တရုတ်နိုင်ငံ ရောက်မြန်မာလုပ်သားတွေ မနေရဲတော့ လို့နေရပ်ပြန်လာကြ

မူဆယ် နဲ့ မိုင် ၇၀ လောက်ဝေးတဲ့ တရုတ်နိုင်ငံ ယူနယ်ပြည်နယ် မန်စီမြို့နယ်ထဲက သစ်ခွလုံး စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလုပ်သား၁၄၉ဦးနဲ့ မိသားစုဝင် ကလေးငယ် ၁၄ ဦးဟာ ဖေဖဝါရီလ ၁ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံ မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ် နန်းတော်ပေါက်ကနေ ပြန်လည်ဝင်ရောက်တယ်လို့ အဲဒီသူတွေကို ကူညီပေးခဲ့တဲ့ မူဆယ်မြို့ ကရုဏာလူမှုရေးကူညီမှု အသင်းက ဘီဘီစီကို ပြောပါတယ်။

ဒီလူတွေပြန်လာတာဟာ သူတို့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လို့လည်းသူကပြောပါတယ်။

သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ပြင်းထန်အဆုတ်နာရောဂါ ကူးစက်မှု အန္တရာယ်ကို စိုးရိမ်တာကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့ ကမြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်ချုပ်ရုံး ကို အကူအညီတောင်းခံပြီး နေရပ်ပြန်ဖို့ ကြိုးစားခဲ့ကြသူတွေ ဖြစ်တယ်လို့ လည်း ကရုဏာလူမှုရေးကူညီမှု အသင်းက ဥက္ကဋ္ဌ ဦးသောင်းထွန်း ကပြောပါတယ်။။

ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ မြို့နယ်တော်တော်များများမှာ ပြန့်ပွားနေပြီး သေဆုံးသူ ရာနဲ့ချီနေပြီဖြစ်တာကြောင့် ဒီအလုပ်သမားတွေဟာ မနေရဲတော့ဘဲ မြန်မာနိုင်ငံကို ပြန်ချင်ကြတာလို့ ပြောပါတယ်။

ကျွန်တော်တို့ ဟိုမှာ ဖေ့ဘုတ်သုံးကြတယ်၊ အဲဒီကနေ သတင်းတွေ ဖတ်ရင်းကြောက်လို့ပြန်လာကြတာပါ လို့ လည်း မန်စီမြို့နယ်ထဲက သစ်ခွလုံးစက်ရုံမှာ အလုပ်လုပ်နေတဲ့ စစ်ကိုင်းတိုင်း ကနီ မြို့နယ်က ကိုသန့်စင်ကပြောပါတယ်။

ပြန်လာတဲ့သူတွေ ကိုတရုတ်နိုင်ငံဘက် ကလည်းကျန်းမာရေးစ်ဆေးတာတွေလုပ်တာ ရှိသလို မြန်မာနိုင်ငံ ဘက်ကလည်း အဖျားတိုင်းတာ ၊စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။

နယ်စပ်ကပြန်ဝင်လာသူတွေကို မြန်မာနိုင်ဘက်ကတော့ အဖျားတိုင်းတာဖြစ်ပြီး အဖျားမရှိတာကြောင့် သူတို့ဟာ နေရပ်ဇာတိ အသီးသီးကို ပြန်သွားကြပြီလိုလည်း ကရုဏာလူမှုရေးကူညီမှု အသင်းက ဥက္ကဋ္ဌ ဦးသောင်းထွန်း ကပြောပါတယ်။

တရုတ်ပြည်မန်စီကနေ ဝူဟန်ဗိုင်းရပ်စ်ရောဂါကြောက်လို့ ပြန်လာကြတဲ့ သူတွေအထဲမှာ ကလေးငယ်၁၄ ယောက်ပါ ပြီးတော့ ဖေဖဝါရီလ ၁ ရက်နေ့ က မူဆယ်မြို့ လိုဏ်ဂူဘုရားမှာညအိပ်ဖို့စီစဉ်ပေးရခဲ့ရပါတယ်၊ အမျိုးသမီး ၇၉ ယောက် အမျိုးသား ၇၄ ယောက် ပါတယ်လို့လည်း သူကရှင်းပြပါတယ်။

အလုပ်ရှင်က ပြန်ခွင့်ပေးပေမယ့် အလုပ်ကာလ သတ်မှတ်ထားတဲ့ ၆ လပိုင်းမတိုင်ခင် ပြန်တာကြောင့် အလုပ်သမား အများစုဟာ ယွမ်တစ်ထောင် မြန်မာငွေ ၂ သိန်းကျော် ဖြတ်တောက်ခံရတယ် လို့လည်းက ပြန်လာသူတချို့ပြောပြ ချက်အရ သိရပါတယ်။

တရုတ် - မြန်မာနယ်စပ်ဂိတ်တွေကနေလည်း အခုဆိုရင် နေရပ်ပြန်လာတဲ့ မြန်မာလုပ်သားတွေ ရာနဲ့ချီ ပြန်လာတာဟာ အခု ဒုတိယ အသုတ်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ က ၁၁၆ ဦးပြန်ဝင်လာခဲ့တာဖြစ်ပါတယ် ။

နယ်စပ်ဂိတ်တွေကို ဖွင့်ထားပေမယ့် မြန်မာလုပ်သားတွေ တရုတ်နိုင်ငံထဲ ကို ဝင်ထွက်ပြီးနေ့ချင်းပြန် အလုပ်လုပ်နေတဲ့ အရေ အတွက် ဟာအခုရက်ပိုင်း သိသိသာသာ နည်းသွားတယ်လို့ ဦးသောင်းထွန်းကပြောပါတယ်။

တရုတ်နိုင်ငံထဲမှာပိတ်မိသူတွေကို မြန်မာသံရုံး ကဖုန်းကနေတစ်ဆင့် သတင်းပို့လာတာဖြစ်ပြီး ပြန်ချင်ရင် အကူအညီတောင်းလို့ ရတယ်လို့ ပြောတာကြောင့် မြန်မာသံရုံး ကို ဆက်သွယ်ခဲ့တာလို့ ကနီဇာတီ ကိုသန့် စင်ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားရာ ဝူဟန်မြို့ကနေ ဖေဖဝါရီ၂ ရက်နေ့မနက်ပိုင်းက ပြန်ရောက်လာတဲ့မြန်မာကျောင်းသားတွေ ကတော့ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး အဆင်ပြေတယ်လို့ ပြန်ရောက်လာတဲ့ကျောင်းသားတချို့က ပြောပါ တယ်။

စုစုပေါင်း ကျောင်းသား ၆၃ ဦးအနက် ၄ ဦးကတော့ လေယာဉ်နဲ့ မလိုက် လာနိုင်ခဲ့ပါ ဘူး။

မြန်မာနိုင်ငံကို ပြန်ပို့မယ့်ကျောင်းသားတွေထဲက ကျောင်းသားတစ်ဦးနဲ့ ကျောင်းသူတစ်ဦးဟာ ဝူဟန်လေဆိပ်မှာ ကျန်းမာရေးစစ်ဆေးစဉ် စိတ်လှုပ်ရှားမှုနဲ့ ရာသီ ဥတုကြောင့် ကိုယ်ပူချိန်အနည်း ငယ်မြင့်တက်နေတဲ့အတွက် တရုတ်အာဏာပိုင်တွေက လေယာဉ်ပေါ် တက်ခွင့်မပြုခဲ့ဘူးလို့ မြန်မာ သံရုံးဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက ဘီဘီစီကိုပြောပါတယ်။

မန္တလေး ကန်တော်နဒီဆေးရုံကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီမှာ ရောက်ရှိခဲ့ပြီး မိသားစုနဲ့တွေ့ ခွင့်မရတာ ကလွဲလို့ အားလုံး အဆင်ပြေကျန်းမာကြတယ်လို့ ဝူဟန်က ပြန်လာသူတစ်ဦးဖြစ်တဲ့ ဝူဟန်နည်း ပညာတက္ကသိုလ် က ပါရဂူ တန်းကျောင်းသူ မသင်းသင်းထက်က ဘီဘီစီကို ပြောပါတယ်။

တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၃ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ တစ်သောင်းလေးထောင်ကျော်ရှိနေပြီး သေဆုံးသူ ၃၀၀ ကျော် ရှိနေပါပြီ။ သေဆုံးသူတွေဟာ တရုတ်ပြည်မှာပဲဖြစ်ပြီး မနေ့ကတော့ ဖိလစ်ပိုင်ရောက်နေတဲ့ ဝူဟန်မြို့သားတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးခဲ့ပါ တယ်။

မြန်မာကျောင်းသားတွေကို ၁၄ ရက်ကြာစောင့်ကြပ်ကြည့်ရှုမှုကို မနက်ဖြန် ဖေဖော်ဝါရီ ၃ ရက်ကနေစတင်ရေတွက် စောင့်ကြည့်မှာဖြစ်ပြီး ဒီအတောအတွင်း မိသားစုဝင်အပါအဝင် ပြင်ပက ဘယ်သူနဲ့မှ တွေ့ဆုံခွင့်ပြုမှာမဟုတ်သလို ကျောင်းသားတွေထားရှိရာ အနီးတစ်ဝိုက်ကိုလည်း လုံခြုံရေးတင်းကြပ်ထား ပါတယ်။

နယ်စပ်ကပြန်လာသူတွေထဲက အချို့ကတော့ ရောဂါ ဖြစ်ပွားမှုတွေပြီးသွားရင် သူတို့ အလုပ်ရှင်က ပြန်လာဖို့ မှာလိုက်တယ်လို့လည်းပြောကြပါတယ်။

တရုတ်နိုင်ငံ မန်စီနယ်ထဲ မှာ လာရောက်လုပ်ကိုင်နေကြသူတွေထဲမှာ ရှမ်းပြည်နယ် အထဲကပါ သလို စစ်ကိုင်းတိုင်း မုံရွာ ကနီ ဘုတလင် နယ်ဘက် ကလုပ်သားတွေလည်းပါတယ် လို့လည်းသိရပါတယ်။

အလုပ်ရှင်တွေ ဘက်က တော့ အခြေအနေတွေကောင်းရင် ပြန်တက်ခဲ့လို့မှာ ပေမယ့် ကျွန်တော်တို့ တော့ မသွားတော့ ဘူး ဒီမှာပဲတောင်သူ ဆက်လုပ်တော့မယ် လို့ ကိုသန့်စင်က ပြောပါတယ်။

တရုတ် - မြန်မာနယ်စပ်ဂိတ်တွေက နယ်စပ်ဂိတ်တွေ ကို ယာယီပိတ်တာ၊ အဝင်အထွက် လျှော့ချတာတွေ မလုပ်ဘဲ အခုချိန်မှာ ဝင်ထွက်သွားလာသူတွေကို ကျန်းမာရေးစစ်ဆေးပေးနေပြီး လိုအပ်ရင် စောင့်ကြည့်တာတွေ ဆောင်ရွက်ပေးနေတယ်လို့ မူဆယ် ကရုဏာလူမှုရေးကူညီမှု အသင်းကပြောပါတယ်။