စစ်ကော်မရှင်နဲ့ ပါကစ္စတန်တို့ နိုင်ငံရေးနဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဖို့ ခြေလှမ်း
မြန်မာစစ်ကော်မရှင်နဲ့ ပါကစ္စတန်တို့ဟာ နိုင်ငံရေးနဲ့ စွမ်းအင်ကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်တာတွေလုပ်ဖို့ အခုရက်ပိုင်းတွေအတွင်း ဆက်တိုက်တွေ့ဆုံဆွေးနွေးနေပါတယ်။
ပါကစ္စတန်ကို ၄ ရက်ကြာခရီးရောက်နေတဲ့ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေရဲ့ ခရီးစဉ်အတွင်း မြန်မာနဲ့ ပါကစ္စတန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးနဲ့ ဇန်နဝါရီ ၂၇ ရက်မှာ တွေ့ဆုံပါတယ်။
စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၂၇ ရက်ထုတ်ပြန်ချက်အရ ဝန်ကြီးတွေဟာ နှစ်နိုင်ငံအနေနဲ့ စွမ်းအင်ကဏ္ဍအပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့်ကဏ္ဍတွေမှာ ပူးပေါင်းမယ်လို့ ပြောထားပါတယ်။
စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုကဏ္ဍတွေမှာ လည်း ပူးပေါင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါအပြင် အာဆီယံ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာစာမျက်နှာတွေမှာလည်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မယ်လို့ ပြောထားပါတယ်။
ဒီတွေ့ဆုံမှုမတိုင်ခင် ဇန်နဝါရီ ၂၆ ရက်တုန်းကလည်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ဝန်ကြီးဌာနနှစ်ခုအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ တည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသေးတယ်။
အဲဒီတွေ့ဆုံမှုမှာလည်း ကုလသမဂ္ဂ၊ အာဆီယံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၊ အာဆီယံ ဒေသဆိုင်ရာဖိုရမ် (ARF) တို့ အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေမှာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တဲ့ ပါကစ္စတန်နဲ့ မြန်မာစစ်ကော်မရှင်တို့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်ဆံရေး တန်းခဲ့ကြပေမဲ့ အခုတော့ နှစ်နိုင်ငံ ဆက်ဆံရေး ရင်းနှီးဖို့ နေပြည်တော်ရဲ့ အားထုတ်မှုလို့ မြင်နိုင်ပါတယ်။