ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
''ပြောင်းကြပါတော့လို့ အိမ်က အဖေနဲ့အမေကိုပြောတာ ပြောမရဘူး'' တီဟီရန်က မိသားစုအတွက် စိုးရိမ်နေတဲ့ဘီဘီစီသတင်းထောက်
- ရေးသားသူ, ဖာဟမ် ဂိုဘာဒီ
- ရာထူးတာဝန်, အကြီးတန်းသတင်းထောက်၊ ဘီဘီစီ ပါရှားဘာသာဌာန
တီဟီရန်ကို စွန့်ခွာပြီး "ချက်ချင်း ဘေးကင်းရာကိုရွှေ့ပြောင်းပါ" လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒေသခံတွေကို သတိပေးခဲ့ပြီးနောက်မှာ မိဘတွေကို သူတို့ရဲ့အိမ်ကနေထွက်ဖို့အတွက်ကျွန်တော် မစည်းရုံးနိုင်ခဲ့ဘူး။
"လူထူထပ်တဲ့မြို့တွေထဲမှာ ကိုယ့်အသက်အရွယ်နဲ့ ကျန်းမာရေးကလည်းမကောင်းနဲ့ ကားတွေလူတွေကြပ်ပိတ်နေပြီး အခြေခံလိုအပ်ချက်တွေ ပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေရတယ်။ တီဟီရန်ကနေ ထွက်ဖို့ဆိုတာ တို့အတွက် ရွေးချယ်စရာ မဟုတ်ပါဘူး" လို့ အဖေက ပြောပါတယ်။
မိဘ ၂ ပါးလုံးက ဆီးချိုသမားတွေပါ။ ပြင်းထန်တဲ့မူးဝေမှုနဲ့ လူအကူအညီနဲ့မှ လမ်းလျှောက် လို့ရတော့ ဒါတွေကြောင့် ပြီးခဲ့တဲ့လတွေကစလို့ အမေကအိမ်တွင်းမှာပဲ ခြေချုပ်မိနေသူဖြစ်ပါတယ်။
အဖေကလည်း နာတာရှည်ရောဂါသည်ဖြစ်လို့ ခြေလှမ်း လေး ငါး ဆယ်လှမ်း လျှောက်ပြီးရင် တစ်ခါ နားရတဲ့သူပါ။
အားလုံး ပြောင်းကြ ရွှေကြ မြို့ကနေ ထွက်ဖို့ဆိုတာ မဖြစ်နိုင်ပါ
ဒါပေမဲ့လည်း ကျွန်တော့်မိဘတွေပဲ အဲဒီလိုမထွက်နိုင်ဘဲရှိနေတာမျိုးတော့ မဟုတ်ပါဘူး။
မြို့ကနေ မခွာချင်ကြတဲ့ တခြားမိဘတွေလည်း ရှိနေပါတယ်။ သူတို့တွေထဲက တစ်ဦးရဲ့သမီးတစ်ယောက်က ကျွန်တော့်ကို အခုလို ပြောပြပါတယ်။ "အိုးအိမ်စွန့်သွားရတာထက် ကိုယ့်အိမ်မှာ သေရတာက သိက္ခာရှိဦးမယ်'' လို့ ထင်ကြတဲ့အကြောင်း သူက ပြန်ပြောပြပါတယ်။
"တကယ်လို့ အိမ်က ပျက်စီးသွားမယ်ဆိုရင် အိမ်အပျက်အစီးတွေနဲ့အတူ ပါသွားလည်း အေးတာပဲ" လို့ မိဘတွေက ပြောတဲ့အကြောင်းကိုလည်း သူ ကျွန်တော့်ကို ပြောပါတယ်။
မြို့ကနေထွက်ခွာဖို့ ပြောတာ အပြောလွယ်ပေမဲ့ လုပ်ဖို့ ခက်တယ်ဆိုတဲ့အကြောင်း အများကြီး ရှိတယ်လို့လည်း တီဟီရန်က နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အသက်ကြီးလို့ မှတ်ဉာဏ်နည်းလာတဲ့ရောဂါဖြစ်နေသူတွေ၊ ဘီးတပ်ကုလားထိုင်နဲ့ သွားနေရသူတွေလည်း ပတ်ဝန်းကျင်မှာ တပုံကြီးပဲလေ။"
ထွက်မပြေးကြဖို့ ဆုံးဖြတ်သူတွေ၊ မြို့ထဲက မထွက်နိုင်သူတွေဟာ တကယ်တော့ လက်ရှိဘဝမှာတောင် ဒုက္ခတွေနဲ့အပြည့်ပါ။
အစားအစာနဲ့ လောင်စာဆီရှားပါး
ငွေထုတ်စက်အများစုဟာလည်း ပိုက်ဆံ မရှိတော့ပါဘူး။ စျေးဆိုင် ၁၀ ဆိုင်မှာ ၁ ဆိုင်ပဲ ဖွင့်တော့တယ်လို့ တီဟီရန်က နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ပွဲအစမှာပဲ ပိုက်လိုင်းက ကျိုးပျက်သွားတာကြောင့် သူတို့ရဲ့အဆောက်အဦးမှာ ရေ မရတော့ဘူးလို့ မြို့ခံတစ်ဦးက ကျွန်တော့်ကို ပြောပါတယ်။ အဲဒါကိုပြင်ဆင်ဖို့ ရေပိုက်ပြင်သမားလည်း မရှိတော့ပါဘူး။
"ကလေးတွေကိုလည်း လုံခြုံတဲ့နေရာကို ပို့ထားပြီးပေမယ့် ကြောင်လေးတွေရှိသေးတယ်၊ မြို့အတွက်နဲ့ အဆောက်အဦတွေလုံခြုံဖို့အတွက် ကျွန်တော်တို့ကတော့ ဒီမှာနေ နေတုန်းပါ။ ဒီအခြေအနေကနေ လွတ်ဖို့ ဘုရားမ မှာပါ" လို့ အမျိုးသားတစ်ဦးကပြောပါတယ်။
သူပြောတဲ့ကြောင်တွေဆိုတာက တီဟီရန်မြို့က လမ်းတွေပေါ်မှာ ကျက်စားပြီး သူကြည့်ကိုယ်ကြည့် အများက စောင့်ရှောက်မှုနဲ့ ရှင်သန်နေတဲ့ကြောင်လေးတွေကို ဆိုလိုတာပါ။
မဆုတ်သာ မတိုးသာ
တီဟီရန်မြို့မှာရှိတဲ့လူဦးရေဟာ အစ္စရေး တစ်နိုင်ငံစာလောက်ရှိပါတယ်။ လမ်းတွေကြပ် စက်သုံးဆီတွေ ဝယ်မရတဲ့ ဒီလိုမြို့ကြီး ပြကြီးကနေ ပြောင်းကြရွှေ့ကြဖို့ လုပ်ရတဲ့အခြေအနေကို စဉ်းစားကြည့်ပါ။
ကားသမားတစ်ဦးမှ တစ်ရက်ကို ဓါတ်ဆီ ၂၅ လီတာသာ ထုတ်ခွင့်ရှိပါတယ်။ မြို့ထဲက ထွက်ကြသူတွေဆိုရင်လည်း လမ်းမှာတင် ကားပိတ်တာ နာရီပေါင်းများစွာ ကြာပါတယ်။
ဒီတော့ လမ်းတစ်ဝက်တင် ဆီကုန်သွားတာမျိုးလည်းကြုံရတယ်လို့ မြို့ခံ တချို့က ပြောပါတယ်။
မြို့ခံ အများအပြားဟာ တည်ငြိမ်မှု နည်းနည်းပိုရှိတဲ့ မက်ဇန်ဒါရန် နဲ့ ဂီလန်လို မြောက်ပိုင်းပြည်နယ်တွေဘက်ကို ရွှေ့ပြောင်းကြတာပါ။
ပုံမှန်အချိန်ဆိုရင် တီဟီရန်မြို့ကနေ ထွက်ရင် အဲဒီကို အချိန် ၃ နာရီကနေ ၄ နာရီကြားသာ ကြာမြင့်ပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အဲဒီခရီးအတွက် ကားသမားအချို့ဟာ ၁၂ နာရီကျော်ကြာ အချိန်ပေးခဲ့ရပါတယ်။
"ကားလမ်းကို လူသုံးမများတဲ့အချိန်မှာ သုံးမယ်ဆိုပြီး လူနည်းချိန်ကို ပြီးခဲ့တဲ့ရက်တွေမှာ စောင့်ကြည့်ပြီးမှ ထွက်ခဲ့တာ။ ဒါပေမဲ့ ကားတွေ ကြပ်လိုက်တာမှပဲ'' လို့ နောက်ထပ် မြို့ခံ တစ်ဦးက ပြောပါတယ်။
"ရာသီဥတုက ပူလိုက်တာ မပြောပါနဲ့တော့၊ ဆီကလည်းနည်း၊ ဘယ်သူမှလည်း အဲယားကွန်းမသုံးနိုင်ကြဘူး။ တချို့ကားတွေလည်း လမ်းမှာတင်ပျက်တာ ဒါမှမဟုတ် ဆီကုန်ကြတယ်။ ဆီဆိုင်တိုင်းမှာလည်း ကားတန်းက ကီလိုမီတာနဲ့ချီပြီးကို တန်းစီနေကြရတာ။"
နေရာအသစ်ကို ရောက်ကြတဲ့သူတွေမှာလည်း စိန်ခေါ်မှုအသစ်နဲ့ ရင်ဆိုင်ကြရပြန်ရော၊ ငှားဖို့ နေရာအလုံအလောက် မရှိတာမျိုးပေါ့။
အစားအသောက်စျေးတွေကလည်း မိုးထိုးနေတယ်။ တက္ကစီခတွေကလည်း အဆမတန်တောင်းတာတွေကြုံရပါတယ်။
သေသွားမှ ''ပြောခဲ့သားပဲ ရွှေ့မှ မရွှေ့ကြတာ'' လို့ ပြောချင်တာလား
ဆယ်စုနှစ်များစွာ ဖိနှိပ်ချုပ်ချယ်မှုခံခဲ့ရတဲ့ အီရန်နိုင်ငံသားတွေဟာ သူတို့ဘယ်တုန်းကမှ မရွေးချယ်ခဲ့တဲ့ စစ်ပွဲအတွင်းကို ညတွင်းချင်း ဆွဲခေါ်ခံရသလို ခံစားကြရပါတယ်။
"(အစ္စရေးဝန်ကြီးချုပ်) ဘန်ဂျမင်နေတန်ညာဟုရော၊ အစ္စရေးရော၊ ကိုယ့်နိုင်ငံကရော ဘယ်သူကမှ ကျွန်တော်တို့ အရေးကို ထည့်မတွက်ကြပါဘူး'' လို့ တီဟီရန်မှာ ဆက်နေထိုင်ဖို့ ရွေးချယ်ခဲ့တဲ့ အမျိုးသားတစ်ဦးက ဘီဘီစီပါရှန်ဌာနကို ပြောပါတယ်။
"ဆိုးဝါးလွန်းတဲ့ လူမဆန်တဲ့ အာဏာရှင်အုပ်စိုးသူတွေကြားနဲ့ ကျွန်မတို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်သူတွေကြားမှာ မြေစာပင်ဖြစ်နေရပါတယ်" လို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အမေရိကန်သမ္မတရဲ့ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ထုတ်ပြန်တဲ့ပြောဆိုချက်ဟာ အရပ်သား အသေအပျောက် ရှိလာတဲ့အခါမှာ ပြောခဲ့သားပဲဆိုတဲ့စကားကို ပြောနိုင်အောင် လုပ်တာလို့ သူက မှတ်ယူပါတယ်။ အဲဒီအတွက်လည်း သူ့မှာ သမ္မတထရမ့်ကို ပြောဖို့ သတင်းစကားရှိနေပါတယ်။
"ကမ္ဘာရဲ့တခြားတစ်ဖက်မှာ နေနေပြီးတော့ တီဟီရန်က နေစွန့်ခွာပါဆိုတာ ဘာကိုဆိုလိုတာလဲ။ ပြောချင်တာက ကျွန်မတို့ သေသွားခါမှ ပြောင်းဖို့ပြောခဲ့သားပဲဆိုတာမျိုး ပြောလို့ ထွက်နိုင်အောင်လား။''