ဇန်နဝါရီ ၃၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အရေးပေါ် အခြေအနေ ကြေညာခဲ့တဲ့ အမိန့်နဲ့ စစ်အုပ်ချုပ်ရေး အမိန့်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သက်တမ်းထပ်တိုးလိုက်တဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းတွေကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။
ဇန်နဝါရီ ၃၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။
ရက်ပေါင်း ၉၀ သက်တမ်းထပ်တိုးလိုက်တဲ့အတွက် အစိုးရသစ်ဖွဲ့ပြီးချိန်အထိ စစ်အုပ်ချုပ်ရေးက ဆက်ရှိနေမယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီက လာမယ့်လွှတ်တော်ကို တတိယအကြိမ်လွှတ်တော်လို့ သုံးနှုန်းလိုက်တဲ့အတွက် အငြင်းပွားမှုတချို့ပေါ်ထွက်လာပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အထွထွေရွေးကောက်ပွဲ လေးကြိမ် လုပ်ပြီးခဲ့ပေမဲ့ ၂၀၂၀ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အတွက် စစ်ကော်မရှင်က တတိယအကြိမ် လို့ သုံးခဲ့တာဖြစ်ပါတယ်။
ဆောင်းပါးအပြည်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မပါတဲ့ ဒီရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သူ့ တစ်ပါတီတည်းနဲ့ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်တဲ့အထိ နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ NLD ရှုံးခဲ့တဲ့ ရခိုင်နဲ့ မွန်မှာတောင် ကြံ့ခိုင်ရေးကပဲ နေရာအများစု အနိုင်ရခဲ့ပါတယ်။
NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတွေ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲ လေ့လာသူတွေက ပြောပါတယ်။
တိုင်းရင်းသားနယ်မြေဒေသတွေအထိ ကြံ့ခိုင်ရေးပါတီ ဘာကြောင့်နိုင်ခဲ့သလဲဆိုတဲ့ ရှင်းပြချက်ကို ဒီလင်ခ့် မှာ ဖတ်နိုင်ပါပြီ။
အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု ယူအက်စ်အက်စ် အေဘရာဟင် လင်ကွန်း၊ အီရန်ရေပိုင်နက်အနီးက အမေရိကန် ဗဟိုထိန်းချုပ်ကွပ်ကွဲရေးဌာနအနီးကို ရောက်လာတဲ့သတင်းဟာ အီရန်နဲ့ အမေရိကန်ကြား ထိပ်တိုက်တွေ့မှု ကြီးကြီးမားမားဖြစ်လာတော့မလားဆိုတဲ့ တွက်ဆသုံးသပ်ချက်တွေကိုဖြစ်လာစေပါတယ်။
မကြာသေးခင်က အီရန်နိုင်ငံထဲမှာ ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေတုန်းမှာပဲ အခုလိုအမေရိကန်ရဲ့ စစ်သင်္ဘောဖြန့်ကြက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါကြောင့် အခုတစ်ခေါက်မှာ ဝါရှင်တန်နဲ့ တီဟီရန် ကြားမှာ အသေအကြေတိုက်ပွဲ တန်းဖြစ်လာမလားဆိုတဲ့အမြင်ကိုလည်း အလေးသာသွားစေပါတယ်။
အမေရိကန်သမ္မတ တစ်ယောက်ကလည်း ထပ်ချည်းတလဲလဲ ပြောနေတာကြောင့် ဘာများဖြစ်ကြမလဲဆိုတဲ့သောကစိတ်ဟာ တီဟီရန်မှာတင်မကဘဲ ဒေသတွင်းမှာပါ ပျံ့နှံ့နေပါတယ်။ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်ရှုနိုင်ပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်း၊ အနော်ရထာ စက်မှုဇုန်ထဲမှာရှိတဲ့ Eternal Fashion အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေဆန္ဒပြပြီးနောက် ဒီကနေ့မှာ ပိတ်လိုက်ပြီလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
အဲဒီအထည်ချုပ်စက်ရုံက အလုပ်သမား ဦးရေ ၁,၅၀၀ ကျော်ဟာ လုပ်ခလစာတိုးဖို့ ဇန်နဝါရီ ၂၉ ရက်ကစပြီး ဆန္ဒပြကြတာပါ။
လုပ်ခ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေးတွေတိုးပေးဖို့၊ ခေါင်းဆောင်တွေက ဝန်ထမ်းတွေကို ဖိနှိပ်ပြီး အတင်းအဓမ္မ ခိုင်းစေတာတွေ ရပ်ဖို့အပါအဝင် တောင်းဆိုချက် ၉ ချက်ကို တောင်းဆိုခဲ့ပါတယ်။
ဇန်နဝါရီ ၃၀ မှာတော့ မြို့နယ် အလုပ်သမားဦးစီးဌာနက တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းပြီးနောက် အလုပ်သမားတွေကို လျော်ကြေးပေးဖို့သဘောတူစာချုပ်ချုပ်ခဲ့ပြီးနောက် စက်ရုံပိတ်လိုက်တယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ STUM ဆီကနေ သိရပါတယ်။
အထည်ချုပ်စက်ရုံနဲ့ အလုပ်သမားအကြား ဖြစ်ပွားတဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ အလုပ်ရှင်ဘက်က လုပ်ခလစာ၊ လုပ်သက်ခွင့်အတွက်ခံစားခွင့်တို့ကို ဖေဖော်ဝါရီ ၃ ရက်မှာ ပေးချေသွားမယ်လို့ နှစ်ဖက်သဘောတူ စာချုပ်မှာ ရေးထားပါတယ်။
ဒါပေမဲ့ စက်ရုံပိတ်သိမ်းတဲ့အကြောင်းနဲ့ ဘာ့ကြောင့် ပိတ်သိမ်းရတယ်ဆိုတာတော့ မပါထားပါဘူး။
Eternal Fashion ကုမ္ပဏီကို ဘီဘီစီက မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာတွေ လိုက်ကပ်လို့ ထောင်ဒဏ် ၄၉ နှစ် ချမှတ်ခံထားရတဲ့ ကိုရန်နိုင်ကြည်ဝင်းရဲ့ အမှုကို အယူခံ ပယ်ချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
ကိုရန်နိုင်ကြည်ဝင်းဟာ လှိုင်သာယာမြို့နယ်မှာ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ စာတန်းပိုစတာတွေကို လိုက်ကပ်တာကြောင့်ဆိုပြီး ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ် ၄၉ နှစ် ကျခံဖို့ အမိန့်ချခံခဲ့ရတာပါ။
လှိုင်သာယာ အရှေ့ပိုင်းက အမှုတွေအတွက် ဇန်နဝါရီ ၁၃ ရက်နဲ့ လှိုင်သာယာ အနောက်ပိုင်းက အမှုအတွက် ဇန်နဝါရီ ၂၈ ရက်မှာ အယူခံဝင်ခဲ့ပေမဲ့ အင်းစိန်ခရိုင်တရားရုံးက အယူခံနှစ်ကြိမ်လုံးကို ပယ်ချခဲ့တယ်လို့ ပြောပါတယ်။
“ဒီလိုမျိုး အမှုတွေကို အယူခံလက်ခံလို့မရလို့ပါ ဆိုပြီး တရားသူကြီးက ငြင်းလိုက်တာ”လို့ ကိုရန်နိုင်ကြည်ဝင်းရဲ့ အမှုအကြောင်း သိရှိသူက ပြောပါတယ်။
ကိုရန်နိုင်ကြည်ဝင်းကို စက်တင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးရမိပြီး ပထမသတင်းပေး တိုင်ကြားချက်ကို စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ခဲ့ပါတယ်။ အဖမ်းခံရပြီးတစ်လအကြာ အောက်တိုဘာ ၁၉ ရက်မှာ ရုံးထုတ်ပြီး တစ်ရက်တည်းမှာ အမိန့်ချခဲ့တာလို့ ပြောပါတယ်။
ဒါ့အပြင် ကမာရွတ်မြို့နယ်နဲ့ အင်းစိန်မြို့နယ်တွေမှာလည်းရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာသားတွေကပ်ခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က နဲ့ တရားစွဲခံရပြီး အင်းစိန်အကျဉ်းထောင်ကနေ အမှုရင်ဆိုင်နေရပါတယ်။
ကိုးကန့်ကအချမ်းသာဆုံးမိသားစုတစ်ခုဖြစ်တဲ့ မြီမိသားစုဝင် ၂ ဦး အပါအဝင်လူပေါင်း ၁၁ ဦးကို မနေ့က သေဒဏ်ပေးလိုက်ပြီးတဲ့နောက် ဒီနေ့မှာလည်း သေဒဏ်အမိန့်တွေထပ်ချနေပါတယ်။
ပယ်၊ ဝေ၊ မြီနဲ့ လျို ဆိုတဲ့ ချမ်းသာပြီး သြဇာရှိတဲ့ ကိုးကန့်မိသားစု လေးစုနဲ့ ရင်းနှီတဲ့ သူဋ္ဌေးတစ်ဦးဖြစ်တဲ့ စံမြင့်အောင် ခေါ် ရွှီလောက်ဖား ကို နှစ်နှစ်ဆိုင်းငံ့သေဒဏ် ချမှတ်လိုက်ပါတယ်။
“ရွှီလောက်ဖားက ဦးမြင့်ဆွေ(ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ)တပည့် ” လို့ လောက်ကိုင်မှာတာဝန်ကျဖူးတဲ့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။
၂၀၁၉ခုနှစ်ကစပြီး ကိုးကန့်ဒေသမှာ ရွှီနဲ့သူ့တပည့်တွေဟာ တရုတ်နိုင်ငံသားတွေကို အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး စီရင်ချက်ချတာဖြစ်ပါတယ်။
ယွမ်၁ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈ သန်းခန့်) တရားမဝင်ငွေကြေးတွေကို ရယူခဲ့တယ်လို့ တရားရုံးအမိန့်မှာပါရှိပါတယ်။
ရွှီနဲ့အမှုတွဲတွေဖြစ်တဲ့ကျန်းလုံလုံ (Zhang Longlong)၊ လော့ယွီကျွင်း (Luo Yujun)၊ ရှီခန်းချန်း (Xi Kangqiang) နှင့် လျူရှစ်ပင်း (Liu Shibing) တို့ကိုလည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းကနေ ၂၅ နှစ်အထိ အသီးသီးချမှတ်ခဲ့ပြီး ပိုင်ဆိုင်မှုတွေပါ သိမ်းခဲ့ပါတယ်။
မြီအိမ်၊ ပယ်အိမ်နဲ့ ရွှီလောက်ဖားတို့ကို အမိန့်ချမှတ်ခဲ့ပြီး မြီအိမ်ကိုတော့ မနေ့က သေဒဏ်စီရင်ခဲ့ပါတယ်။
ဝေအိမ်နဲ့ လျိုအိမ်တို့ကို အမိန့်ချဖို့ ကျန်နေသေးတာဖြစ်ပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ ကို ရဟတ်ယာဉ်နဲ့ စက်သုံးဆီတွေ ပို့နေတယ်လို့ ပေါက်မြို့နယ်က စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
မြိုင်မြို့နယ်ကနေ ပေါက်မြို့နယ်ကို သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာတုန်းက တော်လှန်ရေးတပ်ဖွဲ့တချို့က မိုင်းခွဲ ဖျက်ဆီးခဲ့တာလို့လည်း သူက ပြောပါတယ်။
ဇန်နဝါရီ ၂၇ ကနေ ၂၉ ရက်အထိ ရဟတ်ယာဉ်နဲ့ အကြိမ်ရေ ၂၀ ကျော်ပို့ဆောင်ခဲ့ပြီး ဆီပေပါ အလုံး ၁၇၀ ဝန်းကျင်ရှိတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
“ရဟတ်ယာဉ်တစ်စင်းမှာ တစ်ခေါက်ကို ဆီပေပါ အများဆုံး ၇ လုံး လောက်ပို့တယ်လို့ သိရတယ်။ ၂၉ ရက်နေ့က ပို့တဲ့အထဲမှာဆို လက်နက်ခဲယမ်းလို့ ယူဆရတဲ့ သံသေတ္တာ ၁၅ လုံးလည်းပါတယ်”လို့ သူက ပြောပါတယ်။
စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် မီးပြတ်တောက်လို့ မရတာကြောင့် အခုလို ဆက်တိုက်ပို့နေတာဖြစ်မယ်လို့လည်း သူက ယူဆပါတယ်။
ကပစ ၂၄ ဟာ ပေါက်မြို့နယ် အနောက်တောင်ဘက်မှာရှိပြီး စက်ရုံကနေ ထုတ်လုပ်လိုက်တဲ့ အလူမီနီယံချောင်း ကုန်ကြမ်းတွေကို တခြား ကပစ စက်ရုံတွေကို ဖြန့်ဖြူပေးနေတာဖြစ်တယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်မြို့နယ်တွေထဲကို ဖြတ်သန်းသွားတဲ့ ယာဉ်တွေပေါ်ကနေ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဇန်နဝါရီ ၂၉ ရက်မှာ NUG က ထုတ်ပြန်ပါတယ်။
ကျပ်သိန်းပေါင်း တစ်သိန်း တန်ကြေးရှိ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူ ခွက်ပေါင်း ၆၅၀၀ ကျော်၊ စိတ်ကြွဆေးပြား ၄၆ သိန်းကျော်တို့ ပါဝင်တယ်လို့ NUG ထုတ်ပြန်ချက်အရ သိရပါတယ်။
မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးနေရာမှာ NUG ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ဒေါက်တာဇော်ဝေစိုးနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တို့ကိုလည်း တွေ့ရပါတယ်။
“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ လုံးဝလုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေရေး ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်လုပ်မှာမဟုတ်ဘူး”လို့လည်း ဒေါက်တာဇော်ဝေစိုးက ရုပ်သံဖိုင်နဲ့ ပြောထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဖမ်းဆီးရမိတဲ့ ဘိန်းဖြူတွေကို NUG ကို အပ်နှံခဲ့တယ်လို့ ABSDF ကလည်း ထုတ်ပြန်ထားပါတယ်။
WY မူးယစ်ဆေးဝါးတွေကိုတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိထားတာလို့လည်း သိရပါတယ်။
မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့သူတွေကိုလည်း အရေးယူဆောင်ရွက်သွားမှာလို့လည်း NUG က ထုတ်ပြန်ထားပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗြိတိန်အနေနဲ့ တရုတ်နဲ့ ဆက်ဆံတာဟာ အင်မတန်အန္တရာယ်များတယ်လို့ ဗြိတိန်၀န်ကြီးချုပ် ကီယာစတာမာ ဘေဂျင်းရောက်နေချိန်မှာ ပြောလိုက်ပါတယ်။
စတာမာဟာ သုံးရက်ကြာခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံပြီး စီးပွားရေးနဲ့ ကုန်သွယ်ရေးသဘောတူညီမှုတွေ ရယူခဲ့တာကို ထရမ့်က ရည်ညွှန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“အမေရိကန်သမ္မတလည်း ဧပြီမှာ တရုတ်ကိုသွားမှာပဲ”လို့ ဗြိတိန်၀န်ကြီးချုပ်ရုံးက ထောက်ပြထားပါတယ်။
ထရမ့်ဟာ တရုတ်နဲ့ ဆက်ဆံရေးကောင်းမွန်အောင်လုပ်နေတဲ့ ကနေဒါကိုလည်း သတိပေးပါတယ်။
“ကနေဒါအတွက်ပိုလို့တောင် အန္တရာယ်များတယ်” လို့ ထရမ့်က ပြောပါတယ်။
ကနေဒါ၀န်ကြီးချုပ်မာ့ကာနေးရဲ့ မကြာသေးခင်က တရုတ်ခရီးစဉ်အတွင်း တရုတ်နဲ့ချုပ်ဆိုထားတဲ့ စီးပွားရေးသဘောတူညီမှုတွေကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုရင် ကနေဒါအပေါ် သွင်းကုန်ခွန်တွေ စည်းကြပ်မယ်လို့ ထရမ့်က ခြိမ်းခြောက်ထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်က ဗြိတိန်နဲ့ တရုတ်ကြားက ဆက်ဆံရေးဟာ ခိုင်မာ အားကောင်းတဲ့အဆင့်မှာရှိနေတယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံအပြီးမှာပြောထားပါတယ်။
တရုတ်ကဗြိတိန်နိုင်ငံသားတွေကို ရက်ပေါင်း ၃၀ ကြာ ပြည်ဝင်ခွင့်အခမဲ့ပေးလိုက်ပြီလို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ကြေညာပါတယ်။
ဒီအတောအတွင်းမှာပဲဗြိတိန် အခြေစိုက်ဆေးဝါးထုတ်လုပ်ငန်းကြီးအက်စထရာ ဇနီကာက တရုတ်မှာ ဒေါ်လာ သန်းပေါင်း တစ်သောင်းခွဲအထိ ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာလာပါတယ်။
သမ္မတရှီကျင့်ပင်ကတော့ ဗြိတိန်နဲ့ဆက်ဆံရေးဟာ အချိုးအကွေ့တွေ ရှိခဲ့ပေမဲ့ သံခင်းတမန်ခင်း ထိတွေ့ဆက်ဆံပြောဆိုရေးဟာ ရှောင်လွဲလို့မရတဲ့အရာလို့ မှတ်ချက်ပေးပါတယ်။
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၁၁၀ ကျော် ဖမ်းဆီးခံရပြီး အသက် ၃ နှစ်ကနေ ၆ နှစ်အရွယ် ကလေးသုံးယောက် ပါဝင်တယ်လို့ ထိုင်းသတင်းတွေကနေ သိရပါတယ်။
ကန်ချနာဘူရီခရိုင် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးအဖွဲ့တွေက ဇန်နဝါရီ ၂၉ ရက်မှာ စစ်ဆေးရေး ဆောင်ရွက်နေချိန် ပစ်ကပ်ကား နှစ်စီးထဲမှာ အပြည့်အသိပ်ထည့်လာတဲ့ လူတွေကို ဖမ်းမိခဲ့တာပါ။
ရာဘာတွေနဲ့ ဖုံးအုပ်ထားတဲ့ အဲဒီကားတွေပေါ်ကနေ အမျိုးသား ၅၇ ယောက်၊ အမျိုးသမီး ၄၆ ယောက်၊ အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အရွယ်အထိ အမျိုးသမီး ၃ ယောက် ပါလာတယ်လို့ သိရပါတယ်။
သူတို့တွေမှာ တရားဝင် အထောက်အထားမရှိတာကိုလည်း တွေ့ရတယ်လို့ ရေးထားပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အဆင့်မြင့်အရာရှိတွေ ဖြုတ်ထုတ်ခံရမှုတွေဖြစ်နေပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေက တရုတ်နိုင်ငံရဲ့ ရာထူးအမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီး ကျန့်ယိုရှာနဲ့ တခြားထိပ်တန်း စစ်အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လျူကျင်လီကို ရာထူးက ဖယ်ရှားခဲ့တာတွေတရုတ် ထိပ်ပိုင်းအာဏာပိုင်တွေကြား အခုလိုအားပြိုင်မှုတွေ ဘယ်ကစဖြစ်လာတာလဲ။
ဒီဖြုတ်ချမှုတွေက တရုတ်ရဲ့ စစ်ဆင်ရေးလုပ်ဆောင်နိုင်စွမ်းအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိလာမလဲဆိုတဲ့ မေးခွန်းတွေ ထွက်လာစေခဲ့ပါတယ်။
ထိုင်ဝမ်ကို အင်အားသုံး သိမ်းယူလိုတဲ့ ရည်မှန်းချက်နဲ့ပတ်သက်လို့ဖြစ်ဖြစ် ဒါမှမဟုတ် ဒေသတွင်းမှာ စစ်ရေးအရထိပ်တိုင်ရင်ဆိုင်မှု ကြီးကြီးမားမားတွေရှိလာရင် ဖြစ်ဖြစ် ဒီအခြေအနေက တရုတ်ရဲ့ တိုက်စွမ်းရည်အပေါ် သက်ရောက်မှုတွေရှိနိုင်မှာလားဆိုတဲ့ မေးခွန်းတွေပါ။
အသက် ၇၅ နှစ်ရှိတဲ့ ကျန့်က ဗဟိုစစ်ရေးကော်မရှင် Central Military Commission (CMC) ရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။
CMC ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သမ္မတရှီကျင့်ဖျင် ဦးဆောင်တဲ့ စစ်တပ်အားလုံးကို ထိန်းချုပ်တဲ့ ဗဟိုအဖွဲ့ဖြစ်ပါတယ်။အပြည့်အစုံကို ဒီလင့်နေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်မှာ အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းနဲ့ ဆိုင်ကယ်လုယူခဲ့သူ အမျိုးသား နှစ်ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချလိုက်ပါတယ်။
ဒါ့အပြင် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ်နှစ် ၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ ထောင်ဒဏ်နှစ် ၂၀ ၊ရာဇသတ်ကြီးပုဒ်မ ၃၁၆ အရ ထောင်ဒဏ် ၁၀ နှစ် စုစုပေါင်း ထောင်ဒဏ် အနှစ် ၇၀ ပါ ချမှတ်ခဲ့ပါတယ်။
ရွှေထည်နဲ့ ဆိုင်ကယ်တို့ကို ရောင်းချပြီး သက်သေဖျောက်ဖျက်ခဲ့တဲ့ ကြံရာပါ နောက်ထပ်အမျိုးသား ၃ ယောက်ကိုလည်း ထောင်ဒဏ် ၃ နှစ် ၆ လ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းအုပ်စု၊ မောင်းရမ်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်က နေအိမ်ကထွက်သွားရင်း ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ၊ ရွှေနံ့သာ သားသတ်ရုံမျက်စောင်းထိုး ခြုံတောထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေစျေး တစ်အောင်စဟာ အခုဆို ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅၂၀၀ အထက်ကို ရောက်လာပါတယ်။ တဖက်မှာလည်း ဒါဟာ ၂၀၂၅ ခုနှစ်မှာ ၆၀ ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့တဲ့ရွှေစျေးရဲ့ နောက်တစ်ဆင့် စျေးတစ်ဆစ်ချိုး ဖြစ်လာပါတယ်။
အမေရိကန်နဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)တို့ကြား ဂရင်းလန်းအတွက် တင်းမာမှုကြောင့် ဘဏ္ဍာရေးနဲ့ ပထဝီနိုင်ငံရေး မရေရာမှုတွေဖြစ်နေချိန်မှာ အခုလို စျေးထိုးတက်တာတွေ ဖြစ်လာတာပါ။
ဒီဆောင်းပါး အပြည့်အစုံကို ဒီလင့် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်က အ.ထ.က (၁) ကျောင်းမှာ ၂၀၂၆၊ ဇန်နဝါရီ ၂၇ ရက်က ကျောင်းသား ချင်းရန်ဖြစ်ထိုးကြိတ်ရာကနေ Grade 7 ကျောင်းသား မောင်မိုးသူရိန် သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၂၉ ရက်မှာ ရွှေပြည်သာ၊ ကျူချောင်သုသာန်မှာ သူ့ရဲ့ မီးသဂြိုဟ်စျာပန ပြုလုပ်ခဲ့ပါတယ်။
မိသားစုနဲ့နီးစပ်သူရဲ့ မှတ်ချက်ကတော့ "လက်သီးနဲ့ ထိုးလိုက်တဲ့အရှိန်က လည်စေ့ကိုထိပြီး ခေါင်းထဲသွေးခဲသွားတာ''လို့ပြောပါတယ်။
စစ်တပ်အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ မြို့နယ်တွေထဲက စာသင်ကျောင်းတချို့မှာကျောင်းတွင်းအနိုင်ကျင့်မှုနဲ့ လူသေဆုံးတဲ့အထိ ဖြစ်လာတဲ့ ရန်ပွဲတွေအကြောင်း ဆောင်းပါး အပြည့်အစုံကို ဒီလင့် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
အရေးပေါ် အခြေအနေ ကြေညာခဲ့တဲ့ အမိန့်နဲ့ စစ်အုပ်ချုပ်ရေး အမိန့်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနောက်ထပ်သုံးလသက်တမ်းထပ်တိုးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကထုတ်ခဲ့တဲ့အမိန့်တွေကို ထပ်တိုးတာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး အမိန့်အမှတ် ၁/၂၀၂၅ မှာ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်အောင်လုပ်ဖို့ဆိုပြီး မြို့နယ် ၆၃ ခုကို အရေးပေါ်အခြေအနေ ကြေညာထားတာပါ။
စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၂/၂၀၂၅ မှာတော့ အဲဒီအရေးပေါ်အခြေအနေထဲမှာ ပါဝင်တဲ့ မြို့နယ်တွေနဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေက တိုင်းမှူးတွေက လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရမယ်ဆိုပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အရေးပေါ် အခြေအနေ ကြေညာထားတဲ့ မြို့နယ်တွေထဲမှာ ကချင်က မြို့နယ် ၅ ခု၊ ကယားပြည်နယ်က မြို့နယ် ၃ ခု၊ ကရင်ပြည်နယ်က မြို့နယ် ၂ ခု၊ ချင်းပြည်နယ်က မြို့နယ် ၇ ခု၊ စစ်ကိုင်းတိုင်းက မြို့နယ် ၉ ခု၊ မကွေးတိုင်းက မြို့နယ် ၅ ခု၊ မန္တလေးတိုင်းက မြို့နယ် ၃ ခု၊ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခု၊ ရှမ်းပြည်နယ်က မြို့နယ် ၁၅ ခုတို့ ဖြစ်ပါတယ်။
အဲဒီမြို့နယ်တွေထဲက စစ်ကိုင်းတိုင်း ကောလင်း၊ ဝက်လက်၊ အင်းတော်၊ မကွေးတိုင်းထဲက ပေါက်၊ မြိုင်၊ ဆော စတဲ့ မြို့နယ်တွေအပါအဝင် အရေးပေါ် အခြေအနေ ကြေညာထားတဲ့ မြို့နယ်အများစုမှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဝ တပ်ဖွဲ့ UWSA နဲ့ ကိုးကန့်တပ် MNDAA ၊ အာရက္ခတပ်တော်-AA တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေလည်း ပါဝင်ပါတယ်။
စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ် ကြေညာထားတဲ့ မြို့နယ်တွေကလည်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၆၁ မြို့နယ် ရှိနေပါတယ်။
မင်္ဂလာပါ။ ဇန်နဝါရီ ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။
နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။