ပစ်မှတ်တွေအမှုန့်ဖြစ်သွားမယ်လို့ ပူတင်ပြောတဲ့ စူပါဒုံးကျည်ရှိရေး အားပြိုင်ပွဲ

    • ရေးသားသူ, ဖရန့် ဂါဒနာ
    • ရာထူးတာဝန်, လုံခြုံရေးဆိုင်ရာသတင်းထောက်

ဆောင်းဦးနွေရောင်ကြောင့် ဘေကျင်းမြို့က စစ်ရေးပြကွင်းဟာ တောက်ပနေချိန်မှာပဲ ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) ဒုံးကျည်တွေဟာ ပြောက်ကျားဆေးသုတ်ထားတဲ့ လော်ရီကားကြီးတွေထက်မှာ ကြွားကြွားဝင့်ဝင့်နဲ့ လူထုကို ကျော်ဖြတ်သွားပါတယ်။

၁၁ မီတာ ရှည်ပြီး ၁၅ တန်လေးတဲ့ ထိပ်ချွန်ချွန်ဒုံးကျည်ထိပ်ဖူးးတွေ ဘေးမှာတော့ DF- 17 ဆိုတဲ့စာလုံးကို ကိန်းဂဏန်းရဲ့ရော၊ စာသားနဲ့ပါ ရေးထားတာ မြင်ရပါတယ်။

တရုတ်ဟာ သူ့ရဲ့အသံထက်မြန်နှုန်းမြင့်တဲ့ ဒွန်ဖန် ဒုံးကျည်တွေကို ကမ္ဘာကို ပွဲထုတ်ပြသလိုက်တာပါ။

အဲဒီစစ်ရေးပြပွဲက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တုန်းက ပြုလုပ်တဲ့ အမျိုးသားနေ့ စစ်ရေးပြပွဲပါ။ တရုတ်ဟာ အဲဒီဒုံးကျည်တွေကို ထုတ်နေပြီဆိုတဲ့အကြောင်း အမေရိကန်ဘက်က အစောပိုင်းကတည်းက သတိထားမိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကတည်းက တရုတ်ဟာ ဒီဒုံးကျည်တွေကို ပိုပြီးအဆင့်မြှင့်နိုင်အောင် ပြိုင်လုပ်နေပြန်ပါတယ်။

မြန်နှုန်းနဲ့ သွားနှုန်းတွေကြောင့် ဒီဒုံးကျည်တွေဟာ အသံမြန်နှုန်းထက် ၅ ဆလောက် ပိုခရီးဆန့် နိုင်ပါတယ်။ ဖြုံလောက်စရာ ဒီလက်နက်တွေကြောင့်ပဲ စစ်ပွဲတွေဖြစ်ကြတဲ့ စစ်မက်ရေးရာတွေဟာလည်း ဒီဒုံးကျည်တွေကြောင့် အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်ပဲ ဒီလိုဒုံးကျည်တွေ အပြိုင်ထုတ်နိုင်ရေး ကမ္ဘာ့အဆင့် သူ့ထက်ငါ ကြိုးပမ်းကြတာတွေလည်း ရှိလာပါတယ်။

''ဒါဟာ နိုင်ငံအဆင့်ပါဝင်နေပြီး နိုင်ငံတွေကြားမှာ လက်ရှိပေါ်ထွန်းလာတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ကျယ်ပြန့်တဲ့ပြိုင်ပွဲရဲ့ မြင်ကွင်းထဲက တစ်ခုပဲ ရှိသေးတယ်'' လို့ ဘူမိဗျူဟာ ပညာရှင်များအဖွဲ့ ကောင်စီက အမျိုးသားလုံခြုံရေးသုတေသီ ဝီလီယံ ဖရီယာက ပြောပါတယ်။

''ပြီးတော့ ဒါဟာ စစ်အေးကာလ ပြီးသွားကတည်းက ကျွန်တော်တို့ မမြင်ခဲ့ရတော့တဲ့ ကိစ္စမျိုးလည်း ဖြစ်နေပြန်တယ်''

ရုရှား၊ တရုတ်နဲ့ အမေရိကန် - ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲ

ဘေကျင်းဘက်က အဲဒီဒုံးကျည်တွေကို ပွဲထုတ်ခဲ့တုန်းတော့ အသံထက် မြန်နှုန်းမြင့် ဒုံးကျည်နည်းပညာမှာ တရုတ်က ရှေ့ရောက်နေလို့ ဖြစ်လာနိုင်ခြေရှိတဲ့ခြိမ်းခြောက်မှုတွေကို ခန့်မှန်းကြတဲ့အသံတွေလည်း ထွက်လာပါတယ်။ အခုတော့ အဲဒီလို အလားတူဒုံးကျည်တွေ ထုတ်လာတာက ရုရှားဖြစ်ပါတယ်။

လက်ရှိမှာတော့ အမေရိကန်က အပြိုင်လိုက်နေထိုင်ပြီး ဗြိတိန်ကတော့ မလိုက်နိုင်သေးပါဘူး။

ကာကွယ်ရေးနယ်ပယ်က လုပ်ငန်းကြီးတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနအပြင် တခြားနေရာဆီကနေ ရန်ပုံငွေရရှိမှုနဲ့ လည်ပတ်နေတဲ့ ဘူမိ ဗျူဟာကောင်စီပညာရှင်အဖွဲ့က မစ္စတာ ဖရီယာကတော့ ဒီလိုနည်းပညာမှာ တရုတ်နဲ့ ရုရှားတို့ ရှေ့ပြေးနေတာကတော့ ရိုးရိုးလေး တွေးကြည့်တာနဲ့ သိနိုင်တယ်လို့ ပြောပါတယ်။

''ဟိုး လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာကတည်းက သူတို့က ဒီလို အစီအစဥ်တွေမှာ ငွေကြေးကို မြှုပ်နှံသုံးစွဲဖို့ ဆုံးဖြတ်ခဲ့ကြတာကိုး''

ဒီအတောအတွင်းမှာပဲ အခု ရာစုနှစ်ရဲ့ ပထမဆုံး ဆယ်စုနှစ် နှစ်ခုလောက်မှာ အနောက်နိုင်ငံအများစုဟာ ပြည်တွင်းမှာ ဂျီဟတ်ဝါဒ ခေါင်းထောင်လာတာကို နှိမ်နင်းရတာနဲ့ ပြည်ပက တန်ပြန်သူပုန်ထမှု စစ်ပွဲတွေမှာ ပါဝင်နေရတာတွေကို အာရုံစိုက်ခဲ့ကြရတာပါ။

အဲဒီတုန်းကတော့ ခေတ်မီ ဆန်းပြားတဲ့နည်းပညာရှိထားတဲ့ပြိုင်ဘက် နိုင်ငံနဲ့ ပဋိပက္ခဖြစ်စရာ အကြောင်းမရှိခဲ့ဘူးလို့ မြင်ခဲ့ကြလို့လည်း ဖြစ်နိုင်ပါတယ်။

''ဒီတော့ ထွက်ပေါ်လာတဲ့ရလဒ်က တရုတ်ကို စစ်အင်အားကြီးလာတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ကျွန်တော်တို့ သတိချပ်ဖို့ ပျက်ကွက်ခဲ့တာပေါ့'' လို့ ဆာ အဲလက်စ် ယန်းဂါးက ၂၀၂၀ ပြည့်နှစ်မှာ ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲ တာဝန်ပြီးဆုံးပြီးပြီးချင်းမှာပဲ ပြောပါတယ်။

ဒုံးကျည်တွေ လက်ဝယ်ပိုင်ဆိုင်ရေး သူ့ထက်ငါ စွမ်းအောင် လုပ်တဲ့နေရာမှာ တခြားနိုင်ငံတွေလည်း ကြိုးပမ်းနေကြပါတယ်။ အစ္စရေးဆိုရင် မြား ၃ လို့ နာမည်ရတဲ့ Arrow 3 မြန်နှုန်းမြင့် ဒုံးကျည်ရှိနေပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ ဝင်လာတဲ့ဒုံးကျည်ရန်ကို ကြားဖြတ် ပစ်ချနိုင်ဖို့ပါ။

အီရန်ကလည်း သူ့မှာ မြန်နှုန်းမြင့်ဒုံးကျည်ရှိပြီလို့ ဆိုပါတယ်။ ဇွန်လတုန်းက အစ္စရေးနဲ့ ဖြစ်ခဲ့တဲ့ ၁၂ ရက်ကြာ စစ်ပွဲအတွင်းမှာ အစ္စရေးကို မြန်နှုန်းမြင့် ဒုံးကျည်တစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

(အီရန်ပြောတဲ့ လက်နက်ဟာ တကယ့်မြန်နှုန်းအမြင့်တဲ့ဖြတ်သွားနိုင်ပေမဲ့ ပျံသန်းချိန် အကွေ့အလှည့်ပိုင်းမှာ ထင်သလောက်မဖြစ်နိုင်တာကြောင့် အသံထက်မြန်တဲ့တကယ့်ဒုံးကျည် စစ်စစ်မှန်မှန်လို့ ပြောဖို့ ခက်ပါတယ်)

ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယားကလည်း သူ့နည်းသူ့ဟန်နဲ့ မြန်နှုန်းမြင့် ဒုံးကျည်ကို ၂၀၂၁ ခုနှစ်ကတည်းက စပြီး လုပ်နေပါပြီ။ အလုပ်ဖြစ်သလောက်ရှိနေပြီလို့လည်း ဆိုပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ အခုဆိုရင် အသံထက်မြန်နှုန်းမြင့်တဲ့ဒုံးကျည် နည်းပညာကို စတင် ရင်းနှီးမြှုပ်နှံနေပြီဖြစ်ပါတယ်။ တခြားနိုင်ငံတွေဆိုရင်လည်း ပြင်သစ်တို့၊ ဂျပန်တို့ ပါဝင်လာပြီ ဖြစ်ပါတယ်။

အမေရိကန်ကလည်း သူ့ရဲ့ ဟန့်တားနိုင်စွမ်းကို မြှင့်နေတဲ့ပုံပါ။ အမေရိကန်ဟာ သူ့ရဲ့ ''စွန်ရဲမည်း'' လို့ နာမည်ရတဲ့ Dark Eagle လို့ဆိုတဲ့ မြန်နှုန်းမြင့်လက်နက်ကို ပွဲထုတ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအဆိုရဆိုရင်တော့ ဒီလက်နက်ဟာ ''ကျွန်ုပ်တို့ စစ်တပ်နဲ့ နိုင်ငံတော်ရဲ့ အင်အားနဲ့ သန္နိဌာန်ကို ဖော်ဆောင်ပြရာရောက်သလို ကြည်းတပ်နဲ့ ရေတပ်ရဲ့ အသံထက်မြန်နှုန်းမြင့် လက်နက်စွမ်းရည်ကိုလည်း ထင်ဟပ်ပါတယ်'' လို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ ရုရှားတို့ကတော့ ဒီထက် ရှေ့ရောက်နေပုံပေါ်ပါတယ်။ အကဲခတ်တစ်ချို့ရဲ့အပြောအရဆိုရင်တော့ ဒါကပဲ စိုးရိမ်စရာဖြစ်နေပါတယ်။

မြန်လွန်းလို့ စိတ်မချရ

အသံထက်သာလွန်မြန်နှုန်း(ဟိုက်ပါဆိုးနစ်) ဆိုဟာဟာ Match 5 ဒါမှမဟုတ် အဲဒီထက်မြန်တဲ့နှုန်းတဲ့သွားတာကို ဆိုလိုပါတယ်။ (ဒီပမာဏဟာ အသံရဲ့ မြန်နှုန်း ဒါမှမဟုတ် တစ်နာရီကို အသံသွားနှုန်း ၃,၈၅၈ မိုင်ထက် ၅ ဆ ပိုမြန်တယ်လို့ ဆိုလိုပါတယ်) ဒါကြောင့်ပဲ အသက်ထက်မြန်တယ်ဆိုတဲ့ စူပါဆိုးနစ် ဆိုတဲ့အဆင့်ထက် မြန်တဲ့နှုန်းကို ရောက်သွား စေပါတယ်။

ပြီးတော့ ဒီဒုံးကျည်တွေရဲ့မြန်နှုန်းတွေကြောင့်ပဲ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေဟာ ခြိမ်းခြောက်မှု အဖြစ် ရှုမြင်ကြပါတယ်။

လက်ရှိမှာ အမြန်ဆုံး ပျံသန်းနိုင်တဲ့ ဒုံးကျည်က ရုရှားလုပ် အဗန့်ဂါ ဖြစ်ပါတယ်။ ဒီဒုံးကျည်ဟာ Match 27 အထိ သွားနိုင်ပါတယ်။ တစ်နာရီကို မိုင်ပေါင်း ၂၀,၇၀၀ နှုန်းပါ။ Match 12 အဆင့် မြန်နှုန်းလောက်ပဲ ရှိတယ်လို့ မကြာမကြာပြောနေကြပေမဲ့ အဲဒီနှုန်းတောင် တစ်စက္ကန့်ကို ၂ မိုင်နဲ့ညီမျှတဲ့မြန်နှုန်းဖြစ်နေပါတယ်။

အဖျက်စွမ်းအားကြီးတဲ့အပိုင်းရှိပေမဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေဟာ စူပါဆိုးနစ်နဲ့ တခြားမြန်နှုန်းမြင့် ဒုံးကျည်တွေထက် ထူးထူးခြားခြားကွဲပြားတာ မရှိဘူးလို့ မစ္စတာ ဖရီယာက ပြောပါတယ်။

''ခြေယာခံ နောက်ယောင်ခံလိုက်ဖို့ ခက်တယ်။ ကြားဖြတ်ဟန့်တားဖို့ ခက်တယ်။ ဒါကပဲ သူတို့ရဲ့ ထူးခြားချက်ဖြစ်နေတယ်''

ဟိုက်ပါဆိုးနစ်ဒုံးကျည် ၂ မျိုးရှိပါတယ်။ တစ်မျိုးက တရုတ်က ထုတ်ပြခဲ့တဲ့ DF-17 လို ဒုံးပျံတွေမှာ တပ်ဆင်ပြီး လမ်းကြောင်းတစ်လျောက် မြန်နှုန်းမြင့် ပျံသန်းနိုင်အောင် လုပ်ထားတဲ့ဒုံးကျည်မျိုးဖြစ်ပါတယ်။ ဒီဒုံးကျည်တွေဟာ တစ်ခါတလေမှာ ကမ္ဘာ့လေထု အပေါ်ပိုင်းကနေ သွားလေ့ရှိပြီး ခပ်မြန်မြန်နှုန်းနဲ့ ပြန်ကျပါတယ်။

ပျံတက်ပြီး ဘယ်လောက်ဆို ပြန်ကျနိုင်မယ့်နေရာကို ခန့်မှန်းနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်အများစုနဲ့ မတူညီတာက ဟိုက်ပါဆိုးနစ်မြန်နှုန်းမြှင့်ဒုံးတွေဟာ ခန့်မှန်းရခက်ပြီး ပစ်မှတ်ကို ရောက်တော့မယ့် အဆင့်မှာ ပရိယာယ်ကြွယ်ကြွယ် ချိုးကွေ့ပျံသန်းနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ ဟိုက်ပါဆိုးနစ် ပဲ့ထိန်းဒုံးကျည်တွေပါ။ ခပ်နိမ့်နိမ့် ပျံသန်းပြီး ရေဒါနဲ့ ဖမ်းလို့ မမိအောင် ခပ်လျှိုလျှိုပျံသန်းပါတယ်။

စတင် လွှတ်တင်တဲ့ပုံစံကတော့ အတူတူပါပဲ။ မြန်နှုန်းမြှင့်ဖို့ ဒုံးကျည်မြန်နှုန်းမြင့်အပိုင်းနဲ့ အထောက်အကူ ယူပါတယ်။ ဟိုက်ပါဆိုးနစ် အလျင်ကို ရောက်တဲ့အခါမှာ ''scramjet engine'' လို့ ခေါ်တဲ့ အင်ဂျင်စက်အပိုင်းကို လေထုထဲ ပျံသန်းနေတုန်းမှာပဲ ဖွင့်ပါတယ်။ အဲဒီနောက် ဒုံးကျည်ဟာ ပစ်မှတ်ကို ရောက်အောင် သွားပါတယ်။

ဒီဒုံးကျည်တွေကို နှစ်မျိုးသုံး လက်နက်တွေလို့လည်း သိကြပါတယ်။ ဒုံးကျည်ထိပ်ဖူးကို နျူကလီးယား ဒါမှမဟုတ် ပုံမှန်သုံးနေကျ ဖောက်ခွဲအားမြှင့်ကျည်ထိပ်ဖူး တပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလက်နက်တွေဟာ မြန်နှုန်းတစ်ခုတည်းဆိုတာနဲ့လည်း ပိုပါတယ်။

စစ်ဘက်ဆိုင်ရာအသုံးအနှုန်းအရ ဟိုက်ပါဆိုးနစ် ဒုံးကျည် စစ်စစ်ဆိုရင် အဲဒီဒုံးကျည်ဟာ ချိုးကွေ့ပျံသန်းနိုင်စွမ်းလည်း ရှိရပါတယ်။ ဆိုလိုတာကတော့ အဲဒီဒုံးကျည်ကို ပစ်လိုက်တဲ့ စစ်တပ်ဟာ ဒီဒုံးကျည် ပျံသန်းနေချိန် လမ်းခရီးမှာတင် ဒုံးကျည်လမ်းကြောင်းကို ရုတ်တရက်ပြောင်းနိုင်တာမျိုးလုပ်နိုင်ဖို့ လိုပါတယ်။

ဒီလိုဆိုရင် ကြားဖြတ်ဟန့်တားဖို့ အတော့်ကို ခက်ခဲမှာပါ။ အမြန်နှုန်းမြင့်မြင့် ဖြတ်သန်းသွားတဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေကို ဖြတ်သန်းလာချိန်မှာ မြေပြင်မှာ တပ်ထားတဲ့ရေဒါတွေဟာ ထောက်လှမ်းဖို့ရာ မဖြစ်နိုင်ပါဘူး။

''ရေဒါစနစ်အောက်ကနေ ပျံသန်းသွားတာကြောင့် ခပ်စောစော ထောက်လှမ်းနိုင်မှုကို ကျော်လွှားနိုင်တယ်။ ဒုံကျည်တွေဟာ အစောပိုင်း ပျံသန်းနေတဲ့အဆင့်မှာပဲ အာရုံခံစက်တွေမှာ ပေါ်တာမျိုးပဲ ဖြစ်နိုင်ပါတယ်။ ဒီတော့ ကြားဖြတ်ဟန့်တားဖို့ အခွင့်အလမ်း နည်းသွားတယ်လို့ ဝါရှင်တန် ဒီစီမြို့အခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာန (CSIS) က ဒုံးကျည်ကာကွယ်ရေး သုတေသနဌာန ပူးတွဲသုတေသီ ပက်ထရစ်ရှာ ဘာဇယ်စစ် က ပြောပါတယ်။

ဒီအတွက်အဖြေက အနောက်ကမ္ဘာရဲ့ အာကာသအခြေစိုက် အာရုံခံစက်တွေကို တိုးမြှင့်မှပဲ ဖြစ်နိုင်မယ်လို့ သူ မှတ်ယူပါတယ်။ ဒါမှပဲ မြေပြင်က ရေဒါစနစ်တွေရဲ့ အကန့်အသတ်တွေကို ကျော်လွှားနိုင်မယ်လို့ သူ ထင်ပါတယ်။

တကယ့်စစ်ပွဲအခြေအနေတစ်ခုမှာ နိုင်ငံတစ်နိုင်ငံ ပစ်မှတ်ထားခံရတဲ့အခါ ကြုံလာရနိုင်တဲ့ မေးခွန်းက ဒါဟာ နျူကလီးယားတိုက်ခိုက်မှုလား ဒါမှမဟုတ် ပုံမှန်တိုက်ရိုးတိုက်စဥ်လား ဆိုတာပါ။

''သာလွန်မြန်နှုန်းမြင့် ဒုံးကျည်တွေကို စစ်ရေးစစ်ရာမှာ အသုံးပြုနေပုံ အများကြီး မပြောင်းလဲသေးပါဘူး'' လို့ လေကြောင်းရန်စစ်ပွဲ တန်ပြန်ရေးဆိုင်ရာပညာရှင်လည်းဖြစ်၊ ဗြိတိသျှတော်ဝင်ရေတပ် တပ်မှူးဟောင်းလည်းဖြစ်တဲ့ တွန် ရှာ့ပ်က ပြောပါတယ်။

''(သင်္ဘောတွေလို) ရွေ့လျားနေတဲ့ပစ်မှတ်ကို ချိန်ရွယ် ပစ်ခတ် ထောက်လှမ်းပြီး နောက်ဆုံး ပစ်မှတ်ကို ထိမှန်အောင်လုပ်တဲ့နေရာမှာ ပဲ့ထိန်းဒုံးကျည်ပဲဖြစ်ဖြစ်၊ အသံထက် အလွန်မြန်တဲ့ ဒုံးကျည်ပဲဖြစ်ဖြစ်၊ အရင်သုံးနေကျ ဒုံးကျည်တွေကို သုံးပုံသုံးနည်းနဲ့ မကွဲပြားသေးပါဘူး''

''အလားတူပဲ ခုခံတဲ့သူဘက်ကလည်း ဝင်လာတဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေကို အရင်တုန်းကလိုပဲ ထောက်လှမ်း၊ ကြားဖြတ်၊ ဖျက်ဆီးတာမျိုး လုပ်ရမှာပါပဲ။ တစ်ခုပိုသွားတာက အရင်ကထက် အချိန်ပိုလုပြီး လုပ်ရမှာမျိုးပေါ့''

ဒီနည်းပညာနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဘက်က စိုးရိမ်စိတ်ချက်အရိပ်အယောင်တွေ တွေ့လာရပါတယ်။

အမေရိကန် ကွန်ကရက််လွှတ်တော် သုတေသနဌာနက အခုနှစ် ဖေဖော်ဝါရီလမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့အစီရင်ခံစာ တစ်စောင်မှာဆိုရင် ''ဟိုက်ပါဆိုးနစ် လက်နက်တွေကို ထောက်လှမ်းဖို့နဲ့ လမ်းကြောင်းကို သိအောင်လုပ်ဖို့ဆိုရင် လက်ရှိ ရှိရင်းစွဲ အာကာသထဲက အာရုံခံစနစ်တွေနဲ့ မြေပြင် ရေဒါစနစ်တွေ နှစ်ခုစလုံးဟာ မလုံလောက်ဘူးဆိုတာကို မေရိကန် ကာကွယ်ရေးအရာရှိတွေက လက်ခံထားကြပါတယ်'' လို့ ဖော်ပြပါတယ်။

အကဲခတ်တချို့ကတော့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေနဲ့ပတ်သက်ပြီး ပြောနေဆိုနေကြတာတွေဟာ ရှိရင်းစွဲ စွမ်းဆောင်ရည်ထက်ပိုပြီး ပြောနေကြတာလို့ သုံးသပ်ကြပါတယ်။

ရှိရင်းစွဲ စွမ်းရည်ထက် ကျော်လွန်ပြောနေကြတာလား

ကာကွယ်ရေးဆိုင်ရာ တတ်သိပညာရှင်များအဖွဲ့ဖြစ်တဲ့ Royal United Services Institute က ဒေါက်တာ ဆစ်ဟာ့ ခူရှယ်ကတော့ ဒီဒုံးကျည်တွေဟာ အပြောင်းအလဲကြီးကြီးမားမားဖြစ်စေလိမ့်မယ်လို့ မယူဆကြသူတွေထဲက တစ်ဦးပါ။

''မြန်နှုန်းနဲ့ ချိုးကွေ့နိုင်စွမ်းအရဆိုရင်တော့ တကယ့်အရေးကြီးတဲ့ပစ်မှတ်တွေကို ပစ်ဖို့၊ မြေပြင်ကို ကျည်ကျသွားတဲ့အခါမှာဖြစ်တဲ့အရှိန်ကြောင့် မြေအောက် ပစ်မှတ်တွေအတွက် သုံးမယ်ဆိုရင်တော့ ဒီဒုံးကျည်တွေက မျက်စိကျစရာပေါ့''

ဒါပေမဲ့ ဒီဒုံးကျည်တွေဟာ အသံထက် ၅ ဆအထိ မြန်တဲ့နှုန်းထက် သွားနေချိန်မှာ ဒုံးကျည်တွေရန်ကို ကာကွယ်ဖို့ လုပ်နိုင်တဲ့အစီအမံတချို့ရှိနေပြီး အဲဒီအစီအမံတွေဟာ ထိရောက်မှုလည်း ရှိတယ်လို့ မစ္စတာ ရှာ့ပ်က ပြောပါတယ်။

ပထမဆုံးလုပ်နိုင်တာက ထောက်လှမ်း ခြေရာကောက်တဲ့အပိုင်းကို ခက်သွားအောင် လုပ်ဆောင်ရင်ရပြီလို့ သူကပြောပါတယ်။ ''သင်္ဘောတွေဆိုရင် သူတို့ တည်နေရာကို ဖုံးကွယ်ဖို့ရာ အကွာအဝေးခပ်ရှည်ရှည်အထိ ခုတ်မောင်းနိုင်တယ်''

''ပစ်မှတ်ထားခံရတဲ့အခါမှာ လွဲချော်သွားအောင် လုပ်ဖို့ဆိုရင် ပုံမှန်သုံးနေကျ စီးပွားရေးလုပ်ငန်းသုံးဂြိုဟ်တုကနေ တကယ့်အချိန်နဲ့ မိနစ်အနည်းငယ်ဟပြီးမှ ရိုက်ထားတဲ့ ဂြိုဟ်တုဓာတ်ပုံ တစ်ခုပဲ လိုမယ်''

''ပစ်မှတ်အတွက် ဂြိုဟ်တုသုံးပြီး ပစ်မှတ်ကို တိတိကျကျ တည်တာမျိုးက တကယ်တော့ သုံးမယ်ဆိုရင် ခက်လည်းခက်တယ်၊ စျေးလည်းကြီးတယ်''

ဒါပေမဲ့ ဉာဏ်ရည်တုနည်းပညာ(အေအိုင်)နဲ့ တခြားပေါ်ထွန်းလာတဲ့နည်းပညာတွေဟာ တဖြည်းဖြည်းနဲ့ ဒီအခက်အခဲကို လွယ်ကူသွားစေတာမျိုးဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

ရုရှားခြိမ်းခြောက်မှုကို သတိချပ်ခြင်း

ဒီလိုလက်နက်တွေကိစ္စအကြောင်း ပြောကြတဲ့အခါမှာ ရုရှားနဲ့ တရုတ်တို့အကြောင်း မပါမဖြစ်ကတော့ ပကတိအရှိတရားဖြစ်နေပါတယ်။ ''တရုတ် ဟိုက်ပါဆိုးနစ် (ဒုံးကျည်)အစီအစဥ်တွေဟာ ... ကျွန်တော့်အတွက်တော့ အထင်ကြီးစရာကောင်းသလို၊ စိုးရိမ်ဖို့လည်းကောင်းတယ်'' လို့ မစ္စတာ ဖရီယာက ပြောပါတယ်။

ဒါပေမဲ့ သူက '' ဒီနေရာမှာ ရုရှားအကြောင်းပြောရင် သူတို့လုပ်ထားနိုင်ပြီလို့ပြောထားမျိုးကို ကျွန်တော်တို့ သတိချပ်ဖို့တော့ လိုမယ်''

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ရုရှားဟာ တာလတ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ယူကရိန်းနိုင်ငံ၊ ဒန်နိပရိုမြို့ထဲက စက်မှုဇုန်တစ်ခုထဲကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

အဲဒီဒုံးကျည်ဟာ ယူကရိန်းအပြောအရဆိုရင် အသံထက်မြန်တဲ့အလျင် Match 11 (တစ်နာရီကို ၈,၄၃၉ မိုင်နှုန်း)နဲ့ ဖြတ်သွားခဲ့တယ်လို့ဆိုပြီး ''အာရီယက်ရှ်ခင်'' လို့ နာမည် ပေးခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ အဲဒီဒုံးကျည်ဟာ အမြန်နှုန်း Mach 10 ရှိတယ်လို့ ဆိုပါတယ်။

ဒုံးကျည်ထိပ်ဖူးဟာ မြေပြင်ကို ကျဖို့ဆင်းလာချိန်မှာ သီးခြားကျည်ဖူးတွေအဖြစ် အပိုင်းလိုက်ခွဲဖြာထွက်သွားအောင် လုပ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ တကယ်တော့ ဒီနည်းဟာ စစ်အေးကာလကတည်းက ရှိခဲ့တာပါ။

အဲဒီဒုံးကျည် ကျည်ဖူးကျရောက်ပေါက်ကွဲသံကို ကြားခဲ့ရသူတစ်ဦးကတော့ အသံအကျယ်ကြီး မဟုတ်ပေမဲ့ ကျရောက်ပေါက်ကွဲတဲ့နေရာအတော်များများတော့ ရှိခဲ့တယ်လို့ ပြောပါတယ်။ ကျည်ဖူး ၆ ခုဟာ ပစ်မှတ်တွေဆီ ခွဲထွက်ပြီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်လို့ ပျက်စီးမှုဟာ ရုရှားက ယူကရိန်းမြို့ကြီးတွေကို ညစဥ်တိုက်နေတဲ့ ဗုံးကြဲမှုတွေလောက် မသိသာလှဘူးလို့ ဆိုပါတယ်​။

ဥရောပမှာတော့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ဝင် (နေတိုး) အဖွဲ့ဝင်နိုင်ငံတွေရဲ့ တအုံနွေးနွေး ပူနေရတဲ့ ခြိမ်းခြောက်မှုဟာ ရုရှားဒုံးကျည်တွေကနေ လာပါတယ်။ ဘာကြောင့်လဲဆိုရင် ရုရှားဟာ သူ့ဒုံးကျည်တချို့ကို ဘောလ်တစ်ကမ်းခြေ ကာလင်နင်ဂရက်မြို့မှာ ဖြန့်ကြက်ထားတာကြောင့်ဖြစ်ပါတယ်။

တကယ်လို့ ပူတင်က ကိယက်ဗ်ကို Oreshnik နဲ့ တိုက်ဖို့အမိန့်ပေးခဲ့မယ်ဆိုရင် အခုတစ်ကြိမ်ဟာ ဒီဒုံးကျည်ကို ပိုပြီးဖောက်ခွဲအားပြင်းအောင်လုပ်လိမ့်မှာပါလား။

ရုရှားခေါင်းဆောင် ပူတင်ကတော့ ဒီဒုံးကျည်ကို များများထုတ်မယ်လို့ပြောသလို ထုတ်လည်းထုတ်နိုင်တယ်လို့ ဆိုပါတယ်။ ပစ်မှတ်တွေကို ''အမှုန့်ဖြစ်အောင်'' ပြောင်းမယ်လို့ သူက ပြောပါတယ်။

ရုရှားမှာ အသံထက်မြန်နှုန်းမြင့်တဲ့နှုန်းနဲ့ ပျံသန်းနိုင်တဲ့ တခြားဒုံးကျည်တွေ ရှိနေပါသေးတယ်။

ပူတင်ကတော့ သူ့ လေတပ်ရဲ့ ကင်ဇယ် ဒုံးကျည်တွေဟာ မြန်မြန်ပျံသန်းနိုင်ပြီး ကြားဖြတ်ဟန့်တားဖို့ ခက်တယ်လို့ပြောပါတယ်။ အဲဒီလိုပြောပြီးကတည်းက ယူကရိန်းကို အဲဒီဒုံးကျည်အတော်များများနဲ့ ပစ်လွှတ်နေတုန်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဒုံးကျည်တွေဟာ ဟိုက်ပါဆိုးနစ် မဖြစ်သလို အများစုဟာ ဖျက်ချခံရပါတယ်။

အနောက်ကမ္ဘာအတွက် စိုးရိမ်ချက်က ရုရှားရဲ့ အလွန်မြန်၊ အချိုးအကွေ့လည်း သန်တဲ့ အဗန်းဂါ့ ဒုံးကျည်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက အခမ်းအနားတစ်ခုမှာ ဒီဒုံးကျည်ကို တခြား စူပါ လက်နက်တွေလို့ ပူတင်ရည်ညွှန်းခဲ့တဲ့ဒုံးကျည်တွေနဲ့အတူ ပွဲထုတ်ခဲ့ပါတယ်။

ဒေါက်တာ ဆစ်ဟာ့ ခူရှယ်ကတော့ အဲဒီဒုံးကျည်ရဲ့ မူလရည်ရွယ်ချက်ဟာ ''အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်ဖို့'' ဖြစ်နိုင်တယ်လို့ ကောက်ချက်ချပါတယ်။

''နိုင်ငံ့တပ်ကို လက်နက်တပ်ဆင်ပေးတဲ့ ရုရှားအစီအစဥ်တွေအရ ကြည့်ရင် အဗန်းဂါ့လို ဒုံးကျည်တွေကို ထုတ်လုပ်နိုင်စွမ်းဟာ အကန့်အသတ်ရှိနေပြန်တယ်'' လို့ သူက ပြောပါတယ်။

ပစိဖိတ်သမုဒ္ဒရာ နောက်ခြမ်းမှာတော့ ဗျူဟာမြောက် နေရာရရှိရေးဟာ အမေရိကန်နဲ့ တရုတ်တို့ကြား အရှိန်ရနေပါတယ်။ တရုတ်ရဲ့ ပဲ့ထိန်းဒုံးကျည်တိုက် ကြီးလာတာဟာ တောင်တရုတ်ပင်လယ်ပြင်နဲ့ အဲဒီကိုကျော်လွန်တဲ့နေရာတွေမှာ အမေရိကန် ရေတပ် ဖြန့်ကြပ်မှုကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်ခံထားရပါတယ်။

တရုတ်မှာ ကမ္ဘာမှာ အင်အားအပြင်းဆုံး ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေကို ပိုင်ထားပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတုန်းက တရုတ်ဟာ သူ့ရဲ့နောက်ဆုံးပေါ် လည်းဖြစ်၊ အသံထက်မြန်တဲ့နှုန်းထက် လက်နက်တင်ဆောင်ပျံသန်းနိုင်တဲ့ဒုံးကျည် GDF-600 ကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဲဒီဒုံးကျည်ဟာ ပေါက်ကွဲအား ခဲယမ်း အလေးချိန် ၁,၂၀၀ ကီလိုဂရမ်အထိ တင်နိုင်ပြီး တစ်နာရီကို ၅,၃၇၀ မိုင်အထိပျံသန်းနိုင်ပါတယ်။

အမီလိုက်နေတဲ့ ဗြိတိန်

ဗြိတိန်ဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲမှာပါနေပေမဲ့ ဒီလိုဒုံးကျည်လက်နက်ရရှိရေး သူ့ထက်ငါ အပြိုင်ကြဲကြတဲ့ပြိုင်ပွဲမှာ ဗြိတိန်က နောက်ကျန်ရစ်ပါတယ်။ နှောင်းပေမဲ့ အမီလိုက်နိုင်အောင်ကြိုးပမ်းလို့ အခုလိုအပြိုင်ကြဲနေတဲ့ပွဲထဲ ဗြိတိန်လည်း ပါဝင်လာပါတယ်၊

ဧပြီလတုန်းကတော့ ဗြိတိန်သိပ္ပံပညာရှင်တွေဟာ ကြီးကြီးမားမားစမ်းသပ်မှု အစီအစဥ်တစ်ခုကို အောင်အောင်မြင်မြင်လုပ်နိုင်ပြီဖြစ်လို့ သမိုင်းဝင် အခိုက်အတန့်ဖြစ်ခဲ့ပြီလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးသိပ္ပံနဲ့ နည်းပညာဓာတ်ခွဲခန်းဌာနက ကြေညာပါတယ်။

တွန်းကန်အားဆိုင်ရာစမ်းသပ်မှု ရလဒ်ဟာ ဗြိတိန်အစိုးရ၊ သက်ဆိုင်ရာနယ်ပယ်နဲ့ အမေရိကန်အစိုးရတို့ကြား သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်ပါတယ်။ အဲဒီနောက် သီတင်း ခြောက်ပတ်အတွင်းမှာ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်က နာဆာ လန်လေ သုတေသနဌာနဟာ 'အောင်မြင်တဲ့စမ်းသပ်ပစ်လွှတ်မှု' အကြိမ်ပေါင်း ၂၃၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန် ဟေလီကတော့ ဒါကို သမိုင်းဝင်အခိုက်အတန့်လို့ ခေါ်ပါတယ်။ဒါပေမဲ့ ဒီစမ်းသပ်မှုကနေ လက်အဖြစ် အသင့်ဖြစ်နိုင်ဖို့ဆိုရင် နှစ်ပေါင်းများစွာ ကြာဦးမှာဖြစ်ပါတယ်။

အသံထက်မြန်နှုန်းမြင့်တဲ့ဒုံးကျည်တွေ ဖန်တီးတာအပြင် အနောက်ကမ္ဘာဟာ အဲဒီဒုံးကျည်တွေရဲ့ ရန်ကို ကာကွယ်နိုင်မယ့်နည်းနာတွေကိုလည်း ခိုင်ခိုင်မာမာလုပ်သင့်တယ်လို့ မစ္စတာ ဖရီယာက အကြံပြုပါတယ်။

''ဒုံးကျည်တွေ အပြန်အလှန် ပစ်ကြခတ်ကြတာမျိုးဖြစ်လာပြီဆိုရင် ဒင်္ဂါးပြားတစ်ပြားရဲ့ ခေါင်းနဲ့ ပန်းလိုပဲ ဖြစ်သွားမှာ။ ရန်သူရဲ့ ဒုံးပစ်လွှတ်စင်တွေရှိရာနောက်ကို ခြေရာကောက် ပစ်မှတ်ထားဖို့ လုပ်နေချိန်မှာ ဒီဒုံးကျည်တွေကြောင့်ဖြစ်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုအတိုင်းအဆကိုလည်း အကန့်အသတ်ဖြစ်အောင်လုပ်ဖို့လိုပါမယ် ''

''ဒီလိုနှစ်ဖက်စလုံးမှာ အသင့်ဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်နိုင်မယ်၊ တန်ပြန်တိုက်ခိုက်တာလည်း လုပ်နိုင်မယ်။ ... ဒီလိုဆိုရင် တစ်ဖက်က ပဋိပက္ခဖြစ်အောင် စလုပ်တာမျိုးလို ကြိုးပမ်းမှု နည်းသွားနိုင်မယ်''

ဒါပေမဲ့ တွန် ရှာ့ပ်ကတော့ လက်ရှိအခိုက်အတန့်မှာ အားလုံးစိုးရိမ်သင့်တာကို ထောက်ပြပါတယ်။

''အသံထက်မြန်နှုန်းမြင့်တဲ့ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေအကြောင်းပြောကြရင် ဒီညီမျှခြင်း မျှခြေရဖို့ ခက်နေသလို ဘယ်ဘက်ကမှ ခြောက်ပစ်ကင်းတဲ့အခြေအနေ မရောက်သေးဘူး။