ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန်က သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းတွေမှာ လုပ်သားစေလွှတ်ဖို့ မြန်မာအစိုးရ ပြင်ဆင်
ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင်ပေးမယ့် ဥပဒေသစ်ကို အတည်ပြုလိုက်ပြီးတဲ့နောက် မြန်မာအစိုးရကလည်း ဂျပန်ကို အလုပ်သမားစေလွှတ်ရေးအတွက် ၂ နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
ဂျပန်အစိုးရ ခေါ်ယူမယ့် လုပ်ငန်း ၃ ခုထဲက မြန်မာနိုင်ငံအနေနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်တဲ့ လုပ်ငန်းတွေမှာ စေလွှတ်ဖို့ ဂျပန်အစိုးရနဲ့ လောလောဆယ်မှာ ညှိနှိုင်းထားတယ်လို့ အလုပ်ရုံ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။
မြန်မာအစိုးရ အနေနဲ့တော့ လစာငွေ မြန်မာ ကျပ်ငွေ အနည်းဆုံး ၁၃ သိန်းကျော်ရမယ့် အလုပ်ခေါ်စာတွေကို စေလွှတ်ခွင့်ပြုဖို့ ရှိနေပါတယ်။
ဂျပန်ကို အလုပ်သမားပို့မယ့် အကျိုးဆောင်အေဂျင်စီတွေ အနေနဲ့လည်း အမေရိကန်ဒေါ်လာ ၂၈၀၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို အကျိုးဆောင်ခအနေနဲ့ အနေနဲ့ ယူဖို့ သတ်မှတ်ထားပါတယ်။
သွားရောက်အလုပ်လုပ်ကိုင်လိုတဲ့ အလုပ်သမားတွေအနေနဲ့တော့ ဝင်ခွင့်အင်တာဗျူးကို အောင်ရမှာဖြစ်ပြီး ဂျပန်စကားကိုလည်း မဖြစ်မနေပြောတတ်ဖို့ လိုတယ်လို့ ဂျပန်နိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့ မိုးယုံအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီရဲ့ အကြီးအကဲ ဦးကျော်ထင်ကျော်က ပြောပါတယ်။
လက်ရှိ ဂျပန်နိုင်ငံက ခေါ်ယူနေတဲ့ အလုပ်အကိုင်အများစုဟာ အလုပ်သင်လုပ်သားနေရာတွေ ဖြစ်ပြီး လုပ်ငန်းကျွမ်းကျင်ဖို့ထက် ဘာသာစကားကျွမ်းကျင်ဖို့က အဓိက လိုအပ်နေတာပါ။
တကယ်တော့ မြန်မာအစိုးရဟာ ဂျပန်မှာ နိုင်ငံခြားသားတွေ လာအလုပ်လုပ်ခွင့်ရမယ့် ဥပဒေသစ် အတည်မပြုခင်ကတည်းက အလုပ်သမားစေလွှတ်ဖို့ကို ဂျပန်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက် နေခဲ့တာပါ။
လတ်တလောမှာတော့ ဂျပန်နိုင်ငံကို စေလွှတ်နေတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ ဂျပန်နိုင်ငံက အလုပ်ခေါ်စာတွေကို သက်ဆိုင်ရာအစိုးရကို တင်ပြထားပြီး ခွင့်ပြုချက်ရတာနဲ့ စတင် စေလွှတ်တော့မယ်လို့ ပြောပါတယ်။