ဂျပန်မှာ ပြည်ပလုပ်သား တိုးခေါ်မယ်

ဂျပန်မှာ အလုပ်သမား ရှားပါးမှုကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားအလုပ်သမားတွေကို ခေါ်ပြီး စီးပွားရေး ကဏ္ဍတွေကို တိုးချဲ့ဖို့ ရှိပါတယ်။

ဂျပန်မှာ ဘတ်စ်ကား၊ တက္ကစီနဲ့ ကုန်ကားမောင်းသူတွေ အဓိက လိုအပ်နေပြီး ဂျပန် လူဦးရေ ကျဆင်းနေမှုကြောင့် အလုပ်သမား ရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့လည်း ဂျပန်မှာ ပြည်ပက အလုပ်သမား ခေါ်ယူတာကို အစဉ်အလာအားဖြင့် လက်ခံကြည်ဖြူ မရှိလှပါဘူး။

ဂျပန်မှာ အလုပ်လုပ်ချင်တဲ့ နိုင်ငံခြားသားတွေအတွက် ခက်ခဲတဲ့ ဘာသာစကားစာမေးပွဲ ဖြေရပါတယ်။

နောက် ငါးနှစ်အတွင်း ကဏ္ဍ ၁၆ ခုမှာ နိုင်ငံခြား အလုပ်သမား ရှစ်သိန်းနှစ်သောင်းကျော် ခေါ်ဖို့ မျှော်လင့်ထားကြောင်း ဂျပန်အစိုးရက ပြောပါတယ်။

အသစ် တိုးခေါ်တဲ့ လေးခု

လောလောဆယ် နိုင်ငံခြား က ကျွမ်းကျင်အလုပ်သမားခေါ်တဲ့ အစီအစဉ်မှာ သူနာပြု၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍ ၁၂ ခု ပါပြီး အသစ် တိုးခေါ်တဲ့ လေးခုက ပို့ဆောင်ရေး၊ မီးရထား၊ သစ်တောထိန်းသိမ်းရေးနဲ့ သစ်လုပ်ငန်းကဏ္ဍတွေ ဖြစ်ပါတယ်။

ပြည်ပ ကျွမ်းကျင်လုပ်သားတွေကို နေထိုင်ခွင့်ပေးဖို့ ဂျပန်အစိုးရ ဆုံးဖြတ်ခဲ့ကြောင်း အန်အိပ်ချ်ကေ သတင်းမှာ ပါရှိပါတယ်။

ဘတ်စ်ကားနဲ့ တက္ကစီမောင်းသူတွေ၊ လက်မှတ်ရောင်းသူတွေ ဒီအစီအစဉ်အတွက် လျှောက်ထားနိုင်ပြီး ဆက်သွယ်ပြောဆိုမှုနဲ့ လုံခြုံမှု ထိန်းသိမ်းရေး ကျွမ်းကျင်မှုတွေ ပါဝင်လို့ အဆင့်မြင့် ဂျပန်စကား တတ်မြောက်မှုက ဒီအလုပ်တွေအတွက် လိုအပ်ချက် ဖြစ်နေပါတယ်။

အလုပ်လုပ်ခွင့် ဗီဇာအမျိုးအစား

ပြည်ပလုပ်သား အများဆုံး ခေါ်ယူနိုင်တဲ့ အရေအတွက်ကိုလည်း လုပ်ငန်းအလိုက် ဂျပန်အစိုးရက ကန့်သတ်ပေးခဲ့ပါတယ်။ ဒါမှ ပြည်တွင်း အလုပ်သမားစျေးကွက်ကို မထိခိုက်မှာပါ။

ဂျပန်မှာ အလုပ်သမား ရှားပါးမှု ဆိုးဆိုးရွားရွားဖြစ်နေလို့ ပြည်ပအလုပ်သမား ခေါ်ယူမှုကို ၂၀၁၉ က စတင်ခဲ့ပါတယ်။

၂၀၂၃ နှစ်ကုန်ထိ ဂျပန်မှာ ဒီအစီအစဉ်နဲ့ လာနေတဲ့ နိုင်ငံခြားသား နှစ်သိန်းကျော် ရှိပါတယ်။

ဒီအစီအစဉ်အရ ပထမအမျိုးအစား တချို့ကျွမ်းကျင်လုပ်သားတွေကို ငါးနှစ်အထိ အလုပ်လုပ်ခွင့်ပြုပြီး ဒုတိယအမျိုးအစား ပိုပြီး ကျွမ်းကျင်သူတွေကိုတော့ အမြဲတမ်း အလုပ်လုပ်ခွင့် ပေးကြောင်း ဂျပန်နယူးစ်မှာ ပါရှိပါတယ်။

အခု နိုင်ငံခြားအလုပ်သမားတွေကို တိုးခေါ်မယ့် လုပ်ငန်းသစ် လေးမျိုးမှာတော့ ပထမအမျိုးအစား အဆင့်ကိုပဲ ပေးမှာပါ။

ဒါပေမဲ့ ခရီးသည် ပို့ဆောင်ရေးမှာ လုပ်ဖို့ အဆင့် ၂ ကားမောင်းလိုင်စင် လိုအပ်ပြီး ပထမဆုံးအကြိမ် ဘတ်စ်ကားနဲ့ တက္ကစီမောင်းဖို့ ကြံရွယ်သူတွေအတွက် ဥပဒေဆိုင်ရာသင်တန်း အစီအစဉ်ကိုပါ ပြီးဆုံးအောင်တက်ဖို့ လိုပါတယ်။

ဒါကြောင့် ဒီအစီအစဉ်နဲ့ ဂျပန်လာမယ့် နိုင်ငံခြားသားတွေ ယာဉ်မောင်းလိုင်စင် ရနိုင်ဖို့ တနှစ် နေခွင့်ပေးမှာ ဖြစ်ပါတယ်။

ဂျပန်မှာ ကုန်ကားမောင်းသူတွေ အချိန်ပို မဆင်းဖို့ တင်းကျပ်တဲ့စည်းကမ်းတွေ ဧပြီလမှာ စအသက်ဝင်လာမှာ ဖြစ်လို့ ကားမောင်းသူ ရှားပါးမှုက ပိုဆိုးတော့မှာပါ။