ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီတကြိမ် အမေရိကန်က အီရန်ကို တိုက်ရင် ဘယ်လောက်ကွဲပြားလာမလဲ
- ရေးသားသူ, အာမီယာ အဇီမီ
- ရာထူးတာဝန်, ဘီဘီစီ ပါရှန်းဘာသာဌာန
အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု ယူအက်စ်အက်စ် အေဘရာဟင် လင်ကွန်း၊ အီရန်ရေပိုင်နက်အနီးက အမေရိကန် ဗဟိုထိန်းချုပ်ကွပ်ကွဲရေးဌာနအနီးကို ရောက်လာတဲ့သတင်းဟာ အီရန်နဲ့ အမေရိကန်ကြား ထိပ်တိုက်တွေ့မှု ကြီးကြီးမားမားဖြစ်လာတော့မလားဆိုတဲ့ တွက်ဆသုံးသပ်ချက်တွေကိုဖြစ်လာစေပါတယ်။
မကြာသေးခင်က အီရန်နိုင်ငံထဲမှာ ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေတုန်းမှာပဲ အခုလိုအမေရိကန်ရဲ့ စစ်သင်္ဘောဖြန့်ကြက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာ ဝါရှင်တန်နဲ့ တီဟီရန် ကြားမှာ အသေအကြေတိုက်ပွဲ တန်းဖြစ်လာမလားဆိုတဲ့အမြင်ကိုလည်း အလေးသာသွားစေပါတယ်။
အီရန်ခေါင်းဆောင်တွေဟာ ပြည်တွင်းမှာ အုပ်စိုးသူဖယ်ရှားရေး ဆန္ဒပြပွဲတွေနဲ့ တိုးလို့ ကြုံနေရချိန်မှာ အဓိပ္ပာယ်အမျိုးမျိုးဖော်နိုင်တဲ့အပြောမျိုးကို အမေရိကန်သမ္မတ တစ်ယောက်ကလည်း ထပ်ချည်းတလဲလဲ ပြောနေတာကြောင့် ဘာများဖြစ်ကြမလဲဆိုတဲ့သောကစိတ်ဟာ တီဟီရန်မှာတင်မကဘဲ ဒေသတွင်းမှာပါ ပျံ့နှံ့နေပါတယ်။
အရင့်အရင် တင်းမာမှုတွေမှာ ချိန်ချိန်ဆဆလုပ်ခဲ့တဲ့ တီဟီရန်
အမေရိကန်ဘက်က အခုတစ်ခေါက်လုပ်လာနိုင်တဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို အီရန်ဘက်က တုံ့ပြန်ပုံဟာ အရင်လို မြင်နေကျပုံစံမျိုးဖြစ်လာချင်မှ ဖြစ်လာမှာပါ။ အရင်ကတော့ အီရန်ဟာ ဝါရှင်တန်နဲ့ ထိပ်တိုက်ကြုံရတိုင်းမှာ သတိရှိရှိတဲ့လုပ်ခဲ့တဲ့ပုံစံရှိခဲ့ပါတယ်။
ပြည်တွင်းက မငြိမ်သက်မှုတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းတာကြောင့် အစ္စလာမ္မစ်သမ္မတ နိုင်ငံဖြစ်တဲ့ အီရန်မှာ ပြည်တွင်းရေး အတော်လေး ယိုယွင်းနေချိန်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့မကြာသေးခင်တုန်းက ခြိမ်းခြောက်မှုတွေ ထွက်လာတာဖြစ်ပါတယ်။ ရလဒ်ကတော့ အခုအချိန်မှာ အမေရိကန်က ဘယ်လိုပဲတိုက်တိုက် လုပ်လိုက်တဲ့တိုက်ခိုက်မှုဟာ အီရန်နိုင်ငံထဲမှာရော ဒေသတွင်းမှာပါ တင်းမာမှုရေချိန် ချက်ချင်းမြင့်တက်သွားနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ တီဟီရန်ဟာ သူ တိုက်ခိုက်ခံရတဲ့အခါ အချိန်တစ်ခုကို စောင့်ပြီးမှ အကန့်အသတ်နဲ့လက်တုံ့ပြန်တာမျိုးပြုလုပ်ခဲ့ပါတယ်။
၂၀၂၅ ခုနစ် ဇွန်လမှာ အမေရိကန်က အီရန်ရဲ့ နျူကလီးယားအဆောက်အဦတွေကို လေကြောင်းကနေတိုက်ခိုက်တဲ့အခါ အီရန်ဟာ ကာတာနိုင်ငံထဲက အမေရိကန်လည်ပတ်တဲ့ အယ်လ် အူဒီ လေတပ်စခန်းကို နောက်တစ်နေ့မှာ ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပါတယ်။
သမ္မတ ထရမ့်ရဲ့ အပြောအရဆိုရင်တော့ အီရန်ဟာ ဒီလိုတိုက်ခိုက်မှုမလုပ်ခင်မှာ ကြိုသတိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒုံးကျည်အများစုကို လေကြောင်းကာကွယ်ရေးစနစ်က ဖြတ်ချနိုင်ခဲ့ပါတယ်။ အသေအပျောက်သတင်းလည်း မထွက်ခဲ့ပါဘူး။
ဒီအပြန်အလှန်ပစ်ခတ်မှုဟာ အီရန်ဘက်က သူတို့အနေနဲ့ ဒီထက်ပိုကျော်လွန်တဲ့စစ်ပွဲတစ်ရပ်ဖြစ်လာအောင် မဖြစ်ချင်ဘူးဆိုတာကို တမင်အချက်ပြတဲ့လုပ်ရပ်လို့ အားလုံးက မြင်ခဲ့ကြပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် ပထမအကြိမ် သမ္မတသက်တမ်းဖြစ်တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ တုန်းကလည်း အလားတူ ပုံစံမျိုး မြင်ခဲ့ရပါတယ်။
ဇန်နဝါရီလ ၃ ရက်မှာ ဘဂ္ဂဒက် လေဆိပ်အနီးမှာ Quds တပ်ဖွဲ့ တပ်မှူး ကာဆင် ဆိုလေမန်နီကို အမေရိကန်က လုပ်ကြံခဲ့ပြီးတဲ့နောက် အီရန်ဟာ နောင် ၅ ရက်အကြာမှာ လက်တုံ့ပြန်ပါတယ်။ အီရတ်နိုင်ငံထဲက အမေရိကန်ရဲ့ အင်အယ်လ်အာဆက် လေတပ်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခဲ့ပါတယ်။
အဲဒီတုန်းကလည်း အီရန်ဘက်က ကြိုသတိပေးခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တစ်ယောက်မှ ထိခိုက်သေဆုံးတာမရှိခဲ့ပေမဲ့ ဒါဇင်နဲ့ချီတဲ့ တပ်သားတွေ ဦးနှောက်ဒဏ်ရာရခဲ့ကြတယ်လို့ နောက်ပိုင်းမှာ သတင်းထွက်ပါတယ်။ ဒီတုံ့ပြန်မှုကိုကြည့်ရင်လည်း တီဟီရန်အနေနဲ့ တင်းမာမှုဖြစ်တဲ့အခါ ပေါက်ထွက်သွားတဲ့အထိဖြစ်တာထက် တင်းမာမှုကို ချင့်ချင့်ချိန်ချိန်တန်ပြန်တယ်ဆိုတဲ့အချက်ကို မြင်သာစေပါတယ်။
ဒါပေမဲ့ လက်ရှိအခိုက်အတန့်ကတော့ အရင်ကနဲ့မတူတဲ့အခြေအနေဖြစ်နေပါတယ်။
လက်ရှိမှာ အီရန်ဟာ ၁၉၇၉ ခုနှစ်မှာ အစ္စလာမ္မစ် သမ္မတနိုင်ငံကို စတင်ထူထောင်ချိန်ကတည်းက ဆိုရင် တစ်ခါမှမကြုံဖူးတဲ့ ပြည်တွင်းမငြိမ်သက်မှုလှိုင်းဒဏ်ကို အပြင်းထန်ဆုံးရိုက်ခတ်ခံနေရပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းနဲ့ ဇန်နဝါရီလဆန်းပိုင်းမှာဖြစ်ခဲ့တဲ့ ငွေကြေးအဆမတန်ဖောင်းပွမှုအပေါ် ဆန္ဒပြမှုဟာ အကြမ်းဖက်နှိမ်နင်းခံရပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အီရန်နိုင်ငံထဲက ကျန်းမာရေး လုပ်သားတွေကတော့ ဆန္ဒပြပွဲ နှိမ်နင်းခံရမှုတွေအတွင်း လူထောင်ပေါင်းများစွာ သေဆုံးပြီး နောက်ထပ် လူတွေလည်း ဒဏ်ရာရတာ ဒါမှမဟုတ် ထိန်းသိမ်းခံရတာတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
အင်တာနက်မရတာ ၂ ပတ်ဆက်တိုက်ဖြစ်ခဲ့တာနဲ့ အီရန်နိုင်ငံထဲကို သတင်းဝင်ယူလို့မရတဲ့အခြေအနေတွေကြောင့် ထိခိုက်သေဆုံးသူ ဘယ်လောက်ရှိလဲဆိုတာ အတပ်ပြောဖို့ ခက်နေပါတယ်။ ဒီသေဆုံးမှုတွေနဲ့ပတ်သက်ပြီး အီရန်အာဏာပိုင်တွေဘက်က တာဝန်မခံကြပါဘူး။ အဲဒီအစား ဒါကို အကြမ်းဖက်အစုအဖွဲ့တွေကို ခေါ်ပြီး ဒီလိုမတည်မငြိမ်ဖြစ်အောင် အစ္စရေးက လုပ်တာလို့ စွပ်စွဲပါတယ်။
ဒီအယူ အပြောကို အီရန်နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တွေအဆင့်အထိ လက်ခံထားပါတယ်။ အီရန်အမျိုးသားလုံခြုံရေးကောင်စီအတွင်းဝန်ကတော့ ဒီဆန္ဒပြပွဲတွေကို ၁၂ ရက်ကြာခဲ့တဲ့ မနှစ်က နွေကာလစစ်ပွဲလို့ ဆိုပြီး မြင်သင့်တယ်လို့ ချေပပြောဆိုပါတယ်။ ဒီဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က လုံခြုံရေးအရ လုပ်သင့်လုပ်ထိုက်တာထက် ပိုမလုပ်ခဲ့တာမျိုး ရှုမြင်ခိုင်းတဲ့အမြင်ဖြစ်ပါတယ်။
လမ်းပေါ်က ဆန္ဒပြမှုအခြေအနေဟာ တဖြည်းဖြည်းနဲ့လျော့ကျသွားပြီဖြစ်ပေမဲ့ မီးကိုရေနဲ့ပက်လိုက်သလို ဟုတ်ကနဲ မငြိမ်းသွားသေးပါဘူး။
ဆန္ဒပြပွဲမှာ ဆုံးပါးသူတွေအတွက် အပူလုံးကြွနေကြဆဲပါ။ ဒါကြောင့်ပဲ မြင်ရတွေ့ရခဲတဲ့ လူမှုအသိုက်အဝန်းနဲ့ အုပ်ချုပ်ရေးအပိုင်းအခြားကြားက အကွာအဟဟာ ပိုလို့ကျယ်ပြန့်လာနေပါတယ်။
ဇန်နဝါရီလ ၉ ရက်နဲ့ ၈ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ အင်အားအလုံးအရင်းသုံးပြီး ပြန်မထိန်းနိုင်ခင်အထိ မြို့ကြီးတွေက ဆင်ခြေဖုံးအရပ်တွေနဲ့ မြို့ငယ်အတော်များများက နေရာအချို့ကို ထိန်းမနိုင် သိမ်းမရတဲ့အခြေအနေဖြစ်ပါတယ်။
အာဏာပိုင်တွေဘက်က အခြေအနေကို ခဏအတွင်း ပြန်ထိန်းနိုင်ခဲ့ပေမဲ့ အဲဒီခဏတာဆိုတဲ့အခိုက်အတန့်ဟာ အာဏာပိုင်တွေအတွက်တော့ ခေါင်းကြီးစရာအချိန်အပိုင်းအခြားဖြစ်စေခဲ့ပါတယ်။
ဒီလိုအချိန်အခါမျိုးမှာ တည်ငြိမ်သွားတယ်ဆိုတာက ညှိညှိနှိုင်းနှိုင်းဆိုတာထက် အမိန့်နဲ့ ငြိမ်ခိုင်းတာဖြစ်လို့ အခြေအနေဟာ အချိန်ကိုက် ထပေါက်မယ့် လေပူဖောင်းသဖွယ်ဖြစ်နေပါတယ်။
တီဟီရန်က အလျှော့မပေးတော့ဘူးလား
ဒီနေရာမှာ အမေရိကန်ဘက်က အနေအထားကလည်း အရေးကြီးပါတယ်။
အကန့်အသတ်နဲ့တိုက်ခိုက်မှုတစ်ခုလုပ်လိုက်မယ်ဆိုရင်တော့ ဒါဟာ ဝါရှင်တန်ရဲ့ စစ်ရေးအောင်ပွဲလို့ ပြောနိုင်သလို ဒေသတွင်းမှာ ကောက်ခါငင်ခါ စစ်ပွဲဖြစ်တာကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုဆိုရင် တဖက်မှာ အီရန်အာဏာပိုင်တွေအတွက် ပြည်တွင်းမှာ ဖိနှိပ်မှု အဆိုးကျော့သံသရာ တကျော့ပြန် အကြောင်းဖန်ဖို့ရာ အကြောင်းရင်းရသွားစေမှာဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးဟာ ပြည်တွင်းမှာ နှိမ်နင်းမှုတွေလုပ်တာ၊ အကြီးအကျယ်ဖမ်းဆီးတာနဲ့ အဖမ်းခံထားရတဲ့ ဆန္ဒပြသူတွေဟာ သေဒဏ်ပေးခံရတာအပါအဝင် ပြစ်ဒဏ်ကြီးကြီးလေးလေးချမှတ်တာတွေ ခံရနိုင်ခြေရှိပါတယ်။
ဒီထက်ပိုဆိုးနိုင်တာက အမေရိကန်ဘက်က အီရန်ကို သိသိသာသာ အင်အားချိနဲ့သွားအောင် လုပ်လိုက်တာမျိုးဆိုရင်လည်း အီရန်ပြည်တွင်းမှာ ထိန်းမနိုင် သိမ်းမရ ကသောင်းကနင်းအခြေအနေဆီ ဦးတည်သွားစေနိုင်ပါတယ်။
လူသန်း ၉၀ ကျော်ရှိတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဗဟိုအာဏာ ရုတ်တရက်ပြိုကျသွားတာဟာ အသွင်ကူးပြောင်းမှုကို ခပ်မြန်မြန်ပဲ ဖြစ်သွားအောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီအစား ထိန်းဖို့ သိမ်းဖို့ရာခက်ခဲမယ့် နာတာရှည် မတည်ငြိမ်မှု၊ ဂိုဏ်းကဏ္ဍကွဲပြားမှု၊ ဒေသတွင်းကိုပါ ရိုက်ခတ်ပျံ့နှံ့မှုတွေ ဖြစ်သွားနိုင်ပါတယ်။
ဒီလိုအခြေအနေတွေကပဲ တီဟီရန်ဟာ ဒီတစ်ကြိမ်မှာ ညှိရနှိုင်းရခက်လာမှာလားဆိုတဲ့အမြင်တွေ တိုးလို့ ပေါ်လာစေပါတယ်။
အီရန် အထူးတပ်ဖြစ်တဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်နဲ့ ပုံမှန်တပ်တွေက အကြီးတန်း တပ်မှူးတွေဟာ အကြီးတန်နိုင်ငံရေးသမားတွေနဲ့အတူ အမေရိကန်ကို သတိပေးလိုက်တာရှိပါတယ်။ အမေရိကန်က ဘယ်လိုနည်းနဲ့ပဲ တိုက်လာလာ တိုက်လာသမျှကို စစ်ပွဲစတင်တာလို့ဆိုပြီး မှတ်ယူမယ်ဆိုတဲ့သတိပေးစကားပါ။
ဒီလိုပြောဆိုချက်ဟာ အီရန်နိုင်ငံရဲ့ အိမ်နီးချင်းတွေ အထူးသဖြင့် အမေရိကန်တပ်ဖွဲ့တွေကို လက်ခံထားတဲ့ ပင်လယ်ကွေ့နိုင်ငံတွေအတွက်ဆိုရင် စိတ်မသက်သာစရာပါ။
အီရန်ဘက်က ခပ်မြန်မြန်လက်တုံ့ပြန်မှုဟာ တိုက်ရိုက်နည်းနဲ့ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ပဲဖြစ်စေ ဒီနိုင်ငံတွေအတွက် ချက်ချင်းအန္တရာယ်ရှိတဲ့အခြေနေကို ရောက်သွားစေမှာဖြစ်ပါတယ်။ ပြီးတော့ ပြဿနာဟာ အီရန်နဲ့ အမေရိကန်ကြားက ပြဿနာဆိုတာထက် ကျော်လွန်သွားမှာလည်းဖြစ်ပါတယ်။
ဒီနေရာမှာ ဝါရှင်တန်ဘက်ကလည်း ပဋိပက္ခဘောင် မကျယ်အောင်လုပ်နေပုံပါ။ အမေရိကန်သမ္မတ ထရမ့်က အီရန်မှာ ဆန္ဒပြပွဲတွေ အမြင့်ဆုံးကို ရောက်နေချိန် အီရန်အာဏာပိုင်တွေကို သတိပေးပါတယ်။ အီရန်လူထုကိုတော့ အကူအညီလာနေပြီလို့ဆိုပြီး နှစ်သိမ့်ပြောဆိုပါတယ်။
ဒီပြောဆိုချက်တွေဟာ အီရန်နိုင်ငံထဲမှာ ကျယ်ကျယ်ပြန့်ပြန် ပြောကြဆိုကြလို့ ဆန္ဒပြကြသူတွေ ကြားမှာတင် အီရန်ကို အမေရိကန် ဝင်လာတော့မလားဆိုပြီး ကိုးစားကြတဲ့အထိဖြစ်ခဲ့ပါတယ်။
နှစ်ဖက်စလုံးကတော့ ပိုပြီးအမြင်ကျယ်ကျယ် ဗျူဟာကျကျရှုမြင်နေကြပုံပါ။
ပြီးခဲ့တဲ့နွေတုန်းက ၁၂ ရက်ကြာ စစ်ပွဲမတိုင်ခင်တုန်းကထက် စစ်ရေးအင်အားနည်းတယ်လို့ ထရမ့် သိနေပါတယ်။ တီဟီရန်ကလည်း စစ်ပွဲတစ်ပွဲကို စတင်ဖို့ စိတ်မကူးထားတဲ့ပုံပါ။
နှစ်ဖက် ဒီလို သတိထားနေကြတာဟာ အာမခံချက်အချို့တော့ ရစေပါတယ်။ ဒါပေမဲ့ ဒါဟာ အန္တရာယ်များတဲ့ အဓိပ္ပါယ်လည်း ဖော်ဆောင်မှုလည်း ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်ဖက်က တစ်ဖက်ကို လျှော့တွက်တာနဲ့ တစ်ဖက်ရဲ့အားသာချက်ကို တစ်ဖက်က အမှတ်မှားနိုင်တာမျိုးကြောင့်ပါ။
ထရမ့်အတွက်ကတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဟန်ချက်ထိန်းဖို့က အရေးကြီးနေပါတယ်။ သူအတွက်တော့ ရလဒ်ဟာ အီရန်ကို နောက်ထပ် ဖိနှိပ်မှုတွေ ထပ်လုပ်နိုင်သွားနိုင်အောင် ဒါမှမဟုတ် အဆိုးကျော့သံသရာထဲ ကျဆင်းသွားစေတာမျိုးမဟုတ်တဲ့ အောင်ပွဲ အဖြစ်ပဲ ဆောင်ကျဥ်းလာနိုင်ရေးဖြစ်ပါတယ်။
အီရန်ခေါင်းဆောင်တွေအတွက်တော့ အချိန်နဲ့ ရှုမြင်ပုံကြားမှာ ဟန်ချက်ညီ ထိန်းနိုင်မှ တော်ရာကျမယ်လို့ ဆိုနိုင်ပါတယ်။ အပြင်ဘက်က လာတဲ့တိုက်ခိုက်မှုကို မြန်မြန် တုံ့ပြန်မှဖြစ်မယ်လို့ အီရန်ခေါင်းဆောင်တွေက ယူဆတယ်ဆိုရင် အရင်လို လုပ်နေကျ ပုံစံဖြစ်တဲ့ နောက်မှ ချင့်ချင့်ချိန်ချိန်တုံ့ပြန်တာမျိုးကို မျှော်လင့်လို့ မရနိုင်တော့ပါဘူး။ ပြီးတော့ လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ ဆူပူမှုအတိုင်းအဆတွေဟာလည်း ဖြစ်လာနိုင်ခြေရှိတဲ့တိုက်ခိုက်မှုကို တုံ့ပြန်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားနိုင်တဲ့အချက်ဖြစ်လာပါတယ်။
ခပ်မြန်မြန်တုံ့ပြန်မယ်ဆိုရင်လည်း စစ်ဖြစ်ဖို့ရာ မစွန့်စားနိုင်တဲ့ ဒေသတွင်း နိုင်ငံတွေအတွက် အတွက်မှားတဲ့ကိန်းဖြစ်သွားစေနိုင်ပါတယ်။
အခုတော့ အမေရိကန်နဲ့ အီရန် နှစ်ဖက်စလုံးမှာ ဖိအားတင်းမာမှုကြားက ဘယ်လိုအကွက်ရွှေ့ကြမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အကွက်ရွှေ့မှားတာဟာ အစိုးရတွေတင်မဟုတ်ဘဲ ဒေသတွင်းက လူတွေအပြင် သန်းနဲ့ချီတဲ့အီရန်ပြည်သူတွေရဲ့ ဘဝတွေနဲ့ လောင်းကြေးထပ်ရမှာကြောင့်ဖြစ်ပါတယ်။