ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန်မှာနိုင်ငံခြားသားတွေ လာအလုပ်လုပ်ခွင့်ရမယ့် ဥပဒေသစ် အတည်ပြု
ဂျပန်ပါလီမန်က သူ့နိုင်ငံတွင်း အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ နိုင်ငံခြားသား အလုပ်သမားတွေ သိန်းချီဝင်ရောက်ခွင့် ရရှိစေမယ့် အငြင်းပွားစရာ ဥပဒေသစ်တစ်ခုကို အတည်ပြုလိုက်ပါတယ်။
လာမယ့် ဧပြီလက စလို့ ဂျပန်နိုင်ငံက ဆောက်လုပ်ရေး၊ လယ်ယာ စိုက်ပျိုးရေးနဲ့ သူနာပြုလုပ်ငန်း စတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားသားတွေ လာရောက် အလုပ်လုပ်ခွင့် ရကြတော့မှာ ဖြစ်ပါတယ်။
ဂျပန်မှာ အစဉ်အလာ အားဖြင့် လူဝင်မှုကို တင်းကျပ်ထားပေမယ့် အခုတော့ ဂျပန်နိုင်ငံရဲ့ များပြားလာတဲ့ သက်ကြီးရွယ်အိုလူဦးရေကြောင့် နိုင်ငံခြားသား အလုပ်သမားတွေ လိုအပ်တာဖြစ်တယ်လို့ အစိုးရက ပြောဆိုခဲ့ပါတယ်။
ဒါပေမယ် နိုင်ငံခြားသားတွေ ဒီဥပဒေသစ်ကို အသုံးချပြီး အမြတ်ထုတ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အတိုက်အခံပါတီတွေက ပြောပါတယ်။
အခု ဥပဒေသစ်အရ ဂျပန်က အလုပ်သမားရှားပါးမှုရှိနေတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြား အလုပ်သမား ၃ သိန်းကျော် လာရောက် အလုပ်လုပ်ကိုင်နိုင်ခွင့် ရရှိစေမှာဖြစ်ပါတယ်။
အလုပ်သမားတွေကို ဗီဇာ အမျိုးအစား ၂ မျိုးနဲ့ ဝင်ခွင့်ပြုမှာဖြစ်ပြီး၊ ပထမအမျိုးအစားကတော့ ကျွမ်းကျင်မှုနဲ့ ဂျပန်စကားပြောတတ်မှု အဆင့်ကိုကြည့်ပြီး ၅ နှစ် နေထိုင်အလုပ်လုပ်ခွင့် ရှိမှာ ဖြစ်ပါတယ်။
ကျွမ်းကျင်မှု အဆင့်မြင့်တဲ့ အလုပ်သမားတွေကိုတော့ ဒုတိယအမျိုးအစား ဗီဇာနဲ့ ဝင်ခွင့်ပြုပြီး၊ နောက်ဆုံးမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခွင့်ပြုမှာ ဖြစ်ပါတယ်။
နိုင်ငံခြားသား အလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်လာတာကြောင့် လုပ်ခချိုးနှိမ်တာမျိုးတွေနဲ့ အလုပ်သမားတွေအပေါ် အမြတ်ထုတ်တာတွေ ဖြစ်စေနိုင်တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။
လက်ရှိဂျပန်မှာ ကျွမ်းကျင်မှုနည်းတဲ့ အလုပ်သမားတွေကို လေ့ကျင့်သင်ကြားပေးဖို့ဆိုပြီး ခေါ်ယူနေတဲ့ အစီအစဉ်ကို မသမာတဲ့ အလုပ်ရှင်တွေက အလွဲသုံးစားပြုနေကြတယ်လို့ တိုကျိုအခြေစိုက် ဘီဘီစီ သတင်းထောက် ရူပတ်ဝင်းဖီးဟေးစ်က ပြောပါတယ်။
ဂျပန်မှာ လက်ရှိလူဦးရေ ၁၂၇ သန်းကျော်ရှိပြီး အသက် ၆၅ နှစ်ကျော် သူက စုစုပေါင်း လူဦးရေရဲ့ လေးပုံတပုံကျော်ရှိနေတာဖြစ်ပါတယ်။
တခြားနိုင်ငံတွေက အလုပ်သမားတွေကို ခေါ်ယူနိုင်အောင် လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲဖို့ ဂျပန်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောဆိုနေခဲ့ကြတာ ကြာလှပါပြီ။
ဒါပေမယ့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ အခုဥပဒေသစ်ဟာ ဂျပန်ရဲ့ လူဝင်မှုဆိုင်ရာ ပေါ်လစီကို လုံးဝပြုပြင်ပြောင်းလဲလိုက်တာ မဟုတ်ဘူးလို့ အလေးထားပြောကြားခဲ့ပါတယ်။
နောက်ပြီး လတ်တလော အလုပ်သမားရှားပါးမှု ပြသနာကို ဖြေရှင်းနိုင်အောင် တကယ်တန်းလိုအပ်နေတဲ့ ကဏ္ဍတွေမှာ သတ်သတ်မှတ်မှတ် ကျွမ်းကျင်မှုရှိပြီး၊ ချက်ချင်း လာအလုပ်လုပ်နိုင်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေကိုပဲ လက်ခံမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းက ကျဆင်းနေပြီး ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ အမျိုးသမီးတဦးကို ကလေး အများဆုံး ၂ ယောက်လောက်မွေးဖွားခဲ့ရာက တစ်ယောက်လောက်ပဲ မွေးဖွားနေပါတယ်။
နောက်ပြီး ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ အသက်အရှည်ဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး ပျမ်းမျှအသက် ၈၅ နှစ်ခွဲ အထိ အသက်ရှည်ကြပါတယ်။