စစ်တပ်က လေကြောင်းတိုက်ခိုက်ရေးမှာ ဘယ်လိုဗျူဟာတွေ သုံးနေလဲ

မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို နှစ်စဉ်တိုးလုပ်လာနေပြီး လေကြောင်းကို စစ်ဆင်ရေးသဖွယ် အသုံးပြုမှုလည်း မြင့်တက်လာနေတယ်လို့ ဒီအရေးစောင့်ကြည့်တဲ့အဖွဲ့တွေက ပြောပါတယ်။

စစ်ရေးမှာတင်မက အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုကိုလည်း တိုးလုပ်လာတယ်လို့ ထောက်ပြကြပါတယ်။

စစ်တပ်က သြဂုတ်လ ၁ လတည်းမှာတင် ရခိုင်၊ မန္တလေး၊ ရှမ်းမြောက်၊ ကယား(ကရင်နီ)နဲ့ စစ်ကိုင်းတို့မှာ လေကြောင်းကနေ ဗုံးကြဲလို့ သေဆုံးသူ လူပေါင်း ၉၀ နီးပါးရှိခဲ့ပါတယ်။

စစ်အာဏာသိမ်း ၅ နှစ်ထဲ ဝင်လာချိန်မှာ မြန်မာစစ်တပ်ဟာ တိုက်ပွဲတွေနဲ့ လက်လွှတ်လိုက်ရတဲ့နယ်မြေတွေအတွက် လေကြောင်းတိုက်ခိုက်ရေးမှာ ဘယ်လိုဗျူဟာ ပြောင်းလဲအသုံးပြုနေလဲ၊ ပထဝီဝင်အနေအထားကို လိုက်ပြီး ဘယ်လိုလေကြောင်းတိုက်ခိုက်ရေးပစ္စည်းတွေကို အသုံးပြုနေလဲ။

ဒေသအလိုက် စစ်တပ်သုံးနေတဲ့ လေကြောင်းတိုက်ခိုက်ရေးယာဥ်တွေ

မြန်မာစစ်တပ်ဟာ ရခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က လက်လွှတ်လိုက်ရတဲ့နယ်မြေတွေမှာ တိုက်လေယာဉ်သုံးတဲ့ဗုံးကြဲမှုတွေကို ပြုလုပ်နေတာကို တွေ့ရပါတယ်။

ရခိုင်မှာ အာရက္ခတပ်တော်(AA) နဲ့ ဖြစ်တဲ့တိုက်ပွဲ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)က နောင်ချိုနဲ့ ကျောက်မဲမြို့ပြန်သိမ်းတဲ့တိုက်ပွဲတွေမှာ တိုက်လေယာဉ်နဲ့ လေကြောင်း ပစ်ကူအားကို အဓိက ထားသုံးခဲ့ပါတယ်။

စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးကတော့ ဧရိယာကျယ်ဝန်းပြီး ကုန်းမြင့်နဲ့ တောင်ကုန်း၊ တောင်တန်းဒေသတွေကြောင့် စစ်တပ်က အဲဒီနေရာတွေမှာ တိုက်လေယာဉ်သုံးတာလို့ သုံးသပ်ပါတယ်။

"အမြင့်ဒေသတွေမှာ လေတိုက်နှုန်းမြင့်တာကြောင့် ယာဉ်အသေးစားတွေထက် တိုက်လေယာဉ်တွေပဲ သုံးလို့ အဆင်ပြေတယ်" လို့ သူက ဆိုပါတယ်။

အလားတူ စစ်ရေးပစ်မှတ်တိကျတဲ့နေရာတွေဆိုရင်လည်း ပစ်မှတ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်အောင် တိုက်လေယာဉ်ကိုပဲ အားပြုသုံးတယ်လို့ သူက ပြောပါတယ်။

တဖက်မှာလည်း စစ်တပ်ရဲ့ တိုက်လေယာဉ်သုံး ဗုံးကြဲမှုတွေအတွင်း အရပ်သားတွေ စုဝေးနေတဲ့နေရာတွေကို ဗုံးကျရောက်ပေါက်ကွဲလို့ ထိခိုက်သေဆုံးမှုမြင့်တက်တာတွေ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ ဖြစ်နေပါတယ်။

အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ ပထမ ၅ လအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာ ၂၀၂၃ ခုနှစ်က ထက်စာရင် အကြိမ်ရေ ၁၀ ဆနီးပါး တိုးလာပါတယ်။

စစ်တပ်ဟာ ၂၀၂၃ ခုနှစ်၊ ပထမ ၅ လမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ နီးပါးပြုလုပ်ခဲ့ပြီး ၂ နှစ်အကြာမှာတော့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ ၁,၁၀၀ ကျော်အထိ တိုးလုပ်ခဲ့တယ်လို့ ဒီအရေးစောင့်ကြည့်တဲ့ ACLED အချက်အလက်က ဆိုပါတယ်။

အရပ်သားတွေပေါ် တိုက်ခိုက်မှုလည်း တိုးလုပ်လာပြီး အများစုဟာ တိုက်လေယာဉ်သုံး ဗုံးကြဲမှုတွေဖြစ်တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ သြဂုတ်နဲ့ စက်တင်ဘာလတို့မှာလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ဆယ်နဲ့ချီ ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့ပါတယ်။

အထူးသဖြင့် စစ်တပ်က သူလက်လွှတ်ခဲ့ရတဲ့အရပ်တွေမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲမှုတွေကြောင့် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ သံတွဲနဲ့ ပလက်ဝ မြို့နယ်တွေကို စစ်တပ်က စက်တင်ဘာလအတွင်း ဗုံးကြဲလို့ သေဆုံးသူ ၂၃ ဦးရှိပါတယ်။

CDM လေတပ်အရာရှိတစ်ဦးကတော့ တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်တဲ့အခါ စစ်တပ်ဆီကို မြေပြင်သတင်းပေးပို့မှု မတိကျတာတွေနဲ့ ရာသီဥတုအခြေအနေတွေကြောင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့အရပ်သားတွေကို ပစ်မှတ်အဖြစ် မှားယွင်းတိုက်ခိုက်မိတာတွေ ရှိနိုင်တယ်လို့ ထောက်ပြပါတယ်။

"ပစ်မှတ်ကို အသေးစိတ်တိကျအောင် မထောက်လှမ်းဘဲ လူစုလူဝေးမြင်တာနဲ့ စစ်ရေးအရ မသင်္ကာဖြစ်တဲ့နေရာလို့ ယူဆပြီး ကျင့်ဝတ်မလိုက်နာဘဲ လေကြောင်းတိုက်တာတွေက အရပ်သားသေဆုံးမှုတွေကို ဦးတည်စေတယ်" လို့ သူက မှတ်ချက်ပြုပါတယ်။

စက်တင်ဘာကုန်ပိုင်းမှာပဲ ကချင်လွတ်လပ်ရေးတပ်(KIA) ထိန်းချုပ်ထားပြီး တရုတ် - မြန်မာ ကုန်သွယ်ရေးလမ်းပေါ်က အရေးပါတဲ့ ဆဒုံးမြို့ပေါ်ကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

မြေပြန့်မှာ ဘယ်လို လေကြောင်းတိုက်ခိုက်ရေးပစ္စည်းတွေကို သုံးနေလဲ

စစ်တပ်ဟာ မြေပြန့်ဒေသ အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေနဲ့ ဆက်စပ်ဒေသတွေမှာ ၂၀၂၅ ခုနှစ် အစောပိုင်းကစလို့ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာနဲ့ ဒရုန်းတွေ သုံးပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာတာတွေ့ရပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ တိုက်ခိုက်ရေးဒရုန်း၊ စက်တပ်လေထီးနဲ့ အပေါ့စားသယ်ယူပို့ဆောင်ရေးလေယာဉ်တွေကို သုံးတယ်လို့လည်း MDSI အဖွဲ့ကလည်း ပြောပါတယ်။

စစ်တပ်က" တိုင်းစစ်ဌာနချုပ်နဲ့ စစ်တပ်ရဲ့ တပ်ရင်းတပ်မတွေ ခပ်စိပ်စိပ်ရှိတဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးအနောက်ဘက်ခြမ်းတွေမှာ ဒရုန်းနဲ့ စက်တပ်လေထီးတွေ အများဆုံးသုံးတယ်" လို့ CDM ဗိုလ်မှူး နောင်ရိုးက တွေ့ရှိချက်ကို ပြောပြပါတယ်။

မြေပြန့်ဒေသတွေမှာ ရာသီဥတုကောင်းပြီး မြင်ကွင်းလည်းရှင်းတာနဲ့ လေယာဉ်သုံးစွဲမှုကို လျှော့ချတဲ့အနေနဲ့ စက်တပ်လေထီး၊ ဒရုန်းအပြင် ဂျိုင်ရိုကော်ပတာတွေကိုပါ တိုက်ခိုက်ရေးဖြည့်စွက်ယာဉ်တွေအဖြစ် စစ်တပ်က ဗျူဟာကျကျ သုံးလာတယ်လို့ သူက ဆိုပါတယ်။

အဲဒီယာဉ်တွေကို စစ်တပ်က "တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ အထိုင်ချပြီး စစ်ကြောင်းထိုးမယ့်နေရာ၊ စစ်ရေးပစ်မှတ်ရှိတဲ့ တည်နေရာတဝိုက် မိုင် ၅၀ ဝန်းကျင်လောက်အထိ ကင်းပတ်လှည့်ပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တယ်" လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

ဒီအချက်က စစ်တပ် လေတပ်အခြေစိုက်စခန်းရှိပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လည်းရှိတဲ့ ပဲခူးတိုင်းထဲမှာ ပိုပြီး ထင်ရှားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခြေကုတ်ယူလာပြီး တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမ အနောက်ခြမ်းဒေသတွေမှာ စစ်တပ်က ဒရုန်းအားပြု ကင်းထောက်တာ၊ ဗုံးကြဲတာတွေ ပြုလုပ်လာတဲ့အပြင် စက်တပ်လေထီးတွေကိုပါ တွင်တွင်ကျယ်ကျယ်သုံးလာပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းမှာပဲ ကြို့ပင်ကောက်မြို့နယ်ထဲက ဥယျာဉ်ကြီးကျေးရွာထဲကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အသက် ၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသား ၁ ဦး နေအိမ်မှာပဲ သေဆုံးခဲ့ပါတယ်။

"သီတင်းကျွတ်မတိုင်ခင် စာမေးပွဲကာလဆိုတော့ အိမ်အပေါ်ထပ်မှာ စာကျက်နေတုန်း ဗုံးထိပြီး ဆုံးတာ" လို့ သေဆုံးသူရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။

စစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ စစ်ကိုင်းဒေသတကြောအပြင် မကွေးတိုင်းထဲက တော်လှန်ရေးထိန်းချုပ်နယ်မြေတွေမှာ စစ်တပ်က လေကြောင်းတိုက်ဖို့ ဂျိုင်ရိုကော်ပတာကို ပြီးခဲ့တဲ့လတွေအတွင်း တွင်တွင်ကျယ်ကျယ်သုံးလာတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ် တချို့က ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့မှာ စစ်တပ်ရဲ့ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်ကနေ စစ်ကိုင်း၊ မုံရွာမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)ထဲကို ဂျိုင်ရိုကော်ပတာ ၃ စီး ရွှေ့ပြောင်းရောက်ရှိလာတယ်လို့ စစ်ကိုင်းတိုင်း၊ ရေဦးအခြေစိုက်သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ဘီဘီစီကိုပြောပါတယ်။

အလားတူ အောက်တိုဘာ ၅ ရက်မှာပဲ စစ်တပ်က စစ်ကိုင်း၊ မြင်းမူနဲ့ မကွေး၊ ပေါက်မြို့နယ်တွေမှာ စစ်တပ်က ဂျိုင်ရိုကော်ပတာသုံးပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပေါက်နဲ့ မြင်းမူအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က အတည်ပြုပြောပါတယ်။

မြင်းမူနဲ့ ပေါက်မြို့နယ်အပြင် စစ်ကိုင်းထဲက ကနီ၊ မင်းကင်း၊ နွားထိုးကြီး၊ အရာတော်နဲ့ မြင်းခြံ စတဲ့ ဒေသတွေမှာလည်း ပြီးခဲ့တဲ့ရက်တွေအတွင်း ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်လို့ ဒေသအခြေစိုက် စစ်တပ်လေကြောင်းကင်းထောက်တဲ့ မြေပြင်အဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။

ဂျိုင်ရိုကော်ပတာကို ဂျိုင်ရိုလေယာဉ်ပျံလို့လည်း ခေါ်ဝေါ်ပြီး အတောင်ပံပါတဲ့ လေယာဉ်တွေလို ပြေးလမ်းရှည်မလိုဘဲ အတက်၊ အဆင်း လွယ်လွယ်ကူကူပြုလုပ်နိုင်ပါတယ်။

ဂျိုင်ရိုကော်ပတာဟာ အနိမ့်ပျံသန်းမှုတွေမှာလည်း အရှိန်ဖြည်းဖြည်းနဲ့မောင်းနှင်လို့ရတာကြောင့် "မြေပြင်ကို အနီးကပ်စစ်ဆေးတာ၊ စစ်ရေးပစ်မှတ်ရှာဖွေတာနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ကောင်းကောင်းလုပ်နိုင်တယ်" လို့ CDM လေတပ်အရာရှိတစ်ဦးက ထောက်ပြပါတယ်။

စစ်တပ်ရဲ့ ဗျူဟာကျတဲ့အမိန့်ပေးစနစ် JOC

မြန်မာစစ်တပ်က ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှု(Joint Operation Command) စနစ်လို့ ခေါ်တဲ့ အမိန့်ပေးစနစ်ကို ဗျူဟာကျကျ အကောင်အထည်ဖော်လာတာက လေကြောင်းထိုးစစ်ကို အသာစီးရစေတယ်လို့ MDSI အဖွဲ့က ပြောပါတယ်။

JOC မှာ စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ အကြီးပိုင်းအရာရှိတွေအချင်းချင်း ဆက်သွယ်ချိတ်ဆက်ထားပြီး တစ်ချိန်တည်းမှာပဲ မြေပြင်စစ်ရေးအခြေအနေပြောင်းလဲမှုတွေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး တိုက်ရိုက်အမိန့်ပေးကွပ်ကဲနေတာဖြစ်တယ်လို့ MDSI က CDM လေတပ်အရာရှိတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က အမိန့်ပေးတဲ့ စနစ်မြန်ဆန်ဖို့နဲ့ စစ်တပ်ရဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေအထိ အမိန့်ရောက်အောင် JOC ကို နေပြည်တော်စစ်ရုံးအပါအဝင် တိုင်းစစ်ဌာနချုပ်တွေနဲ့ တပ်မတွေမှာလည်း ဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

"ပူးပေါင်းဆောင်ရွက်မှုအားကောင်းအောင် ကြည်း၊ ရေ၊ လေတပ်တို့က ဒုချုပ်၊ တပ်ချုပ်၊ ညှိကွပ်တွေ ရှိသမျှအင်အားတွေ ဘက်ညီအောင် အကုန်ပေါင်းစည်းပြီး မြေပြင်အထိ ချိတ်ဆက်ပြီး တိုက်ရိုက်အမိန့်ပေးနေတာ" လို့ သူက ရှင်းပြပါတယ်။

အာဏာမသိမ်းခင် JOC စနစ်ကို ကာလရှည်ကြာ တစိုက်မတ်မတ် အကောင်အထည်ဖော်ခဲ့တာမျိုးမရှိဘဲ တိုက်ပွဲတချို့မှာ လပိုင်းလောက်သာ စစ်တပ်က ကျင့်သုံးခဲ့တာမျိုးရှိတယ်လို့ CDM လေတပ်အရာရှိတစ်ဦးက ထောက်ပြပါတယ်။

"၂၀၁၆ တုန်းက ကိုးကန့်တပ်(MNDAA) နဲ့ဖြစ်တဲ့တိုက်ပွဲနဲ့ ၂၀၁၇ ခုနှစ် ရခိုင်တိုက်ပွဲတွေမှာပဲ JOC စနစ်ကို သုံးခဲ့ဖူးတယ်" လို့ သူက ဆက်ပြောခဲ့ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် အစောပိုင်းနှစ်တွေမှာ စစ်တပ်က မြေပြင်က ခံစစ်တပ်စခန်းတွေ တိုက်ခိုက်ခံရမှသာ ခြေလျင်တပ်မှူးတွေရဲ့တင်ပြချက်နဲ့ လေကြောင်းပစ်ကူပေးလေ့ရှိတယ်လို့ CDM စစ်တပ်အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ဟာ ပြည်တွင်းက တိုက်ပွဲတွေမှာ မြေပြင်ထိုးစစ်နဲ့ အချိန်ကိုက်ပြီး ဝေဟင်ထိုးစစ်တွေ ဖိအားပေးဖော်ဆောင်လာတာ တွေ့ရပါတယ်။

ဒါအပြင် မြန်မာစစ်တပ်ဟာ ဝေဟင်၊ မြေပြင်ထိုးစစ်တွေမှာ စစ်ရေးအခြေအနေအလိုက် လူအင်အား၊ လက်နက်၊ နည်းပညာစတဲ့အခြေအနေတွေအပေါ် အမြဲစောင့်ကြည့် သုံးသပ်ပြီး ပြုပြင်အကောင်အထည်ဖော်လေ့ရှိတယ်လို့ MDSI အဖွဲ့က ပြောပါတယ်။

MDSI အဖွဲ့ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လေကြောင်းအပါအဝင် စစ်တပ်ရဲ့ပြောင်းလဲလာတဲ့ဗျူဟာကို မျက်ခြေမပြတ်ဖို့ အရေးကြီးတယ်လို့လည်း ထောက်ပြပါတယ်။