ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ခေါင်းဆောင် ကို မဟန ဒုဥက္ကဋ္ဌဆရာတော်ဟောတဲ့တရား
'' သင်္ခေပအနုမောဒနာ နဲ့ လိုက်နာစရာ ဗုဒ္ဓတရားတော် အချက် (၃) ချက်'' က သြဂုတ်၁ ရက်နောက်ပိုင်း လူမှုကွန်ရက်မှာ အပျံ့နှံ့ဆုံးသောစကားဖြစ်နေပါတယ်။ '' သင်္ခေပအနုမောဒနာကတော့ စစ်ခေါင်းဆောင်တည်တဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားမှာ အခမ်းအနားမှူး က တရားပေးတဲ့ သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ ကို ရေစက်ချတရားကို အတိုချုံးဟောပေးဖို့ လျှောက်ထားတဲ့စကားပါ။
သင်္ခေပအနုမောဒနာပေးဖို့ဘာကြောင့်လျှောက်
သြဂုတ် ၁ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ဒါယိကာအနေနဲ့ ပြုလုပ်ခဲ့တဲ့ အခမ်းအနားအစီအစဉ် တတိယပိုင်း ကို အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်းပြုလုပ်ချိန်မှာ အခမ်းအနားမှူးက အခမ်းအနားရေစက်ချတရားဟောပေးမယ့်ဆရာတော်ကို ပင့်ဖိတ်လျှောက်ထားချိန် သင်္ခေပအနုမောဒနာပေးဖို့ ပါဠိစကားနဲ့ သုံးနှုန်းခဲ့ပါတယ်။
တတိယပိုင်း ရဲ့ အခမ်းအနားအစီအစဥ်က အတော်ကြီးကြာမြင့်ပြီး ဆရာတော်ကြီးတွေ နေ့ဆွမ်းဘုဥ်းပေးရမယ့်အချိန် ကပ်နေတာကြောင့် အခမ်းအနားမှူးက တရားကိုအကျဥ်းချုံးဟောပြီး အခမ်းအနား သိမ်းပေးဖို့ ပါဠိ စကားနဲ့ လျှောက်ထားခဲ့တာလို့ အခမ်းအနားကျင်းပပုံအကြောင်း သိရှိနေတဲ့ ဆရာတော်တစ်ပါးက ဘီဘီစီကို မိန့်ပါတယ်။
'' သင်္ခေပအနုမောဒနာ ဆိုတာကတော့ ဝမ်းမြောက်ဖွယ်ရာစကားကို အကျဥ်းချုပ် ဟောပြောတော်မူပါ ဘုရားလို့ လျှောက်တာပေါ့။ ပုံမှန်ဆို ဒါမျိုး ကို တရားထောက်တွေ ၊ အခမ်းအနားမှူးဒကာတွေက လျှောက်လေ့မရှိဘူး။ အခုက သက်တော် ဝါတော်ကြီးတဲ့ ဆရာတော်ကြီးတွေ ထိုင်ရတာ ကြာမြင့်လာတာရော၊ နေ့ဆွမ်းဘုဥ်းပေးရမယ့်အချိန် ကပ်နေတာရောကြောင့် လျှောက်လိုက်တာလို့ သိလိုက်ရတယ်။ အဲဒီနေ့မှာ ဦးမင်းအောင်လှိုင်က က မာရဝိဇယရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရတဲ့အကြောင်း လျှောက်ထားချက်တင် မိနစ် ၂၀ လောက်ကြာတယ်'' လို့ ဆရာတော် ကရှင်းပြပါတယ်။
အဲဒီအခမ်းအနားမှာ ကျောက်မဲဆရာတော် ရဲ့ ရေစက်ချသာဓုခေါ်ဖို့ ဟောပြောခဲ့တဲ့ တရားက ၄ မိနစ်ကျော်ရှိပါတယ်။ စစ်တပ်ထိန်းချုပ်တဲ့ မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ချက်ထဲပါတဲ့ ဒီတရားတော် ရုပ်သံဖိုင်ကို ဆိုရှယ်မီဒီယာသုံးစွဲသူတွေက ကူးယူးထားပြီး ဖြန့်ဝေခဲ့ကြလို့ အများပြည်သူကြားပျံ့နှံ့ခဲ့တာပါ။
ကျောက်မဲဆရာတော် ရေစက်ချက်တရားမဟောခင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လျှောက်ထားတဲ့ တည်ထားကိုးကွယ်ရတဲ့အကြောင်းထဲမှာ ကျောက်စာရုံစေတီတွေအကြောင်း ထည့်လျှောက်ခဲ့ပါတယ်။
'' စကျင်ကျောက် ချပ်များပေါ်တွင် ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း၍ တည်ထားဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ ကျောက်စာရုံစေတီတော်များကို မန္တလေးမြို့ မဟာကုသိုလ် တော် ဘုရား ကျောက်စာရုံများပုံစံယူ၍ ကျောက်စာရုံစေတီ ၇၂၀ နှင့် မော်ကွန်း ကျောက်စာ စေတီတော် တစ်ဆူတို့ကို တည်ဆောက်ခဲ့ပါကြောင်း၊ နှစ်ဘာသာဖြင့် ရေးထွင်း ပူဇော်ခြင်းဖြစ်၍ ကျောက်စာချပ်ရေ ၁၄၄၀ ချပ်ရှိပါကြောင်း'' ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က လျှောက်ထားခဲ့တာပါ။
ဆရာတော်က ဗုဒ္ဓရဲ့ တရားတော်တွေကို ကျောက်ထက်အက္ခရာတင်ပြီး ဘာသာစကားအမျိုးမျိုးနဲ့ ကျောက်စာတွေရေးထိုးရင်တောင် လူတွေအလွယ်တကူသိနားလည်နိုင်မှာမဟုတ်ကြောင်း ရှင်းပြဟောခဲ့ပြီး တကယ့်ဗုဒ္ဓတရားတော် ကို လိုရင်းတိုရှင်းသိမြင်ဖို့ဆိုရင် လိုက်နာစရာ အချက် ၃ ချက်ပဲ ရှိတယ်လို့ မိန့်ခဲ့ပါတယ်။
''သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ ၊ သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ ''
''ဗုဒ္ဓတရားတော်တွေဟာ လိုက်နာစရာအချက်တွေ (၃) ချက်ထဲပါ။ 'သဗ္ဗပါပဿ အကရဏံ - မကောင်းတဲ့ အလုပ်ကို မလုပ်ပါနဲ့ (Not to do any sin or any evil )၊ ကုသလဿ ဥပသမ္ပဒါ - ကောင်းတဲ့အလုပ်ကိုလုပ်ပါ (To do good)၊ သစိတ္တ ပရိယောဒပနံ - မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားပါ (To purify one's mind)'' ဧတံ ဗုဒ္ဓါနသာသနံ - ဘုရားရှင်အဆူဆူတို့ရဲ့ဆုံးမသြဝါဒဖြစ်ပါတယ်’’
ဒီသုံးချက်ဟာ ဂေါတမဗုဒ္ဓ ရဲ့ အဆုံးအမတင်မက ဘုရားအဆူဆူ တို့ရဲ့ အဆုံးအမသြဝါဒ ဖြစ်တယ်လို့ လက် ၃ ချောင်းထောင်ပြီး မြင်သာအောင် ဟောခဲ့ပါတယ်။
အချက် ၃ ချက်ကို နှလုံးသားထဲရောက်အောင်ပို့ပြီးတော့ လိုက်နာကျင့်သုံးခြင်းအားဖြင့် ဓမ္မရတနာကိုလည်း ပူဇော်ရာရောက်အောင်၊ တကယ်တမ်းကြိုးစားအားထုတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင်ဆောင်ရွက်ကြပါလို့ သတိပေးတယ်ဆိုပြီး မိန့်ခဲ့တာပါ။
အဲဒီအချက် ၃ ချက်က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး စစ်အာဏာသိမ်းခံထားရတဲ့ ခေတ်ကာလကို ထင်ဟပ်နေတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုကြတဲ့အရေးအသားတွေကို မျှဝေနေကြတာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်၊ အရပ်ဘက်အရာရှိကြီးတွေနဲ့ ဖိတ်ကြားထားသူတွေသာ စုဝေးနေတဲ့ အဲဒီခန်းမထဲမှာ ဘုန်းကြီးတွေအနေနဲ့ အခြေအနေနဲ့အချိန်အခါကို ကြည့်ပြီး အလုပ်လုပ်ကြရတယ်လို့ လည်း ဆရာတော်က မိန့်ခဲ့ပါသေးတယ်။
'' ဆရာတော်က ဘုရားတိုင်းဟောတဲ့တရားဆိုတာကိုပဲ တရားတော်အတိုင်းဟောခဲ့တာပါ။ ဒါပေမဲ့ ဒကာ၊ ဒကာမတွေကတော့ အခုလိုကာလမျိုးကျ တိုက်ဆိုင်တာပေါ့။ နောက်တစ်ချက်က အချက် ၃ ချက်ကို လက်ထောင်ပြောတာ မှာ လက်အမူအရာက ပြောစရာဖြစ်သွားပြီးတိုက်ဆိုင်တာပါ '' လို့ ကျောက်မဲဆရာတော်နဲ့ နီးစပ်တဲ့ တပည့်သံဃာတစ်ပါးက မိန့်ပါတယ်။
ဒါပေမဲ့ ကျောက်မဲဆရာတော်ကြီး ရေစက်ချတရားဟောပြီးသာဓုခေါ်ဆိုချိန် ခန်းမအတွင်း အများပြည်သူအားလုံး လက်အုပ်ချီပြီး သာဓုခေါ်နေချိန်မှာ ဦးဆောင်ဘုရားဒါယိကာဆိုသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သာဓုခေါ်ဆိုတာ နဲ့ လက်အုပ်ချီပြီးကုသိုလ်အာရုံပြုတာမရှိတာ တွေ့ရတယ်ဆိုပြီး ဆရာတော်တရားဟောတဲ့ရုပ်သံဖိုင် ထွက်လာချိန်မှာ ဆိုရှယ်မီဒီယာတွေမှာ စောကြောမေးခွန်းထုတ်မှုတွေပေါ်လာခဲ့ပါတယ်။
ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ
သီဟိုဠ်/ကျောက်မဲ ဆရာတော်လို့ သံဃာထုကြားထင်ရှားတဲ့ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ ဟာ ၄၇ ပါးစုံညီ ပါတဲ့ မဟန လို့ အတိုကောက်ခေါ်ဝေါ်ကြတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ သက်တော် ၇၃ နှစ် ဝါတော် ၅၃ နှစ်ရှိတဲ့ ဆရာတော်ဟာ အဖွဲ့ ၃ ဖွဲ့ရှိတဲ့ ၄၇ ပါးစုံညီ မှာဒုတိယအဖွဲ့ ရဲ့ တွဲဖက်အကျိုးတော်ဆောင်ကနေ ဒုတိယ ဥက္ကဋ္ဌဖြစ်လာတာပါ။ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်ဖြစ်တာကြောင့် သီဟိုဠ်/ကျောက်မဲ ဆရာတော်လို့ ခေါ်တွင်ကြပါတယ်။
စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ထုတ်ပြန်စာမှာ အဲဒီအချိန်က ဥက္ကဋ္ဌဆရာတော် ဗန်းမော်ဆရာတော်ကြီးဘဒ္ဒန္တကုမာရာဘိဝံသ နဲ့ အတူ အာဏာသိမ်းတဲ့ဆီ ဦးတည်မသွားဖို့သဘောဆောင်တဲ့ လက်မှတ်ရေးထိုး မေတ္တာရပ်ခံခဲ့တဲ့ ဆရာတော်ကြီး ၁၀ ပါးထဲမှာ ကျောက်မဲဆရာတော်ပါခဲ့ပါတယ်။ အဲဒီကာလက ကျောက်မဲဆရာတော်ဟာ မဟန မှာ တွဲဖက်အကျိုးတော်ဆောင်ဖြစ်ပါတယ်။
'' ဆရာတော် က စစ်တပ် နဲ့ နီးနီးကပ်ကပ်ရှိခဲ့တဲ့ ဆရာတော်လို့ပြောလို့မရဘူး။ နိုင်ငံရေးတွေထက် တရားကိုပဲ အာရုံစိုက်တဲ့ဆရာတော်ထဲပါတယ်။ ၂၀၂၁ အစောပိုင်း နိုင်ငံရေးမတည်မငြိမ် ဖြစ်နေတဲ့ကတည်းက စိုးရိမ်စိတ်ရှိတဲ့ဆရာတော်ကြီးတွေထဲပါတယ် '' လို့ မဟန ဗဟိုဝန်ဆောင်အဖွဲ့ နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။
အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရဲ့ ထုတ်ပြန်စာထဲမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို တည်ဆဲဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာ ဆောင်ရွက်ကြဖို့ဆိုပြီး မေတ္တာရပ်ခံခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။
ကျောက်မဲဆရာတော်လို့ ထင်ရှားတဲ့ ဘဒ္ဒန္တ စန္ဒနသာရဟာ မဟန မှာ အရေးပါတဲ့ဆရာတော်ဖြစ်တယ်လို့ ဗဟိုဝန်ဆောင်အဖွဲ့ထဲက ဆရာတော်ကြီးတစ်ပါးက မိန့်ပါတယ်။
'' ဆရာတော်ကြီးတွေက အဲဒီကတည်းကတော့ ကြိုတင်မေတ္တာရပ်ခံခဲ့တာပဲ။ သူတို့စာထဲမှာပါတယ်လေ။ ၂၀၂၀ရွေးကောက်ပွဲနောက် သတင်းတွေထွက်တော့ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေက ညှိနှိုင်းအဖြေရှာဆောင်ရွက်ကြပါ ဆိုပြီးပြောခဲ့တယ်။'' လို့ ကျောက်မဲဆရာတော်နဲ့ နီးစပ်တဲ့ တပည့်သံဃာတစ်ဦးကမိန့်ပါတယ်။