ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမ္မတရွေးပွဲမှာ ဘယ်လိုအားပြိုင်မှုတွေရှိလာနိုင်မလဲ
၂၉၅ ဆိုတဲ့ မဲရလဒ်တစ်ခုကို အခြေပြုပြီး အာဏာသိမ်းကာလအလွန် အကြီးဆုံးအာဏာလွန်ဆွဲပွဲတစ်ခုကို မကြာခင်တွေ့ကြရဖို့ရှိပါတယ်။
ဟန်ပြလို့အပြောခံရတဲ့ရွေးကောက်ပွဲအလွန် သမ္မတရွေးပွဲမှာ အနည်းဆုံး ပြည်ထောင်စုလွှတ်တော်အမတ် ၂၉၅ ဦးက မဲပေးတင်မြှောက်သူက သမ္မတဖြစ်လာမှာပါ။
ဒါကြောင့် အမတ်ထိုင်ခုံ ၂၆၅ ခုအထိရှိနေတဲ့ ပြည်သူ့လွှတ်တော်က အဓိကအဆုံးအဖြတ် ဖြစ်လာမှာပါ။
ပြည်သူ့လွှတ်တော်အမတ်နေရာ ၃၃၀ ရှိပေမယ့် မကျင်းပဖြစ်တဲ့နေရာတွေကြောင့် အခုရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်အမတ် ၂၆၅ ယောက်အထိပဲ လွှတ်တော်ထဲကို ရောက်လာကြမှာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်မှာက ၁၅၇ အထိရောက်လာမှာဖြစ်ပြီး တပ်က မလျော့တန်း ရထားမယ့်အရေအတွက် ၁၆၆ ဦးနဲ့ ပြည်ထောင်စုလွှတ်တော်မှာစောင့်နေမှာပါ။
ဒါကြောင့် စုစုပေါင်း အမတ်ထိုင်ခုံ ၅၈၈ ခုံရှိမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ တစ်ဝက်ကျော်အရေအတွက် ၂၉၅ မဲရသူ သမ္မတဖြစ်လာမှာပါ။
သင်္ချာနည်းအရပြောရရင် ပြည်သူ့လွှတ်တော်ကတင်တဲ့ ဒုသမ္မတဟာ သမ္မတဖြစ်ဖို့ နောက်ထပ်မဲ ၃၀ ပဲရှာဖွေရမှာဖြစ်ပေမဲ့ လက်တွေ့မှာတော့ လွှတ်တော်အတွင်း မဟာမိတ်စုဖွဲ့မှုတွေနဲ့ တပ်က ဘယ်သူ့ကိုသမ္မတတင်ချင်လဲဆိုတဲ့အချက်တွေက အရေးကြီးပြန်ပါတယ်။
ဆိုတော့ ပြည်သူ့လွှတ်တော်က တင်တဲ့ သမ္မတလောင်းနဲ့ တပ်မတော်သားအစုအဖွဲ့ကတင်မယ့် သမ္မတလောင်းနှစ်ဦးမှာ ဘယ်သူသမ္မတဖြစ်လာနိုင်မလဲ။
သမ္မတမဲအတွက် လွှတ်တော်စုဖွဲ့မှုတွေ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်က သမ္မတရွေးပေးရတာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ် ၃၃၀ ရှိပြီး ရွေးကောက်ခံအမတ်အရေအတွက်က ၃၃၀ ဦး ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်ကတော့ ရွေးကောက်ခံအမတ်အရေအတွက် ၁၆၈ ဦးရှိပါတယ်။
ဒါက အခြေခံဥပဒေက ပေးထားချက်ဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်အပေါ်မူတည်ပြီး အမတ်အရေအတွက် လျော့နည်းသွားပါတယ်။
ရွေးကောက်ပွဲ ၃ ပိုင်းလုံးမှာ ပြည်သူ့လွှတ်တော်က ၆၅ နေရာနဲ့ အမျိုးသားလွှတ်တော်က ၁၁ နေရာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ထိုင်ခုံ ၇၆ ခု လစ်လပ်သွားမှာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်မှာ ရွေးကောက်ခံအမတ်အရေအတွက်က ၁၅၇ ဦးပဲ ရှိလာမှာဖြစ်လို့ ပုံမှန်လွှတ်တော်ရဲ့ ထက်ဝက်နီးပါးအရေအတွက်က သမ္မတရွေးချယ်ပွဲမှာ မဲမပေးနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ဒါတောင် အချိုးကျကိုယ်စားပြုစနစ်နဲ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၂၆ ခုကနေ အမတ် ၈၄ ယောက်အထိရောက်လာအောင် စီစဥ်ထားလို့ ဒီထက်မလျော့တာဖြစ်ပါတယ်။
မဟုတ်ရင် အမျိုးသားလွှတ်တော်ရဲ့ ရွေးကောက်ခံ အမတ်ထိုင်ခုံက ရွေးကောက်ပွဲအများဆုံး မကျင်းပနိုင်တဲ့ ရှမ်း၊ ရခိုင်နဲ့ စစ်ကိုင်းတိုင်းတွေမှာ အခုထက်လျော့ဖို့ရှိပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၅ ခုနဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၅၇ ခုမှာပဲ ကျင်းပမှာဖြစ်လို့ သမ္မတရွေးချယ်မဲပေးရမယ့် ရွေးကောက်ခံ ကိုယ်စားလှယ် စုစုပေါင်း ၄၂၂ ဦးပဲ လွှတ်တော်ထဲကို ရောက်လာမှာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေးထားချက်အရ ရွေးကောက်ပွဲမဝင်ဘဲ အလိုအလျောက် နေရာရထားတဲ့ တပ်ကိုယ်စားလှယ်အရေအတွက်က ပြည်ထောင်စုလွှတ်တော်မှာ ၁၆၆ ဦးအထိ ရှိနေတာပါ။
ပြည်သူ့လွှတ်တော်ရဲ့ပါဝါ
ပြည်ထောင်စုလွှတ်တော်ထိုင်ခုံတွေဆီ ပို့ပေးမယ့် မဲဆန္ဒနယ် ၇၆ ခုအထိ မကျင်းပဖြစ်တဲ့အတွက် သမ္မတရွေးပွဲမှာ တပ်မတော်သားအစုအဖွဲ့က အရင်ထက်ပိုအရေးပါလာပေမဲ့ ပြည်သူ့လွှတ်တော်ရဲ့ အရေးပါမှုကိုတော့ မယှဥ်နိုင်ပါဘူး။
လွှတ်တော်နှစ်ခုက ရွေးကောက်ခံအမတ်တွေရဲ့မဲတွေ ပေါင်းလိုက်ရင် ၄၂၂ မဲအထိရှိနေလို့ ဘယ်သူသမ္မတဖြစ်မလဲဆိုတာကို ရွေးကောက်ခံပြည်ထောင်စုလွှတ်တော်အမတ်တွေကပဲ အဓိကအဆုံးအဖြတ်ပေးနိုင်တာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်မှာသမ္မတလောင်းနေရာအတွက် စောင့်ကြည့်ရမယ့်သူနှစ်ဦးရှိပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ် ဦးညိုစော ဖြစ်ပါတယ်။
သူတို့နှစ်ဦးလုံးက အနိုင်သေချာစေမယ့် တပ်မဲရုံတွေရှိတဲ့ နေပြည်တော်၊ ဇေယျာသီရိနဲ့ ရန်ကုန်၊ ကိုကိုးကျွန်းကနေ ဝင်ပြိုင်ကြပါတယ်။
ဦးခင်ရီက ရွေးကောက်ပွဲအပိုင်း ၁ မှာ အနိုင်ရပြီးသွားသလို အပိုင်း ၂ မှာပြိုင်မယ့် ဦးညိုစောကလည်း အနိုင်ရလဒ်အတွက် စိတ်ပူစရာမလိုပါဘူး။
ဒါပေမဲ့ သမ္မတရွေးပွဲအတွက် ပြည်သူ့လွှတ်တော်က သူတို့ နှစ်ဦးထဲက ဘယ်သူ့ကို ဒုတိယသမ္မတတင်မြှောက်မလဲဆိုတာက စိတ်ဝင်စားစရာဖြစ်ပါတယ်။
သူတို့နှစ်ဦးထဲကတစ်ဦး ပြည်သူ့လွှတ်တော်ကတင်တဲ့ဒုသမ္မတဖြစ်ပြီးရင် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ကတင်တဲ့ ဒုသမ္မတ၊ အမျိုးသားလွှတ်တော်ကတင်တဲ့ ဒုသမ္မတတို့နဲ့ သမ္မတနေရာကို ပြည်ထောင်စုလွှတ်တော်မှာ ထပ်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်သူ့လွှတ်တော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒုသမ္မတတင်ခဲ့ရင်တော့ တပ်ကတင်လာတဲ့ သမ္မတလောင်းဟာ အရင်အစဥ်အလာတွေအတိုင်း ဒုသမ္မတနေရာနဲ့ပဲကျေနပ်ရမှာဖြစ်ပါတယ်။
အစဥ်အလာနိုင်ငံရေးမှာ အာဏာရပါတီဥက္ကဋ္ဌက သမ္မတအိပ်မက်မက်နိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသိန်းစိန်က သမ္မတဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၀ အခင်းအကျင်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အကူးအပြောင်းအစီအစဥ်ဖြစ်လို့ ရာထူးနေရာတွေအတွက် ကြိုတင်စီစဥ်ထားခဲ့တာဖြစ်ပါတယ်။
သမ္မတရွေးချယ်ပွဲ အစဥ်အလာတွေ
ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ သမ္မတရွေးချယ်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ သမ္မတရွေးချယ်ပွဲတွေကို ပြန်ကြည့်ကြရအောင်ပါ။
၂၀၁၆ NLD လွှတ်တော်ရဲ့ သမ္မတရွေးပွဲကို ကြည့်ရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၅၃ ဦးအထိရှိခဲ့တာပါ။ ဒါပေမဲ့ တစ်ဦးခွင့်တိုင်လို့ ၆၅၂ ဦးပဲ မဲပေးခဲ့ကြပါတယ်။
ပြည်သူ့လွှတ်တော်ကတင်တဲ့ သမ္မတလောင်း ဦးထင်ကျော်က ၃၆၀ မဲ နဲ့ သမ္မတဖြစ်ပါတယ်။
တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တင်တဲ့ သမ္မတလောင်း ဦးမြင့်ဆွေ (ကွယ်လွန်) က ၂၁၃ မဲ ရပါတယ်။
အမျိုးသားလွှတ်တော်ကတင်တဲ့ သမ္မတလောင်း ဦးဟင်နရီဗန်ထီးယူက ၇၉ မဲ ရပါတယ်။
၂၀၁၁ USDP လွှတ်တော်ရဲ့ သမ္မတရွေးပွဲကို ကြည့်ရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၅၉ ဦးအထိရှိခဲ့ပြီး NLD လွှတ်တော်ထက်အရေအတွက်ပိုများပါတယ်။
ပြည်သူ့လွှတ်တော်ကတင်တဲ့ သမ္မတလောင်း ဦးသိန်းစိန်က ၄၀၈ မဲ ရပြီး သမ္မတဖြစ်ပါတယ်။
တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တင်တဲ့ သမ္မတလောင်း သီဟသူရဦးတင်အောင်မြင့်ဦးက ၁၇၁ မဲ နဲ့ ဒုတိယသမ္မတ ၁ ဖြစ်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ကတင်တဲ့ သမ္မတလောင်း ဒေါက်တာစိုင်းမောက်ခမ်းက ၇၅ မဲ ရပါတယ်။
တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အသီးသီးရဲ့ ၂၅ ရာခိုင်နှုန်းကို ရွေးကောက်ပွဲဝင်စရာမလိုဘဲ အလိုအလျောက် ရထားပါတယ်။
အတိအကျပြောရရင် ပြည်ထောင်စုလွှတ်တော်အတွက် တပ်ကိုယ်စားလှယ်အရေအတွက် ၁၆၆ ဦး ရထားတာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် အမတ် ၃၃၀ ဦးနဲ့ အမျိုးသားလွှတ်တော်အမတ် ၁၁၀ ဦးကိုအခြေခံပြီး ရယူထားတာဖြစ်ပါတယ်။
အခုလုပ်နေတဲ့ ရွေးကောက်ပွဲအလွန်ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံအမတ် ၇၆ ဦး လစ်လပ်သွားမှာဖြစ်ပေမဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပေးထားချက်အတိုင်း ဆက်ရှိနေမှာဖြစ်ပါတယ်။
ဒီအကြောင်း ဘီဘီစီရဲ့ သီးသန့်မေးမြန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။
ဒါကြောင့်လာမယ့် သမ္မတရွေးပွဲမှာ ရွေးကောက်ခံအမတ်က အများဆုံး ၄၂၂ ဦးရှိနေမှာဖြစ်ပြီး တပ်ကိုယ်စားလှယ်အရေအတွက်ကတော့ အရင်အတိုင်းပဲ ၁၆၆ ဦး ရှိနေမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ထဲက သမ္မတရွေးပွဲမှာ မဲပေးခွင့်ရမယ့် ထိုင်ခုံအရေအတွက်က ၅၈၈ ခုံ ရှိနေမှာဖြစ်ပါတယ်။
သမ္မတရွေးပွဲကို ဘယ်လိုသက်ရောက်မလဲ
ဦးသိန်းစိန်သမ္မတဖြစ်တဲ့ သမ္မတရွေးချယ်ပွဲမှာမဲပေးခွင့်ရတဲ့ အမတ် ၆၅၉ ဦးရှိခဲ့ပါတယ်။
အလားတူ ဦးထင်ကျော်သမ္မတဖြစ်တဲ့ သမ္မတရွေးချယ်ပွဲမှာမဲပေးခွင့်ရတဲ့ အမတ် ၆၅၂ ဦးအထိရှိခဲ့ပါတယ်။
လာမယ့် သမ္မတရွေးချယ်တင်မြှောက်ပွဲကတော့ အရင်ပွဲတွေထက် မဲပေးခွင့်ရှိသူ ၆၀ ကျော် လျော့နည်းသွားမှာပါ။
သမ္မတရွေးပွဲမှာ မဲပေးခွင့်ရမယ့် ထိုင်ခုံအရေအတွက်က ၅၈၈ ခုံရှိလို့ သမ္မတဖြစ်ဖို့ဆိုရင် အနည်းဆုံး ၂၉၅ မဲ ရမှဖြစ်မှာပါ။
ရွေးကောက်ခံအမတ်က ၄၂၂ ဦး ရှိတဲ့အတွက် ဒီအစုအဖွဲ့ကပဲ သမ္မတလောင်းတစ်ယောက်ကို ပုံပေးခဲ့ရင် တပ်မတော်သားအစုအဖွဲ့ရဲ့ မဲတွေက တားဆီးနိုင်မှာမဟုတ်ပါဘူး။
ဒီပုံစံမျိုးကို NLD ကလည်း လုပ်ပြခဲ့ပြီးပါပြီ။
ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲက NLD မပါဘဲ တပ်နဲ့ မဟာမိတ်ပါတီလို့ သိကြတဲ့ USDP ကပဲ ကိုယ်စားလှယ်အများဆုံးဝင်ပြိုင်ပြီး ရွေးကောက်ပွဲ အပိုင်း ၁ မှာလည်း အများစုနေရာရနေပါတယ်။
USDP က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွေအတွက် အမတ်လောင်း ၄၂၁ ဦးအထိဝင်ပြိုင်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ကလည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွေမှာ အမတ်လောင်း ၂၉၃ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) က ကိုယ်စားလှယ်လောင်း ၃၃၈ ဦး ဝင်ပြိုင်မှာပါ။
အလားတူ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ကိုယ်စားလှယ်လောင်း ၂၃၅ ဦး၊ ပြည်သူ့ ပါတီက ကိုယ်စားလှယ်လောင်း ၂၂၅ ဦးနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်း ၁၈၀ ဦး စာရင်းသွင်းထားတာတွေ့ရပါတယ်။
ဒီပါတီတွေထဲက သမ္မတရွေးဖို့ လိုတဲ့မဲဖြစ်တဲ့ ၂၉၅ နေရာနိုင်ပြီး လွှတ်တော်ထဲ ရောက်လာတဲ့ပါတီက လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။
ဖြစ်တန်ခြေ သုံးခု
သမ္မတရွေးပွဲမှာ အခင်းအကျင်း သုံးခုဖြစ်လာနိုင်ပါတယ်။ ပထမတစ်ခုကတော့ တပ်နဲ့ USDP ပေါင်းပြီး သမ္မတရွေး၊ အစိုးရဖွဲ့တာပါ။ ဒီအခင်းအကျင်းဆိုရင် နှစ်ဘက် ညှိနှိုင်းမှုတွေ၊ အာဏာခွဲဝေမှုတွေ ရှိလာမှာပါ။
ဒါမှမဟုတ် ကြံ့ခိုင်ရေးလွတ်လွတ်ကျွတ်ကျွတ်နိုင်ပြီး တပ်မဲမပါဘဲ အစိုးရဖွဲ့နိုင်တာမျိုးပါ။ ဒါမျိုးဆိုရင်တော့ အနိုင်ရပါတီအနေနဲ့ အာဏာခွဲဝေမှုမှာ ခွဲတမ်းများများရဖို့ တပ်နဲ့ညှိနိုင်မှာပါ။
ဒုတိယတစ်ခုက တပ်နဲ့ USDP မဟုတ်တဲ့ တခြားပါတီတွေ ညွန့်ပေါင်းဖွဲ့တာမျိုးပါ။
USDP မဟုတ်တဲ့ ပါတီတစ်ခုခုကပဲဖြစ်ဖြစ်၊ ပါတီတွေစုပြီးတော့ပဲဖြစ်ဖြစ် ၁၂၉ ခုံနဲ့ အထက်ရနိုင်ရင်တော့ ဒီအခြေအနေဖြစ်လာမှာပါ။
တတိယတစ်ခုက USDP မဟုတ်တဲ့ပါတီတစ်ခုခုကပဲဖြစ်ဖြစ်၊ ပါတီတွေစုပြီးတော့ပဲဖြစ်ဖြစ် အနည်းဆုံး ၂၉၅ ခုံအထိရပြီး အစိုးရဖွဲ့တာမျိုးပါ။
ရွေးကောက်ပွဲပထမပိုင်းရလဒ်တွေအရ ဒီအခြေအနေဖြစ်လာဖို့က ဖြစ်နိုင်ခြေနည်းပါတယ်။
ဒီအခြေအနေ သုံးမျိုးမှာ USDP နဲ့ တပ်နဲ့ပေါင်းပြီး သမ္မတရွေးနိုင်ဖို့ အခွင့်အရေးက ဖြစ်နိုင် ခြေအများဆုံးဖြစ်ပါတယ်။
ကျန်တဲ့ပါတီတွေကတော့ တပ်မဲ ၁၆၆ နဲ့ပေါင်းပြီးအစိုးရဖွဲ့နိုင်မယ့် ၁၂၉ မဲရဖို့တောင် စိန်ခေါ်ချက်တွေ ရှိနေပါတယ်။
တစ်ပါတီတည်းက အပြတ်အသတ်မနိုင်ခဲ့ရင်တော့ တပ်ကိုယ်စားလှယ်အရေအတွက် ၁၆၆ ဦးနဲ့ ရွေးကောက်ခံအမတ်တွေပေါင်း သမ္မတရွေးချယ်တင်မြှောက်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့တာမျိုးဖြစ်လာနိုင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ သမ္မတလုပ်မယ်ဆိုရင် တပ်မတော်သားအစုအဖွဲ့ကတင်မြှောက်တဲ့ ဒုတိယသမ္မတနေရာကနေလည်း သမ္မတရွေးပွဲကို ဝင်လာနိုင်ပါတယ်။
သေချာတာတစ်ခုကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒုတိယသမ္မတနေရာအတွက်တော့ တပ်ချုပ်နေရာကိုစွန့်ပြီး သမ္မတရွေးပွဲကိုလာမှာမဟုတ်ပါဘူး။
သူလာခဲ့မယ်ဆိုရင်တော့ ထိပ်ဆုံးနေရာအတွက် သေချာပေါက်အာမခံချက်ရထားမယ့် အနေအထားနဲ့သာ ဝင်လာလိမ့်မှာ ဖြစ်ပါတယ်။