ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပုဂံမှာ သစ်ပင်စိုက်သင့်၊ မစိုက်သင့် - ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံအတွက် အန္တရာယ်များ
ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တဲ့ ပုဂံမှာ အာဏာသိမ်းပြီးတဲ့နောက် ပြုပြင်ထိန်းသိမ်းမှု ပုံစံတွေ လွဲမှားလာတယ်လို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှုဆိုင်ရာပညာရှင်တွေက ထောက်ပြ ဝေဖန်လာပါတယ်။
အထူးသဖြင့် ယူနက်စကို ရဲ့ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးလမ်းညွှန်ချက်တွေနဲ့ လက်ရှိပုဂံမှာ ထိန်းသိမ်းရေးလုပ်နေတဲ့ အချက်တွေက သွေဖည်လာတယ်လို့ ဆိုပါတယ်။
ဒါကြောင့်ပဲ ရေကြီး ရေလျှံမှု နဲ့ သဘာဝဘေးကို မကြာခဏရင်ဆိုင်နေရတဲ့ ပုဂံ ဟာ ပျက်စီးမှုနှုန်းမြန်လာနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ပညာရှင်အချို့က ပြောလာတာပါ။
လက်ရှိမှာ ပုဂံယဥ်ကျေးမှုနယ်မြေကို ထိန်းသိမ်းနိုင်ဖို့ အဓိက စိန်ခေါ်ချက် ၃ ချက်ကို ရင်ဆိုင်နေရတယ်လို့ ယဥ်ကျေးမှု အမွေအနှစ်ကို သိကျွမ်းနားလည်တဲ့ အရပ်သားဒေသခံ တချို့နဲ့ ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းရေးပညာရှင် တချို့ က အချက်အလက်နဲ့ သတိပေးနေပါတယ်။
ပျက်ယွင်းလာတဲ့ ရေစီမံခန့်ခွဲမှုစနစ်
ပုဂံမှာ ရေစီးဆင်းပုံက တူရွင်းတောင်ခြေကတဆင့် မြကန်ဆည်ကနေ အလံပုဂံကို ရေစီးခဲ့တာပါ။ အလံပုဂံ ကတဆင့် ကန် ၃ ကန်၊ အဲဒီကတဆင့် မင်းနန်သူ၊ အဲဒီကနေ သရပါမြို့ရိုးတံခါးအနီးက ကျူံးထဲကို ရေတွေဝင်ပြီး ကျုံးထဲကနေမှ ဧရာဝတီမြစ်ထဲကို ရေစီးစေတဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းကို ပုဂံသား မြို့ပြ ပညာရှင်တွေက ၁၁ ရာစု နဲ့ ၁၃ ရာစုကာလတွေကတည်းက ပုဂံကို ရေမဝပ်စေတဲ့ ရေစီမံခန့်ခွဲမှုစနစ် ကို ဖန်တီးနိုင်ခဲ့တာပါ။
ဒါပေမဲ့ ခေတ်ကာလတွေ ရွေ့လျားတာနဲ့ အလျောက် ယဥ်ကျေးမှုနယ်မြေတွေနဲ့ ဘုရားတွေ အနီး ဟိုတယ် နဲ့ အခြားအဆောက်အဦ တွေ ခွင့်ပြုခဲ့တာကနေ ပုဂံရဲ့ မြောက်များလှစွာသောရေဆင်းမြောင်းတွေ၊ ရေနုတ်မြောင်းတွေဟာ ပျောက်ကွယ်ခဲ့ပါတယ်။
၂၀၂၀ နောက်ပိုင်းကာလ ကနေ လက်ရှိ ၂၀၂၃ ခုနှစ်မှာတော့ ထင်ရှားတဲ့ အာနန္ဒာ၊ သဗ္ဗညု နဲ့ စူဠာမဏိစေတီတွေလို ထင်ရှားတဲ့ ဘုရားပရဝဏ်တွေသာမက ပုဂံယဥ်ကျေးမှုနယ်မြေတွေထဲ အထိ ရေဝပ်၊ ရေကြီးတဲ့ ပြဿနာကို အဆိုးဆုံးရင်ဆိုင်နေရပါတယ်။
၂၀၁၉ မှာ ကမ္ဘာ့အမွေအနှစ်ဝင်ပြီးနောက် ၂၀၂၀ မှာ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ နဲ့ နည်းဥပဒေပြဋ္ဌာန်းပြီး ဟိုတယ်တွေနဲ့ အဆောက်အဦးတွေ အသစ်ဆောက်လုပ်တာကို တင်းကျပ်ကန့်သတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဆောက်လုပ်ခွင့်မရတော့တဲ့ အဲဒီကန့်သတ်မှုကို ကျော်လွှားဖို့ စစ်အာဏာသိမ်းပြီးနောက် လက်ရှိမှာ စီးပွားရေးလုပ်ငန်းရှင်တချို့က ဘုန်းတော်ကြီးကျောင်းတွေနဲ့ ညှိနှိုင်းပြီး ဧည့်သည်တွေတည်းခိုနိုင်တဲ့ အခန်းဖွဲ့အများကြီးပါတဲ့ ဘုန်းကြီးကျောင်းပုံစံတွေ နဲ့ အဆောက်အဦ ဆောက်လုပ်လာပါတယ်။
‘’ အရင်က ဘယ်နေရာမှာဘာရှိလဲဆိုတာ မချိန်ဆမတိုင်းထွာဘူး။ ဆောက်နေလုပ်နေကြတာပဲ။ တချို့နေရာတွေ ပေးလုပ်တယ်။ တချို့နေရာတွေ ပေးမလုပ်တာ ရှိပေမဲ့ အကုန်လုံးတော့ ဖရိုဖရဲ ဖြစ်နေတာပဲ’’ လို့ ဒေသခံတစ်ဦး လက်ရှိပုဂံမှာမြင်နေရတဲ့ အခြေအနေကို ပြောပါတယ်။
ရေနုတ်မြောင်း ၊ ရေထွက်ပေါက်ကို ဂရုမပြုဘဲ အဆောက်အဦတွေ ပိတ်ဆောက်တာ၊ အုတ်တံတိုင်းတွေ ခတ်တာနဲ့ လယ်မြေယာမြေလို ရေစီးဆင်းရမယ့်နေရာတွေမှာ ဘုန်းကြီးကျောင်းလို ဇရပ်လို သာသနိက အဆောက်အဦတွေဆောက်လုပ်လိုက်တာဟာ ရေထွက်ပေါက်ပိတ်လာစေတဲ့ အဆိုးရွားဆုံး ပြဿနာလို့ ပုဂံဒေသခံ တစ်ဦးက ရှင်းပြပါတယ်။
ဥပဒေကျော်ဆောက်လုပ်နေတဲ့ ပုဂံက ဘုန်းကြီးကျောင်းတွေ
ပုဂံ ယဥ်ကျေးမှုနယ်မြေထဲ ထပ်တိုးအဆောက်အဦတွေဆောက်လုပ်လာတာက ရေထွက်ပေါက်တွေကို ပိတ်စေတဲ့ အန္တရာယ်တင်မကပါဘူး။ ပုဂံဘုရားတွေနဲ့ ပေ ၁၂၀ အကွာမှာ ခေတ်ကာလအဆောက်အဦတွေ မရှိရ၊ မဆောက်ရဆိုတဲ့ ဥပဒေကိုလည်း ချိုးဖောက်တဲ့ သဘောဖြစ်နေတယ်လို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးပညာရှင် တစ်ဦးကပြောပါတယ်။
'' အခုက နည်းဥပဒေပြင်မယ်တောင် ကြားနေတယ်။ ပုဂံတဝိုက် အဆောက်အဦဆောက်ခွင့်ကို ပေ ၁၂၀ အစား ပေ ၃၀ အကွာနဲ့ ပေးဆောက်မယ့်အထိ ကြားတယ်။ အဲဒီလိုခွင့်ပြုမယ်ဆိုရင် နည်းဥပဒေပြင်ရမှာကိုး။ ပေ ၃၀ ကွာလို့ ဝေးတယ်ပြောမရဘူး။ အဲဒီက လူသောင်းချီသုံးတဲ့ ရေနဲ့ အညစ်အကြေးတွေကဘုရားတွေဆီ သက်ရောက်မှာလေ'' လို့ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းတဲ့ ပညာရှင် က ရှင်းပြပါတယ်။
ပုဂံရှေးသုဌာနခွဲက ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကတော့ ဒီလို ရှေးဟောင်းနယ်မြေထဲ ခွင့်ပြုချက်မရှိဘဲ ဒါမှမဟုတ် ဆောက်လုပ်ခွင့်ရှိတဲ့ ပုံစံမဟုတ်တဲ့ ဘုန်းကြီးကျောင်းတွေရှိလာနေကြောင်း၊ ဒီလို ဆောက်လုပ်မှုတွေကို ထိန်းချုပ်ဖို့ကြိုးစားနေပြီး ခွင့်ပြုရမယ့်ပုံစံမဟုတ်ရင် ပြန်လည်ဖြိုဖျက်ခိုင်းတဲ့အထိ လုပ်ဆောင်မှာဖြစ်ကြောင်း တုံ့ပြန်ပါတယ်။
‘’ အခုကျွန်တော်တို့ ဆရာတော်ဘုရားတွေကို အသိပညာပေးတွေ လျှောက်ထားမယ်။နောက် မြို့နယ် သံဃနာယကအဖွဲ့တွေနဲ့ တွေ့ဆုံပြီး တားမြစ်ပါတယ်။ အခု ဒါတွေဖြစ်နေတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘယ်လိုတားမြစ်မလဲဆိုတာကို ယဥ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဗဟိုကော်မတီကို တင်ပြထားတယ်။ ဒါပေမဲ့လည်း ဥပဒေအရပြောမယ်ဆို ဘယ်သူမှ ဆောက်လုပ်ခွင့်မရှိပါဘူး’’ လို့ ဦးကျော်မျိုးဝင်း က လက်ရှိဖြစ်နေတဲ့ အခြေအနေကို ပြောပါတယ်။
ပုဂံမှာ သစ်ပင်စိုက်သင့်၊ မသင့်
အပူပိုင်းဒေသ ပုဂံမှာ အပူလျှော့ဖို့ဆိုပြီး ပြီးခဲ့တဲ့ အရပ်သားအစိုးရ NLD လက်ထက်ကတည်းက အစပျိုးခွင့်ပြုတာကနေ အခု စစ်ကောင်စီလက်အောက်မှာတော့ သစ်ပင်စိုက်တဲ့ ပရဟိတအဖွဲ့တွေ ပိုတိုးလာပါတယ်။
ပုဂံအရေးတက်ကြွခဲ့တဲ့ ရှေးဟောင်းအမွေအနှစ် ပညာရှင်တချို့ကတော့ ဘုရားတွေ အနီးတဝိုက် သစ်ပင်စိုက်လာတာက ပုဂံအတွက် အန္တရာယ်ကြီးတစ်ခုလို ဖြစ်လာတယ်လို့ ထောက်ပြဝေဖန်ပါတယ်။
ဒေသမျိုးရင်းမဟုတ်တဲ့ အပင်တွေကို ယူလာပြီး ဘုရားအနီးလာစိုက်နေကြတာက နှစ်ကာလထောင်ချီလာတဲ့ ဘုရားတွေရဲ့ အောက်ခြေ ဖောင်ဒေးရှင်းကိုထိခိုက်ပြီး တချို့အပင်တွေဆို အမြစ်ထိုးတဲ့အထိဖြစ်လာပြီလို့ ဆိုပါတယ်။
‘’ အပင်တွေဆိုတာ နေရာတကာလျှောက်စိုက်လို့မရဘူး။ သစ်မြစ်ကို စဥ်းစားရမယ်။ နောက် အနှစ်၂၀ အနှစ် ၃၀ ကို ကြည့်ရမယ်။ မင်းနန်သူက ဘုရားသုံးဆူမှာဆိုရင် ဘုရားနဲ့ ပေ ၃၀ လောက်ပဲရှိတယ် စိုက်ထားတာ။ အရင်က စိုက်ထားတဲ့ဟာတွေ၊ အခု ကိုရီးယားအဖွဲ့ စစ်တဲ့အချိန်မှာ တချို့ဘုရားတွေမှာအမြစ်ထိုးနေပြီ။ အရမ်းကြောက်စရာကောင်းတယ် ‘’ လို့ ရှေးဟောင်းအမွေအနှစ်ပညာရှင်တစ်ဦးကပြောပါတယ်။
ဒါပေမဲ့ ပုဂံရှေးသုဌာနခွဲက ညွှန်ကြားရေးမှူးဦးကျော်မျိုးဝင်း ကတော့ ပုဂံက ကန္တာရသဖွယ်ဖြစ်လာလို့ အပင်စိုက်ဖို့လိုတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ စိုက်သင့်တဲ့နေရာရှိသလို မစိုက်သင့်တဲ့ နေရာလည်းရှိတယ်လို့ ဆိုပါတယ်။
‘’ အပင်တွေကို မစိုက်သင့်ဘူးဆိုတာ မဟုတ်ပါဘူး။ ဒေသမျိုးရင်းအပင်တွေကို စိုက်သင့်တယ်။ ဒေသပေါက်ပင်တွေမဟုတ်တဲ့ မြေဆီလွှာဆုံးရှုံးနိုင်တဲ့ အပင်တွေကို မစိုက်သင့်ဘူး’’ လို့ ဦးကျော်မျိုးဝင်း ကပြောပါတယ်။
ရှေးဟောင်းအမွေအနှစ်ပညာရှင်ကတော့ ကန္တရဒေသမှာ မိုးခေါင်တာက ပြဿနာတစ်ရပ်မဟုတ်ကြောင်းနဲ့ အပင်ကြောင့်မိုးများတာနဲ့ ရေဝပ်တာတွေကြောင့် ပုဂံကအုတ်တွေပျက်စီးနှုန်းမြန်လာနိုင်တာက ပြဿနာလို့ တုံ့ပြန်ပါတယ်။
ဒါ့အပြင် အက်ဆစ်သုံးပြီး ညောင်ပင်သတ်တဲ့ ပြဿနာလည်းရှိနေပြီး ဒီလို ဓာတုဗေဒပစ္စည်းတွေက အုတ်တွေကို အမှုန်အဖြစ်ကြွေကျစေတဲ့အထိဖြစ်လာနိုင်လို့ စိုးရိမ်နေကြတာပါ။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လက အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်နေတဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ ပုဂံဒေသကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ် ခဲ့ပါတယ်။
၂၀၁၄ တုန်းက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်း သုံးမြို့ ယူနက်စကို စာရင်းဝင်ခဲ့ပြီးနောက်ပိုင်း ပုဂံဟာ မြန်မာရဲ့ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။
အဲဒီမတိုင်ခင်က နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ က ပုဂံကို အချိန်ယူ လေ့လာ စစ်ဆေးပြီး အတည်ပြုခဲ့ပါတယ်။
ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု ကော်မတီဝင် ၂၁ နိုင်ငံက ပုဂံကို ကမ္ဘာအမွေအနှစ်စာရင်း ထည့်သွင်းဖို့ အတွက် အဲဒီအချိန်က ကန့်ကွက်မှု မရှိဘဲ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ် ။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ ပုဂံဒေသ တစ်ခုလုံးကို လျှောက်ခဲ့တာဖြစ်ပြီး ဘုရားတစ်ဆူ ချင်းစီ ခွဲလျှောက်တာ မဟုတ်ဘူးလို့လည်း အစည်းအဝေးတက်ရောက်ခဲ့တဲ့ ရှေးဟောင်း ယဉ်ကျေးမှုနဲ့ သုတေသန ဦးစီးဌာန က တာဝန်ရှိသူက ပြောခဲ့ပါတယ်။
"ဘုရားတွေအကုန်ပေါင်းပြီး ဒီနေရာမှာ ၃၈၀၀ သော ဘုရား အဆူဆူရှိပြီး အမွေအနှစ်တွေရှိတယ် လို့ ဖော်ပြပြီး လျှောက်ခဲ့တာပါ"လို့ တာဝန်ရှိသူက ရှင်းပြပါတယ် ။
အဲဒီမတိုင်မီ အရှေတောင်အာရှက နိုင်ငံတွေထဲမှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတွေ အဖြစ် အင်ဒိုနီးရှားမှာ ၈ ခု ၊ထိုင်းမှာ ၅ ခု၊ ဗီယက်နမ်မှာ ၈ ခု၊ ဖိလစ်ပိုင်မှာ ၆ ခု၊ စင်ကာပူမှာ တစ်ခု၊ ကမ္ဘောဒီးယား မှာ ၃ ခု၊ လာအို ၃ ခု နဲ့ မြန်မာနိုင်ငံက တစ်ခု တို့ သတ်မှတ်ခြင်း ခံထားရပါတယ်။
ပုဂံဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် ရှေးဟောင်းယဉ်ကျေးမှု ဒေသထဲက လူနေအိမ်တွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ ဟိုတယ်တွေဟာ သတ်မှတ်ပေးမယ့် အချိန်ကာလ တစ်ခု အတွင်း ရွှေ့ပြောင်းပေးရဖို့ရှိပါတယ်။ ဒီလိုပြောင်းပေးဖို့ အစီအစဉ် ရှိတယ်ဆိုပြီးတော့လည်း မြန်မာနိုင်ငံ သာသနာရေး ဝန်ကြီးဌာနက ယူနက်စကိုကို တင်ပြခဲ့ပါတယ်။
ပုဂံမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဲဒီ အန္တရာယ်တွေအပြင် ပုဂံကို ထိန်းသိမ်းစောင့်ရှောက်မယ့် အဖွဲ့အစည်းတွေနဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးမှုတွေလည်း ဖြစ်နေပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေ ပျောက်လာတဲ့ပုဂံ
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးတဲ့နောက် ယူနက်စကိုအပါအဝင် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျာမနီနဲ့ အီတလီနိုင်ငံက အမွေအနှစ်ထိန်းသိမ်းရေးလုပ်တဲ့ အဖွဲ့တွေက ပုဂံမှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဘုရားအလိုက် ဒါမှမဟုတ် နံရံပန်းချီစသဖြင့် လုပ်ပေးနေခဲ့ကြပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ နဲ့ ယူနက်စကို အဆက်အဆံမရှိတော့ပဲ အကူအညီပေးရေးလုပ်ငန်းတွေလည်း မရတော့ဘူးလို့ ဒီအခြေအနေကိုသိရှိထားသူက ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံအလိုက် စီမံကိန်းတချို့ကတော့ ဆက်ရှိနေသလို တချို့လည်း ထွက်ခွာသွားတာမျိုးရှိပါတယ်။ ဒီလို ပြုပြင်ထိန်းသိမ်းမှုအပိုင်းမှာ ယူနက်စကို နဲ့ အဆက်အဆံမရှိတော့တာက စနစ်ကျတဲ့ မှန်ကန်တဲ့ ထိန်းသိမ်းခြင်းလုပ်ငန်းတွေမရတော့လို့ ထိခိုက်နစ်နာမှုကြီးတယ်လို့ ပညာရှင်တချို့က ဆိုပါတယ်။
‘’ ယူနက်စကိုက စစ်တပ်နဲ့ ဘာမှမလုပ်ဘူး။ အခုပုဂံကို လုပ်ချင်တိုင်းလုပ်နေတာ၊ ပြင်ချင်တိုင်းပြင်နေတာက အမွေအနှစ်စာရင်းပြန်သိမ်းလို့ရလားဆိုရင် ရတယ်။ ဒါပေမဲ့ ဒါကိုရော စစ်တပ်က ဂရုစိုက်မှာလား၊ တန်ဖိုးထားမှာလား။ သူတို့ ဘာမှ တန်ဖိုးမထားဘူး’’ လို့ ပုဂံအရေးတက်ကြွခဲ့တဲ့ ရှေးဟောင်းပညာရှင်တစ်ဦးက သူ့ယူဆချက်ကို ပြောပါတယ်။
မြို့ပျက်ကြီးလို ပုဂံ
ပုဂံအရေးစိတ်ဝင်တစားရှိခဲ့ပြီး တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ပုဂံဒေသခံတစ်ဦးကတော့ ဧည့်သည်တွေနဲ့ စည်ကားခဲ့တဲ့ ပုဂံဟာ ကိုဗစ်နဲ့ အာဏာသိမ်းကာလတွေနောက်မှာတော့ လူသူထင်သလောက်မရှိ ကင်းမဲ့ နေလို့ အရင်ပုဂံနဲ့ အခုလက်ရှိ ပုဂံက အတော်ကွာခြားသွားတယ်လို့ ပြောပါတယ်။
ဇူလိုင် ၆ ရက်ဟာ မြန်မာ့ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တဲ့ ၄ နှစ်မြောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ် ၂၀၁၉ ခုနှစ်က ၃၈၀၀ သော ဘုရား အဆူဆူရှိတဲ့ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ ပုဂံဒေသ တစ်ခုလုံး အသိအမှတ်ပြုခံရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီးတဲ့နောက်မှာတော့ ဝမ်းနည်းဖွယ်ကောင်းစွာပဲ ပုဂံဟာ ကမ္ဘာ့နိုင်ငံအသီးသီးက ခရီးသွားတွေ ရောက်မလာကြနိုင်တဲ့ အခြေအနေကိုကြုံခဲ့ရတာပါ။
‘’ နေ့ဘက်ဆိုမသိသာပေမဲ့ ညဘက်ဆို ပိုသိသာတယ်။ တစ်မြို့လုံးက ည ၇ နာရီဆို လူသူကင်းမဲ့နေပြီ။ ဆိုင်တွေလည်းအကုန်သိမ်းကြ။ ပျော်ဖို့ မကောင်းတော့သလို စီးပွားရေးလည်း ချွတ်ခြုံကျရတာဆိုတော့ ဒီမှာရှိသမျှ လူငယ်တွေ တော်တော်များများ လောက်ကိုင် နဲ့ တာချီလိတ်ဘက် အလုပ်သွားလုပ်ဖို့ ရောက်ကုန်ကြတယ်’’ လို့ ပုဂံဒေသခံတစ်ဦးက ပုဂံရဲ့လက်ရှိ အခြေအနေကို ပြောပြပါတယ်။
မြင်းလှည်းအငှား၊ စကားပြန်၊ လက်ဆောင်ပစ္စည်းရောင်းတဲ့သူ၊ ယွန်းလုပ်ငန်းလုပ်သူတွေနဲ့ ဟိုတယ် နဲ့ စားသောက်ဆိုင်မှာလုပ်တဲ့ လူငယ်တွေ ဒေသခံအလုပ်သမားတွေဟာ သူတို့ရဲ့ မူရင်းအလုပ်ကိုစွန့်လွှတ်ပြီး နယ်စပ်မြို့တွေက လောင်းကစား နဲ့ တရားမဝင်အွန်လိုင်းငွေးကြေးလိမ်လည်တဲ့လုပ်ငန်းတွေကို ရောက်ကုန်ကြတာပါ။
လက်ရှိ ပုဂံဒေသခံတွေရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၆၀ ကနေ ၇၀ ရာခိုင်နှုန်း ကြား အထိရှိလာတယ်လို့ ဒေသခံတွေရဲ့ အလုပ်အကိုင်တွေကို လေ့လာနေတဲ့ အရပ်ဖက်အဖွဲ့က ဒေသခံတစ်ဦးက သူ့တွေ့ရှိချက်ကို ပြောပါတယ်။