ပြည်ပရောက်လုပ်သားလစာရာနှုန်းတချို့ ပြည်တွင်းပြန်လွှဲခိုင်းဖို့ စစ်ကောင်စီ စီစဥ်

အစိုးရချင်းချိတ်ဆက်ထားတဲ့အစီအစဉ်နဲ့ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို ရာခိုင်နှုန်းတစ်ခု သတ်မှတ်ပြီး ပြည်တွင်းကိုမဖြစ်မနေပြန်လွှဲရမယ့် အချက်စာ ချုပ်ထဲထည့်ချုပ်ဆိုဖို့ စစ်ကောင်စီဘက်က ကြိုးစားနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကျော် ကာလအတွင်းမှာ နိုင်ငံခြားငွေ ပြတ်တောက်မှု ဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ အခုအခါ စစ်ကောင်စီဟာ ပြည်ပရောက် အလုပ်သမား တစ်ဦးချင်း ၀င်ငွေရဲ့ သတ်မှတ်ရာခိုင်နှုန်းတခုကို နှစ်နိုင်ငံချိတ်ဆက်ထားတဲ့ ဘဏ်တွေကတဆင့် မဖြစ်မနေ ပြည်တွင်းကို လွှဲပေးရမယ့် အချက်ကို အေဂျင်စီနဲ့အလုပ်သမားကြား ချုပ်ဆိုတဲ့ စာချုပ်မှာ ထည့်သွင်းဖို့ ညွှန်ကြား လာတာ ဖြစ်ပါတယ်။

အဲဒီအခါမှာ ပြည်တွင်းက ဘဏ်တွေကနေ ဗဟိုဘဏ် သတ်မှတ်နှုန်း အတိုင်း မြန်မာ ကျပ်ငွေနဲ့ အလုပ်သမားတွေရဲ့ လစာကို ပြန်ထုတ်နိုင်မှာ ဖြစ်ပေမယ့် တကယ် လက်ရှိ ပြင်ပ ပေါက်စျေးနဲ့ ဗဟိုဘဏ်သတ်မှတ်နှုန်းက အကြီးအကျယ် ကွာဟနေတာပါ။ 

ဒါပေမယ့် စစ်ကောင်စီ အလုပ်သမားရေးရာ ၀န်ကြီး ဌာနက ပြည်ပကို အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေကို အလုပ်သမားတွေနဲ့ ချုပ်ဆိုတဲ့ စာချုပ်ထဲ “မိသားစုဆီ လွှဲပို့ငွေ” လို့ အမည်ပေးထားတဲ့ အချက်ကို ထည့်သွင်း ချုပ်ဆိုဖို့ အခု စက်တင်ဘာ လဆန်းပိုင်းတုန်းက ညွှန်ကြားထားခဲ့တာ ဖြစ်ပါတယ်။

ကြုံရမယ့်အခက်အခဲ

ပြည်တွင်း ပြန်လွှဲပို့ရမယ့် လစာငွေ ပမာဏတချို့ဟာ ဘဏ်ပေါက်စျေးနဲ့ အပြင်ပေါက်စျေး မညီလို့ ပြဿနာ ရှိတာက တကြောင်း ၊ အလုပ်သမားတွေ ပိတ်ရက်နဲ့ ဘဏ်ပိတ်ရက် တထပ်တည်း ဖြစ်နေတာမို့ ဘဏ်သွား ငွေလွှဲရမယ့် အခက်အခဲ အပြင် အလုပ်သမား အများစုဟာ ချေးငွေ၊ မြင့်မားတဲ့ အတိုးနှုန်းတွေနဲ့ ပြည်ပထွက်လာကြသူတွေမို့ ရောက်ပြီး ၆လ အတွင်း ပြည်တွင်းမိသားစုဆီ ငွေပြန်လွှဲဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ အလုပ်အကိုင် အေဂျင်စီတွေက ပြောပါတယ်။

နိုင်ငံတော် အခြေအနေနဲ့ တခြား တာဝန်တွေအရ ဆိုပြီး အကြောင်းပြတဲ့ ဒီညွှန်ကြားချက်အရ အလုပ်သမားတွေရဲ့ လုပ်ခ လစာထဲက ၂၀ သို့မဟုတ် ၂၅ ဒါမှမဟုတ် ၃၀ ရာခိုင်နှုန်းကို နှစ်နိုင်ငံ ချိတ်ဆက်ထားတဲ့ ပြည်ပက ဘဏ်တွေမှာ သွားသွင်းရမှာ ဖြစ်ပြီး ဒီငွေက ပြည်တွင်း ရောက်လာတဲ့ အခါ စစ်ကောင်စီ ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ ပြည်တွင်းဘဏ်တွေမှာ သက်ဆိုင်ရာဘဏ် ကန့်သတ်ချက် အတိုင်း သွားထုတ်ရမှာ ဖြစ်တယ်လို့ အလုပ်အကိုင် အေဂျင်စီ တခုက ပြောပါတယ်။

လက်ရှိ ခြေလှမ်း

တစ်နေ့ကို မြန်မာလုပ်သား ၈၀၀ ကျော်စေလွှတ်နေတဲ့ ထိုင်းနိုင်ငံနဲ့ ဒီအစီအစဥ်ကို အကောင်အထည်ဖော်ဖို့ရှိနေပြီး အခုလပထမအပတ်အတွင်းမှာပဲ စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတာဝန်ရှိသူတွေဟာ ထိုင်းဘဏ် ၅ ဘဏ်အပြင် ငွေလွှဲလုပ်ငန်း သုံးခုနဲ့ ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

ဒီလိုထည့်သွင်းစာချုပ်ချုပ်မှာနဲ့ပတ်သက်ပြီး ပြည်ပထွက်ခွာမယ့်အလုပ်သမားတွေကို ရှင်းပြတာတွေ စလုပ်ဆောင်နေပြီလို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူကပြောပါတယ်။

ဗီယက်နမ် နဲ့ ဖိလစ်ပိုင်တို့မှာ ပြည်ပရောက် လုပ်သားတွေက အခုလို အစီအစဥ်အတိုင်း ငွေလွှဲကြတာမို့ မြန်မာနိုင်ငံမှာလည်း လိုက်ပါဆောင်ရွက်ဖို့ ကြိုးစားတာလို့ သူက ဆိုပါတယ်။

ဒါပေမယ့် အဲဒီနိုင်ငံတွေ ငွေပြန်ထုတ်တဲ့အခါ ဘဏ်ကထုတ်ပေးတဲ့သတ်မှတ်နှုန်းနဲ့ ပြင်ပ စျေးကွက် ငွေပေါက်စျေး ကွာဟမှု မရှိဘဲ မြန်မာနိုင်ငံမှာသာ ဗဟိုဘဏ် သတ်မှတ်ချက်နဲ့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

အလုပ်သမားတွေ အနေနဲ့ ဘဏ်မှာ ငွေသွားသွင်းဖို့ အခက်အခဲနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ App တွေ ၊ မိုဘိုင်းဖုန်းတွေကနေ တဆင့် ငွေထည့်နိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဦးမြတ်သူက ရှင်းပြပါတယ်။ 

ဒီအစီအစဥ်အောင်မြင်ဖို့ ဆိုရင် သက်ဆိုင်ရာအစိုးရ ၊ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေ ၊ အလုပ်ရှင် ၊ အလုပ်သမားနဲ့ အလုပ်သမားအရေးလိုက်ပါဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ ငါးဦး ငါးဖလှယ် တက်ညီလက်ညီ ပါဝင် ဆောင်ရွက်မှ ဖြစ်မယ်လို့ သူက ထောက်ပြပါတယ်။

ဒါ့အပြင် အစီအစဥ်ကို အကောင်အထည် မဖော်ခင် အောင်မြင်မှု ရနေတဲ့ ဖိလစ်ပိုင် နဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာ သူတို့ကျင့်သုံးနေတဲ့ စနစ်ကို သွားရောက် လေ့လာဖို့ လိုပြီး မြေပြင်အခက်အခဲကို တွေကို ဖြေရှင်းဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

အရပ်သားအစိုးရနဲ့ စစ်အစိုးရ မတူတဲ့ခြေလှမ်း

ဒီစနစ်ကို အရင် အရပ်သားအစိုးရ NLD လက်ထက်ကတည်းက ကျင့်သုံးဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဆိုကြပေမယ့် အခုလို အလုပ်သမားတွေရဲ့ လစာကို ပြင်ပပေါက်စျေးထက်နိမ့်တဲ့ ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ လွှဲရမှာ မဟုတ်ဘဲ​ ငွေလွှဲဒိုင်တွေ ဟွန်ဒီတွေကနေ တဆင့် ငွေလွှဲရင် လိမ်လည်ခံရတာမျိုး မကြုံရအောင် နှစ်နိုင်ငံ ဘဏ်ချင်း ချိတ်ဆက် လုပ်ဆောင်ပေးတာမျိုးသာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRM ရဲ့ အကြံပေးအရာရှိ ဦးအောင်ကျော် ပြောပါတယ်။

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ အနေနဲ့လည်း ဒါမျိုး အစီအစဥ်တွေ လက်မခံသင့်သလို အလုပ်သမားတွေရဲ့ လစာထဲက ရာခိုင်နှုန်း တချို့ကို ပြည်တွင်းပြန်ပို့ဖို့ အချက်ကို အေဂျင်စီနဲ့ အလုပ်သမား စာချုပ်ထဲ ထည့်သွင်းဖို့ မသင့်ဘူးလို့ သူက ထောက်ပြပါတယ်။

ILO ဥပဒေအရ အလုပ်သမားတွေ အနေနဲ့ လွတ်လပ်စွာ အလုပ်လုပ်ခွင့် ၊ အလုပ်သမားချင်း တန်းတူ အခွင့်အရေး ရဖို့နဲ့ လုပ်ခလစာ ကို တစုံတရာ ချုပ်ချုပ်ခံရတာမျိုး မရှိစေရ ဆိုတဲ့ အချက်တွေ ပါရှိတာမို့ အခုလို ပြည်ပအလုပ်သွားလုပ်မယ့် သူတွေအပေါ် ကန့်သတ် ချုပ်ချယ်တာမျိုး လက်ခံနိုင်စရာမရှိဘူးလို့ သူက ဆိုပါတယ်။

မြန်မာပြည်က ရွှေ့ပြောင်းလုပ်သား ၄ သန်းကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ အရင်ရောက်နှင့်ပြီးသားသူ တွေမှာတော့ ဒီထုတ်ပြန်ချက်က သက်ရောက်မှု ရှိမှာ မဟုတ်ဘဲ ခုနှစ်မေလတုန်းက စရောက်ခဲ့တဲ့ ပထမအသုတ်မှာလဲ လိုက်နာ ဆောင်ရွက်ရမယ်လို့ မကြားမိပေမယ့် ဒုတိယ အသုတ်မှသာ အခုလို ပြည်တွင်းကို မိသားစု လွှဲငွေဆိုပြီး ပြန်ပို့ဖို့ စီစဥ်တာတွေ ကြားလာရတာလို့ ဦးအောင်ကျော်က ပြောပါတယ်။

ကြွေးနွံထဲက ပြည်ပရောက် ရွှေ့ပြောင်းလုပ်သား

မြန်မာပြည်ကနေ ပြည်ပထွက် အလုပ်လုပ်ကိုင်သူ အများစုဟာ ကြီးမားတဲ့ အတိုးနှုန်း ချေးငွေတွေနဲ့ ထွက်လာကြသူတွေ ဖြစ်တာမို့ ပြည်ပ ရောက်စမှာ ဖြစ်သလိုစား ဖြစ်သလိုနေကာ အကြွေးဆပ်ဖို့ ငွေပြန်ပို့ရတာမို့ သူတို့လစာထဲက အခုလို ဖြတ်တောက် ၊ ပေါက်စျေးထက် နိမ့်တဲ့နှုန်းတွေနဲ့ ပြန်ထုတ်ပေးတာမျိုး ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ထိုင်းနဲ့ မြန်မာ အစိုးရကြား အလုပ်သမားတွေကို တရားဝင် လက်မှတ်ထိုး ခေါ်ယူမှာကို ကြိုဆိုပေမယ့် အလုပ်သမားတွေ ရှာဖွေထားတဲ့ ငွေကို ကန့်သတ် ချုပ်ချုပ်မှုတွေနဲ့ ပြည်တွင်း ပြန်ပို့မှုဟာ မသင့်လျှော်ဘူးလို့ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောကြသလို အလုပ်သမား အများစုကလည်း ဘဝင်မကျဘူးလို့ သူက ထောက်ပြပြောဆိုပါတယ်။

အခုလို အလုပ်သမား အခွင့်အရေး ချိုးဖောက်တဲ့ အစီအစဥ်နဲ့ ပတ်သက်လို့ သူတို့အနေနဲ့ ILO နဲ့ ညိနှိုင်းကာ တောင်းဆိုမှုတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRM ရဲ့ အကြံပေးအရာရှိ ဦးအောင်ကျော် ပြောပါတယ်။ 

မြန်မာနိုင်ငံကနေ ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေဟာ ထိုင်းနိုင်ငံမှာ အများဆုံး ဖြစ်ပြီး ၊ မလေးရှား ၊ ဂျပန်၊ စင်္ကာပူ နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီ သွားရောက် လုပ်ကိုင်တာတွေလည်း ရှိတယ်လို့ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တွေဆီကရတဲ့ အချက်အလက်တွေမှာ ဖော်ပြ ထားပါတယ်။