ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့ပွဲတော်ကြိုက် လော်စပီကာ - “အိမ်က မှန်တွေတောင် တုန်တယ်”
“လော်စပီကာသံ ဘယ်လောက်ဆူလဲဆို အိမ်က မှန်တွေတောင် တုန်တယ်”
မြန်မာရဲ့ တန်ဆောင်မုန်းရာသီမှာ ကထိန်အတွက် အလှူခံထွက်ချိန် အသံချဲ့စက် လော်စပီကာ အလွန်အကျွံ သုံးလာတဲ့အကြောင်း ရန်ကုန်၊ သာကေတမြို့နယ်မှာနေထိုင်တဲ့ ကိုဇင်က သူ့ရပ်ကွက် အခြေအနေကို ပြောပြပါတယ်။
ကိုဇင်နဲ့ ဘီဘီစီသတင်းထောက်တို့ မေးမြန်းစကားပြောနေချိန်မှာတင် လော်စပီကာကတဆင့် ထွက်လာတဲ့ ကျယ်လောင်တဲ့ ဓမ္မတေးသီချင်းသံကို အတိုင်းသား ကြားနေရပါတယ်။
လော်စပီကာ သုံးလုံးတပ် အသံချဲ့စက်လှည်းကြီးနဲ့ နိဗ္ဗာန်အကျိုးမျှော်ဖို့ နှိုးဆော် အလှူခံသံတွေကြောင့် အိမ်ကနေ အလုပ်လုပ်ကိုင်တာများတဲ့ ကိုဇင့်အတွက် နေအိမ်ပြောင်းဖို့အထိ ဖိအားဖြစ်နေတာပါ။
ဒါဟာ ရန်ကုန် တမြို့တည်းမှာ ဖြစ်နေတာ မဟုတ်ပါဘူး။ ဧရာဝတီတိုင်းက မသူဇာဆိုလည်း “လော်စပီကာနဲ့ ဆူဆူညံညံအလှူခံသူတွေကို အလှူငွေ လုံးဝမထည့်ပါ” ဆိုတဲ့ စာသားကို အိမ်ရှေ့သစ်ပင်မှာ ကပ်ထားရတဲ့ အခြေအနေပါ။
“ကထိန်ရာသီကတော့ နေ့တိုင်းနီးပါး ပိုဆိုးတာပေါ့” လို့ မသူဇာက ပြောပါတယ်။
ဘီဘီစီစကားပြောခွင့်ရတဲ့ မြို့ခံတွေကတော့ သီတင်းကျွတ်ချိန်ကစလို့ ကထိန်၊ နိဗ္ဗာန်ဈေးပွဲတော်၊ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် စတာတွေ ဆက်တိုက်ရှိနေတာကြောင့် နောက်ဆက်တွဲ လူမှုရေး၊ ကျန်းမာရေး သက်ရောက်ကြတဲ့အထိ ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
စစ်အာဏာသိမ်းမှုအောက်က ဒေသန္တရအုပ်ချုပ်ရေးလျော့ရဲချိန်လည်း ဖြစ်တာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေကိုလည်း တိုင်ကြားလို့မရနိုင်ဘူးလို့ ဘီဘီစီကို ဖြေကြပါတယ်။
နိဗ္ဗာန်ဆော်၊ မင်္ဂလာပွဲတွေ နဲ့ လော်စပီကာ
လော်စပီကာ လို့ သိကြတဲ့ အသံချဲ့စက်တွေဟာ ၂၁ ရာစုမြန်မာ့ရိုးရာပွဲတော်တွေနဲ့ဘာသာရေးပွဲတွေ ဆင်နွှဲရာမှာ မဖြစ်မနေပါဝင်တဲ့ အရာတခုလိုဖြစ်လာပါတယ်။
ထရပ်ကားပေါ်မှာ လော်စပီကာ အပြည့်တင်ပြီး ခေတ်ပေါ်တေးသီချင်းတွေဖွင့်ကာ အလှူခံလှည့်လည်တာရှိသလို နယ်မြို့တချို့မှာဆိုရင် လော်စပီကာပြိုင်ပွဲတွေပါရှိပါတယ်။
လော်စပီကာက ထွက်လာတဲ့ ကျယ်ကျယ်လောင်လောင်အသံတွေကို ကထိန်ခင်းအလှူခံကာလလို ပွဲတော်ကျင်းပချိန်မှာသာမက မင်္ဂလာပွဲတွေမှာပါ အပြိုင်အဆိုင်ကြားနေရတဲ့အကြောင်း ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ ထူးကြီးမြို့နေ ဦးအောင် က ပြောပါတယ်။
“လော်စပီကာဆိုတာ အသံကျယ်တဲ့အတွက် အမြင့်ဆုံးက ၂လုံးလောက်ကို သင့်တော်မယ့် ယူနစ်နဲ့ အသံကို ထိန်းဖွင့်ရင် အဆင်ပြေပါတယ်” လို့ အသံစက်ကိုင်အဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ အသက် ၅၀ အရွယ် ဦးအောင်က သူ့အတွေ့အကြုံနဲ့ ရှင်းပြပါတယ်။
ခေတ်မီလာတာနဲ့အတူ လော်စပီကာနဲ့တွဲဖွင့်ရတဲ့ ယူနစ်စက်တွေလည်း ပိုကောင်းလာတာကြောင့် အသံထွက် ပိုကောင်းလာပါတယ်။ အခုကာလမှာတော့ အသံကောင်းဖို့ထက် အသံကျယ်ကျယ်ထွက်ဖို့ကိုပိုဦးစားပေးတာကြောင့် အခုလိုဆူညံသံတွေ ဖြစ်လာတာလို့ ဦးအောင်က ထောက်ပြပါတယ်။
နိဗ္ဗာန်ဆော်အလှူခံသာမက မင်္ဂလာပွဲတွေကနေပါ ထွက်ပေါ်လာတဲ့ လော်စပီကာသံတွေကြောင့် လူမှုရေး၊ ကျန်းမာရေးမှာပါ သက်ရောက်မှု ရှိလာပါတယ်။
“ကထိန်လှည့်တဲ့ရက် ရောက်ပြီဆို မနက် ငါးနာရီလောက်ထဲက တစ်မိုင်လောက်ထဲက ကြားရတဲ့ အသံတွေနဲ့ ဆူညံနေအောင် မြို့ပတ်လှည့်ကြတာလေ။ အိပ်ရေး၀အောင် အိပ်လို့မရဘူး” လို့ အသက် ၃၀ အရွယ် မသူဇာက ပြောပါတယ်။
ကျန်းမာရေးလိုက်စားသလို တစ်နေ့ ၈ နာရီပြည့်အောင်အိပ်လေ့ရှိတဲ့ မသူဇာအတွက် လော်စပီကာသံ ကြောင့် အိပ်ရာကနေ လန့်နိုးတဲ့မနက်တွေ ဆက်တိုက်ဖြစ်လာပါတယ်။
သာကေတမြို့နယ်နေ ကိုဇင့်အတွက်ကတော့ အိမ်ကနေ အလုပ်လုပ်ရတာဖြစ်လို့ လော်စပီကာသံတွေ ကြား အာရုံစူးစိုက်ဖို့ခက်ခဲသလို ကျောင်းသားဖြစ်သူ သားရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်နေပါတယ်။
“ကလေးကည ၁ နာရီပတ်ချာလည်အထိ စာလုပ်ပြီး မနက်ကျရင် အိပ်ရေးဝအောင် အိပ်တာလေ။ အခုက အသံတွေနဲ့ အိပ်မရဘူး” လို့ ကိုဇင်က ပြောပါတယ်။
လော်စပီကာဆူညံသံကြောင့် နေအိမ်ပြောင်းရွှေ့ဖို့ မိသားစုကြား အချင်းများရတဲ့အထိ နေ့စဉ် လူနေမှုဘဝမှာပါ သက်ရောက်မှုရှိနေတာပါ။
ဒါအပြင် လော်စပီကာသံအကျယ်ဆုံးဖွင့်ကာ အော်ဟစ် ကခုန်တာကြောင့်လည်း လမ်းသွားလမ်းလာတွေကို အနှောင့်အယှက်ဖြစ်သလို အမျိုးသမီးတွေအတွက်ဆို တစ်ယောက်တည်းဖြတ်လျှောက်ဖို့ အခက်အခဲဖြစ်စေတယ်လို့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်မှာနေတဲ့ မဖြူဖြူ က ပြောပါတယ်။
လော်စပီကာအသုံးပြုတာဟာ စစ်အာဏာသိမ်းပြီးနောက် မနှစ် ၂၀၂၃ ခုနှစ် နဲ့ အခု ၂၀၂၄ ခုနှစ်တွေမှာ တဖြည်းဖြည်းပိုပြီး ဆူညံလာတယ်လို့ ဘီဘီစီနဲ့စကားပြောခွင့်ရခဲ့သူတွေက ပြောကြပါတယ်။
လော်စပီကာကို ဥပဒေနဲ့ တားလို့ရလား
တရားဥပဒေစိုးမိုးမှုရှိခဲ့တဲ့ အရပ်သား အစိုးရ NLD လက်ထက်တုန်းကလည်း လော်စပီကာကြောင့် ရပ်ကွက်ရန်ပွဲတွေရှိသလို တရားစွဲဆိုငြင်းခုန်ဆွေးနွေးတဲ့အခြေအနေအထိပါ ဖြစ်ခဲ့ပါတယ်။
ဒါတွေဟာ စစ်အာဏာသိမ်းပြီးနောက် တကျော့ပြန် လော်စပီကာသံ ဆူညံလာချိန်မှာတော့ ထိန်းကွပ်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်လာရပါတယ်။
“အခုနှစ်ကပိုပြီး ပရမ်းပတာ ဖြစ်လာတယ်၊ သက်ဆိုင်ရာကို ကူညီပေးပါတိုင်ဖို့ကလည်းအဆင်မပြေဘူး” လို့ ကိုဇင်က ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ အသံချဲ့စက်ဖွင့်ခွင့်နဲ့ ပတ်သက်လို့ ဒေသန္တရအုပ်ချုပ်ရေးဆောင်ရွက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေမှာ အခွင့်အာဏာရှိနေတာကြောင့်ပဲဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနေရာတွေဟာ စစ်ကောင်စီတပ်နဲ့ ဆက်နွှယ်သူတွေနဲ့ အစားထိုးခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးတွေက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ဖမ်းဆီးဖို့ကို အလေးပေးဆောင်ရွက်ကြသလို ရပ်ရွာပြဿနာတွေကို တရားနည်းလမ်းတကျ ဖြေရှင်းနိုင်မှု နည်းတာကြောင့် အခုလို လော်စပီကာပြဿနာမှာလည်း ဒေသန္တရအုပ်ချုပ်ရေးကို ယုံကြည်မှုမရှိကြဘူးလို့ ဘီဘီစီကို ဖြေကြပါတယ်။
“ရုံးတွေနဲ့လည်း သိပ်အဆက်အစပ် မလုပ်ဘူး” လို့ ဧရာဝတီတိုင်းက မြို့ကြီးတခုမှာနေထိုင်တဲ့ မသူဇာက ပြောပါတယ်။
ဒါပေမဲ့ ဥပဒေအရကတော့ အသံချဲ့စက်ဖွင့်မယ်ဆိုရင် ဖွင့်မယ့်သူ ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်းကဖြစ်စေ၊ စက်ငှားရမ်းသူကဖြစ်စေ စက်ဖွင့်မယ့်ရက်နဲ့ အချိန်ကို ရပ်ကွက် (ဒါမှမဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီ ၃ ရက်ကြို လျှောက်ထားရမှာဖြစ်ပြီး မလိုက်နာရင် ငွေဒဏ် ၅,၀၀၀ ကျပ်မပိုတဲ့ ငွေဒဏ် နဲ့ ၇ ရက်ထက် မပိုတဲ့ ထောင်ဒဏ်ကျခံရနိုင်ပါတယ်။
ဒီလို လော်စပီကာလို့ခေါ်တဲ့ အသံချဲ့စက်ဖွင့်ဖို့အတွက်ကို ရပ်ကွက် (ဒါမှမဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခွင့်ပြုပေးရမယ့်အကြောင်း ဥပဒေနဲ့ပါ ပြဋ္ဌာန်းထားပြီး စည်းကမ်းဖောက်သူကို အရေးယူတာနဲ့ အရေးယူဖို့ အကြောင်းကြားရမယ့်တာဝန်လည်းရှိပါတယ်။
“လော်စပီကာဖွင့်တယ်ဆိုတာကလည်း အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်စပ်တဲ့သူတွေပဲဆိုတော့ အဆင်မပြေဘူး ပြောလိုက်ရင် ဘယ်ကမှန်းမသိတဲ့(လူ) အုပ်လိုက်ကြီး ကိုယ့်အိမ်ရှေ့ကို ရောက်လာနိုင်တယ်” လို့ ကိုဇင်က ပြောပါတယ်။
ဒါကြောင့် ဆူညံသံကိုရှောင်တိမ်းတဲ့ကိုယ်ပိုင်နည်းလမ်းအဖြစ် “နားအေးမယ့်နေရာ မိသားစုလိုက်သွားရှောင် ဖြစ်တယ်” လို့ ကိုဇင်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ဥပဒေအရဆောင်ရွက်နိုင်ဖို့အားနည်းတယ်ဆိုရင် လော်စပီကာဆူညံသံလျော့ကျအောင် ဘယ်လိုတွေလုပ် သင့်လဲလို့ ဘီဘီစီကို မေးမြန်းကြည့်ခဲ့ပါတယ်။
လော်စပီကာနဲ့ ဆူဆူညံညံအလှူခံသူတွေကို မလှူတဲ့အကြောင်း အတိအလင်းအိမ်ရှေ့မှာကပ်ထားတဲ့ မသူဇာကတော့ သူ့နည်းလမ်းအတိုင်း အိမ်တိုင်းလိုက်လုပ်နိုင်ရင် အခုလိုအလှူခံတာ တဖြည်းဖြည်းလျော့ကျလာနိုင်မယ်လို့သူက ယုံကြည်ပါတယ်။
ဘာသာရေးနဲ့ဆက်နွယ်တဲ့ပွဲတော်တွေမှာ လော်စပီကာကို အများစုအသုံးပြုနေတာဖြစ်လို့ ဗုဒ္ဓတရားတော်နဲ့ အညီ သံဃာတော်တွေက ဆုံးမပေးဖို့မျှော်လင့်တဲ့အကြောင်း “ဆရာ ဒကာ လက်တွဲညီတယ်ဆိုရင်တော့ ဒါတွေ လျော့ကျမှာပါ” လို့ ကိုဇင်က သူ့အမြင်ကို ပြောပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ဆူညံနေတဲ့ လောစပီကာအသံကို တိုးပေးဖို့ခွင့်တောင်းတာနဲ့တင် ဗုဒ္ဓဘာသာကို ဖျက်လိုဖျက်ဆီး လုပ်တဲ့သူအနေနဲ့ ထင်မြင်ခံရတယ်လို့ မဖြူဖြူက ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။
ဗုဒ္ဓဘာသာမှာ လော်စပီကာသံကိုခွင့်ပြုထားလား
မြတ်စွာဘုရားဟာ တိတ်ဆိတ်ခြင်းကိုလိုလားတဲ့အကြောင်း ဗုဒ္ဓတရားတော်တွေမှာ ဟောကြားထားတယ်လို့ သံဃာတော်တွေက မိန့်ကြားပါတယ်။
ဗုဒ္ဓဘာသာဓလေ့အရ ကထိန်အလှူခင်းကြပြီး ဒီလိုအလှူခံချိန် လော်စပီကာသံတွေ အသုံးပြုတာက ဘုရားဟောနဲ့ ညီသလားဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
လော်စပီကာ ဆူညံသံနဲ့ပတ်သက်လို့ ဝေဖန်သူတွေဟာ ကိုယ်တိုင်ရဲ့ ဝန်တိုစိတ်ကြောင့် ဆူညံတယ်လို့ ခံစားရတာဆိုပြီးလည်း ဘာသာရေးရှုထောင့်နဲ့ လူမှုကွန်ရက်စာမျက်နှာ ပေါ်တုံ့ပြန်ရေးသူတွေ ရှိနေပြန်ပါ တယ်။
“တရားနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ သီချင်းအမျိုးမျိုးကို လော်စပီတာတွေနဲ့ဖွင့်တာဟာ ဘုရားဟောနဲ့ မကိုက်ညီတဲ့အပြင် ဘုရားအဆုံးအမကို ကထိန် အမည်ခံပြီးမျက်ကွယ်ပြုရာရောက်ပါတယ်” လို့ အလင်္ကာရ ဘွဲ့ရ ရဟန်းတပါးက သာဓက (၂) ခုနဲ့ ဘီဘီစီကို မိန့်ကြားပါတယ်။
မဇ္စျိမပဏ္ဏာသပါဠိတော်၊ သန္ဒကသုတ်မှာဆိုရင် သာသနာပ ပရိဗ္ဗာဇကတွေက အရှင်အာနန္ဒာရဲ့အရည်အချင်းကိုပြောတဲ့ နေရာမှာဆိုရင် “အရှင်အာနန္ဒာရှိတယ်၊ တိုးတိုးနေကြ၊ အသံမထွက်ကြနဲ့၊ ဘုရားရဲ့ တပည့်သာဝကတွေက မဆူညံတာကိုပဲ လိုလားတယ်။ ဖြည်းညှင်းသိမ်မွေ့တဲ့အသံရှိဖို့ပဲ ဆုံးမတယ်၊ တိတ်ဆိတ်ခြင်းရဲ့ ဂုဏ်ကိုပဲ ချီးမွမ်းတယ်” လို့ ဆိုထားပါတယ်။
အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ၊ ဒသကနိပါတ်၊ ကဏ္ဋကသုတ်မှာဆိုရင် လိစ္ဆဝီမင်းသားတွေက “ဘုရားရှင်ဟာ စျာန်တရားအတွက်ဆိုရင် ဆူညံသံတွေက အနှောင့်အယှက်ပဲလို့ မိန့်ထားတယ်။ ဒါကြောင့် ငါတို့ အသံတိုးတိုးနဲ့ ချဉ်းကပ်ကြပါစို့ ဆိုပြီး ဆူညံသံမရှိပဲ ချဉ်းကပ်ခဲ့ပါတယ်။ ဘုရားရှင် သိတော်မူသိတဲ့ အခါမှာ သာဓုခေါ် ဆိုတော်မူတဲ့သာဓကရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဒီလို သာဓကပေါင်းများစွာရှိနေပေမဲ့ ဝန်တိုစိတ်ကြောင့် ဆူညံသံလို့ပြောတာဟာ ဘုရားအဆုံးအမ မဟုတ်တာကို အဆုံးအမပါလို့ ပြောတဲ့အတွက် သာသနာဖျက်ရာ ရောက်ပါတယ်”
“တရားသံကို ဆူညံတယ်လို့ပြောရင်တော့ ဝန်တိုစိတ်ကြောင့် ဖြစ်နိုင်ပြီး သီချင်းသံတွေကို လော်စပီကာနဲ့ အသားကုန်ဖွင့်ပြီး ကထိန်ပွဲအမည်ခံတာကတော့ ဝန်တိုစိတ်နဲ့ သတ်မှတ်လို့မရတော့ပါဘူး” လို့ အလင်္ကာရ ဘွဲ့ရ ရဟန်းတပါးက ဆက်မိန့်ပါတယ်။
လော်စပီကာ အသုံးပြုမှုအများဆုံးလို့ဆိုရမယ့် ကထိန်အလှူပွဲကို တိတ်တဆိတ်ကျင်းပတဲ့ ဘုန်းတော်ကြီး ကျောင်းတွေလည်း ရှိနေသေးတယ်လို့ သံဃာအသိုင်းအဝိုင်းက တုံ့ပြန်မိန့်ကြားပါတယ်။
ဆူဆူညံညံလုပ်သူတွေအတုယူလို့ရအောင် ဒီလိုတိတ်တဆိတ်ကထိန်ခင်းတဲ့ ဘုန်းတော်ကြီး ကျောင်းတွေအကြောင်း အများသိအောင် လုပ်သင့်တယ်လို့လည်း ကျမ်းပြုအကျော် အမရပူရ မဟာဂန္ဓာရုံဆရာတော်တစ်ပါးက ဘီဘီစီကို မိန့်ကြားပါတယ်။