နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ်ဆိုရင် အချိန်ဘယ်လောက်စောင့်ရမလဲ

“မလေးရှားမှာ အလုပ်သွားလုပ်ဖို့ စာရင်းပေးထားတာ ကိုးလကျော်နေပြီ အခုထိမသွားရသေးဘူး”

မလေးရှားနိုင်ငံက အသေးစားစက်မှုကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီနဲ့ ချိတ်ဆက်ထားတာ ဒီကနေ့အချိန်အထိ စောင့်ဆိုင်းနေရတဲ့အကြောင်း ကိုမျိုးသူ (အမည်လွှဲ)က ဘီဘီစီကို ပြောပြပါတယ်။

အသက် ၂၅ နှစ်အရွယ် ကိုမျိုးသူဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ပြည်တွင်းမတည်ငြိမ်မှု၊ အထွေထွေကုန်စျေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ စီးပွားရေးကြပ်တည်းမှုတွေကြားမှာ ပြည်ပကိုထွက်ခွာအလုပ်လုပ်ဖို့ စိုင်းပြင်းနေကြတဲ့ မြန်မာလုပ်သားထုတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

သူ့လို စောင့်ဆိုင်းနေရတဲ့သူတွေဟာ သူနေတဲ့ မန္တလေးတိုင်း၊ မလှိုင်မြို့အပိုင်က ကျေးရွာမှာတင် သုံးယောက်ရှိနေပါတယ်။ အတူတူသင်တန်းတက်ခဲ့သူတွေနဲ့ဆို လုပ်သားအယောက် ၂၀ ဝန်းကျင်ဟာ ပြည်ပထွက်အလုပ်လုပ်ဖို့ စောင့်ဆိုင်းနေရဆဲလို့ ပြောပါတယ်။

“ကျွန်တော်သိတဲ့ သူတွေချည်းကို အယောက် ၂၀ နော်၊ လမ်းညွှန်သင်တန်းတက်ပြီး ကျွန်တော့်လိုပဲ မသွားရသေးတဲ့သူတွေ အများကြီးပဲ” လို့ ကိုမျိုးသူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်မှာ နိုင်ငံကူးလက်မှတ်ပက်စပို့ ရပြီးတာနဲ့ ဇူလိုင်လမှာ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ဒီကနေ့အချိန်အထိ သူအလုပ်သွားလုပ်မယ်ဆိုတဲ့ မလေးရှားကို မရောက်နိုင်သေးပါဘူး။ သူ့အတွက် မလေးရှားကို အလုပ်ရှာပို့ပေးမဲ့ ကုမ္ပဏီကတော့ တခုပြီးတခု ပြောင်းနေရပါတယ်။

မြန်မာနိုင်ငံအတွင်းကနေ မြန်မာနိုင်ငံနယ်စပ်ပြင်ပကို လူတွေ ရွှေ့ပြောင်းသွားလာခြင်းဟာ ရှုပ်ထွေးများပြားလှပြီး ကာလကြာရှည်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကြောင့် လူတွေဟာ ရွှေ့ပြောင်းလုပ်သားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေ အဖြစ် နိုင်ငံ ပြင်ပသွားရောက်ကြသလို လူကုန်ကူးခံရသူတွေလည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနိုင်ငံအတွင်း အခြေအနေတွေက ပိုဆိုးလာခဲ့ပြီး ကျေးလက်ဒေသမှာ အသက်မွေးဝမ်းကျောင်းနဲ့ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ပြည်တွင်းပဋိပက္ခဖြစ်ပွားမှုတွေက ရွှေ့ပြောင်းသွားလာဖို့အတွက် တွန်းအားများဖြစ်ပြီးတော့ အများအားဖြင့် ဒီအကြောင်းရင်းတွေက တစ်ခုနှင့်တစ်ခု ဆက်စပ်နေလေ့ရှိပါတယ်။

အဲဒီ ထဲမှာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဟာ မြန်မာရွှေ့ပြောင်းသွားလာသူများအတွက် အများဆုံးသွားရောက်ကြတဲ့ နိုင်ငံ တွေဖြစ်ပြီး ထိုင်းနိုင်ငံမှာ သုံးသန်းခန့်၊ မလေးရှားမှာ ၅ သိန်း ကျော်ခန့် ရှိမယ်လို့ မှန်းကြပါတယ်။ မလေးရှားမှာ တရားမဝင်လာတဲ့သူတွေက ပိုများမယ်လို့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံအတွင်းကနေ ပြည်ပကိုသွားရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီးတော့ ထိုင်းနိုင်ငံမှာ အများဆုံးသွားရောက်လုပ်ကိုင်နေကြတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ကိုမျိုးတစ်ယောက် မ‌လေးရှားမှာ အလုပ်လုပ်ဖို့ ဘယ်လိုတွေချိတ်ဆက်ထားတာလဲလို့ ဘီဘီစီက မေးခွန်းထုတ်တော့ ကိုယ်စားလှယ်ဆိုသူ (အရပ်အခေါ် ပွဲစား)နဲ့သာ လုပ်ကိုင်ထားတာလို့ ပြောပါတယ်။

“လမ်းညွှန်သင်တန်းတက်ပြီးတာနဲ့ သူတို့ကို အသားတင် စရန်ငွေ ၁၀ သိန်းပေးလိုက်တယ်။ ကိုယ်စားလှယ်ကပဲ လုပ်ပေးတာ အခုနှစ် ဧပြီလအထိ မရသေးတော့ ပထမကုမ္ပဏီကနေ ငွေအကုန်ပြန်ရတယ်။ ရတာနဲ့ နောက်ကုမ္ပဏီကိုထပ်တင်တော့ ၁၂ သိန်းဆိုတာနဲ့ ၁၂ သိန်းလုံးသွင်းထားတာ”

“နောက်ကုမ္ပဏီက အမည်ခံပြီးခေါ်ပေးမယ်တဲ့ ကျွန်တော်က ကုမ္ပဏီနာမည်ပဲသိတာ။ ကုမ္ပဏီကို တိုက်ရိုက်လည်းဆက်သွယ်လို့မရဘူး။ ကိုယ်စားလှယ်ကတဆင့်ပဲဆက်သွယ်ခဲ့ရတာ” လို့ ကိုမျိုးသူက ပြောပါတယ်။

မလေးရှားအရောက် အပြီးအစီးဆိုရင် သိန်း ၆၀ အနည်းဆုံးကုန်မယ်လို့ သူသိထားရပြီး လက်ရှိမှာတော့ စရန်ငွေ ၁၂ သိန်းအပါအဝင် ပက်စပို့လုပ်ခ၊ သင်တန်းတက်ရတာတွေနဲ့ဆို သိန်း ၂၀ သူကုန်ကျထားပြီလည်း ဖြစ်ပါတယ်။

မျှော်မှန်းထားတဲ့မလေးရှားကို ဘယ်တော့အလုပ်သွားလုပ်ခွင့်ရမလဲ၊ ဒါမှမဟုတ် သူအလိမ်ခံရပြီလား ဆိုတာကို ကိုမျိုးသူကိုယ်တိုင် ဂဃနဏ မသိဘူးလို့ ပြောပါတယ်။

ခေါ်စာ အတုလုပ်ပြီး လူခေါ်တဲ့ အေဂျင်စီတွေ

ပြည်ပထွက် အလုပ်လုပ်လိုတဲ့ လုပ်သားတွေဆီကနေ ငွေသိန်းဆယ်နဲ့ချီတောင်းပြီး အချိန်ကာလအတော်ကြာတဲ့ တိုင်အောင် လုပ်သားမစေလွှတ်ပေးနိုင်တဲ့ အေဂျင်စီအရေအတွက် တိုးလာတဲ့အကြောင်း အလုပ်သမား အသိုင်းအဝိုင်းဆီကသိရပါတယ်။

လိုင်စင်ရအေဂျင်စီလို့ အမည်ခံပြီး လုပ်သားတွေကို လိမ်လည်တာက ၂၀၂၂ခုနှစ်ကစလို့ တစတစများလာတာကနေ အခု ၂၀၂၃ မှာတော့ အစစ်ထက်အတုက ပိုများနေတဲ့ အနေအထားလို့ အေဂျင်စီအသိုင်းအဝိုင်းက ထောက်ပြပါတယ်။

“ဖေဘွတ်ခ်လို ဆိုရှယ်မီဒီယာတွေမှာဆိုရင် လိုင်စင်ရအေဂျင်စီတွေကနေ တင်လိုက်တဲ့ ပို့စ်တွေက လိုဂိုဒီဇိုင်းကအစ ဆင်တူနဲ့ ပြန်တင်ကြတယ်။ တစ်ခါတလေ ကိုယ့်ရဲ့ ပေ့ချ် (စာမျက်နှာ) ကိုတောင် အတုတွေကြားက မနည်းပြန်ရှာရတယ်။ တခုမတူတာက သူတို့ကဘာအလုပ်တွေရှိတယ်၊ လစာဘယ်လိုရမှာနဲ့ ဝေဆာနေတာပဲ” လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်ရဲ့ အမှုဆောင် တစ်ဦးက ပြောပါတယ်။

လုပ်သားတွေအနေနဲ့ကလည်း အေဂျင်စီအစစ်တွေကို စိစစ်လေ့လာပြီးမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေးတွေ ဆက်လုပ်ဖို့လိုအပ်တယ်လို့ အကြံပေးပါတယ်။ ဒီလို အတုအယောင် လိမ်လည်ဖြစ်စဉ်တွေကို ဝန်ကြီးဌာနဆီ ဆက်တိုက်တင်ပြသလို ဆိုရှယ်မီဒီယာတာဝန်ရှိသူတွေကိုလည်း စိစစ်ဖို့ ဆက်သွယ်ပေမဲ့ တစုံတရာ ထူးခြားလာတာမရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနကတော့ ခေါ်စာ အတုတွေ နဲ့ လူခေါ်တာတွေ သင်တန်းတက်ဖို့ဆိုပြီး ငွေကောက်ပြီး မလေးရှားကို မပို့နိုင်တဲ့ ကိစ္စတွေကြောင့် အေဂျင်စီတွေနဲ့ ပတ်သက်ပြီး မူဝါဒ အသစ်တွေကို ချမှတ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဦးစီးဌာနရုံးတွေမှာပဲ အလုပ်ရှင်အလုပ်သမားစာချုပ်ချုပ်ရမယ်

ပုံမှန်ဆို လုပ်သားတစ်ယောက် ပြည်ပကိုထွက်ခွာအလုပ်လုပ်မယ်ဆိုရင် အရင်ဆုံးနိုင်ငံကူးလက်မှတ်ပက်စပို့ လျှောက်ရမယ်၊ ပက်စပို့ရပြီဆိုရင် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ပြီး လိုင်စင်ရအင်ဂျင်စီမှာ အလုပ်အပ်နှံလေ့ရှိပါတယ်။ အလုပ်ရှင် အလုပ်သမားစာချုပ်ချုပ်ကာ နိုင်ငံတစ်ခုခုမှာ အလုပ်အတွက် အင်တာဗျူးပါ အောင်ထားပြီ၊ သက်ဆိုင်ရာနိုင်ငံက နှစ်ရှည်နေထိုင်ခွင့်တွေရပြီဆိုရင် လပိုင်းအတွင်း ပြည်ပထွက်အလုပ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။

အခုပြောင်းလဲလိုက်တဲ့ အချက်တွေမှာတော့ အေဂျင်စီတွေဟာ သက်ဆိုင်ရာနိုင်ငံအလုပ်ရှင်တွေဆီက Employment Contract တွေကို အတည်ပြုပြီး အေဂျင်စီနဲ့ အလုပ်သမားတစ်ဦးချင်းစီဟာ နီးစပ်ရာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးမှာ စာချုပ်ချုပ်ရတော့မှာဖြစ်ပါတယ်။ အရင်ကဆို အေဂျင်စီရဲ့ ရုံးခန်းမှာပဲ အလုပ်ရှင်အလုပ်သမားစာချုပ်ချုပ်လေ့ရှိတာလို့လည်း သိရပါတယ်။

ဇွန်လ ၁၅ ရက်မှာထုတ်ပြန်လိုက်တဲ့ စနစ်အသစ်အရ အလုပ်ရှင်အလုပ်သမားစာချုပ်ချုပ်နိုင်ဖို့အတွက်လည်း အလုပ်သမားသံအရာရှိက ထောက်ခံတဲ့ Demand Letter တွေနဲ့ သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးက မှန်ကန်ကြောင်း စိစစ်ပြန်ကြားတဲ့ Demand Letter တွေအတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရုံးချုပ်ကနေ လုပ်သားစေလွှတ်နိုင် ကြောင်း ခွင့်ပြုစာအပြင် နိုင်ငံအလိုက် ခွင့်ပြုလိုက်တဲ့ နှစ်ရှည်နေထိုင်ခွင့် အသိအမှတ်ပြုစာတွေ ယူဆောင်သွားရမှာဖြစ်ပါတယ်။

နှစ်ရှည်နေထိုင်ခွင့်ဆိုရာမှာ စင်ကာပူနိုင်ငံအတွက် IPA Letter၊ မလေးရှားနိုင်ငံအတွက် Calling Visa နဲ့ ဂျပန်နိုင်ငံအတွက် COE စတဲ့ နိုင်ငံအလိုက်သတ်မှတ်ထားတဲ့ ခွင့်ပြုချက်တွေကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအချက်အလက်တွေပြည့်စုံမှ မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးမှာ အလုပ်ရှင်အလုပ်သမား စာချုပ်ချုပ်ဆိုရမှာပါ။

“အခုက Procedure(လုပ်ရမယ့်လုပ်ငန်းစဉ်) တွေက အကုန်ပြောင်းပြန်ဖြစ်သွားတာ။ ကလေးတွေ (လုပ်သား) ကို စာချုပ်မချုပ်ဘဲနဲ့ အေဂျင်စီဘက်က စာရွက်စာတမ်းတွေအရင်ပြင်ဆင်ရမယ်ဆိုရင် ငွေတွေ ကြိုရင်းထားရမှာလေ။ အကုန်ရပြီးမှ လုပ်သားက မသွားတော့ဘူး cancel ရင် ကုန်ကျစရိတ်က အေဂျင်စီက အကုန်ခံရမှာပဲ” လို့ ဂျပန်နိုင်ငံအလုပ်သမားပို့ဆောင်ပေးနေတဲ့ အကျိုးဆောင်အေဂျင်စီပိုင်ရှင်တစ်ဦးက ပြောပါတယ်။

နောက်တခုအခက်အခဲကတော့ အလုပ်ရှင်အလုပ်သမားစာချုပ်ကို နောက်မှချုပ်ရင် သက်ဆိုင်ရာ နိုင်ငံတွေကနေ ခွင့်ပြုချက်မရနိုင်တာတွေလည်းရှိနေပါတယ်။

“ဂျပန်နိုင်ငံဆိုရင် COE (နှစ်ရှည်နေထိုင်ခွင့်) လျှောက်ဖို့ ၁၄/၁၅ (အလုပ်ရှင်အလုပ်သမားစာချုပ်) အရင်ချုပ်ထားဖို့က လိုအပ်တာလေ၊ အခုထုတ်ပြန်ချက်အသစ်အရ COE ကျမှ ဒီစာချုပ်ချုပ်ရမယ်ဆို တော့ COE က ရနိုင်ခြေဘယ်ရှိတော့မလဲ။ အခြေအနေတွေကို စောင့်ကြည့်ရမယ်” လို့ အေဂျင်စီပိုင်ရှင်က သူ့အမြင်ကို ဆက်ပြောပါတယ်။

ဒီလို စာချုပ်ချုပ်ဆိုတဲ့ ကန့်သတ်ချက်အသစ်ကို လာမယ့် ဇွန်လ ၂၆ ရက်ကနေ စတင်ကျင့်သုံးရမှာဖြစ်ပြီး နှစ်နိုင်ငံသဘောတူညီချက်စနစ် MOU နဲ့ လုပ်သားစေလွှတ်နေတဲ့ ထိုင်းနိုင်ငံတော့ ဒီကန့်သတ်ချက်ထဲ မပါဘူးလို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နောက်တပိုင်းကတော့ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းအတွက် စိစစ်မှု ပိုတိုးလာတာဖြစ်ပါတယ်။ အဆင့်ဆင့်အတည်ပြုလက်မှတ်ထိုးပြီးတဲ့ အလုပ်ရှင်အလုပ်သမားစာချုပ်ရှိပြီး အချက်အလက်ပြည့်စုံသူ တွေကိုသာ သင်တန်းသားအဖြစ်လက်ခံမှာပါ။ ဒီလိုပြောင်းလဲတာကို လာမယ့် ဇူလိုင်လ ၃ ရက်နေ့ကစလို့ စတင်ကျင့်သုံးရမယ်လို့ ဆိုပါတယ်။

“သင်တန်းသားတွေ ဖောင်းပွနေတာအတွက်က၂၀၂၂ ခုနှစ်ထဲမှာက ရန်ကုန်နဲ့ မန္တလေးက သင်တန်းတွေမှာ တစ်ပတ်ကို လူဦးရေ ၄၄၀ ပဲလက်ခံမယ်ဆိုတာ ကို အရင်ပြောင်းထားပြီးဖြစ်ပါတယ်။ အခုက ပိုစိစစ်လိုက်တော့ သင်တန်းအရင်ပေးတက်ပြီး ငွေကြိုယူ လိမ်လည်တဲ့ ပွဲစား၊ အေဂျင်စီအတုဒဏ်တွေ နည်းသွားနိုင်တယ်” လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ အမှုဆောင်တစ်ဦးက ပြောပါတယ်။

“ဒါပေမဲ့ စာချုပ်ချုပ်နိုင်ဖို့ လိုအပ်တဲ့ ဦးစီးဌာနခွင့်ပြုချက်၊ သံရုံးခွင့်ပြုချက်ဆိုတာတွေက ဘယ်လောက်အချိန် ညှိပြီးလုပ်ပေးနိုင်မလဲဆိုတာပေါ် မူတည်တယ်” လို့ သူက ဆက်ပြောပါတယ်။

အခုလိုအပြောင်းအလဲတွေကြောင့် စာရွက်စာတမ်းပြင်ဆင်တဲ့အပိုင်းမှာ အချိန်ကြန့်ကြာသွားနိုင်သလို အလုပ်သမားတွေစိုးရိမ်နေကြတာက ကုန်ကျစရိတ်ထပ်တိုးလာနိုင်မလားဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

“အဲ့ဒါတော့ ဖြစ်နိုင်တယ်။ အမှန်ကသတ်မှတ်ပြီးသားစျေးနှုန်းအတိုင်းတွေအတိုင်းပဲ လုပ်ကြရတာပါ။ ဂျပန်ကိုဆို ဒေါ်လာ ၁၅၀၀၊ သက်တမ်းပြန်တိုးတဲ့သူဆို တစျေးပေါ့။ အကုန်သတ်မှတ်စျေးတွေပါ” လို့ ဂျပန်နိုင်ငံအလုပ်သမားပို့ဆောင်ပေးနေတဲ့ အကျိုးဆောင်အေဂျင်စီပိုင်ရှင်တစ်ဦးက ရှင်းပြပါတယ်။

ဒါတွေဟာ သက်ဆိုင်ရာနိုင်ငံအလိုက် ဝန်ဆောင်ခ၊ ကုန်သွယ်ခွန်စသဖြင့် ကွာခြားသွားမှာလည်း ဖြစ်ပါတယ်။

အနာနဲ့ဆေးတည့်ပါ့မလား

လုပ်သားတစ်ယောက်ကို ငွေသိန်းဆယ်နဲ့ချီ လိမ်လည်ခံရတာကို ကာကွယ်ပေးဖို့ဆိုပြီး အခုလိုလိုက်နာရမယ့်အချက်တွေတိုးလိုက်ရာကနေ တစ်ဖက်မှာကြန့်ကြာမှုဖြစ်ပြီး လုပ်သားတွေလိုချင်တဲ့ ပြည်ပအမြန်ထွက်ခွာ အလုပ်လုပ်ခွင့်ရှိနိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရမယ်လို့ အေဂျင်စီတွေက ပြောကြပါတယ်။ ဝန်ကြီးဌာနနဲ့လည်း ဆက်တိုက်ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။

စံနှုန်းသတ်မှတ်ချက်တွေထက် လိမ်လည်သူတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူတာနဲ့ နစ်နာခဲ့တဲ့ အလုပ်သမားတွေအတွက် တိုင်ကြားနိုင်တဲ့ ယန္တရားတွေကို နိုင်ငံတော်အဆင့်စီမံချက်အနေနဲ့ လုပ်သင့်တယ်လို့ ဘီဘီစီမေးကြည့်တဲ့ အေဂျင်စီတွေက ယူဆနေကြပါတယ်။

အခုလိုဖြစ်စဉ်တွေကို တားဆီးနိုင်ဖို့ ကန့်သတ်ချက်တွေထုတ်လာတဲ့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ လုပ်သားတွေတိုင်ကြားနိုင်ရေးအတွက် ဘယ်လိုလုပ်ဆောင်ထားပြီလဲဆိုတာကို မေးမြန်းနိုင်ဖို့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းဆီ ဆက်သွယ်ထားပေမဲ့ ဇွန်လ ၂၀ရက်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပြည်ပထွက်လုပ်မယ့်အလုပ်သမားတွေကို မေးကြည့်တော့လည်း သူတို့အနေနဲ့ ဘယ်နေရာမှာ တိုင်ကြားနိုင်ပြီး မေးမြန်းလို့ရနိုင်မလဲဆိုတာကို မသိရှိကြပါဘူး။

“ကျွန်တော်တို့ဆို ရွာကလေ တိုင်ဖို့ဆိုတာကဘာလုပ်ရမလဲတောင်မသိဘူး။ ကျွန်တော်ဘယ်လိုလုပ်ရမလဲ ကူညီပါလား” ဆိုပြီး မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေတဲ့ ကိုမျိုးသူက ဘီဘီစီကို ပြန်မေးခွန်းထုတ်ခဲ့ပါသေးတယ်။

လူကိုယ်တိုင်ရုံးလာမှ တိုင်ကြားနိုင်မယ်

မိမိနဲ့ အနီးစပ်ဆုံးမှာရှိတဲ့ မြို့နယ်အလုပ်သမားရုံးကို အလုပ်သမားကိုယ်တိုင်သွားပြီး ငွေပေးခဲ့တဲ့ ဘောင်ချာတွေကအစ စာရွက်စာတမ်းအပြည့်အစုံပြပြီး တိုင်လို့ရတယ်လို့ အလုပ်သမားရုံးတွေဆီက သိရပါတယ်။

ဒါမှမဟုတ် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်မှာတိုင်ကြားလို့ရတယ်လို့ ဆိုပါတယ်။ သေချာတာကတော့ လူကိုယ်တိုင်မေးမြန်းတိုင်ကြားရမှာပါ။ ဒါပေမဲ့လည်း အလုပ်သမားတွေ အနေနဲ့ ပိုက်ဆံပြန် ရ မရ၊ အလုပ်သွားလုပ်ခွင့်ရ မရတော့ အတိအကျ မသိနိုင်ဘူးလို့ ဆိုကြပါတယ်။

အလုပ်သမားတစ်ယောက် ပြည်ပထွက်ခွာအလုပ်လုပ်ဖို့ဆိုတာဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်ကစလို့ တနှစ်ထက်တနှစ် ပိုပြီးခက်ခဲလာသလို လိမ်လည်မှုတွေကြား ‌ငွေကြေးအမြောက်အမြား ဆုံးရှုံးရတဲ့ အခြေဆိုက်နေပြီလို့ အလုပ်သမားတွေရော အေဂျင်စီတွေကပါ ပြောကြပါတယ်။

“ကျွန်တော် ၂၀၁၈ NLD လက်ထက်က ထိုင်းသွားအလုပ်လုပ်ခဲ့တာ၊ ဟိုကိုရောက်ဖို့ တလခွဲပဲကြာတယ်” မိသားစုကျန်းမာရေးကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းစမှာ ပြည်တွင်းပြန်လာခဲ့တဲ့ ကိုမျိုးသူက သူ့အကြောင်းကို ပြန်ပြောပြပါတယ်။

“အခုတော့ မလေးရှားကို အမြန်သွားချင်ရင် ငွေအရင်ပေးဆိုလို့ ရွာကနေ တစ်ဆယ်တိုးနဲ့ အကြွေးယူပြီးပေးလိုက်တာ” လို့ နောက်ထပ်ပြည်ပကို အလုပ်သွားလုပ်ဖို့ သူဆုံးဖြတ်ခဲ့ပုံကိုလည်း ဆက်ပြောပါတယ်။

ပြည်တွင်းမှာအလုပ်လုပ်ဖို့ ရန်ကုန်တက်ပြီး စက်ရုံဝန်ထမ်း၊ ပစ္စည်းပို့ဆောင်တဲ့အလုပ်တွေ လုပ်ခဲ့ပေမဲ့ သူအဆင်မပြေခဲ့တာကြောင့် ပြည်ပမှာ ထပ်အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အခုတော့ ပြည်ပမှာအလုပ်ရရင် ချက်ချင်းသွားနိုင်ဖို့အတွက် လုပ်ကိုင်နေဆဲအလုပ်လည်းမရှိသေးတဲ့ ကိုမျိုးသူဆီမှာ အကြွေးကတော့ သိန်း ၄၀ ဝန်းကျင်အထိရှိလာနေပါပြီ။

ကိုမျိုးသူလို အလားတူဖြစ်စဉ်ကြုံတွေ့နေရမယ့် အလုပ်သမားဒုနဲ့ဒေးရှိနေပြီး ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုကြားမှာ ပြည်ပကိုသွားရောက်လုပ်ကိုင်နိုင်ဖို့ ဘယ်လောက်ကြာအောင်သူတို့စောင့်နေရမလဲဆိုတာ ဘယ်သူမှ အဖြေမပေးနိုင်ကြသေးပါဘူး။

“ကျွန်တော်တော့ လူလိမ်ခံထိပြီထင်ပါတယ်” လို့ ကိုမျိုးသူကပြောပါတယ်။