ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်းလေး ဖောင်တော်ဦးပွဲတော်ကို လုံခြုံရေးတင်းကြပ် ကျင်းပနေ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ထဲက အင်းလေး ဖော်တော်ဦးဘုရားပွဲတော်ကို စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ပြီး ကျင်းပနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် ၃ နှစ်ကြာ မကျင်းပခဲ့တဲ့ ဖောင်တော်ဦးဘုရားပွဲတော်ကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၅ ရက်ကနေ နိုဝင်ဘာလ ၁ ရက်အထိ သီတင်း ၂ ပတ်ကျော်ကြာ ကျင်းပမယ့် ဘုရားပွဲတော်အတွင်း ဖောင်တော်ဦးဘုရားတွေဟာ အင်းတိန် စံကျောင်း၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစား၊ ပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်တောင်ကျောင်း၊ မကျည်းဆိပ်၊ မိုင်းပျိုး၊ ကျိုင်းခန့်၊ နောင်တော၊ အင်းပေါ်ခုံ၊ ရေဆာစတဲ့ ၂၁ ဌာနကို ကြွချီမှာဖြစ်ပါတယ်။
ဘုရားပွဲတော် ပြန်ကျင်းပပေမဲ့ ခါတိုင်းလိုမဟုတ်ဘဲ ပြည်တွင်း ပြည်ပ ခရီးသွားတွေထက် ဒေသခံတွေပဲ ပါဝင်တာများတယ်လို့လည်း အင်းလေး ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
‘‘အခုက ကယား(ကရင်နီ) ဘက်မှာ တိုက်ပွဲတွေဖြစ်ပြီး နယ်မြေမအေးချမ်းတော့ အဲဒီဘက်ခြမ်းကနေ လမ်းတိုတိုနဲ့ ခပ်မြန်မြန်ရောက်အောင် သွားကြလာကြသူတွေ ပွဲတော်ကို မလာကြတော့ဘူး။ နိုင်ငံခြားသားခရီးသွားလည်း မရှိသလောက်နည်းတယ်။ နယ်မြေတည်ငြိမ်တယ်လို့ ပြောလို့ရတဲ့ တောင်ကြီးဘက်အခြမ်းကပဲ လာကြတယ်’’ လို့ အင်းသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အင်းလေးကန်ဟာ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ နေ့စဥ်နီးပါးဖြစ်နေတဲ့ ရှမ်း-ကယား(ကရင်နီ)ပြည်နယ်အစပ်က မိုးဗြဲဆည်နဲ့ဆိုရင် မိုင် ၆၀ ဝန်းကျင်ပဲ ဝေးပြီး စကားအင်းနဲ့ဆိုရင် မိုင် ၃၀-၄၀ ပဲ ဝေးတာပါ။
ဒါကြောင့် စစ်ကောင်စီဟာ နယ်မြေစိုးမိုးမှုရှိတဲ့ အင်းလေးဒေသမှာ ဘုရားပွဲကို ဒီနှစ်မှာ လုံခြုံရေး တင်းကြပ်ပြီး ပြန်လည် ကျင်းပနေတာလို့ သုံးသပ်ကြပါတယ်။
‘‘ကျွန်မတို့ ရွာထိပ်မှာဆို စစ်သား ၃ ယောက်ကင်းစောင့်တယ်။ ရွာထဲက ဘုန်းကြီးကျောင်းထဲမှာလည်း စစ်သားတွေ စောင့်နေကြတယ်။ ဒါက ပွဲတော်ကာလရောက်မှ ရောက်လာတဲ့သူတွေ’’ လို့ အမည်မဖော်လိုတဲ့ အင်းသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဘုရားပွဲဦးဆောင် ကျင်းပတဲ့ ညောင်ရွှေမြို့နယ်ပွဲတော်ကျင်းပရေးကော်မတီကတော့ ဘုရားပွဲနဲ့ ပတ်သက်ပြီး စည်းကမ်းချက်တွေကို လမ်းဆုံလမ်းခွတွေမှာ ထုတ်ပြန်ထားပြီး အဲဒီထဲမှာ ‘’ပွဲတော်ကာလ ပြည်သူလူထုလုံခြုံရေးအတွက် တာဝန်ရှိသူတို့၏စစ်ဆေးမှုကို ကြည်ဖြူစွာ အစစ်ဆေးခံကြပါရန်’’ ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက အင်းလေးမှာ ၃ နှစ်ကြာမကျင်းပနိုင်ခဲ့တဲ့ ဖောင်တော်ဦးပွဲတော်ကို ပြန်ကျင်းမှုကို မပူးပေါင်း မပါဝင်ဖို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အင်းလေးအမျိုးသမီး သမဂ္ဂ၊ အင်းလေးလူထုလှုပ်ရှားမှုလိုအဖွဲ့တွေက လှုံ့ဆော်တိုက်တွန်းနေပါတယ်။
ပွဲတော်မှာ မပူးပေါင်းဖို့အပြင် အင်းလေး ဒေသထဲဖွင့်ထားတဲ့ စစ်ကောင်စီနဲ့ဆက်စပ်တဲ့ ဟိုတယ်တွေမှာ မတည်းခိုဘဲ သပိတ်မှောက်ဖို့အထိ တိုက်တွန်းကြပါတယ်။
‘‘ကျွန်မတို့နဲ့ အနီးဆုံး ကယား(ကရင်နီ)မှာ တိုက်ပွဲတွေ၊ စစ်ရှောင်တွေနဲ့ပြည့်နေတယ်။ အခုနောက်ဆုံး ကချင်မှာ စစ်ရှောင် စခန်း ဗုံးကြဲခံရလို့ ကလေးတွေနဲ့ အမျိုးသမီးတွေ သေဆုံးရတယ်။ ဒီလိုဖြစ်နေ ချိန်မှာ စစ်ကောင်စီဦးဆောင်ပြုလုပ်တဲ့ ဖောင်တော်ဦးပွဲကို ပါဝင်ဆင်နွှဲသင့်သလားဆိုတာ တွေးတော သင့်ပါတယ်’’ လို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီလိုတိုက်တွန်းမှုတွေ ရှိနေချိန်မှာပဲ ပွဲတော်မှာ မပူးပေါင်းသူတွေလည်း ရှိနေတဲ့အကြောင်း သူက အခုလို ဆက်ပြောပြပါတယ်။
‘‘ခါတိုင်းနှစ်ဆို ဘုရားဖောင်တော်ကို ရွာပေါင်း ၄၀ က ဆွဲလှေ အစီး ၄၀ နဲ့ဆွဲတာပါ။ ဒီနှစ်မှာတော့ ဆွဲလှေ ၂၁ စီးပဲရှိတယ်လို့ ကြားသိရတယ်။ ဒါကိုကြည့်ရင် လူထုက သူတို့တတ်နိုင်တဲ့ဘက်က စစ်ကောင်စီကို ငြင်းဆန်နေတယ်ဆိုတာ မြင်သာတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဆွဲလှေတွေကို ငွေပေးစည်းရုံးတာတွေလည်းရှိခဲ့တယ်လို့ ကျွန်မတို့ သတင်းတွေရထားတယ်’’လို့လည်း သူက ပြောပြပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီဟာ အင်းအရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ ပွဲတော်ကာလ အင်အား တစ်ထောင်နီးပါးနဲ့ လုံခြုံရေးယူနေတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဘီဘီစီကိုပြောပါတယ်။
‘‘လွိုင်ကော်ဘက်က တပ်တွေကို ပွဲတော်အတွက် ရွှေ့ပြီး လုံခြုံရေးယူတယ်လို့ ကျွန်တော်တို့သိရတယ်။ မနက်ဖြန်မှာ စစ်ခေါင်းဆောင် ကိုယ်တိုင် ဖောင်တော်ဦးဘုရားကို လာမယ်ဆိုတဲ့ သတင်းတွေလည်း ရထားပါတယ်’’ လို့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၃၊ အမှတ် P3-1009 တပ်ရင်းဟာ အင်းလေးဒေသအတွက်တပ်ရင်းဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလမှာပဲ ဖွဲ့စည်းမှု ၁ နှစ်ပြည့်ထားပါတယ်။
‘‘ကျွန်တော်တို့ မပျော်ရလို့ သူတို့ မပျော်ရတာမျိုးမဖြစ်စေချင်ပါဘူး။ လူထုမှာလည်း စစ်ကောင်စီက ဖိအားပေးလို့ မဖြစ်မနေသွားရတာတွေရှိတယ်။ အင်းလေးမှာ စစ်ကောင်စီရဲ့ လှုပ်ရှားမှု သတင်းတွေကို ကျွန်တော်တို့ ရနေတယ်။ စစ်ကောင်စီရဲ့အတွင်းသတင်းတွေကို ကျွန်တော်တို့ ရနေတယ်။ ဒါတွေကို ကြည့်ရင် အင်းလေးမှာ ကျွန်တော်တို့ကို လူထုက စိတ်ပေါင်း ကိုယ်ခွာ ထောက်ခံနေတယ်ဆိုတာကို ပြနေတယ်’’ လို့ အင်းလေး PDF ဘက်က ပြောပါတယ်။
တစ်ဖက်မှာလည်း ဖောင်တော်ဦးပွဲတော် ဦးဆောင်ကျင်းပတဲ့ စစ်ကောင်စီနဲ့ ဒေသန္တရ အုပ်ချုပ်ရေးကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအချို့လည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖောင်တော်ဦးပွဲတော်နဲ့ ဆက်စပ်ပြုလုပ်တဲ့ အင်းအရှေ့ဘက်က လောင်းကစားဝိုင်းတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သလို ညောင်ရွှေမြို့ ကပ်လျက်က ကျေးရွာတစ်ရွာမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
အဲဒီဖောက်ခွဲမှုတွေကို ပြုလုပ်ခဲ့တဲ့ ဘားမားဂိုးပြောက်ကျားအဖွဲ့ကတော့ စစ်ကောင်စီနဲ့ဆက်စပ်တဲ့ ဒေါက်တိုင်တွေကို ပစ်မှတ်ထားတာဖြစ်ပေမဲ့ အနီးနားမှာ အများပြည်သူရှိနေတာကြောင့် ရည်ရွယ်တဲ့ ပစ်မှတ်တွေကို မတိုက်ခိုက်နိုင်ခဲ့ဘူးလို့ ထုတ်ပြန်ပြောဆိုပါတယ်။
အင်းလေး ဒေသဟာ ရေပေါ် စိုက်ပျိုးရေးကို အဓိကထားလုပ်တာဖြစ်ပေမဲ့ ပြည်တွင်း ပြည်ပ ခရီးသွားလာရောက်လည်ပတ်တာကိုလည်း အားထားရပ်တည်ရပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းမှုကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့ပြီး ဒီလုပ်ငန်းကို မီခိုနေတဲ့ဒေသခံတွေ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါတယ်။
‘‘စားဝတ်နေရေးက အရင်ကထက်စာရင် လေးပုံ သုံးပုံလောက် ခက်ခဲသွားတယ်။ စိုက်ပျိုးရေးမှာဆိုရင် မြေသြဇာစျေးကြီးလာတာကို ကြုံရတော့ မှန်းချက်နဲ့မကိုက်ပါဘူး။ ဝင်ငွေနည်းလို့ စားရေးသောက်ရေးကို ခြွေတာပြီး စားနေရတယ်’’ လို့ အင်းသူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
ဒါပေမဲ့ ဖောင်တော်ဦးဘုရားပွဲတော်ကတော့ ဆက်ပြီးရှိနေပါတယ်။ ဖောင်တော်ဦးဘုရားတွေဟာ မနက်ဖြန် အောက်တိုဘာလ ၂၁ ရက်မှာ အင်းမြို့တော် ညောင်ရွှေမြို့က စံကျောင်းမှာ သီတင်းသုံးမှာဖြစ်ပါတယ်။