ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယား -နျူကလီးယားလက်နက်တွေတင်ဆောင်ပစ်လွှတ်နိုင်တဲ့ရေငုပ်သင်္ဘောသစ်
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်း ဟာ နျူကလီးယားလက်နက်တွေတင်ဆောင်ပစ်လွှတ်နိုင်တဲ့ ရေငုပ်သင်္ဘောသစ်ရေချတဲ့အခမ်းအနားကိုစက်တင်ဘာ ၆ ရက်မှာကျင်းပခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်မြင်သံကြားကတော့ အခုရေငုပ်သင်္ဘောသစ်ဟာ နိုင်ငံရဲ့ နျူကလီးယား အဟန့်အတားစနစ်ကို အရှိန်အဟုန်နဲ့ အားဖြည့်ပေးလိုက်တယ်လို့ပြောပါတယ်။
ရေငုပ်သင်္ဘောသစ်ကို မြောက်ကိုရီးယားရေတပ်အရာရှိလည်းဖြစ် သမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်တဲ့သူရဲကောင်းကင်ကွန်အွတ် (Hero Kim Kun Ok) ရဲ့ နာမည်ကိုပေးထားပါတယ်။
နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောဟာ မြောက်ကိုရီးယားက တည်ဆောက်ချင်နေခဲ့တဲ့ လက်နက်စာရင်းထဲ ပါဝင်နေတာ ကြာမြင့်နေပါပြီ။
နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်တဲ့ဓာတ်ပုံတွေထဲမှာတော့ မစ္စတာကင်ဟာ အလွန်ကြီးမားတဲ့အနက်ရောင် ရေငုပ်သင်္ဘောကြီးအနားမှာရပ်နေပြီး ရေတပ်အရာရှိတွေက သူ့ကိုဝန်းရံထားပါတယ်။
အခု ရေငုပ်သင်္ဘောဟာ ရေတပ်ရဲ့ ရေအောက်စစ်ဆင်ရေးတွေမှာ အဓိကကျမှာ ဖြစ်တယ်လို မစ္စတာကင်က ပြောပါတယ်။ ဒါပေမဲ့ ရေငုပ်သင်္ဘော ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုတဲ့ အပေါ်မှာတော့ သံသယရှိသူတွေလည်းရှိနေပါတယ်။
ရေငုပ်သင်္ဘောဟာ ဆိုဗီယက်ခေတ်က ရိုမီယို ဆိုတဲ့မော်ဒယ်အမျိုးအစားဖြစ်ပြီး ၂၀၁၉ ခုနှစ် က မစ္စတာကင်က စစ်ဆေးကြည့်ရှုခဲ့တဲ့သင်္ဘောနဲ့ အမျိုးအစားတူဖြစ်ပါတယ်။ ဒါပေမဲ့ဒီသင်္ဘောကတော့ နျူကလီးယားလက်နက်တွေသယ်ဆောင်နိုင်ဖို့ အထိ ပြုပြင်မွမ်းမံထားတာဖြစ်ပါတယ်။
နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာနက သုတေသီ ဂျိုးဇက်ဒန့်ပ်ဆေးကတော့ “ရေငုပ်သင်္ဘောတစ်စီးအနေနဲ့ သူ့မှာအခြေခံကျတဲ့အကန့်အသတ်တွေနဲ့ အားနည်းချက်တွေတော့ ရှိနေတယ်” လို့ နျူကလီးယားလက်နက်တွေပစ်လွှတ်နိုင်တယ်ဆိုတဲ့ ရေငုပ်သင်္ဘောရဲ့စွမ်းဆောင်ရည်ကို မှတ်ချက်ပြုပြောပါတယ်။
အမေရိကန်အစိုးရ လက်နက်ကျွမ်းကျင်သူဖြစ်ခဲ့တဲ့ဗန်းဗန်ဒိုင်ပန်ကတော့ ရေငုပ်သင်္ဘောဟာ ဆူညံလွန်းတာ၊ နှေးကွေးတာနဲ့ သွားရောက်နိုင်တဲ့အကွာအဝေးကန့်သတ်ချက်တွေ ရှိတယ်လို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။
ဒီရေငုပ်သင်္ဘောက အသုံးပြုဖို့အသင့်ဖြစ်ပြီလားဆိုတာမသိနိုင်သေးပါဘူး။ တခါ မြောက်ကိုရီးယားဟာ နျူကလီးယား ဒုံးကျည်တွေကို အောင်မြင်စွာပစ်လွှတ်နိုင်တာမျိုးသက်သေပြနိုင်တာမရှိသေးပါဘူး။
ရေငုပ်သင်္ဘောဟာ ဒေသတွင်းပစ်မှတ်တွေမှာသုံးနိုင်တဲ့ တာတိုပစ်မစ်ဆိုင်းဒုံးတွေကို သယ်ဆောင်နိုင်တဲ့ ရေယာဥ်ပုံစံဆောက်လုပ်ထားတယ်လို့ ယူဆရပါတယ်။
တောင်ကိုရီးယားဘက်ကတော့ မြောက်ကိုရီးယားရဲ့ ဒီအခမ်းအနားကို ရှုတ်ချထားပြီး ရေငုပ်သင်္ဘော ရဲ့ စွမ်းဆောင်ရည်တွေကို မေးခွန်းထုတ်သလို မြောက်ကိုရီးယားက ချဲ့ကားနေတာလို့ ပြောထားပါတယ်။
ဂျပန်ကလည်း ဒီမြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘော ကို ရတက်မအေးကြောင်းဖော်ပြပြီး ဂျပန်အစိုးရ အတွင်းဝန်ချုပ် ဟီရိုကာဇူမက်ဆူနို ကတော့ “ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးကို အရင်ကထက် ပိုပြီးခြိမ်းခြောက်မှုရှိလာတယ် ”လို့ ရိုက်တာသတင်းကို ပြောပါတယ်။
ကင်ဂျုံအွန်အစိုးရကတော့ ဒီရေငုပ်သင်္ဘောဖြစ်လာဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ခဲ့ရပြီး ဒါကို နျူကလီးယားလက်နက် အစီအစဉ်ရဲ့ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားတာပါ။
ရေငုပ်သင်္ဘောတွေကို ရေအောက်မှာ ရှာဖွေနိုင်ဖို့က ခက်ခဲပါတယ်။ ဒါကြောင့် ဒီလို ရေငုပ်သင်္ဘောတစ်စီးရှိနေတာက ပြုံးယမ်းအတွက်တော့ ပင်လယ်ပြင်က လာမယ့်ရန်သူတွေကို တိုက်ခိုက်နိုင်စွမ်းရှိစေပါတယ်။ တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်နဲ့ ခရုစ်ဒုံးကျည်တွေ စမ်းသပ်မှုတွေကို ပုံမှန်လုပ်လာနေပါတယ်။ ၂၀၂၂ အတွင်းမှာဆို စမ်းသပ်မှုတွေ ပိုတောင် များလာပါတယ်။
ရေငုပ်သင်္ဘော ရေချတဲ့အခမ်းအနားဟာ မြောက်ကိုရီးယားတည်ထောင်ခြင်း ၇၅ နှစ်မြောက်မတိုင်မီ ရက်ပိုင်းအလိုမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားရဲ့ ကြေညာချက်အရဆိုရင် ဒီ ၇၅ နှစ်မြောက်အခမ်းအနားတွေမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မယ်လို့ ပြောပါတယ်။
တခါ ကင်ဂျုံအွန်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံဖို့ အခုလအတွင်း ရုရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာလည်း ဒီရေချအခမ်းအနားဖြစ်လာတာပါ။
ဒီခရီးစဥ်ကနေ အပေးအယူသဘောအနေနဲ့ မော်စကိုရဲ့ အဆင့်မြင့်လက်နက်နည်းပညာကို မြောက်ကိုရီးယားက ရယူလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။