တပ်ကပို့မယ့် အမတ်လောင်းစာရင်း ဘာကြောင့်အရေးကြီးလဲ

ရွေးကောက်ပွဲရာသီတွေရောက်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကို တပ်က အမတ်လောင်းတွေစေလွှတ်ယှဥ်ပြိုင်ခဲ့တဲ့အစဥ်အလာရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒီဇင်ဘာလကုန်လုပ်မယ့် ရွေးကောက်ပွဲအတွက် စက်တင်ဘာလဆန်းအထိ စာရင်းမပို့သေးပါဘူး။

နိုင်ငံတစ်ဝန်းလုံးမှာဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို စက်တင်ဘာ ၁ ရက်မှာ USDP ပါတီက စာရင်းချုပ်လိုက်ပြီဖြစ်ပေမဲ့ အဲဒီစာရင်းမှာ တပ်ကစေလွှတ်တဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ မပါသေးဘူးလို့ ပါတီတာဝန်ရှိသူတချို့ထံကနေ သိရပါတယ်။

"ပြည်သူ့လွှတ်တော်အတွက် စာရင်းပေးထားပေမဲ့ အမျိုးသားလွှတ်တော် ဒါမှမဟုတ် တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုလည်း ပြောင်းပြီးပြိုင်ရနိုင်တယ်လို့ ကြိုအသိပေးထားပါတယ်" လို့ USDP အမတ်လောင်းတစ်ဦးက ပြောပါတယ်။

ဒါက တပ်က အငြိမ်းစားယူပြီး ရောက်လာမယ့် စစ်ဗိုလ်ချုပ်တွေကို ဦးစားပေးဖို့ဆိုတာကို နားလည်ထားတဲ့အကြောင်း အဲဒီအမတ်လောင်းက ပြောပါတယ်။

သမ္မတနဲ့ အစိုးရအဖွဲ့ဝင်နေရာတွေအတွက် ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်စရာမလိုပေမဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်နေရာတွေကို ရွေးချယ်ပေးရမှာက လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌနှစ်နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကလည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှသာ ဆောင်ရွက်ခွင့်ရှိမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာပါဝင်ယှဥ်ပြိုင်ရမယ့် အမတ်လောင်းအမည်စာရင်းတွေကို လာမယ့် စက်တင်ဘာ ၈ ရက်မှာ စတင်တင်သွင်းနိုင်မှာဖြစ်ပြီး ပြန်ရုပ်သိမ်းချင်ရင်တော့ စက်တင်ဘာ ၁၂ ရက်မှာ ရုပ်သိမ်းနိုင်ပါတယ်။

အချိုးကျကိုယ်စားပြုစနစ် PR နဲ့ ဝင်ပြိုင်မဲ့ပါတီတွေကတော့ ကိုယ်စားလှယ်လောင်းစာရင်းကို စက်တင်ဘာ ၁၃ မှာ စာရင်းစသွင်းနိုင်ပြီး စက်တင်ဘာ ၁၇ မှာ ရုပ်သိမ်းနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

တပ်ကဘယ်သူတွေလာနိုင်သလဲ

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ်မတိုင်ခင်မှာ တပ်အရာရှိကြီးတွေကို ရွေးကောက်ပွဲဝင်ဖို့ဆန္ဒရှိမရှိ အပြီးသတ်မေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီစာရင်းကို တပ်က USDP ဆီကို မပို့သေးတာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ကပြန်လာမှ အပြောင်းအလဲတွေမြင်ရမယ့် အခြေအနေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာ တပ်ကနေ အနားပေးခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဦးညိုစော၊ ဦးအောင်လင်းဒွေး၊ ဦးမြထွန်းဦး၊ ဦးတင်အောင်စန်းနဲ့ ဦးစိုးမင်းဦးတို့ကတော့ တပ်ရာထူးမရှိတော့တဲ့အတွက် ရွေးကောက်ပွဲဝင်ဖို့ အလားအလာအရှိဆုံးသူတွေဖြစ်ပါတယ်။

"ဦးမြထွန်းဦးက သူ့ဇာတိ ဆိပ်ကြီးခနောင်တိုက ဝင်မယ်လို့ ကြားထားတယ်" လို့ USDP အမတ်လောင်းတစ်ယောက်က ပြောပါတယ်။

ဆိပ်ကြီးခနောင်တိုဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဝင်ပြိုင်လေ့ရှိတဲ့ မဲဆန္ဒနယ်ဖြစ်ပြီး ကွယ်လွန်သူ ယာယီသမ္မတဦးမြင့်ဆွေ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြိုင်ခဲ့တဲ့နေရာဖြစ်ပါတယ်။

လက်ရှိတပ်ဖွဲ့စည်းပုံမှာ ဗိုလ်ချုပ်ကြီး ငါးဦးကျန်နေသေးပြီး စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တို့ ဖြစ်ကြပါတယ်။

သူတို့ထဲက ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက စစ်ခေါင်းဆောင်ရဲ့ အထူးယုံကြည်ရသူတွေလည်းဖြစ်သလို အရေးကြီးတဲ့ရာထူးနေရာတွေဖြစ်တဲ့အတွက် သူတို့ နှစ်ဦးကလွဲရင် ကျန်တဲ့ သုံးဦးက ရွေးကောက်ပွဲဝင်ရဖွယ်ရှိတယ်လို့ နေပြည်တော်အသိုင်းအဝိုင်းမှာ ထင်ကြေးပေးကြပါတယ်။

အရင်ရွေးကောက်ပွဲတွေတုန်းကလည်း ညှိကွပ်အပါအဝင်၊ရေချုပ်နဲ့ လေချုပ်တွေကို ရွေးကောက်ပွဲဝင်ခိုင်းခဲ့တဲ့ အစဥ်အလာတွေရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးကျော်စွာလင်းက တပ်ချုပ်နေရာအတွက် ရေပန်းစားလို့ ရွေးကောက်ပွဲဝင်ရနိုင်ခြေနည်းပါတယ်။

ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး အယောက် ၂၀ ကျော်ရှိတဲ့ အထဲက စီနီယာတွေလည်း ရွေးကောက်ပွဲဝင်ရဖွယ်ရှိနေပါတယ်။

သူတို့ထဲမှာ စီနီယာအကျဆုံးက ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဥ် ၂၂ ဆင်း ဖြစ်ပါတယ်။

သူပြီးရင် အပတ်စဥ် ၂၅ က စစ်ဗိုလ်ချုပ်တွေရှိနေပြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အပတ်စဥ် ၂၅ နဲ့ ကျောင်းဆင်းနှစ်တူတဲ့ OTS ဗိုလ်သင်တန်းဆင်း (Officer Training School-OTS) ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းရှိနေပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြည်ထဲရေးဝန်ကြီးဖြစ်လို့ ရွေးကောက်ပွဲလုံခြုံရေး တာဝန်ရှိတဲ့အတွက် ရွေးကောက်ပွဲဝင်ဖို့ အလားအလာနည်းပါတယ်။

စစ်ရာထူးခန့်ချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်၊ စီနီယာ အထူးစစ်ဆင်ရေးအဖွဲ့မှူးတွေ ဖြစ်ခဲ့ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်တို့က အပတ်စဥ် ၂၆ ကနေ ၂၉ ကြားက စီနီယာစစ်ဗိုလ်ချုပ်တွေဖြစ်ပါတယ်။

"ဒုတိယဗိုလ်ချုပ်ကြီးနဲ့ အထက်တွေပဲ လာမယ်ဆိုရင်တောင် အယောက် ၂၀ ဝန်းကျင်လောက်တော့ လာနိုင်တယ်" လို့ ပါတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အစဥ်အလာနဲ့ အကွဲအပြဲတွေ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၃ ခုနှစ်မှာ အသင်းအဖြစ်တည်ထောင်ပြီး ၂၀၁၀ မှာ ပါတီအဖြစ် ပြောင်းလဲခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို စစ်တပ်ပါတီလို့ လူသိများပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကစလို့ စစ်ဗိုလ်ချုပ်တွေ တပ်ကနေအငြိမ်းစားယူပြီး USDP ကတဆင့် အစဥ်အဆက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အစီအစဥ်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ တပ်ကနေ USDP ကို အရေအတွက်အများဆုံးပြောင်းရွှေ့မှု ဖြစ်ခဲ့ပြီး ထိပ်တန်းစစ်ဗိုလ်ချုပ်တွေအားလုံးနီးပါး ပါခဲ့ပါတယ်။

ညှိကွပ်ကနေ ကစထမှူး၊ တိုင်းမှူးတွေအထိ ရွေးကောက်ပွဲဝင်ခဲ့ကြပြီး တပ်ချုပ်နဲ့ ဒုချုပ်ကိုယ်တိုင်လည်း အစိုးရအဖွဲ့အလွှဲအပြောင်းအပြီးမှာ အနားယူခဲ့ကြပါတယ်။

အစိုးရ၊ လွှတ်တော်နဲ့ ပြည်ထောင်စုအဆင့်နေရာတွေအားလုံးနီးပါးကို အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ လွှမ်းမိုးထားပြီး ထင်ရှားသူတွေကတော့ အငြိမ်းစား ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး၊ ဒုဗိုလ်ချုပ်ကြီးတင်အေး၊ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ ဒုဗိုလ်ချုပ်ကြီးစိုးသိန်းတို့ဖြစ်ကြပါတယ်။

ဗိုလ်ချုပ်ထဲမှာဆိုရင်လည်း ဗိုလ်ချုပ်ဌေးဦး၊ ဗိုလ်ချုပ်ခင်အောင်မြင့်၊ ဗိုလ်ချုပ်အောင်မင်း၊ ဗိုလ်ချုပ်တင်နိုင်သိန်း၊ ဗိုလ်ချုပ်လှထွန်းနဲ့ ဗိုလ်ချုပ်သိန်းဇော်တို့ ပါဝင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း ညှိကွပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးလှဌေးဝင်းအပါအဝင် ဒုတိယဗိုလ်ချုပ်ကြီးတွေ ရွေးကောက်ပွဲဝင်ကြပြန်ပါတယ်။

ဒါပေမဲ့ ၂၀၁၀ တုန်းကလောက်မများဘဲ ၂၀၁၀ တုန်းကလိုလည်း မချောမွေ့ခဲ့ပါဘူး။

သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အားပြိုင်မှုဟာ ၂၀၁၅ ခုနှစ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို အကြီးအကျယ် သက်ရောက်ခဲ့ပါတယ်။

အမတ်လောင်းရွေးပွဲနဲ့ သန်းခေါင်ယံအာဏာသိမ်းပွဲ

၂၀၁၅ ရွေးကောက်ပွဲအတွက် သူရဦးရွှေမန်းရဲ့မူက အမတ်လောင်းနေရာမှာ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးစားပေးရေးဖြစ်ပါတယ်။

အနိုင်ရထားသူတွေဖြစ်တဲ့အပြင် ဒေသခံပြည်သူတွေနဲ့လည်းထိတွေ့ရင်းနှီးပြီးဖြစ်လို့ ပြန်ပြီး အနိုင်ရနိုင်ခြေများတယ်လို့ မူချခဲ့တာဖြစ်ပါတယ်။

ဒီမူက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းအနေနဲ့ လွှတ်တော်အမတ်တွေကို သြဇာညောင်းတဲ့အတွက် သူ့ဘက်ကို အသာစီးယူထားတဲ့မူလို့ အစိုးရနဲ့တပ်က ယူဆပါတယ်။

တပ်နဲ့ အစိုးရအဖွဲ့က ပါတီကို အမတ်လောင်းစေလွှတ်တဲ့အချိန်မှာလည်း ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တပ်က ကိုယ်စားလှယ် ၁၅၉ ဦး စေလွှတ်ခဲ့ပေမဲ့ သူရဦးရွှေမန်းဦးဆောင်တဲ့ USDP ပါတီက ၅၀ ဝန်းကျင်ပဲ လက်ခံခဲ့ပါတယ်။

ထင်ရှားတဲ့ အကွဲအပြဲတွေကတော့ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ်ရံတော် ဗိုလ်မှူးကြီးလင်းဇော်ထွန်းက တြိဂံတိုင်းစစ်ဌာနချုပ်ရှိတဲ့ ကျိုင်းတုံကနေ ဝင်ပြိုင်ချင်ခဲ့တာပါ။

ဒါပေမဲ့ USDP ရဲ့ ကျိုင်းတုံအမတ် ဦးစတီဗင်က ပြန်ပြိုင်မယ်လို့ အဆိုပြုတဲ့အတွက် ဗိုလ်မှူးကြီးလင်းဇော်ထွန်းက မိုင်းဖြတ်ကနေ သွားပြိုင်ရပါတယ်။

နောက်ထပ် လူသိများတဲ့ကိစ္စတစ်ခုကတော့ သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ ဘော်လခဲနဲ့ ရှားတောကနေ ဝင်ပြိုင်တာကို ပါတီက ခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။

ဘော်လခဲနဲ့ ရှားတောအမတ်တွေက ၂၀၁၅ ရွေးကောက်ပွဲပြန်ပြိုင်မယ်လို့အဆိုပြုတဲ့အတွက် ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ ၂၀၁၀ က နိုင်ခဲ့တဲ့ တနင်္သာရီတိုင်းက ကျွန်းစုနဲ့ ပဲခူးက တောင်ငူမှာ ဝင်ပြိုင်စေဖို့ ပါတီက ဆုံးဖြတ်ခဲ့ပါတယ်။

ဝန်ကြီး ၂ ဦးကလည်း သဘောမတူဘဲ တစ်သီးပုဂ္ဂလအနေနဲ့ ကယားပြည်နယ်ကနေ ဝင်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ထပ် ထင်ရှားတဲ့ ထိပ်တိုက်တွေ့မှုတစ်ခုက ဒုသမ္မတဦးဥာဏ်ထွန်းကိစ္စ ဖြစ်ပါတယ်။

ဒုသမ္မတဟာ သူ့ဇာတိ ပဲခူးတိုင်း၊ ဇီးကုန်းကနေ ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ ဇီးကုန်းအမတ်က ရွေးကောက်ပွဲထပ်ပြိုင်မှာဖြစ်လို့ အမျိုးသားလွှတ်တော်အတွက်ပဲ ဝင်ပြိုင်ဖို့ ပါတီကဆုံးဖြတ်ပေးခဲ့လို့ အငြင်းပွားစရာဖြစ်ခဲ့ပြန်ပါတယ်။

ဒီထိပ်တိုက်တွေ့မှုတွေကြားမှာပဲ အမတ်လောင်း အမည်စာရင်းပေးရတဲ့ နောက်ဆုံးရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်ပတ်နောက်ဆုတ်ပေးခဲ့ရပါတယ်။

သန်းခေါင်ယံအာဏာသိမ်းပွဲလို့ လူသိများတဲ့ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌနေရာက ဖယ်ရှားတဲ့ ၂၀၁၅ သြဂုတ် ၁၂ ရက်ည ဖြစ်စဥ်ဟာ ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မှု အငြင်းပွားပြီးနောက်မှာ ဖြစ်ပွားခဲ့တာလို့ ဝါရင့်ပါတီဝင်တွေက ပြောပါတယ်။

USDP ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးသိန်းစိန်ဟာ သမ္မတ ဖြစ်တဲ့အတွက် ပါတီ လုပ်ငန်းတွေဆောင်ရွက်ခွင့်မရှိဘူးဆိုတဲ့ အခြေခံဥပဒေတားမြစ်ချက်ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက ပါတီ ဥက္ကဋ္ဌ(တာဝန်)ကို ယူထားခဲ့တာဖြစ်ပါတယ်။

၂၀၁၅ သြဂုတ် ၁၂ ရက်ညမှာတော့ နေပြည်တော်က USDP ဌာနချုပ်ဝင်ရောက်စီးနင်းခံရပြီး သူရဦးရွှေမန်းကို ဥက္ကဋ္ဌတာဝန်ကနေဖယ်ရှားပြီး ဦးသိန်းစိန်အစိုးရအဖွဲ့ကလူတွေနဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ လုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် တပ်ကစေလွှတ်တဲ့ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့က ကိုယ်စားလှယ်လောင်းတွေက နောက်ဆုံးအချိန်မှ စာရင်းပေးရတဲ့ ဖြစ်စဥ်တွေဖြစ်ခဲ့တဲ့အကြောင်း ဦးသိန်းစိန်အစိုးရအဖွဲ့ထဲက ဝန်ကြီးဟောင်းတွေရေးတဲ့ စာအုပ်တွေမှာ ပြန်လည်ဖော်ပြကြပါတယ်။

အဲဒီထဲမှာ ဒုတိယသမ္မတဦးဥာဏ်ထွန်းက စာရင်းပိတ်တဲ့ နောက်ဆုံးရက်မှ ဇီးကုန်းကို ရဟတ်ယာဥ်နဲ့ ကိုယ်စားလှယ်လောင်းလျှောက်လွှာ သွားတင်ရတယ်လို့

ဝန်ကြီးဦးစိုးသိန်းက ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်းစိန် စာအုပ်မှာထည့်ရေးပါတယ်။

တပ်ကအပေါ်စီးမှာ

တပ်ကလာမယ့် စစ်ဗိုလ်ချုပ်တချို့က ပြည်သူ့လွှတ်တော်ထက် PR စနစ်ပါဝင်တဲ့ အမျိုးသားလွှတ်တော်ကနေ ဝင်ပြိုင်နိုင်ခြေရှိတယ် လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

"ပြည်သူ့လွှတ်တော်က နိုင်သူအကုန်ယူဆိုတော့ ပြတ်ပြတ်သားသားဖြစ်သွားနိုင်တယ်။ PR ကတော့ မဲတွေပြန်ပေါင်းနိုင်တဲ့ အခွင့်အရေးရှိတယ်" လို့ ပါတီခေါင်းဆောင်တစ်ဦးက သုံးသပ်ပါတယ်။

ဒါ့အပြင် PR မှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း ဖော်ပြစရာမလိုတဲ့အတွက် လုံခြုံရေးပိုင်းဆိုင်ရာ အားသာချက်လည်းရှိနေတယ်လို့ သူကပြောပါတယ်။

လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာတော့ ၂၀၁၅ ခုနှစ်ကလို ပါတီနဲ့ တပ် အားပြိုင်မှုမျိုးတွေ့ရဖို့ မရှိဘူး လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပေမဲ့ ပါတီတွင်းအားပြိုင်မှုတချို့တော့ ရှိနေပါတယ်။

ပါတီဥက္ကဋ္ဌဦးခင်ရီနဲ့ ဒုဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းတို့ကြားမှာ မပြေလည်မှုတချို့ရှိတယ်ဆိုတာ ပါတီတွင်းမှာ သိထားကြပါတယ်။

ဦးခင်ရီက စစ်တက္ကသိုလ်အပတ်စဥ် ၁၇ ဆင်းဖြစ်ပြီး စစ်ရေးချုပ်ဖြစ်သူ အငြိမ်းစားဒုဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက အပတ်စဥ် ၂၈ ဆင်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ပါတီအပြောင်းအလဲမှာ တပ်ကနေရောက်လာတဲ့ စစ်ရေးချုပ်က ဒုတိယဥက္ကဋ္ဌ ဖြစ်လာတာပါ။

ဦးခင်ရီက ဦးမျိုးဇော်သိန်းကိုမဖိတ်ဘဲ အစည်းအဝေးတချို့လုပ်တာရှိသလို ဦးမျိုးဇော်သိန်းကလည်း ဦးခင်ရီ ရဲ့ ဆုံးဖြတ်ချက်တချို့ကို သဘောမတူဘူးလို့ မှတ်ချက်ပေးတာတွေရှိတဲ့အကြောင်း ပါတီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိ USDP ပါတီကို စီနီယာ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေဦးဆောင်နေတာဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဥ် ၁၅ ဆင်း ဒုဥက္ကဋ္ဌ ဦးလှထွန်း၊ စစ်တက္ကသိုလ်အပတ်စဥ် ၁၇ ဆင်း ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊အတွင်းရေးမှူးဖြစ်တဲ့ စစ်တက္ကသိုလ်အပတ်စဥ် ၂၀ ဆင်း ဦးသောင်းအေးတို့ ရှိနေပါ တယ်။

လာမယ့်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဦးလှထွန်းက အထက်မြန်မာပြည်တာဝန်ခံဖြစ်ပြီး ဦးမျိုးဇော်သိန်းက အောက်မြန်မာပြည်တာဝန်ခံဖြစ်ပါတယ်။

ဦးလှထွန်းက မန္တလေး၊ကျောက်ပန်းတောင်းကနေ ဝင်ရောက်ယှဥ်ပြိုင်ဖွယ်ရှိပြီး ဦးမျိုးဇော်သိန်းက ပဲခူး၊ပေါက်ခေါင်းကနေ ဝင်ပြိုင်ဖွယ်ရှိပါတယ်။

ဦးခင်ရီကတော့ နေပြည်တော်ကပဲ ဝင်ပြိုင်မယ် လို့ ပါတီကနေ သိရပါတယ်။

စက်တင်ဘာလဆန်းကစပြီး တိုင်းနဲ့ပြည်နယ်တာဝန်ခံတွေကို နေပြည်တော်ကို ဆင့်ခေါ်ထားပြီး USDP ရုံးချုပ်မှာ အစည်းအဝေးတွေပြုလုပ်နေပါတယ်။

တိုင်းနဲ့ပြည်နယ်တာဝန်ခံတွေ ရုံးချုပ်မှာ ရှိနေတဲ့အတွက် တပ်ကအမတ်စာရင်းပေးပို့လာရင် ကိုယ်စားလှယ်လောင်းအပြောင်အရွှေ့တွေကို အချိန်မီပြုလုပ်နိုင်မှာဖြစ်တဲ့အကြောင်း ပါတီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တပ်ကလာမဲ့ အမတ်လောင်းစာရင်းအတွက်တော့ ပါတီထဲမှာ အငြင်းပွားမယ့် သူမရှိဘူးလို့ ပါတီတာဝန်ရှိသူတချို့ထံကနေ သိရပါတယ်။

"အရင်ကလို မိတ်ဖက်ပါတီ ဆိုတာထက် တပ်ကိုမလွန်ဆန်ရဲတဲ့ပါတီဖြစ်သွားပြီ။ တပ်က အာဏာသိမ်းထားတယ်ဆိုတာ USDP ခေါင်းဆောင်တွေကောင်းကောင်းသိပါတယ်" လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။