ရဲချုပ်တာဝန်ယူခဲ့သူ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်သစ်ဖြစ်လာ

နေပြည်တော်မှာ အောက်တိုဘာလ ၅ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ တတိယအကြိမ် ညီလာခံကနေ နောက်ထပ် ၅ နှစ်သက်တမ်းအတွက် အလုပ်အမှုဆောင် အဖွဲ့အသစ် စာရင်းထွက်လာပြီး ဦးခင်ရီ ဥက္ကဋ္ဌသစ် ဖြစ်လာပါတယ်။

အလုပ်အမှုဆောင်အဖွဲ့အသစ်ကို လူဟောင်းတွေပဲ လွှမ်းမိုးထားခဲ့ပေမယ့် အရေးကြီးတဲ့ ရာထူးတချို့ကိုတော့ လစ်လပ်ထားခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

ဦးသန်းရွှေလက်ထက်မှာ ရဲချုပ်တာဝန်ထမ်းဆောင်ခဲ့သလို နောက်ပိုင်း ဦးသိန်းစိန်နဲ့ လက်ရှိအာဏာသိမ်း စစ်ကောင်စီရဲ့ လဝက ဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ ဦးခင်ရီက ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌသစ် ဖြစ်လာခဲ့ပါတယ်။

လက်ရှိ ဒုဥက္ကဋ္ဌ နှစ်ယောက်ဖြစ်တဲ့ ဦးမြတ်ဟိန်းနဲ့ ဦးလှထွန်းတို့ သူတို့နေရာမှာပဲ ပြန်အရွေးခံရပါတယ်။

ဦးမြတ်ဟိန်းက ကာကွယ်ရေးဦးစီးချုပ်(လေ)ဟောင်းဖြစ်သလို ဦးလှထွန်းကလည်း သမ္မတရုံးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဖြစ်တယ်။

ဦးခင်ရီက သူ့ရဲ့ပထမဆုံးမိန့်ခွန်းကို မိနစ် ၂၀ ကြာပြောခဲ့ပြီး လာမယ့်ရွေးကောက်ပွဲနဲ့ ပါတီမူဝါဒတချို့ကို ရှင်းပြခဲ့ပါတယ်။

 ‌ဒီကနေ့ ညီလာခံမှာတော့ ဦးခင်ရီက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုပေါင်း ၁၁ သန်းကျော်ရှိခဲ့တယ်လို့ ဦးခင်ရီက ပြောခဲ့ပါတယ်။

ဦးခင်ရီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို မြို့နယ်ပြည်သူ့လွှတ်တော်နေရာက ဝင်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ရွေးကောက်ပွဲပြုလုပ်ပြီး ၃ ရက်အကြာ ရလဒ်တွေထွက်လာချိန် နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ တပ်မတော်က အငြိမ်းစားဗိုလ်ချုပ်‌‌ဟောင်းတွေနဲ့ အရင်အစိုးရ အဖွဲ့ဝင်ဟောင်းတွေဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်ခဲ့လို့ဆိုပြီး ၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ပြောခဲ့ပါတယ်။

 ဘက်လိုက်မူကင်းပြီး မတရားနည်းနဲ့ မဲဆွယ်တာမရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တပ်မတော်နဲ့ ပူးပေါင်းပြီး စည်းကမ်းကျတဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့လည်း အဲ့ဒီကတည်းက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ခန့်အကြာမှာ ဒီကနေ့မှာ ကြံ့ခိုင်ရေးပါတီက အလုပ်အမှုဆောင်အဖွဲ့အသစ်ကို ပြန်ရွေးချယ်ခဲ့ပေမဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်က တပ်ထွက်လူဟောင်းအများစုကပဲ ပါတီခေါင်းဆောင်ပိုင်းနေတွေကို လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။

 ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး နေရာကို အငြိမ်းစားဗိုလ်ချုပ် ဦးတင်အောင်ချစ် ရရှိခဲ့ပေမဲ့ အထွေထွေအတွင်းရေးမှူးနေရာကိုတော့ ညီလာခံမှာ မရွေးချယ်ခဲ့ပါဘူး။

အလားတူ ဒုတိယဥက္ကဋ္ဌ တစ်နေရာစာနဲ့ ဗဟိုအလုပ်အမှုဆောင် ၆ နေရာလည်း မကြေညာခဲ့ပါဘူး။

ဒီရာထူးတွေက မကြာသေးခင်ကမှ အနားပေးလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေအတွက်ချန်ထားတာလို့ နိုင်ငံရေး အကဲခပ်တွေက သုံးသပ်ပါတယ်။

 ဒီကနေ့ ညီလာခံကို အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ ရောက်လာတာမရှိဘဲ သူတို့ပါတီရဲ့ ရာထူးတွေ ယူဖို့အတွက် လုပ်ထုံးလုပ်နည်းတွေအတိုင်း အဆင့်ဆင့် လုပ်ရဖို့ရှိတယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သူ ဦးလှဆွေက ပြောပါတယ်။

 USDP ကြံ့ခိုင်ရေးပါတီဟာ စစ်အစိုးရလက်ထက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ဖွဲ့စည်းထားခဲ့တဲ့ အသင်းကြီးကနေ ဆင်းသက်လာတာဖြစ်ပြီး နိုင်ငံရေးပါတီအဖြစ် ၂၀၁၀ ခုနှစ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီမှတ်ပုံတင်ခဲ့ပါတယ်။

 အဲ့ဒီနောက် ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ ၈၈၂ နေရာ အနိုင်ရခဲ့ပါတယ်။ USDP ပါတီလွှတ်တော်က နေရာအများစုရရှိခဲ့ပြီး ပါတီက ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၄၃ နေရာမှာ ရင်ဆိုင်ရာမှာ စတင်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်NLD က USDP ကို အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အခုနှစ် ပါတီညီလာခံရဲ့ ခေါင်းဆောင်ပိုင်း ပြန်လည်ရွေးချယ်မှုက မဲပေးတဲ့စနစ်နဲ့မဟုတ်ဘဲ ဗဟိုအတိုင်ပင်ခံအဖွဲ့က ရွေးချယ်ထားတဲ့ လူစာရင်းကို အတည်ပြုပေးရတဲ့သဘောလို့ ညီလာခံတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

နှစ်ရက်ကြာကျင်းပခဲ့တဲ့ ကြံ့ခိုင်ရေးပါတီညီလာခံက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၄၀ ကျော် ရွေးချယ်ခဲ့ ပေမယ့် ဥက္ကဋ္ဌဟောင်းဦးသန်းဌေးနဲ့ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းတို့ ရာထူးတွေကနေ အနားယူသွားတာကလွဲလို့ အပြောင်းအလဲကြီးကြီးမားမားမရှိခဲ့ဘူးလို့ အကဲခတ်တွေက ပြောပါတယ်။