ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာအာဏာသိမ်းကာလ ပုဂံနဲ့ အန်ကော ခရီးသွားဧည့်သည် ဘယ်လောက်ကွာဟနေလဲ
- ရေးသားသူ, မင်းသစ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
စစ်အာဏာသိမ်းလိုက်တဲ့နောက် မြန်မာဟာ ခရီးသွားလည်ပတ်ဖို့မသင့်တဲ့ အန္တရာယ်ရှိနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံတော်တော်များများက သူတို့ရဲ့ နိုင်ငံသားတွေကိုသတိပေးတားမြစ်ချက်တွေထုတ်ထားပါတယ်။
ပြည်တွင်းမငြိမ်သက်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံသားတွေ ခရီးမသွားကြဖို့ အနီရောင်အဆင့် (၄) သတ်မှတ်ပြီး တားမြစ်ထားတာကို ၂၀၂၄ ဇန်န၀ါရီလဆန်းကပဲ အမေရိကန်အစိုးရက ထပ်မံသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ကပ်ရောဂါအလွန်မှာ ခရီးသွားလုပ်ငန်းတွေ အရှိန်နဲ့ပြန်စနိုင်ဖို့ နိုင်ငံတိုင်းကရုန်းကန်နေရချိန်မှာ မြန်မာမှာတော့ အာဏာသိမ်းနောက်ဆက်တွဲ ဒေသအနှံ့တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေကြောင့် ပြည်ပခရီးသွား မရှိသလောက်ဖြစ်သွားခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းတစ်ခုလုံးရပ်တန့်လုနီးနေပြီလို့ ဘီဘီစီနဲ့ အမေးအဖြေ လုပ်ခဲ့တဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ၅ ဦးထက်မနည်းက တညီတညွတ်တည်း ပြောကြပါတယ်။
မြန်မာမှာ နိုင်ငံခြားသားခရီးသွားတွေစိတ်ဝင်စားတဲ့လည်ပတ်စရာဒေသ ၃၀ ကျော်ထက်မနည်းရှိပါတယ်။
ပြည်ပခရီးသွားအများစုကတော့ ရွှေတိဂုံစေတီရှိတဲ့ ရန်ကုန် အပါအဝင် မန္တလေး၊ ပုဂံ၊ ကလော နဲ့ အင်းလေး ဒေသတွေကို အများဆုံးသွားရောက်ကြပါတယ်။
ပြည်ပဧည့်သည်မရှိသလောက်ဖြစ်နေတဲ့ ပုဂံ နဲ့ ဧည့်ပိုတိုးလာတဲ့အန်ကောဝပ်
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကနေရတဲ့ဝင်ငွေ အတက်အကျဟာ ပုဂံဒေသကို ကမ္ဘာလှည့်ခရီးသွားတွေ ဘယ်လောက်လာသလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ကမ္ဘာ့နိုင်ငံတွေဆီကို ပုဂံက ယွန်း အနုလက်ရာပစ္စည်းတွေ တင်ပို့ရောင်းချနေတဲ့ ယွန်းဆိုင်ပိုင်ရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“ပုဂံကို ကမ္ဘာလှည့် ခရီးသွားဧည့်သည်လာတာကတော့ ဇီးရိုးဖြစ်သွားတယ်။ မရှိသလောက်ဖြစ်သွားတယ်။ ရုရှားတချို့လာတယ်။ တရုတ်တချို့ လာတယ်။ အရင်တုန်းကလို ပုံစံမျိုးကတော့ လုံး၀ မရှိတော့ဘူး။ တော်တော်လေးကို အခြေအနေဆိုးတယ်” လို့ ပုဂံဒေသခံ ယွန်းဆိုင်ပိုင်ရှင်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
ပုဂံဒေသမှာ နှစ်ပေါင်း ၂၀ ကျော် သဲကျောက်ပန်းချီကားရေးဆွဲ ရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကိုထိုက်ထိုက် (အမည်လွှဲ) လည်း သူအလုပ်လုပ်ခဲ့တဲ့ ကာလမှာ အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်နေရပါတယ်။
သူ့ရဲ့ တနိုင်တပိုင် သဲပန်းချီရောင်းအားက ပုဂံကို ကမ္ဘာ့လှည့်ခရီးသွားတွေ မလာတော့လို့ ၃ ပုံ ၂ ပုံလောက်အထိကို ထိုးကျသွားပါတယ်။ စစ်အာဏာမသိမ်းခင်က တစ်နှစ်ကို မြန်မာကျပ်ငွေသိန်း ၃၀ လောက်ဝင်ငွေ ရှိနေတာကနေ အခုဆို တစ်နှစ်ကို ၁၀ သိန်းရဖို့တောင်အနိုင်နိုင်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းခရီးသွားတွေကိုပဲ မှီခိုနေရလို့ ရောင်းအားက မရှိသလောက်ဖြစ်သွားပြီလို့ ဆိုပါတယ်။
“ဧည့်သည်ကတော့ နည်းသထက်နည်းပါတယ်။ ပုံမှန်နိုင်ငံခြားဧည့်အလာများတဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာဆိုရင် မရှိသလောက်ကို နည်းပါတယ်။ အခုတော့ ပြည်တွင်းဧည့်သည်တွေလောက်ကိုပဲ မျှော်ရတော့တာပေါ့။” လို့ ကိုထိုက်ထိုက်က ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ ကနေ ၂၅ ရက်နေ့အထိ တရုတ် ယူနန်ပြည်နယ်၊ လီဂျန့်မြို့မှာ မဟာမဲခေါင်ဒေသ ခရီးသွားလုပ်ငန်းဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီညွှန်ချုပ်နဲ့ အဖွဲ့ ဘယ်လိုအချက်တွေကို ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ တိတိကျကျသိရတာမရှိပါဘူး။
အဲဒီ မဟာမဲခေါင်ဒေသ ခရီးသွားလုပ်ငန်းဆွေးနွေးပွဲမှာပါဝင်တဲ့ ကမ္ဘောဒီးယားနိုင်ငံကတော့ ၂၀၂၄ ခုနှစ်ရဲ့ ပထမ ၃ လအတွင်းမှာတင် အန်ကောဝပ်ရှေးဟောင်းဇုန်ကို ကမ္ဘာလှည့်ခရီးသွား ၄ သိန်းကျော်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၅ သန်းကျော်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကထက် ၅၀ ရာခိုင်နှုန်းကျော်တိုးလာတာဖြစ်တယ်လို့လည်း ဇုန်ဝင်ကြေး ကောက်ခံတဲ့ အန်ကောအင်တာပရိုက်က ထုတ်ပြန်ထားပါတယ်။
ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းကနေရတဲ့ ၀င်ငွေအများစုဟာ အန်ကောရှေးဟောင်းဒေသကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ ရနေတာပါ။
အေဒီ ၈ ရာစုကနေစပြီး အေဒီ ၁၄ ရာစုကျော်လောက်အထိ ရှေးကျတဲ့ စေတီပုထိုးတွေနဲ့ ဟိန္ဒူယဉ်ကျေးမှုအနုပညာလက်ရာတွေကို လေ့လာနိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံက အန်ကောဝပ်နဲ့ မြန်မာနိုင်ငံက ပုဂံဒေသ နှစ်ခုစလုံးကို ကမ္ဘာ့ရှေးဟောင်းဒေသတွေအဖြစ် ကုလသမဂ္ဂရဲ့ ယူနက်စကိုအဖွဲ့ကြီးက အသိအမှတ်ပြုထားပါတယ်။
ပုဂံဟာ ၂၀၁၉ NLD အစိုးရလက်ထက်ကျမှ ယူနက်စကို ဝင်ခဲ့တာဖြစ်လို့ အန်ကောဝပ်ထက်စာရင် ဆယ်စုနှစ် နှစ်စုကျော်ကြာနောက်ကျပြီးမှ ယူနက်စကိုစာရင်းဝင်ဖြစ်ခဲ့တာပါ။
အန်ကောဒေသဟာ ၁၉၉၂ ခုနှစ်ထဲက ယူနက်စကို ရခဲ့တာဖြစ်ပြီး အဲဒီကာလ ဗိုလ်ချုပ်ကြီးဟွန်ဆန် အုပ်ချုပ်နေချိန်မှာကိုပဲ ကမ္ဘာ့လှည့်ခရီးသွားတွေ အကြားထင်ရှားနေခဲ့ပါတယ်။
အန်ကောဝပ်ဒေသဟာ တစ်ချိန်ကခမ်းနားခဲ့တဲ့ ခမာမြို့ပြနိုင်ငံရဲ့ သရုပ်သကန်ကို အံ့ဩဖွယ် သဲကျောက် လက်ရာတွေကနေ လေ့လာနိုင်ပါတယ်။
မြန်မာက ပုဂံဒေသဟာလည်း မတူညီတဲ့ ဗိသုကာလက်ရာနဲ့ စေတီပုထိုးပေါင်း ၃ ထောင်ကျော်ရှိနေသလို နံရံဆေးရေးပန်းချီတွေကို လေ့လာနိုင်တဲ့ နေရာပေါင်း ၄၀၀ ကျော်အထိရှိနေသေးတယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တွေက ထောက်ပြကြပါတယ်။
“မြန်မာနိုင်ငံမှာက ယဉ်ကျေးမှုအမွေအနှစ်တွေရော၊ သဘာ၀အမွေအနှစ်တွေရောက အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီ အမွေအနှစ်တွေကို လူသိအောင်လုပ်နိုင်တာကတော့ အရမ်းကို အားနည်းတယ်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ တစ်နိုင်ငံလုံးဝင်ငွေရအောင် လုပ်နိုင်တဲ့အခြေအနေမျိုးကို ဘယ်တုန်းကမှ မဖန်တီးနိုင်ခဲ့ဘူး” လို့ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
မြန်မာ့ရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေအရ ကိုဗစ်ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်းတွေ နာလန်ပြန်ထူနိုင်ခဲ့ပါတယ်။
အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်က အမေရိကန် ဒေါ်လာ ၅ ဘီလီယံကျော် ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံ (ဂျီဒီပီ) ရဲ့ ၁၂ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
“ကိုဗစ်အလွန်ကာလမှာ ခရီးသွားလုပ်ငန်းကိုပြန်တင်ဖို့ နိုင်ငံတိုင်းက ကြိုးစားကြတာပေါ့။ ကိုယ့်နိုင်ငံလည်း အဲဒီလိုဖြစ်တော့မယ်ဆိုပြီး အကုန်လုံးကမျှော်လင့်ထားကြတာ။ အာဏာလည်းကောက်သိမ်းသွားရော လုံး၀ဆန့်ကျင်ဘက်ကြီးဖြစ်သွားတယ်။ ခရီးသွားလုပ်ငန်းက လုံး၀ ကိုရပ်သွားတာ”လို့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသဘက်ကို အဓိက ဧည့်လမ်းညွှန်လုပ်နေသူတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေကို အဓိကဆွဲဆောင်ထားတဲ့ ပုဂံက အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေဟာ ပြည်တွင်းခရီးသွားတွေကိုပဲပစ်မှတ်ထားတဲ့ ချည်ထည်အင်္ကျီဆိုင်တွေ ဖြစ်ကုန်ကြသလို တစ်ချို့ဆိုင်တွေက ကုန်ခြောက်ပစ္စည်းဆိုင်တွေ အဖြစ်အသွင်ပြောင်းခဲ့ကြပါတယ်။
“မြင်းလှည်းသမားတွေဆိုရင်လည်း ပုံစံပြောင်းကုန်တယ်။ အရင်က နိုင်ငံခြားဧည့်သည်တွေကို လိုက်ပို့ရင် တစ်ရက် ငွေ ၃ သောင်းလောက်ရတယ်။ အခု ပြည်တွင်းကလူတွေကိုပဲ အားထားရတော့ တစ်ခေါက်ကို ၅ ထောင်လောက်ပဲရတော့တယ်။အဓိက က လူစားဖို့ထက် မြင်းစာဖိုးရှာရတာပေါ့ ။ တချို့ကလည်း မြင်းလှည်းဖြုတ်ပြီး “တုတ်တုတ်” ဆိုင်ကယ် ပြောင်းမောင်းကြတယ်” လို့ သဲပန်းချီဆရာ ကိုထိုက်ထိုက်က ဘီဘီစီ ကိုပြောပါတယ်။
အပတ်စဉ်တူ သူငယ်ချင်းကို ဝန်ကြီးပြန်ခန့်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
အာဏာသိမ်းပြီးနောက် NLD အစိုးရရဲ့ ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ဟိုတယ်ခရီး၀န်ကြီးနေရာကိုတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ စစ်တက္ကသိုလ် အပတ်စဉ် (၁၉) မှာ အတူတူတက်ခဲ့တဲ့ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဦးဌေးအောင်ကို ဝန်ကြီးခန့်ခဲ့ပါတယ်။
ဦးဌေးအောင်ဟာ အရင် ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ဟိုတယ်ခရီး ပြည်ထောင်စုဝန်ကြီး ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဦးဌေးအောင်ကို တစ်နှစ်လောက်ပဲ ဟိုတယ်ခရီး ဝန်ကြီးနေရာပေးပြီး ၂၀၂၃ မှာ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနေရာကို ရွှေ့လိုက်ပါတယ်။
အဲဒီနောက်မှာတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီးနေရာ ပေးထားတဲ့ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဒေါက်တာသက်သက်ခိုင်နဲ့ အစားထိုးခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာ့ခရီးသွားလုပ်ငန်းပြန်တက်အောင် လုပ်ဆောင်မယ်ဆိုပြီး စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးတွေမှာ ပြောဆိုတာတွေရှိခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ရန်ကုန်မြို့ ၊ ဓမ္မစေတီလမ်းက ၂၅ နှစ်ကျော် သက်တမ်းရှိတဲ့ Savoy ကြယ်လေးပွင့်ဟိုတယ်ဟာ အာဏာသိမ်းပြီး တစ်နှစ်ပြည့်မှာ အပြီးပိတ်သိမ်းသွားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာပဲ စင်ကာပူအခြေစိုက် Keppel ကော်ပိုရေးရှင်း လုပ်ငန်းစုရဲ့ ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်ကို အမေရိကန် ဒေါ်လာ ၅၇.၄ သန်းနဲ့ရောင်းချတော့မယ်လို့ ကြေညာခဲ့တဲ့အထိ မြန်မာ့ခရီးသွားလုပ်ငန်း အခြေအနေက အကျဘက်ကိုရောက်ခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်အခြေစိုက် အိမ်ခြံမြေရောင်းဝယ်ရေး အေဂျင်စီတွေရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရန်ကုန်မြို့ပေါ်က အကြီးစားနဲ့အလတ်စားဟိုတယ်တွေရဲ့ အရောင်းနဲ့လက်လွှဲ အငှားကြော်ငြာတွေကလည်း မြန်မာ့ခရီးသွားလုပ်ငန်းရပ်တန့်နေတာကို သက်သေခံနေပါတယ်။
စစ်ကောင်စီရဲ့ ၂၀၂၂ ခုနှစ်စာရင်းအရတော့ မြန်မာနိုင်ငံမှာ ဟိုတယ်အလုံးပေါင်း ၂၃၃၁ လုံး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ရုရှား - မြန်မာခရီးသွား အလုပ်ဖြစ်လား
ပုံမှန်ကာလတွေမှာ အောက်တိုဘာ ကနေ ဖေဖော်ဝါရီအထိ ၅ လတာ ကာလဟာ မြန်မာမှာ နိုင်ငံခြားဧည့်သည်အလာများချိန်ဖြစ်ပါတယ်။
အများအားဖြင့် အမေရိကန်နဲ့ အီးယူ နိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွားတွေက အနုတ်ဒီဂရီအောက်ဆင်းတဲ့ သူတို့ရဲ့ ဆောင်းအအေးဒဏ်ကို ရှောင်ဖို့ အာရှနိုင်ငံတွေဘက်ကို ခရီးနှင်ကြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီလက်ထက်မှာတော့ မြန်မာနိုင်ငံကို အန္တရာယ်ရှိနိုင်ငံအဖြစ်သတိပေးမှုတွေက ဒီခရီးသွားတွေရဲ့ ခြေလှမ်းတွေကို တခြားနိုင်ငံတွေကို တွန်းပို့ခဲ့ပါတယ်။
စစ်ကောင်စီဟာ ကျဆင်းနေတဲ့ နိုင်ငံခရီးသွားလုပ်ငန်းကိုပြန်မြှင့်ဖို့ သူနဲ့ ဆက်ဆံရေးကောင်းနေတဲ့ ရုရှားနိုင်ငံဘက်ကို ခြေဦးလှည့်ခဲ့ပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ရုရှားဘာသာစကားသင်တန်းတွေဖွင့်ခဲ့ပါတယ်။
“ရုရှားတွေခံတွင်းတွေ့မယ့် နိုင်ငံထဲမှာ ကျွန်တော်တို့နိုင်ငံ မပါပါဘူး။ ရုရှားက အေးတော့ အာရှဘက်ကို ခရီးထွက်လာရင် စျေးဝယ်ထွက်မယ်၊ တခြားဖျော်ဖြေရေးတွေကို ပိုစိတ်ဝင်စားတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ရေမြေနဲ့ယဉ်ကျေးမှုကို စိတ်ဝင်စားတာနည်းပါတယ်။ ဥပမာ တရုတ်ဆိုရင် သူတို့ စိတ်ဝင်စားတဲ့ ကျောက်စိမ်းထွက်တယ် ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေသေးတယ်''
''ရုရှားနိုင်ငံသားအများစုက မြန်မာနိုင်ငံကို ကြားဖူးမှာတောင်မဟုတ်ဘူး။ သူတို့ချင်းသာအဆက်အဆံရှိတာ လူထုခြင်းအဆက်အဆံက တော်တော်ကိုနည်းပါတယ်”လို့ ရန်ကုန်မြို့ခံ ခရီးသွားကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီ ဟိုတယ်နဲ့ခရီးဝန်ကြီးဌာနရဲ့ ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်တဲ့စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှာ လိုင်စင်ရ ရုရှားဧည့်လမ်းညွှန် ၈၃ ယောက်ပဲရှိတာတွေ့ရပါတယ်။
သန်းနဲ့ချီကျဆင်းသွားတဲ့ ပြည်ပခရီးသည်
မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းကနေရရှိတဲ့ဝင်ငွေနဲ့ ရာခိုင်နှုန်းအချိုးအစားအပြင် ခရီးသွားလုပ်ငန်းကြောင့်ရတဲ့ အလုပ်အကိုင်အခွင့်အလမ်းစတဲ့ အချက်အလက်တွေကို တိတိကျကျ ကိုးကားထောက်ပြဖို့အတွက် လုံလောက်တဲ့အရင်းအမြစ်တွေက မရှိသလောက်ရှားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီက လာအိုနိုင်ငံ ဗီရန်ကျန်းမြို့ မှာ လုပ်ခဲ့တဲ့ ၂၀၂၄ အာဆီယံ ခရီးသွားလုပ်ငန်း ဆွေးနွေးပွဲမှာတော့ စစ်ကောင်စီ ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က အချက်အလက်တချို့ကို ဖွင့်ချခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း ၂၀၁၅ ခုနှစ်မှာ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံထဲကို ဝင်ရောက်ခဲ့တာ ၄ ဒသမ ၆ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ဦးတင်မျိုးအောင်က ပြောပါတယ်။ ၂၀၁၅ ခုနှစ်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ အကူးအပြောင်းကာလနှစ်တွေဖြစ်ပါတယ်။
ကိုဗစ်ကာလ မတိုင်ခင် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြားသား ၄ ဒသမ ၃ သန်းထိရှိနေတဲ့ အခြေအနေကနေ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ လူ ၁ သိန်း ၃ သောင်း လောက်ပဲ နိုင်ငံခြားဧည့်သည်လာတော့တဲ့အထိ အခြေအနေဆိုးသွားတာကိုလည်း ဟိုတယ်ခရီး ဒုညွှန်မှူး ဦးတင်မျိုးအောင် ရဲ့ အချက်အလက်တွေက ပြသနေပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာ ပြည်တွင်းကိုလာတဲ့ နိုင်ငံခြားသား ၁ ဒသမ ၂ သန်းကျော်အထိ ပြန်တက်ခဲ့တယ်လို့ သူကပြောပါတယ်။ ထိုင်းက ပထမ၊ ဒုတိယ တရုတ်နဲ့ ဂျပန်နိုင်ငံသားတွေက တတိယ အများဆုံးလာရောက်ခဲ့ပါတယ်။
စစ်ကောင်စီအဓိက ပြောတာက ဂျပန်နိုင်ငံသားတွေ အကြောင်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် အထိ မြန်မာနိုင်ငံထဲကို ဂျပန်နိုင်ငံသားတွေလာတာ ၇ နှစ်ဆက်တိုက် တတိယ အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေဟာ ယေဘူယျဆန်ပြီး အသေးစိတ် ခွဲခြမ်းစိတ်ထားတဲ့ အချက်အလက်မျိုးတွေ မတွေ့ရဘူးလို့ ခရီးသွားလုပ်ငန်းရှင်တွေဘက်က အသံထွက်လာတာတွေလည်း ရှိပါတယ်။
ဂျပန်နိုင်ငံသားတွေ မြန်မာနိုင်ငံထဲကို ဝင်လာတယ်ဆိုတာဟာ ခရီးသွားဧည့်သည်အနေနဲ့ လာတာမဟုတ်ပဲ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ကြီးဌာနတွေနဲ့ချိတ်ဆက်လုပ်နေတဲ့ စီမံကိန်းတွေအတွက် လာကြတာများတယ်လို့ ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“ဂျပန်နိုင်ငံသားတော်တော်များများက မြန်မာမှာ လက်ရှိအလုပ်လုပ်နေတဲ့ ဂျပန်တွေ။ သူတို့က အားလပ်ရက်ဆို ရန်ကုန်ပတ်ဝန်းကျင်လောက်ပဲ သွားကြတာ။ နောက်ပြီး သူတို့က ဒီမှာ တာဝန်ကျရင် သူတို့ရဲ့ မိသားစုတွေက လိုက်လာကြတာများတယ်။ ဒါကြောင့် ဂျပန်တွေ အဝင်များတယ်ဆိုပြီးဖြစ်နေတာ။ ကမ္ဘာလှည့်ခရီးသွားအနေနဲ့ သီးသန့်လာတဲ့ ဂျပန်လူမျိုး ကတော့ အရမ်းရှားသွားပါပြီလို့” ဂျပန်ခရီးသွားတွေကို ဘာသာပြန်လိုက်လုပ်ခဲ့တဲ့ ဧည့်လမ်းညွှန်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ နိုင်ငံတကာကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ၁၅ လိုင်းနဲ့ ပြည်တွင်း အတွက် လေကြောင်းလိုင်း ၅ လိုင်းရှိနေပါတယ်။
ဒါပေမယ့် ထိုင်းနဲ့မြန်မာနိုင်ငံကိုပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေသာ အသွား အပြန် ခရီးသည်ပြည့်ပြီး တခြားလေကြောင်းလိုင်းတွေကတော့ နိုင်ငံတွင်းကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာသွားကြမယ့် လူငယ်တွေသာပါသွားကြတာလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲမှာ ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီလက်အောက် မြန်မာ့ခရီးသွားလုပ်ငန်း ရပ်တန့်သွားတဲ့ အဓိကအကြောင်းရင်းဟာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပြည်တွင်းစစ်ပိုမိုကျယ်ပြန့်လာတာကြောင့်လို့ ခရီးသွားလုပ်ငန်းနဲ့ အသက် မွေးဝမ်းကြောင်းလုပ်နေသူတွေက ပြောကြပါတယ်။
“လက်ရှိပြည်တွင်းစစ်က မြန်မာပြည်အလယ်ပိုင်းတွေရော နောက်ပြီးခရီးသွားဒေသတွေပါ စစ်အဟုန်တိုးပြီးရောက်လာတော့ မလွယ်ပါဘူး။ နောက်ပြီး ခရီးသွားလုပ်ငန်းထဲမှာ လူမရှိတော့ဘူး။ အကုန်အပြင်ရောက်ကုန်ပြီ”လို့ နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိတဲ့ ရန်ကုန်မြို့အခြေစိုက် ခရီးသွားလုပ်ငန်းကုမ္ပဏီပိုင်ရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတွင်းက မြို့နယ်ပေါင်း ၃၃၀ မှာ မြို့နယ် ၂၂၀ ကျော်က ပြင်းထန်တိုက်ပွဲတွေဖြစ်နေပြီး အာဏာမသိမ်းခင်ကထက် တိုက်ပွဲအကြိမ် ၂ သောင်းကျော်အထိ မြင့်တက်ခဲ့တယ်လို့ မြန်မာအရေး လေ့လာသုတေသနပြုနေတဲ့ ISP-Myanmar က ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။
ဒီပြင်းထန်တိုက်ပွဲဖြစ်နေတဲ့ဧရိယာက နိုင်ငံ နယ်မြေဒေသ ရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးရှိနေတာကြောင့် လမ်းပိုင်းပိတ်ထားတာတွေ၊ မတည်ငြိမ်တာတွေနဲ့ ကန့်သတ်နယ်မြေလိုဖြစ်လာတာတွေက ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ကြရတဲ့အထိဖြစ်လာပါတယ်။