ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိမ်ပြန်ဖို့ သိန်း ၃၀ ကျော်သုံးပြီး အဖမ်းခံကြမယ့် မြန်မာလုပ်သားများ
"ကျွန်တော် မေလ၂၀ရက်နေ့ကျရင် အိမ်ပြန်တော့မယ်"
မြန်မာပြည်ပြန်တော့မယ့်အကြောင်း စာတိုလေးပို့ကာ ဘီဘီစီကိုဆက်သွယ်ပြောပြလာသူကတော့ အသက် ၂၄ နှစ်အရွယ် တရုတ်နိုင်ငံမှာ တရားမဝင်အလုပ်လုပ်နေတဲ့ ရခိုင်လူမျိုး ကိုနိုင်လင်းဖြစ်ပါတယ်။
သူဟာ တရုတ်နိုင်ငံကို တရားမဝင်ရောက်ရှိနေတာ ငါးနှစ်နီးပါးရှိပြီဖြစ်ပြီး အခုတော့ မြန်မာပြည်ကို ပြန်ဖို့ စွန့်စားတော့မှာပါ။
ကိုနိုင်လင်းပြောတဲ့ အိမ်ပြန်တော့မယ် ဆိုတာဟာ တရုတ် မြန်မာ နယ်စပ် ယူနန်ပြည်နယ် ခွေးမြီ (ကူမင်း)မြို့ကို သွားပြီး တရုတ်အာဏာပိုင်ရဲတွေဆီ သွားအဖမ်းခံမှာကိုပြောတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ဇာတိ ရခိုင်က အိမ်ကိုတော့ ဘယ်တော့ပြန်ရောက်မယ်ဆိုတာ သူကိုယ်တိုင် မသိသေးပါဘူး။
"အိမ်ပြန်ခရီးစရိတ်ကို တွက်လို့ရပေမယ့် တရုတ်ရဲဖမ်းလို့ ဘယ်လောက်ကြာမယ်ဆိုတာ မသိရလို့ ဘယ်တော့ ပြန်ရောက်မယ်ဆိုတာ မသိရဘူး"လို့ သူကပြောပါတယ်။
ကိုနိုင်လင်းဟာ သူအလုပ်မရှိခဲ့တဲ့ ငါးလနီးပါးကာလအတွင်း တရုတ်နိုင်ငံတွင်းက တည်းခိုခန်းတွေမှာ ပုန်းလျှိူးကွယ်လျှိူး နေခဲ့ရသလို၊ တရုတ်ရဲတွေ ဖမ်းတာကြောင့် မြို့တွေ ကူးပြောင်းရင်း ကွမ်တုံပြည်နယ်ထဲက တုန်ကွမ်မြို့မှာ တောထဲ နေထိုင်ရတဲ့အထိ လမ်းဘေးနေရတဲ့အခြေအနေကို ဆိုက်ရောက်ခဲ့ပါတယ်။
"တရုတ်ပြည်မှာ နေခဲ့ရတဲ့အချိန်တွေထဲက အခုက အခက်အခဲဆုံး အချိန်ပဲဗျ။ အိမ်ပဲပြန်မယ်။ တောင်ယာပြန်လုပ်တော့မယ်" လို့ ကိုနိုင်လင်းရဲ့ အိမ်ပြန်ချင်တဲ့ စိတ်ဆန္ဒတွေအကြောင်း ဘီဘီစီကိုပြောပါတယ်။
အိမ်ပြန်ချင်တဲ့ ကိုနိုင်လင်းတစ်ယောက် တရုတ်ပြည်ကနေ မြန်မာပြည်ကို ဘယ်လိုပြန်မှာလဲ။
ကိုနိုင်လင်းပြောတဲ့ အိမ်ပြန်ခရီး
တရုတ်နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ ကွမ်တုံပြည်နယ်ဟာ ဟောင်ကောင်နဲ့နီးကပ်စွာ ကပ်လျက်ရှိပြီး မြန်မာနယ်စပ်ယူနန် ကနေ ဆိုရင် မိုင် တစ်ထောင်ကျော်ခန့်ဝေးပါတယ်။
ကားနဲ့သွားရင် နာရီ ၂၀ ကျော်သွားရတယ်လို့ တရုတ် မြန်မာနယ်စပ်မှာ နေထိုင်သူတစ်ဦး ကပြောပါတယ်။
"ကွမ်တုံပြည်နယ် တုန်ကွမ်မြို့ ကနေ မြန်မာပြည်နယ်စပ်ကိုရောက်ဖို့ ယွမ်တစ်သောင်းလောက်ကုန်မယ်၊ မြန်မာငွေနဲ့ဆို သိန်း ၃၀ကျော်ပေါ့" လို့ သူ့ရဲ့ အိမ်ပြန်ခရီး ကုန်ကျစရိတ်ကို ခန့်မှန်း တွက်ချက်ပြပါတယ်။
ခရီးအစကတော့ ကိုနိုင်လင်း အခုခိုးဝင်နေထိုင်နေတဲ့ တုန်ကွမ်မြို့ကနေ မြန်မာနဲ့နီးကပ်တဲ့ ယူနန်ပြည်နယ် ထဲက ခွေးမြီမြို့ကို ယွမ် ၃၀၀၀ (မြန်မာငွေ ဆယ်သိန်းနီးပါး) ပေးကာ ကားငှားစီးရမှာဖြစ်ပါတယ်။ ပွဲစားခ၊ ကားခတွေပါ အပြီးအစီးကို တစ်ယောက်ယွမ် ၃၀၀၀ကျသင့်မှာလို့ ဆိုပါတယ်။ ဒီလိုခွေးမြီမြို့ကို ကားငှားသွားရမှာလည်း တစ်ယောက် နှစ်ယောက်တည်းငှားမရဘဲ အုပ်စုလိုက်သာ ငှားလို့ရတယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့က သုံးယောက်လေ။လူအုပ်လိုက် လိုတယ်ဆိုတော့ ဟွေးကျိုးက လေးယောက်လောက် ထပ်ပေါင်းပြီး ၇ ယောက် လောက် တစ်ကားထဲမယ်ကျမယ် ထင်တယ်" လို့ တုန်ကွမ်ကနေ ခွေးမြီကို လမ်းခရီးအတူသွားမယ့် သူတွေအကြောင်း ဆက်ပြောပါတယ်။
ခွေးမြီ (ကူမင်း)ကိုရောက်ရင် လမ်းတစ်နေရာမှာ ကားပေါ်ပါလာသူတွေကိုချပေးခဲ့မှာဖြစ်ပြီး အဲ့ဒီတရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သားတွေဟာ တရုတ်ရဲဆီမှာ သွားအဖမ်းခံကြမှာပါ။
ဒီလို ရဲအဖမ်းခံလိုက်တဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သားတွေကို ကိုဗစ်စစ်ဆေးတာ၊ Quarantine (ကွာရန်တင်း)ဝင်ရတာတွေ ရှိမှာဖြစ်ပြီး လနဲ့ချီ ကြာမြင့်လေ့ရှိတယ်လို့ ကိုနိုင်လင်းက သူစုံစမ်းသိရှိရတဲ့ အချက်အလက်တွေကို ဘီဘီစီကိုပြောပါတယ်။
"အခု ကွာရန်တင်းဝင်နေတဲ့ သူငယ်ချင်းကပြောတယ်၊ တရုတ်ရဲတွေက ကွာရန်တင်းဝင်ခ ပိုက်ဆံတောင်းတယ်တဲ့။ ယွမ် လေးငါးထောင်ပေးရတယ်။ ပိုက်ဆံမရှိရင် ထမင်းမကျွေးဘူး၊ အလုပ်တွေလည်း လုပ်ပေးရတယ်တဲ့"
ဒါကြောင့် တရုတ်ကနေ မြန်မာပြည်ကိုပြန်ဖို့ ယွမ် တစ်သောင်း (ကျပ်သိန်း ၃၀ ကျော် )အနည်းဆုံးလိုအပ်တယ်လို့ ကိုနိုင်လင်းက သူရင်ဆိုင်မယ့်အခြေအနေအတွက် ကုန်ကျစရိတ်ကို ခန့်မှန်းပြောပါတယ်။
ဒီလို အတိအကျမသိရတဲ့ ခရီးစဉ်နဲ့ မြန်မာပြည်ပြန်ဖို့ စိုးရိမ်ချက်ရှိလားလို့ ကိုနိုင်လင်းကို ဘီဘီစီက မေးခဲ့ပါတယ်။
"ခွေးမြီက ယူနန်ပြည်နယ်ထဲကလို့ ပြောတာပဲ၊ တစ်ခါမှလည်း မရောက်ဖူးဘူး။ လမ်းတစ်ဝက်မှာ ကားသမားက ချထားခဲ့မလား၊ တစ်ခုခုလွဲသွားမလား အများကြီးစိုးရိမ်တာပေါ့"
"ပြီးတော့ ခွေးမြီရောက်ရင် ရဲဆီမှာ အဖမ်းခံရဦးမယ်၊ ဘယ်လောက်ကြာမယ်ဆိုတာတော့ မသိသေးဘူး ပေါ့နော်၊ ဖုန်းလည်းသုံးခွင့်ရမယ်မထင်၊ ကိုယ့်ရဲ့ကံတရားလေ" လို့ အကျွမ်းတဝင်မရှိတဲ့ ဒေသမှာ စွန့်စားသွားလာရမယ့် ခရီးအတွက် ကိုနိုင်လင်းက ဝေါဝေါဝါးဝါးအဖြေသာ ပြန်ပေးနိုင်ခဲ့ပါတယ်။
လနဲ့ချီ တရုတ်နိုင်ငံ ဟွေကျိုးနဲ့ တုန်ကွမ်မြို့ထဲ လေလွင့်သွားလာနေတာထက် အိမ်ပြန်တာက လုံခြုံမယ်လို့ ကိုနိုင်လင်းတထစ်ချယုံကြည်ထားပြီး ဒီခရီးကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
"ဒီအပြန်ခရီးကလည်း အိမ်ကငွေတောင်းရတာ ဆယ်သိန်းလောက် ယွမ် ၃၀၀၀ဖိုးပေါ့၊ အိမ်ကို အားလည်းနာပါတယ်" လို့ ရခိုင်၊လောင်းချောင်းရွာမှာနေပြီး မပြေလည်တဲ့ အမေ၊ အစ်မနဲ့ ညီမဖြစ်သူ မိန်းမသားသုံးဦးဆီက ငွေပြန်တောင်းရတာ မျက်နှာပူတဲ့အကြောင်း ကိုနိုင်လင်းက ဘီဘီစီကိုပြောပါတယ်။
ရခိုင်ကနေ တုန်ကွမ်၊ တုန်ကွမ်ကနေ ရခိုင်ပြည်သို့
အသက် ၂၄နှစ်သာရှိသေးပြီး တရုတ်ပြည်မှာ အခက်အခဲရင်ဆိုင်နေရတဲ့ ကိုနိုင်လင်းဟာ သူ့အသက် ၁၉နှစ်အရွယ်မှာ သူ့ဇာတိကိုစွန့်ခွာလာခဲ့တာဖြစ်ပါတယ်။
"ရခိုင်မှာက အလုပ်မှမရှိတာ။ ၂၀၁၇တုန်းက အတော်ကိုအလုပ်အကိုင်ရှားပါးတယ်၊ ထိုင်းနဲ့ တရုတ်ဘယ်ဟာ သွားရမလဲရွေးရင်း တရုတ်ဘက်ပဲလာခဲ့တာ" လို့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ လောင်းချောင်းကျေး ရွာကနေ ထွက်လာဖြစ်ပုံကို ကိုနိုင်လင်းက ပြန်ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်ကာလ အရပ်သားအစိုးရ လက်ထက်တွင်းဖြစ်ပွားခဲ့တဲ့ ရခိုင်ပဋိပက္ခကြောင့် ရခိုင်လူထုတွေမှာ စစ်မီးဒဏ်ကို အလူးအလဲခံခဲ့ရသလို လူမှုဘဝ နိမ့်ကျမှုဒဏ်ကိုပါ ခါးစည်းရင်ဆိုင်ခဲ့ရချိန်ပါ။
"စရောက်တော့ အခုတုန်ကွမ်မှာပဲနေတယ်၊ ပရိဘောဂစက်ရုံ ဖုန်းကာဗာစက်ရုံ အစုံလုပ်တယ်။ ယွမ် ၃၀၀၀ လောက် တစ်လဝင်ငွေရတော့ အိမ်ကိုလတိုင်းငွေထောက်နိုင်တယ်" လို့ တရုတ်ပြည်ရောက်စ အလုပ်အကိုင် အခွင့်အလမ်းကောင်းခဲ့တဲ့အကြောင်း ဘီဘီစီကိုပြောပါတယ်။
အဲ့ဒီနောက် တုန်ကွမ်မြို့ကနေ ဟွေးကျိုးမြို့ကိုပြောင်းခဲ့ပြီး စက်ရုံပေါင်းဆယ်နဲ့ချီပြောင်းရွှေ့ကာ ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်နေခဲ့သူပါ။
ကမ္ဘာ့ ကူးစက်မြန်ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားချိန်ကစပြီး ကိုနိုင်လင်းတို့လို တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်သူတွေအတွက် တဖြည်းဖြည်း အလုပ်အကိုင်ရှားပါးလာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလမှာတော့ စက်ရုံကနေ အလုပ်ပြုတ်ခဲ့ပြီး အလုပ်ရှင်တွေကလည်း တရားမဝင်လုပ်သားတွေကို အလုပ်မခန့်တော့တာကြောင့် ပိုပြီးခက်ခဲလာခဲ့ပါတယ်။
"တရုတ်ရဲတွေက စက်ရုံတွေကို ဝင်စစ်တယ်၊ တရားမဝင်လုပ်သားတွေ့ရင် လောပန်း (ပိုင်ရှင်)ကိုဖမ်းပြီ၊ တရားမဝင်တစ်ယောက်မိရင် ယွမ်နှစ်သောင်းကျော်ဒဏ်ကြေးပေးရတယ်၊ အဲ့လိုမဟုတ်ရင် စက်ရုံကို ပိတ်လိုက်တာ" လို့ ပြောပါတယ်၊
စက်ရုံပိုင်ရှင်တွေဘက်ကလည်း သူတို့ရဲ့အကျပ်အတည်းကြောင့် ကိုနိုင်လင်းတို့လို တရားမဝင်ဝင်ရောက်နေထိုင်သူတွေကို အလုပ်မခန့်တော့ဘူးလို့ ပြောပါတယ်။
ဟွေးကျိုးမြို့ထဲ အလုပ်အကိုင်အသစ်ရဖို့ ရှာဖွေရင်း လေးလနီးပါးရှိလာချိန် ဧပြီလထဲမှာတော့ ကိုနိုင်လင်းအပါအဝင် မိတ်ဆွေရှစ်ဦး တည်းခိုနေထိုင်နေတဲ့ တည်းခိုခန်းကို တရုတ်ရဲတွေက ဝင်ရောက်စီးနင်း ခဲ့တယ်လို့ တုန်ကွမ်မြို့ကို ထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်အစကို သူကဆက်ပြောပါတယ်။
"အဲ့နေ့ညက ငါးယောက်မိသွားတယ်၊ မိန်းကလေးတစ်ယောက်လည်း ပါတယ်။ ကျွန်တော်တို့ သုံးယောက်ကတော့ လွတ်လာတယ်။ ဟွေးကျိုးအဆင်မပြေတော့ ကားခိုးစီးပြီး တုန်ကွမ်ရောက်လာတာ၊ တုန်ကွမ်ရောက်တော့ လမ်းဘေးအိပ်ရတဲ့ဘဝရောက်တာပဲ" လို့ ကိုနိုင်လင်းက ဆိုပါတယ်။
ကိုနိုင်လင်း တရုတ်ပြည်ကို စခိုးဝင်အလုပ်လုပ်ချိန်ထဲက နေခဲ့ဖူးတဲ့ တုန်ကွမ်မြို့ကို ပြန်ရောက်လာချိန်မှာတော့ အရင်နှစ်တွေနဲ့မတူဘဲ အလုပ်အကိုင်မရှိသလောက် ဖြစ်နေခဲ့တာပါ။ အရင်လုပ်ခဲ့ဖူးတဲ့ စက်ရုံတွေကလည်း လက်မခံတော့သလို ပွဲစားဆယ်နဲ့ချီ ချိတ်ဆက်ကာ အလုပ်ရှာပေမဲ့ မထူးခြားခဲ့ပါဘူး။
ဒါကြောင့် စုဆောင်းထားတဲ့ ပိုက်ဆံတွေ တဖြည်းဖြည်းကုန်လာက ကိုနိုင်လင်းအပါအဝင် သူငယ်ချင်းသုံးဦးသား တုန်ကွမ်မြို့အစွန်က တောထဲမှာ ကျောပိုးအိတ်ခေါင်းအုံးရင်း ညအိပ်စက်ရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတော့တယ်။
"တနေ့မှ ထမင်းတစ်နပ်ပဲစားကြတယ်၊ ယွမ် ၁၀၀ကိုမျှသုံးနေကြတာ။ ဖုန်းအားသွင်းချင်ရင်တော့ မုန့်ဝယ်တဲ့ဆိုင်မှာ သွင်းကြတာပဲ" လို့ တုန်ကွမ်မြို့မှာ လက်ရှိ နေထိုင်ရတဲ့အခြေအနေကို ပြောပြပါတယ်။
ရုတ်တရက် မိုးရွာချတတ်တဲ့ တုန်ကွမ်ရဲ့ ရာသီဥတုကြောင့် မိုးလုံမယ့်နေရာတွေကို ရွှေ့ပြောင်းနေထိုင်ရသလို ညဘက် တောထဲအိပ်ပေမဲ့ မနက်ဆို တုန်ကွမ်မြို့အစွန်ဘက်မှာ လျှောက်သွားရင်း အချိန်ဖြုန်းနေခဲ့ကြပါတယ်။ မြို့အဝင်ဂိတ်တွေမှာ တရုတ်အာဏာပိုင်တွေဘက်က စစ်ဆေးမှုရှိတာကြောင့် တုန်ကွမ်မြို့ပေါ်တောင် လျှောက်မသွားရဲဘူးလို့ ဆိုပါတယ်။ဒီလိုတုန်ကွမ်မြို့ထဲ ခြေသလုံးအိမ်တိုင် အနေအထားနဲ့ ရပ်တည်ရင်း မေလ (၁၇)ရက်မှာတော့ ကိုနိုင်လင်းတို့ မြန်မာပြည်ပြန်တော့မယ့်အကြောင်း ဘီဘီစီကို ဆက်သွယ်ပြောခဲ့တာ ဖြစ်ပါတယ်။
"အိမ်က ပိုက်ဆံပို့ပြီ မူဆယ်ကို ရောက်နေပြီပြောတယ်၊ အဲ့တော့ အခုတည်းခိုခန်းမှာပြောင်းပြီး ခိုးနေနေကြပြီ။ ၂၀ရက် ပိုက်ဆံရရင် ခွေးမြီသွားမယ်" လို့ ကိုနိုင်လင်းက သူ့ရဲ့အိမ်ပြန်ခရီးနီးစပ်လာပုံကို ဘီဘီစီကို အသေးစိတ်ပြောပြနေခဲ့ပါတယ်။
ဒီနေရာမှာ ဘာကြောင့်အခုလို မြန်မာပြည်ကို ကိုနိုင်လင်းတို့စွန့်စားပြန်နေကြတာလဲ။ မြန်မာသံရုံးနဲ့ မဆက်သွယ်ဘူးလားလို့ ဘီဘီစီကထပ်မေးခဲ့ပါတယ်။
သံရုံးနဲ့ပြည်သူကြားကဆက်ဆံရေး
"ကျွန်တော်တို့ အချင်းချင်း share(မျှဝေ)ကြတဲ့ သံရုံး ဖုန်းနံပါတ်တစ်ခုရှိတယ်ဗျ၊ ဆက်နေတာ ဒီရက်ပိုင်းအတွင်းကို ငါးခါခြောက်ခါရှိပြီမကိုင်ဘူးဗျ၊ သူတို့က ဆက်သွယ်ရင်လည်း တရုတ်ရဲလက်အပ် တယ်ဆိုတော့ ကျွန်တော်တို့က လန့်နေရပြန်တယ်" လို့ မြန်မာပြည်ကို ပြန်ချင်ပေမဲ့ မြန်မာသံရုံးကို ဆက်သွယ်ဖို့ ကိုနိုင်လင်း မဝံ့မရဲဖြစ်နေကြောင်း ဘီဘီစီကို ပြောပါတယ်။
"သူတို့နဲ့ ဆက်သွယ်ပြီဆိုတာနဲ့ အဲ့နေရာကိုတရုတ်ရဲက လာဖမ်းတော့တာဗျ။ သူတို့က ရဲကိုအကြောင်းကြားတာ"လို့ တရားမဝင်နေထိုင်နေတဲ့ တရုတ်ပြည်ရောက် မြန်မာလုပ်သားတွေကြား ပျံ့နှံ့နေတဲ့ တစ်ဆင့်စကားကို သူက ဆက်ပြောပြပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာရှိနေတဲ့ မြန်မာသံရုံးကို မေလ (၁၆)ရက်မှာ ဘီဘီစီက ဆက်သွယ်ခဲ့ ချိန်မှာတော့ သံရုံးကိုဆက်သွယ်လာသူတွေတိုင်းကို ကူညီဆောင်ရွက်ပေးနေပြီး ၂၀၂၂ခုနှစ် ပထမငါးလတာ ကာလအတွင်းမှာတင် လူပေါင်း ၁၂၆၆ဦးကို မြန်မာပြည်ထဲပြန်ပို့ပေးခဲ့ပြီလို့ ကောင်စစ်အရာရှိတစ်ဦးက ပြန်ဖြေကြားခဲ့ပါတယ်။
"ရဲ လက်အပ်တယ်ဆိုတာက သူတို့က တရားမဝင်လာတာဖြစ်တဲ့အတွက် တရုတ်လူဝင်မှုကြီးကြပ်ရေးကို အကြောင်းကြားရတာပဲ၊ ရဲဌာနကိုပူးပေါင်းပြီးလုပ်ရတယ်။"
"အဲ့ဒါကနေ မြန်မာပြည်ပြန်ချိန်မှာ ခိုးဝင်တာကြောင့် ဒဏ်ကြေးမပေးရဖို့၊ ကွာရန်တင်းစရိတ် တရုတ်အစိုးရဘက်ကကျခံဖို့ တတ်နိုင်သလောက်ညှိနှိုင်းတယ်။ ညှိနှိုင်းလို့လည်း အဆင်ပြေကြပါတယ်" လို့ ဘေကျင်း၊ မြန်မာသံရုံး ကောင်စစ်ဝန်ချုပ်ရုံးအရာရှိတစ်ဦးက ရှင်းပြပါတယ်။
အခုလက်ရှိ ကိုနိုင်လင်းတို့ရောက်ရှိနေတဲ့ တုန်ကွမ်မြို့ကတော့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးရဲ့ အုပ်ချုပ်မှုနယ်မြေမှာရှိနေတာဖြစ်ပြီး သူတို့ရဲအဖမ်းခံဖို့ သွားရောက်မယ့် ခွေးမြီကတော့ ကူမင်းမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးရဲ့ အုပ်ချုပ်မှုနယ်မြေမှာ ပါဝင်နေတာပါ။
ခွေးမြီကို ခရီးဆက်မယ်လို့ ဆက်သွယ်ပြောလာတဲ့ မေလ (၁၇)ရက်အထိ ကိုနိုင်လင်းနဲ့ မြန်မာသံရုံးအကြား အဆက်အသွယ်မရသေးပါဘူး။
"ဘယ်လောက်ကြာမှ မြန်မာပြည်ပြန်ရောက်မလဲ မသိဘူး။ အခု နိုင်ငံရေးအခြေအနေအရ ပြည်တွင်းကလည်း အလုပ်မရှိဘူးဆိုတာသိပေမဲ့ တရုတ်ပြည်မှာ နေရတာ ပိုခက်ခဲတယ်။ မြန်မာပြည်မှာ အလုပ်မရမှာကိုလည်း ညတိုင်းတွေးပူမိတာပါပဲ" လို့ အလုပ်လိုလို့ တရုတ်ပြည်သွားရင်း လမ်းဘေးရောက်ခဲ့ရတာကြောင့် မြန်မာပြည်ပြန်လာဖို့ စိတ်အားသန်ပေမဲ့ တဖန်အလုပ်မဲ့ဘဝဖြစ်နေမှာကိုလည်း စိုးရိမ်စိတ်ဖြစ်နေကြောင်း ကိုနိုင်လင်းကအခုလိုပြောပါတယ်။
ဒီလို စိုးရိမ်စိတ်တွေရှိနေပေမဲ့ မေလ (၂၀)ရက်ကစမယ့် သူ့ရဲ့ စွန့်စားအိမ်ပြန်ခရီးအတွက်ကိုပဲ ကိုနိုင်လင်းကတော့ မျှော်တလင့်လင့် ဖြစ်လို့နေပါတယ်။