ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကြက်ဖကြီးရဲ့ တွန်သံဟာ ပတ်၀န်းကျင်ဆူညံမှု ဖြစ်လို့ အိမ်နီးချင်းတွေက တရားစွဲ
မနက်တိုင်း ထတွန်လေ့ရှိတဲ့ ကြက်ဖကြီး မောရစ်ဟာ အသံဆူညံမှုနဲ့ ပြင်သစ်က တရားရုံးတခုမှာ တရားရင်ဆိုင်နေရပါတယ်။
မနက်စောစောမှာ ထတွန်လေ့ရှိတဲ့ ကြက်ဖကြီးရဲ့ အသံဟာ အနှောက်အယှက် ဖြစ်စေတယ်ဆိုပြီး အိမ်နီးနားချင်းတွေက တရားရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
လှပတဲ့ ပြင်သစ်က ကျွန်းငယ်တခုဖြစ်တဲ့ Oléron မှာ ရှိတဲ့ အပန်းဖြေ အနားယူရာ သူတို့အိမ်တဝိုက်မှာ ဒီကြက်ဖကြီး တွန်သံကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ ပင်စင်စား စုံတွဲမောင်နှံက စွပ်စွဲ တိုင်တန်း ထားပါတယ်။
ကြက်ဖကြီး ပိုင်ရှင် Corinne Fesseau ကတော့ မောရစ် ဟာ ကြက်ဖတို့ ထုံးစံအတိုင်း သူ့အလုပ်သူ ပုံမှန်လုပ်တာသာ ဖြစ်တယ်လို့ ပြန်လည် ချေပ ထားပါတယ်။
ဒီကိစ္စကို ကြားနာ စစ်ဆေးနေတဲ့ ပြင်သစ် နိုင်ငံ အနောက်ပိုင်းက Rochefort မြို့က တရားရုံးမှာ ပြီးခဲ့တဲ့ ကြာသပတေး တုန်းက တရားစီရင်မှုကို ကြက်ဖကြီး မောရစ်လည်း လာရောက်ခြင်း မရှိသလို သူ့အပေါ် စွပ်စွဲသူတွေလည်း တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
ဒါပေမယ့် ကြက်ဖကြီး မောရစ်ကတော့ ဒီလို တိုင်တန်း တရားစွဲဆို ခံရမှုကြောင့် တမဟုတ်ချင်း နာမယ်ကြီးသွားခဲ့ပါတယ်။
သူ့ကို ထောက်ခံကြောင်း ပြတဲ့ အနေနဲ့ တခြား ကြက်ဖ ပိုင်ရှင်တွေက တရားရုံး အပြင်ဘက်မှာ လာရောက် အင်အားပြ ခဲ့ကြပါတယ်။
ကြက်ဖကြီး မောရစ်ကို တရားစွဲခဲ့သူတွေကတော့ Jean-Louis Biron နဲ့ Joëlle Andrieux တို့ဟာ ပြင်သစ်က Saint-Pierre-d'Oléron ရွာလေးမှာ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အပန်းဖြေ နားနေစရာ အိမ်တလုံး ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး အခုတော့ ပင်စင်ယူပြီးနောက်မှာ အမြဲ ဆက်လက် နေထိုင်လျက် ရှိပါတယ်။
ဒီနေရာလေးကို ရွေးချယ် ရတာဟာလည်း ဆိတ်ငြိမ်အေးချမ်းမှုကြောင့် ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။
ဒါပေမယ့် ၂၀၁၇ လောက်စပြီး ဒီဒေသလေးဟာ မောရစ်ရဲ့ တွန်သံကြောင့် စိတ်အနှောက်အယှက်တွေ ဖြစ်လာရတယ် ၊ မောရစ်ရဲ့ တွန်သံကလည်း အရမ်းကို ကျယ်လောင် ဆိုးရွားလွန်းတယ်လို့ ဆိုပါတယ်။
Oléron ကျွန်းကလေးမှာ ၃၅ နှစ်ကြာ နေထိုင်လာတဲ့ အမျိုးသမီး Ms Fesseau ကတော့ မောရစ်ကို တိုင်တန်းသူတွေနဲ့ ဆန့်ကျင်ဖက် သဘောကွဲလွဲတာကြောင့် ဒီဖြစ်ရပ်ဟာ ခေါင်းကြီးပိုင်း သတင်းအဖြစ် ပြန့်သွားခဲ့ပါတယ်။
Ms Fesseau နဲ့ သူ့ထောက်ခံတွေ ဖက်ကလည်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ကြက်တွန်သံ ဆိုတာ ကျေးလက် ဒေသရဲ့ ပြယုဂ် တခုဖြစ်တယ် ဒါကြောင့် ကြက် မတွန်ရဘူး ဆိုတဲ့ တောင်းဆိုမှုဟာ လက်တွေ့ မဆန်ဘူးလို့ ဆိုပါတယ်။
အခုတော့ ကြက်ဖကြီး မောရစ်နဲ့ ပတ်သက်လို့ ဘယ်လို စီရင် ဆုံးဖြတ် မလဲ ဆိုတာကတော့ တရားရုံးက စဉ်းစားရမှာ ဖြစ်ပြီး လာမယ့် စက်တင်ဘာလမှာ ဒီအမှုကို အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။