ဗုဒ္ဓဖွားရာ လုမ္ပဏီက UNESCO ရဲ့ ပျက်သုဥ်းလုအန္တရာယ်ရှိ အမွေအနှစ်စာရင်းထဲ ပါလာနိုင်တာ ဘာကြောင့်လဲ

    • ရေးသားသူ, ဆန်ဂျာယာ ဒါကယ်
    • ရာထူးတာဝန်, ဘီဘီစီ နီပေါဘာသာစကားဌာန
    • ရေးသားပေးပို့သည့်နေရာ, လုမ္ပဏီ

နီပေါနိုင်ငံရဲ့ တာရိုင်းမြေပြန့်လွင်ပြင်ထဲမှာရှိတဲ့ လုမ္ပဏီဟာ ဂေါတမ ဗုဒ္ဓကို ဖွားတော်မူခဲ့တဲ့နေရာဖြစ်ပြီး ကုလသမဂ္ဂယဥ်ကျေးမှုအဖွဲ့ (ယူနက်စကို) ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နေတာ ၁၉၉၇ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာခင်မှာတော့ ပျက်သုဥ်းလုအန္တရာယ်ရှိအမွေအနှစ်စာရင်းထဲ ထည့်သွင်းခံရဖို့ ဖြစ်လာနိုင်ပါတယ်။

လုမ္ပဏီဥယျာဥ်ထဲမှာ ဘုရားဖူးလာသူတွေ အဓိက လာရောက်ကြတာကတော့ မာယာဒေဝီကျောင်းတော်ပါ။ အဲဒီကျောင်းတော်ထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၆၀၀ ခန့်က ဗုဒ္ဓကို ဖွားတော်မူခဲ့တယ်လို့ ဗုဒ္ဓဘာသာဝင်တွေ သက်ဝင်ယုံကြည်ထားတဲ့ ဖွားတော်မူရာနေရာကိုလည်း အမှတ်အသား ကျောက်တိုင် စိုက်ထူထားပါတယ်။ မာယာဒေဝီကျောင်းတော်ပတ်ပတ်လည်မှာတော့ ပြင်သစ်နဲ့ ကိုရီးယားအပါအဝင် နိုင်ငံအတော်များများက ဗုဒ္ဓဘာသာဝင်တွေ ဆောက်လုပ်လှူဒါန်းထားတဲ့ ဘုန်းကြီးကျောင်း ၁၄ ကျောင်းက ပတ်ဝိုင်းထားပါတယ်။ ဒီကျောင်းတွေက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှုတွေရဲ့ ကျယ်ပြောတဲ့ သက်ရောက်မှုတွေကို ပြနေသလိုပါပဲ။

''စိတ်အေးချမ်းဖို့ တဒင်္ဂအခိုက်အတန့်လေးတွေရရှိဖို့ ကမ္ဘာတဝန်းကလူတွေ ဒီကိုလာကြတယ်'' လို့ စင်္ကာပူ ဘုန်းတော်ကြီးကျောင်းက ဆရာတော် ခန်ပို ဖူပါ ရှာပါက ဘီဘီစီ နီပေါဘာသာစကားဌာနကို မိန့်ပါတယ်။

ဒါပေမဲ့ နွေရာသီလတွေမှာ ကျောင်းတော်တွေကို သွားလာရတာကတော့ တကယ့်ကို စိန်ခေါ်မှုဖြစ်နိုင်တယ်လို့ ဆရာတော်က ထပ်လောင်းပြောပါတယ်။

''ပူလွန်းလို့ ကျောင်းတော်ထဲမှာ ဘယ်သူမှ ကြာကြာမနေနိုင်ဘူး။ အိုက်လည်းအိုက်၊ စိုထိုင်းပြီး အသက်ရှုလည်းကျပ်တယ်။''

ကျောင်းတော်အတွင်းပိုင်းက အခြေအနေတွေကြောင့်ပဲ ယူနက်စကိုဟာ လုမ္ပဏီကို အန္တရာယ်ကျရောက်နေတဲ့ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းဖို့ အကြောင်းရင်းတစ်ရပ် ဖြစ်လာပါတယ်။ ကျောင်းတော်ထဲက နေရာတွေထဲမှာ အရေးပါတဲ့အပိုင်းတွေမှာ ယိုယွင်းမှု ဖြစ်နေတာကလည်း ''ထိန်းသိမ်းရေးလုပ်ထားပုံက ကြောက်လန့်စရာအခြေအနေ''ကို ရောက်နေတာလို့ ဆိုပါတယ်။

လေထုညစ်ညမ်းတာ၊ စီးပွားရေးလုပ်ငန်း အဆောက်အဦတွေ ဆောက်တာ၊ စက်မှုဇုန်နေရာတွေပေါ်လာတာနဲ့ စီမံမှု အလွဲအမှားတွေက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်နေရာဖြစ်တဲ့ လုမ္ပဏီအတွက် အဓိကခြိမ်း ခြောက်မှုဖြစ်စေတာတွေထဲမှာ ပါတယ်လို့ ယူနက်စကိုက ပြောပါတယ်။

ဒါပေမဲ့ နီပေါ အာဏာပိုင်တွေအနေနဲ့ ဗုဒ္ဓဝင်မှာ ''လုမ္ပဏီသာမော အင်ကြင်းတော'' လို့ ဖွင့်ဆိုထားတဲ့ နာမည်ကျော် လုမ္ပဏီ ကို ပြန်လည်ထိန်းသိမ်းရေးလုပ်နိုင်အောင် အချိန်တိုးပေးဖို့ ယူနက်စကိုဘက်က ဆုံးဖြတ်ခဲ့ပါတယ်။ လိုအပ်တဲ့စည်းမျဥ်းစည်းကမ်းတွေကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင်မှာပဲ ပြည့်မီအောင်လုပ်ရမှာဖြစ်ပါတယ်။

အမိုးယို၊ အမှိုက်ပွ၊ ပင်ပျိုတွေ ညှိုးပြီး မြက်ထူနေတဲ့လုမ္ပဏီ

ဘာသာရေးအထွတ်အမြတ်ထားရာ လုမ္ပဏီကို နှစ်စဥ်လာတဲ့ ဘုရားဖူးနဲ့ ခရီးသွား တစ်သန်းနီးပါးရှိပေမဲ့ တော်တော်များများက အနီးအနားမှာ လည်ပတ်တဲ့စက်ရုံတွေကနေ ထွက်တဲ့ လေထု ညစ်ညစ်၊ နောက် အမှိုက်ပုံကထွက်တဲ့ အနံ့ဆိုးတွေနဲ့ ရေဝပ်နေတဲ့ဥယျာဥ်ထဲက မရိတ်မခုတ်ထားတဲ့ မြက်ပင်ထိုးထိုးထောင်ထောင်တွေကို ညည်းညူပြောဆိုကြပါတယ်။

''တာဝန်ရှိသူတွေအနေနဲ့ လာလည်တဲ့သူတွေကို မြေပုံနဲ့ သတင်းအချက်အလက်တွေ မျှဝေသင့်တယ်။ အခုတော့ ကျွန်တော်တို့ ဘာမှမသိရဘဲ တစ်နေရာကနေ တစ်နေရာကိုကူးလူးသွားလာရသလို ဖြစ်နေတယ်'' လို့ အိန္ဒိယကနေ လာလည်တဲ့ ဘရာဘာကာ ရောင်းက ဘီဘီစီကို ပြောပါတယ်။

ပိုကောင်းအောင်လုပ်သင့်တယ်လို့ပြောတာ လုမ္ပဏီကို လာတဲ့ ခရီးသွားနဲ့ ဘုရားဖူးတွေတင် မဟုတ်ပါဘူး၊ မန်နော့ ချောင်ဒရီလို ဒေသခံ အငှားယာဥ်မောင်းမှာလည်း ဒီလို စိုးရိမ်ချက်ရှိပါတယ်။

''အစီအမံမတတ်တာကိုပဲ ကျွန်တော် စိတ်ဆိုးတာ။ ဘယ်ကိုကြည့်ကြည့် လာမသိမ်းသေးတဲ့ အမှိုက်တွေချည်းပဲ'' လို့ သူက ဘီဘီစီကို ပြောပါတယ်။

ကျောင်းတော်ထဲမှာဆိုရင်လည်း အမိုးယိုပြီး မြေကြီးထဲကရေတွေက စိမ့်ထွက်နေတဲ့အခြေအနေပါ။ ဒါကြောင့်ပဲ ရှေးအုတ်တွေဟာ ရေညှိတွေတွယ်ကပ်လာပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိိုနီယို ဂူတားရက်ရှ် ပြီးခဲ့တဲ့နှစ်မှာ လာလည်ချိန်တုန်းက စိုက်ထားခဲ့တဲ့ ပင်ပျိုတစ်ပင်တောင် ရေမရလို့ ညှိုးလျော်နေပါတယ်။

မာယာဒေဝီကျောင်းတော် ဝင်းအတွင်းနဲ့ ပတ်ပတ်လည်ကို ရေစိမ့်ဝင်လို့ ဖြစ်လာတဲ့ ပတ်ဝန်းကျင်စိုထိုင်းမှုကြောင့် ရှေးအုတ်အကြွင်းအကျန်တွေ ပျက်စီးမှုကလည်းပဲ လုမ္ပဏီကို ယူနက်စကိုက ပျက်စီးအန္တရာယ်ကြုံနေရတဲ့ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်နေရာစာရင်းထဲကို ထည့်ရတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါအပြင် ခရီးသွားနဲ့ ဘုရားဖူး တိုးလာအောင်လုပ်ဖို့ အစီအစဥ်အရ ဆောက်လုပ်ပြီသားနဲ့ ဆောက်လုပ်ဖို့ စီစဥ်နေတဲ့ အခြေခံအဆောက်အဦစီမံကိန်းကြီးတွေကြောင့် လုမ္ပဏီဒေသအပေါ် ရိုက်ခတ်မှုကိုလည်း ယူနက်စကိုဘက်က စိုးရိမ်ပါတယ်။

၂၀၂၂ ခုနှစ်တုန်းကဆိုရင် လူပေါင်း ၅,၀၀၀ တရားထိုင်နိုင်တဲ့ အထိမ်းအမှတ်ခန်းမ တစ်ခုကို မာယာဒေဝီ ကျောင်းတော်ကနေ ၂ ကီလိုမီတာပဲ ဝေးတဲ့နေရာမှာ ဖွင့်ခဲ့ပါတယ်။ အဲဒီစီမံကိန်းဟာ လုမ္ပဏီကို ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းထဲထည့်ခဲ့တုန်းက သတ်မှတ်ထားတဲ့ ကမ္ဘာ့အဆင့်မီ စံတန်ဖိုး (OUV) အပေါ် အပြုသဘောမဆောင်တဲ့ရိုက်ခတ်မှု ရှိတယ်လို့ ယူနက်စကိုက ခန့်မှန်းပါတယ်။

ပြီးတော့ ၂၀၁၄ ခုနှစ်တုန်းကလည်း နီပေါအစိုးရဟာ လုမ္ပဏီနဲ့ပတ်သက်ပြီး ရည်မှန်းချက်ကြီးကြီးမားမားထားတဲ့အစီအစဥ်တစ်ခုကို ကြေညာပါတယ်။ အဲဒါကတော့ လုမ္ပဏီကို ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၇၆၀ ကျော်ပါဝင်တဲ့ ''ကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်'' အဖြစ် အဆင့်မြှင့်တင်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ယူနက်စကို အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်မှုတွေကြောင့် ဒီစီမံကိန်းဟာ တိတ်တိတ်လေးနဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။

"လုမ္ပဏီ ကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်စီမံကိန်းဟာ လုမ္ပဏီကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရတဲ့စံသတ်မှတ်ချက်အပေါ် ပြောင်းပြန်သက်ရောက်မှုတွေရှိလာနိုင်တဲ့စိုးရိမ်စရာဖြစ်နေတယ်'' လို့ ယူနက်စကိုရဲ့ ၂၀၂၂ ခုနှစ် အစီရင်ခံစာထဲ ထည့်ရေးပါတယ်။

ဒီတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဆိုတာ ဘာပါလဲ

လုမ္ပဏီဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့နေရာပေါင်း ၁,၀၀၀ ကျော်ထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာက ပုဂံ၊ အာဖရိကက ဆယ်ရန်ဂတ်တီအမျိုးသားဥယျာဥ်၊ အီဂျစ်က ပိရမစ်တွေ၊ သြစတြေးလျက Great Barrier Reef လို့ခေါ်တဲ့ သန္တာကျောက်တန်းကြီး၊ လက်တင်အမေရိကက ဘာရို့ကျောင်းတော် တွေလို သဘာဝနဲ့ ယဥ်ကျေးမှုဆိုင်ရာနေရာတွေ အစုံပါဝင်ပါတယ်။

ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဆိုတာကိုတော့ လူသားအားလုံးလက်ခံနိုင်တဲ့ ကမ္ဘာ့အဆင့်မီ စံတန်ဖိုးရှိတဲ့ ကမ္ဘာပေါ်က နေရာတွေကို သတ်မှတ်တာဖြစ်ပြီး အနာဂတ်မျိုးဆက်တွေအနေနဲ့ ဒီနေရာတွေကို တန်ဖိုးထား ဂုဏ်ယူနိုင်အောင် ထိန်းသိမ်းဖို့လည်း လိုအပ်တယ်လို့ သတ်မှတ်ပါတယ်။

အန္တရာယ်ရှိကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းကတော့ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းသွင်းခံရတဲ့နေရာဟာ စာရင်းဝင်သတ်မှတ်ချက်တွေ မကိုက်ညီနိုင်တော့အောင်ဖြစ်နေတယ်ဆိုတာကို နိုင်ငံတကာအသိုက်အဝန်းကို အသိပေးဖို့ ဖြစ်သလို ဒီအရေး လက်တွဲညီညီ တိုးတက်အောင်လုပ်ဖို့ အားပေးဖို့လည်း ရည်ရွယ်ပါတယ်။ ၂၀၂၄ ခုနှစ်အထိဆိုရင် အဲဒီစာရင်းမှာပါဝင်လာတဲ့ နေရာပေါင်း ၅၀ ကျော်အထိ ရှိနေပါတယ်။

အန္တရာယ်ရှိကမ္ဘာ့အမွေအနှစ်စာရင်းထဲ နာမည်ထည့်သွင်းတယ်ဆိုတာဟာ နိုင်ငံတကာ ထိန်းသိမ်းမှုအပိုင်းမှာ အလေးထားလုပ်ဆောင်တာတွေ ထွက်ပေါ်လာစေဖို့ ရည်ရွယ်တယ်လို့ ယူနက်စကိုက ဘီဘီစီကို စာနဲ့ အကြောင်းပြန် မှတ်ချက်ပေးပါတယ်။

''ဒီလိုလုပ်လိုက်တာကြောင့် ပြုပြင်လုပ်ဆောင်ဖို့ တိကျတဲ့ လုပ်ငန်းအစီအစဥ်တစ်ခုပေါ်လာပြီး ယူနက်စကိုကရော၊ မိတ်ဖက်အဖွဲ့အစည်းတွေဆီကနေရော ဘဏ္ဍာရေးဆိုင်ရာအကူအညီရဖို့ လမ်းပွင့်စေနိုင်ပါတယ်။ အန္တရာယ်ဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းပြီးပြီဆိုတာနဲ့ စာရင်းထဲကနေ အဲဒီနေရာကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်'' လို့ ယူနက်စကိုက ပြောပါတယ်။

ဒါပေမဲ့ လုမ္ပဏီဝင်းအတွင်းက ရာ့ဂျ်ကီယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် သံဃဓမ္မကတော့ လုမ္ပဏီကို အန္တရာယ်ရှိကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းလိုက်တာဟာ ''အဆိုးရွားဆုံးဖြစ်လာနိုင်တဲ့ အခြေအနေတစ်ရပ်'' လို့ မိန့်ပါတယ်။

"ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာဝင် သန်း ၅၀၀ အတွက် အရှက်ရစရာဖြစ်လာလိမ့်မယ်။ သူတို့ကိုးကွယ်တဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားပြသူ မြတ်ဗုဒ္ဓရဲ့ ဖွားတော်မူရာ နေရာကို အခုလို ပျက်သုဥ်းလု အန္တရာယ်ရှိနာမည် စာရင်းအသွင်းခံရတာလေ'' လို့ ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ဒါပေမဲ့ ဒီလိုစာရင်းသွင်းခံရလို့ လုမ္ပဏီဟာ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းကတော့ ဖယ်ခံရမှာတော့ မဟုတ်ပါဘူး။

''ကမ္ဘာ့အဆင့်မီ စံတန်ဖိုး (OUV) တွေနဲ့ လုံးဝ အကျုံးမဝင်တော့မှသာ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းကနေ ဖယ်ရှားခံရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါမျိုးကလည်း အတော်လေးကို ရှားပါးပါတယ်။ ၁၉၇၂ ခုနှစ်ကတည်းကဆိုရင် ဒီလိုဖယ်ရှားခံရတဲ့နေရာ ၃ နေရာပဲ ရှိပါသေးတယ်'' လို့ ယူနက်စကိုက ဘီဘီစီကို စာနဲ့ဖြေကြားပါတယ်။

ဆိုတော့ လုမ္ပဏီ ဘာဖြစ်လာနိုင်လဲ

၁၉၇၈ ခုနှစ်မှာ ကုလသမဂ္ဂနဲ့ နီပေါအစိုးရတို့ဟာ လုမ္ပဏီဒေသကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စီမံချက်တစ်ခုကို သဘောတူခဲ့ကြပါတယ်။ မာယာဒေဝီကျောင်းတော်ကို ပြန်လည်ထိန်းသိမ်းဖို့၊ "ဆိတ်ငြိမ်အေးချမ်းတဲ့ ဘာသာရေးအငွေ့အသက်တွေရှိတဲ့ ကမ္ဘာသူကမ္ဘာသားတွေ ညီရင်းအစ်ကို စိတ်ဓာတ်မျိုးနဲ့ အကြမ်းမဖက်တဲ့ သဘောတရားတွေထွန်းကားစေဖို့" ရည်ရွယ်ချက်နဲ့ သံဃာတွေသီတင်းသုံးနေရာ ဇုန်တစ်ခုနဲ့ ရွာသစ်တစ်ရွာတည်ထောင်ဖို့ အစီအစဥ်တွေပါဝင်ပါတယ်။

နှစ်ကြိမ် မအောင်မမြင်ဖြစ်ခဲ့ အပြီးမှာတော့ လုမ္ပဏီဟာ ၁၉၉၇ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ပါလာခဲ့ပါတယ်။

"လက်ရှိ မာယာဒေဝီကျောင်းတော်ကို ပြန်တည်ဆောက်တော့ ယူနက်စကိုနဲ့ ကျွန်တော်တို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြတယ်'' လို့ လုမ္ပဏီရဲ့ရှေးဟောင်းသုတေသနမှူး တာဝန်ယူခဲ့သူ ဘာဆန် ဘီဒရီက ပြောပါတယ်။

လုမ္ပဏီကို ယူနက်စကို စာရင်းဝင်အောင် ကြိုးပမ်းခဲ့ကြသူတွေထဲမှာ နီပေါအစိုးရရဲ့ ရှေးဟောင်းယဥ်ကျေးမှုနဲ့အမွေအနှစ်ဌာနကြီးမှူးဟောင်း ကို့ရှ် ပရာဆတ် အာချာရီယာလည်း ပါဝင်ပါတယ်။

''ဒါပေမဲ့ အဲဒီနောက်ပိုင်းနှစ်တွေမှာ ကျွန်တော်တို့ဟာ ထိန်းသိမ်းမှုအပိုင်းနဲ့ စည်းမျဥ်းစည်းကမ်းလိုက်နာမှုအပိုင်းမှာ အမွေအနှစ်စာရင်းမဝင်ခင်တုန်းကလောက် အလေးထားလုပ်ဆောင်တာမျိုး မရှိခဲ့ဘူးလို့ ကျွန်တော် ခံစားရတယ်'' လို့ အာချာယာက ဘီဘီစီကို ပြောပါတယ်။

''ဒါ ရန်ပုံငွေ မရတာ တစ်ခုတည်းနဲ့တော့ မဆိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ခံယူချက် စိတ်ထားနဲ့လည်း ဆိုင်တယ်။''

ယူနက်စကိုက လုမ္ပဏီကို ပျောက်ကွယ်လုစာရင်းမှာ မထည့်အောင် နီပေါ အာဏာပိုင်တွေဟာ သံခင်းတမန်ခင်းအရ အတော်လေး အားထုတ်ခဲ့တာတွေ့ရပေမဲ့ ဖေဖော်ဝါရီအထိ ပေးထားတဲ့ နောက်ဆုံးကြိုးပမ်းရမယ့် သတ်မှတ်ချက်အတိုင်း လုမ္ပဏီကို စည်းကမ်းနဲ့ညီအောင် အလေးထားလုပ်ဆောင်မှု မတွေ့ရဘူးလို့ မစ္စတာ အာချာရီယာက ပြောပါတယ်။

အဲဒီအတွက် အဓိကအချက်ကတော့ နိုင်ငံရေးနဲ့နွှယ်နေပါတယ်။

''လုမ္ပဏီတိုးတက်ရေးဂေါပကအဖွဲ့ကို ဦးဆောင်ဖို့ တတ်သိတဲ့ ပညာရှင်တွေကို ရွေးရမယ့်အစား အစိုးရဟာ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းပြုပြင်ရေးအပိုင်းမှာ လုံလောက်တဲ့ ကျွမ်းကျင်မှု မရှိသူတွေကိုပဲ ရွေးခန့်နေတယ်လို့တောင် တွေးမိတယ်'' လို့ နီပေါအစိုးရအဖွဲ့ ယဥ်ကျေးမှု ဝန်ကြီးဟောင်းလည်းဖြစ်၊ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်တဲ့ ကူးမား ဥပါဒါယက ဘီဘီစီကို ပြောပါတယ်။

နီပေါယဥ်ကျေးမှုဝန်ကြီး ဘာရီ ပရာဆတ် ပန်ဒီကတော့ ဝေဖန်မှုတွေကို နားလည်တဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

''အထွတ်အမြတ်ထားရတဲ့နေရာလေ။ ဒီလိုနေရာရဲ့ မွန်မြတ်သန့်စင်မှုကို တတ်နိုင်တဲ့နည်းလမ်းမှန်သမျှနဲ့ ထိန်းသိမ်းရမှာပါ။ ဒီလိုနေရာတွေနဲ့ပတ်သက်လာရင် အဂတိမှုမဖြစ်အောင် ကာကွယ်ဖို့လည်း သိပ်အရေးကြီးပါတယ်။''

''ကျွန်တော်တို့ကတော့ အခုပြောနေကြတဲ့စိုးရိမ်စိတ်တွေအားလုံးကို ဖြေရှင်းမှာပါ။ ဒါတွေက နိုင်ငံ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တယ်လေ'' လို့ သူက ပြောပါတယ်။

လုမ္ပဏီကို စီမံတဲ့အာဏာပိုင်အဖွဲ့ လုမ္ပဏီ ဂေါပကအဖွဲ့ကလည်း ပြဿနာတချို့ကို ဖြေရှင်းနိုင်ဖို့ ယူနက်စကိုနဲ့ ဖြေရှင်းဖို့ လုပ်နေပြီလို့ ပြောပါတယ်။

လုမ္ပဏီ ဂေါပကအဖွဲ့ ခေါင်းဆောင် လာဟာကယ် လာမားကတော့ ရှေးအုတ်တွေ မှိုစွဲတဲ့ပြဿနာကို ဓာတုနည်းနဲ့ ကာကွယ်ဖို့ ယူနက်စကို ပညာရှင်တွေကို ဖိတ်ခေါ် ထားတယ်လို့ပြောပါတယ်။

''ကျောင်းတော်ထဲမှာ ရေစိမ့်ဝင်တဲ့ပြဿနာရပ်သွားအောင် ကာကွယ်ဖို့ ပထမအဆင့်ကို ကျွန်တော်တို့ လုပ်ထားပြီးပြီ'' လို့ လာမားက ဘီဘီစီကို ပြောပါတယ်။

လုမ္ပဏီကို ''အတတ်နိုင်ဆုံးကာကွယ်ရမယ်'' လို့ ဗုဒ္ဓဖွားရာနေရာကို ထိန်းသိမ်းရေးလုပ်ငန်းမှာ နှစ်ပေါင်း ၄၀ လောက် လုပ်ခဲ့တဲ့ မီဒရီက ဘီဘီစီကို မျက်ရည်စွက်ပြီး ပြောပါတယ်။

''မဟုတ်ဘူးဆိုရင် ရင်ကွဲအောင်ခံစားရမှာ။''