှန်ချုပ် ဒေါက်တာသိန်းလွင် (စာရေးဆရာ မြန်စာမြေသိန်းလွင်) က ဘီဘီစီကို ပြန်ပြောပြပါတယ်။

‌ဒေါက်တာပစ်ချက်စ် ကလည်း သူ့စာအုပ်တွေထဲမှာ ဦးအောင်ကြိုင်ရဲ့ ဓာတ်ပုံနဲ့ နာမည်ကို အမြဲထည့်သွင်းဖော်ပြတဲ့အထိ သံ‌‌‌ယောဇဥ် ကြီးခဲ့ပါတယ်။ ဦးအောင်ကြိုင်က မစ္စတာပစ်ချက်စ် ထက် ၄ နှစ်စောပြီး ၂၀၂၀ မှာ ကွယ်လွန်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်လုံး မြင်ချင်ခဲ့တဲ့ ပုဂံဒေသ ကမ္ဘာ့ အမွေအနှစ်ဖြစ်ရေး မျှော်မှန်းချက်ကတော့ နှစ်ယောက်စလုံး ခေါင်းမချခင်ချိန်မှာပဲ ပြည့်ဝခဲ့ကြပါတယ်။

ပုဂံဒေသကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ၂၀၁၉ ဇူလိုင် ၆ ရက်နေ့ အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးကနေ သတ်မှတ်ပေးခဲ့တာကြောင့်ပါ။

ပုဂံ မှာပဲခေါင်းချချင်ကြတဲ့ ပုဂံ အကြောင်းစာအုပ်ရေးပြီး ကမ္ဘာကျော်ခဲ့သူတွေ

အင်္ဂလိပ်လူမျိုး သမိုင်းပါမောက္ခ ဒေါက်တာလုစ် ရဲ့ ပုဂံ နဲ့ပတ်သက်တဲ့ “ခေတ်ဟောင်းမြန်မာပြည်နဲ့ ပုဂံအစ” စာအုပ်၊ လန်ဒန်တက္ကသိုလ် ရှေးဟောင်းသုတေသန ဂုဏ်ထူးဆောင်ပါမောက္ခ အဲလစ်ဇဘက်မိုး ရေးတဲ့ “ကျယ်ပြောသော ပုဂံ” နဲ့ ဒေါက်တာပစ်ချက်စ် ရေးတဲ့ “ပုဂံရှေးဟောင်းအမွေအနှစ် အဆောက်အဦများ စာရင်းသွင်းခြင်း” စာအုပ်တွေကို ပညာရှင်တိုင်းက လက်ကိုင်ထားကြပါတယ်။

‌‌မြန်မာအစ ကျောက်ဆည်က အဆိုကို တင်သွင်းခဲ့သူ ပါမောက္ခ ဒေါက်တာလုစ်က ပုဂံကို သမိုင်းနဲ့ခေတ်ပြိုင် အနုပညာတွေဘက်ကနေ ချဥ်းကပ်ပြီး စာအုပ် ၃ အုပ်တွဲ ရေးပါတယ်။ ပါမောက္ခ မိုး ကတော့ ရှေးဟောင်း သုတေသနတူးဖော်တွေ့ရှိချက်တွေကို နောက်ခံထားပြီး ပုဂံကို ဆေးရောင်ခြယ်ပါတယ်။

ဒေါက်တာ ပစ်ချက်စ်ရဲ့ စာအုပ် ၈ အုပ်တွဲကတော့ ပုဂံရဲ့ဗိသုကာလက်ရာနဲ့ထိန်းသိမ်းရေး ရှုထောင့်ကနေ ပုဂံမြင်ကွင်းကျယ်ထဲက အမွေအနှစ်အဆောက်အဦပေါင်း ၂၀၀၀ ကျော် ရဲ့ အချက်အလက်တွေကို အသေးစိတ် ပုံဖေါ်ပြ ခဲ့တာ ဖြစ်ပါတယ်။

“ပုဂံ စေတီပုထိုးတွေရဲ့ ပေါင်းကူးအမိုးခုံးတွေကို ပစ်ချက်စ်က အကြိုက်ဆုံးပဲ။ တည်ဆောက် ထားတာ အရမ်း အဆင့်မြင့်တယ်ဆိုပြီး အမြဲညွှန်းလေ့ရှိတယ်” လို့ အငြိမ်းစား ရှေးဟောင်း ဒုညွှန်ချုပ် ဒေါက်တာသိန်းလွင် (စာရေးဆရာ မြန်စာမြေသိန်းလွင်) က ဘီဘီစီ ကို ပြောပါတယ်။

ပုဂံ အကြောင်းစာအုပ်ရေးပြီး ကမ္ဘာကျော်ခဲ့သူ ၃ ဦးလုံးဟာ ပုဂံချစ်သူတွေဖြစ်သလို ပုဂံမှာပဲ ခေါင်းချချင်ကြတဲ့ သူတွေလို့ သူတို့အကြောင်းသိရှိခဲ့ဖူးတွေက ပြောကြပါတယ်။

“ဒေါက်တာလုစ်ကိုမမီလိုက်ပေမဲ့ ဒေါက်တာမိုး နဲ့ ‌‌ဒေါက်တာပစ်ချက်စ်ကတော့ ပုဂံကို အတော်ချစ်တယ်လို့ ပြောလို့ရတယ်” ဆိုပြီး သူတို့နဲ့ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ပြန်ပြောင်းပြောပါတယ်။

မြန်မာ့ဓလေ့ကို ချစ်ပြီး ပုဂံမှာပဲ ဘဝနေဝင်ချိန် ကုန်ဆုံးချင်ခဲ့ကြသူ ၃ ဦးလုံးရဲ့ ဆန္ဒက မြန်မာစစ်ခေါင်း ဆောင် အဆက်ဆက်ကြောင့် မပြည့်ဝခဲ့ပါဘူး။

၂၀၂၁ မြန်မာစစ်တပ် တကျော့ပြန် အာဏာသိမ်းပြီးထဲက ‌‌ဒေါက်တာပစ်ချက်စ်နဲ့ ပါမောက္ခ မိုး ပါ မြန်မာပြည်ထဲ ပြန်မလာနိုင်ကြတော့ဘဲ သူတို့ရဲ့ မွေးရပ်မြေမှာပဲ ကွယ်လွန်ခဲ့ကြတာဖြစ်ပါတယ်။

‌ပါမောက္ခ ဒေါက်တာလုစ် ကတော့ မဆလ တစ်ပါတီ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်မှာထဲက မြန်မာပြည်ကနေ ထွက်ခွာခဲ့ရသူဖြစ်ပါတယ်။

ဒေါက်တာ ပစ်ချက်စ် မြင်ချင်ခဲ့တဲ့ ပုဂံ

ဒေါက်တာ ပစ်ချက်စ် ဟာ ပုဂံဒေသသာမဟုတ်ပဲ အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ ယဥ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကျွမ်းကျင်ပညာရှင်တစ်ဦးအနေနဲ့ ယူနက်စကို အတွက် နှစ်ပေါင်း ၅၀ ကျော် ခရီးနှင်ခဲ့သူပါ။

သူရဲ့ အတွေ့အကြုံတွေကို ချိန်ထိုးပြီး သူမြင်ချင်တဲ့ ပုဂံပုံရိပ် ကို ၂၀၁၆ ပုဂံ ငလျင်လှုပ်ပြီး ပုဂံဒေသကို တစ်ခါပြန်ရောက်ချိန်က လုပ်ဖော်ကိုင်ဖက်တွေကို သူက ပုံဖော်ပြခဲ့ပါတယ်။

“ပုဂံရဲ့ ယဥ်ကျေးမှုအမွေအနှစ်ဆိုတာ အုတ်အဆောက်ဦကြီးတွေကိုပဲ ပြောတာမဟုတ်ပါဘူး” ဆိုပြီး သူက ပုဂံကိုအဓိပ္ပါယ် စဖွင့်ပါတယ်။

“အဆောက်အဦတွေရဲ့ တည်ဆောက်ပုံ၊ ဗိသုကာလက်ရာ၊ အလှဆင်ထားတဲ့ ရုပ်ကြွလက်ရာတွေ၊ ပန်းတမော့လက်ရာတွေ၊ သူများနဲ့မတူတဲ့ နံရံဆေးရေးပန်းချီတွေ အားလုံးဟာ ပုဂံရဲ့ ထူးခြားတဲ့ အမွေအနှစ်ဖြစ်တယ်။ သရုပ်မှန်ဖြစ်တယ်” လို့ ပစ်ချက်စ်က ဆက်ပြောပါတယ်။

“အရှေ့တောင်အာရှက တခြားနေရာတွေမှာ ပုဂံလိုမျိုး တွေ့ရဖို့ မလွယ်ကူပါဘူး။ စနစ်တကျ ထိန်းသိမ်းနိုင်ဖို့က ပိုပြီးတော့တောင် အရေးကြီးပါတယ်” ဆိုပြီးလည်း သူက ထောက်ပြခဲ့ပါတယ်။

ပုဂံမှာ လုပ်တဲ့ ဘုရားပွဲတွေကို သူ အလွန်ကြိုက်နှစ်သက်ကြောင်းလည်း ‌ဒေါက်တာပစ်ချက်စ်က ထည့်ပြောပါတယ်။

“ကျွန်တော့်အနေနဲ့ ဗုဒ္ဓဘာသာမဟုတ်လို့ ဒီအကြောင်းတွေကို သေသေချာချာ နားမလည်ဘူး ဆိုပေမဲ့ အခုလက်ရှိအချိန်အထိ မြန်မာလူမျိုးတွေဟာ ပုဂံမှာဘုရားပွဲတွေလုပ်တယ်။ ဝါဆိုပွဲတို့ သင်္ကြန်တို့မှာ ဆိုရင်လည်း ပုဂံဘုရားတွေမှာ ရိုးရာအစဥ်အလာအတိုင်း ကိုးကွယ်လှူဒါန်းတာတွေ လုပ်နေတာတွေက ကျွန်တော် ကြိုက်နှစ်သက်တဲ့ အရာတွေပါပဲ” လို့ ပစ်ချက်စ် ပြောပါတယ်။

ဒေါက်တာ ပစ်ချက်စ် က ကမ္ဘောဒီးယားနိုင်ငံက နာမည်ကျော် အန်ကောဝပ် ကျောင်းတော်ကြီးနဲ့ ပုဂံ ဒေသနဲ့ မတူညီတဲ့ နှိုင်းယဥ်ချက်တချို့ကိုလည်း ချပြခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမှာ ပုဂံခေတ်ထဲက ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားလာတာ အခုချိန်ထိ ဆက်ပြီးဖွံ့ဖြိုးတုန်းပဲလို့ လည်း ပစ်ချက်စ်က ပြောပါတယ်။

“အန်ကောကျောင်းတော်ကြီးဖွံ့ဖြိုးတိုးတက်စဉ်က ဟိန္ဒူအယူဝါဒထွန်းကားခဲ့ပါတယ်။ အခုနောက်ပိုင်းမှ ကမ္ဘောဒီးယားပြည်သူတွေက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေဖြစ်လာပါတယ်။ ဒါဟာ ပုဂံ၊ မြန်မာနဲ့ အဓိက ကွဲပြားချက်ပါ” လို့ ဒေါက်တာ ပစ်ချက်စ်က ထောက်ပြပါတယ်။

ဒေါက်တာပစ်ချက်စ်ဟာ ယဥ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးပညာရှင် တစ်ယောက် ဖြစ်ပေမဲ့ မြန်မာတွေရဲ့ ရှေးဟောင်းစေတီပုထိုးတွေပေါ်မှာ ထီးတင်ချင်တာ၊ ‌ရွှေသင်္ကန်းကပ်ချင်တယ်ဆိုတဲ့ စိတ် သဘောထားတွေကို သူ နားလည်ပေးနိုင်တယ်လို့လည်း ပြောပါတယ်။

“တကယ်တော့ ဒါတွေဟာ ယူနက်စကို အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထိန်းသိမ်းရေး စံနှုန်းတွေနဲ့ မကိုက်ညီပါဘူး။ ဒါပေမဲ့လည်း မြန်မာလူမျိုးတွေ လုပ်ချင်နေတဲ့ ဆန္ဒတွေကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်”လို့ ပစ်ချက်စ် က ပြောပါတယ်။

ပုဂံဒေသရဲ့ အမွေအနှစ်ထိန်းသိမ်းရေးနဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး မျှခြေကို ဘယ်လို ချိန်ထိုး ချဥ်းကပ်ရမလဲဆိုတဲ့ သူ့ အယူအဆကိုလည်း ဝေမျှခဲ့ပါသေးတယ်။

“ပုဂံက ပြည်တွင်းဘုရားဖူးတွေရော နိုင်ငံတကာခရီးသွားတွေပါ လာတာများတဲ့အတွက် အမွေအနှစ်အဆောက်အုံတွေကို စနစ်တကျထိန်းသိမ်းထားဖို့ လိုသလို တစ်ဖက်မှာလည်း ပုဂံကို လာတဲ့သူတွေအားလုံးဟာ ပုဂံရဲ့ အနုအလှပ ကို မြင်တွေ့ခံစားနိုင်ဖို့အတွက် ဘုရားတွေကို ဖွင့်ပေးထားသင့်တယ်” လို့ ဒေါက်တာပစ်ချက်စ်က ပြောခဲ့ပါတယ်။

“ဘုရားတွေကို သော့ခတ်ထားတာ ကျွန်တော် မကြိုက်ပါဘူး” လို့ ပြင်သစ် ဗိသုကာပညာရှင် ‌‌ဒေါက်တာပစ်ချက်စ်က ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ်။