ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီ ကျင်းပတဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲ
နိုဝင်ဘာလ ၆ ရက်၊ တနင်္ဂနွေညမှာ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီက ကြီးမှူးတဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ကျင်းပခဲ့ရာမှာ ထောင်နဲ့ချီတဲ့လူတွေ လာရောက်ခဲ့ကြတယ်လို့ ပွဲတော်လာသူ တချို့က ပြောပါတယ်။
အဲဒီမှာ မီးထွန်းပွဲ အပြင် အလှပြမီးပုံးပျံပွဲလည်း ပါဝင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ကပ်ရောဂါ အပြင် ၂၀၂၁ ခုနှစ် စစ်ဏာသိမ်းမှုနဲ့ နေရာအနှံ့အပြားက မငြိမ်မသက် အခြေအနေတွေကြောင့် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲကို ၂ နှစ် ကြာ မကျင်းပနိုင်ခဲ့ဘဲ ၂၀၂၂ ခုနှစ် တန်ဆောင်မုန်းလ အဖိတ်နေ့ကနေ စပြီး ၅ရက်တာ ကျင်းပနေတာလည်း ဖြစ်ပါတယ်။
ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲဟာ မြန်မာနိုင်ငံမှာ လူသိများထင်ရှားတဲ့ ပွဲတော်ဖြစ်ပြီး အရင်ကတော့ လူ သိန်းနဲ့ချီလာရောက်လေ့ရှိပြီး ညပိုင်းမှာလည်း မီးပုံပျံတွေ ကိုပြိုင်ပွဲပြုလုပ်ပြီးယှဥ်ပြိုင်ကြလေ့ရှိပါတယ်။
တနင်္ဂနွေနေ့က စလုပ်တဲ့ မီးထွန်းပွဲတော်အတွင်းမှာ အလှပြမီးပုံးပျံ ၇၆ ခု လွှတ်တင်မှာ ဖြစ်ပြီး၊ လှလှပပ ဖန်တီးနိုင်မှု၊ အဖွဲ့လိုက် လုပ်ဆောင်မှု၊ မီးပုံးပျံ အရွယ်အစားနဲ့ ဝေဟင်မှာ အချိန်ဘယ်လောက်ကြာကြာနေနိုင်သလဲ စတာတွေနဲ့ အကဲဖြတ် ဆုပေးမှာ ဖြစ်ပါတယ်။
ဒီမီးပုံးပျံပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ လပေါင်းများစွာ ကြိုတင်ပြင်ဆင်ကြရတာလည်း ဖြစ်ပါတယ်။
လေထဲ မှာ ပေ ၃၂၀ကျော် တက်သွားပြီး မီးရောင်စုံချိတ်ဆွဲထားတဲ့ မီးပုံးပျံ တစ်ခုနဲ့ ဝင်ရောက် ယဉ်ပြိုင်ဖို့ ကိုအောင်မြတ် (အမည်လွှဲ) နဲ့ သူ့ရဲ့ အဖွဲ့သားတွေ ဆုံးဖြတ်ခဲ့ကြပါတယ်။
သူတို့မီးပုံးပျံ လေထဲမှာ ပျံတက်နေချိန်မှာ စစ်ကောင်စီက ကြီးမှူးတဲ့ အကဲဖြတ် အဖွဲ့တွေရဲ့ ဆု တစ်ဆုတော့ ရလိမ့်မယ် ဆိုပြီး သူက မျှော်မှန်းထားပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံ့ စီးပွားရေး ယုတ်လျော့နေချိန်၊ တခြားဒေသတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်နေချိန်အတွင်းမှာ မီးပုံးပျံပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
‘’ကျွန်တော်တို့ ဒီပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်နေပေမယ့်လည်း၊ တခြားနေရာတွေမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ စိတ်မကောင်းပါဘူး” လို့ မီးပုံးပျံအတွက် လပေါင်းများစွာ သူငယ်ချင်းတွေနဲ့ အတူပြင်ဆင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် ကိုအောင်မြတ်က ပြောပါတယ်။
ပြိုင်ပွဲဝင်ရောက်ဖို့အတွက် ပြင်ဆင်နေချိန်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
မီးထွန်းပွဲမှာ အလှပြမီးပုံးပျံနဲ့ ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် ယမ်းတွေကို ခက်ခက်ခဲခဲ စုဆောင်းခဲ့ရတာ အပြင် အဖွဲ့သားတွေ အားလုံးရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန် ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
တန်ဆောင်တိုင် အဖိတ်နေ့မှာ စတင်တဲ့ ပြင်ဦးလွင်မြို့က မီးထွန်းပွဲတော်မှာ ဗုဒ္ဓရုပ်ပွားတော် တွေကို မီးအလှဆင်ခြင်း၊ ရိုးရာ အကအလှအပတွေအပြင် မီးပုံးပျံ တစ်ခု ဆိုရင် ရာသီဥတု ပြောင်းလဲနေမှု အထိမ်းအမှတ် အဖြစ် ပိုလာ ဝက်ဝံရုပ် မီးပုံးပျံကို ထည့်သွင်းပြသခဲ့ပါတယ်။
မီးထွန်းပွဲကို လာကြတဲ့လူအများစုဟာ စစ်ကောင်စီဘက်က တနည်းနည်းနဲ့ ဖိအားပေးမှုကြောင့် လာရောက်ကြသူတွေများပါတယ်။ တချို့ကတော့ ၂ နှစ်ကြာ ပွဲလမ်းသဘင် နည်းပါးမှုအတွက် စိတ်အပန်းဖြေဖို့ လာရောက်ကြသူတွေလည်း ရှိပါတယ်။
မီးထွန်းပွဲအတွင်း အနီ၊ အဖြူနဲ့ အဝါရောင် ဖယေင်းတိုင်တွေ ထွန်းညှိချိတ်ဆွဲထားတဲ့ မီးပုံးပျံ အသေးစားလေးတွေကိုလည်း အများအပြားလွှတ်တင်ခဲ့ကြပါတယ်။
ဗုဒ္ဓဘာသာဝင်တို့အတွက် တန်ဆောင်တိုင်ပွဲတော် ဆိုတာ ဘုရားရှင်ကို ရည်မှန်းပြီး ဆီးမီး ထွန်းညှိ ပူဇော်ကြတဲ့ပွဲ အဖြစ်ကျင်းပလေ့ ရှိကြတာပါ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အလေ့အထ ဆိုပေမယ့် ကိုလိုနီခေတ်၁၉ ရာစု အတွင်းမှာမှ မြန်မာ နိုင်ငံမှာ စတင်ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။
ယခင်ကျင်းပခဲ့တဲ့ ပွဲတွေတုန်းကတော့ ထောင်နဲ့ချီတဲ့ ပြည်တွင်း ခရီးသွားတွေ အပြင် နိုင်ငံရပ်ခြား ခရီးသွားတွေပါ လာရောက်ခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ စစ်ကောင်စီက ကြီးမှူးပြီး ကျင်းပတဲ့ ပွဲ ဖြစ်တာကြောင့် ပွဲတော် လာရောက်သူက ခါတိုင်းနှစ်တွေလောက် မစည်ကားဘူးလို့ ဆိုသူလည်း ရှိပါတယ်။
လက်လုပ်ယမ်းတွေနဲ့ ဒုံးကျည် ဖောက်လွှတ်မှုတွေ၊ မီးပုံးပျံတွေမှာ မီးရှူး မီးပန်းတွေ ချိတ်ဆွဲပြီး အချိန်ကိုက် မီးညှိဖောက်တာတွေက တခါတလေမှာ အန္တရာယ်ကျရောက်နိုင်တာတွေ ရှိတာကြောင့် မီးပုံးပျံပွဲကို တချို့က မသွားကြပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း တောင်ကြီးမြို့မှာ ကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော် အတွင်းမှာ မီးပုံးပျံ ပျက်ကျခဲ့လို့ လူ ၃ ယောက် သေဆုံးခဲ့ရဖူးပါတယ်။
စစ်ကောင်စီက ကျင်းပတဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲကို အသက် ၄၁ နှစ်အရွယ် မမြမြဉ္ဇူ (အမည်လွှဲ) လည်း လာရောက်ခဲ့ပြီး အနီနဲ့ ရွှေရောင် ကြာပန်းရွက်ပုံပါတဲ့ မီးပုံးပျံ တစ်ခုကို လွှတ်တင်ခဲ့ပါတယ်။
‘’နှစ်စဉ် ဒီလိုမီးထွန်းပွဲတော်တွေ ကျင်းပနိုင်ဖို့ မျှော်လင့်ပြီး၊ ငြိမ်းချမ်ရေး ရပါစေလို့” ဆုတောင်းခဲ့တယ်လို့ သူက ပြောပါတယ်။