ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ

ကြံ့ခိုင်ရေးပါတီ နေရာအများစုနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးနိုင်ငံရေးသမားတချို့ရှုံးပွဲတွေ့သွားပါတယ်။

အရှုံးနဲ့တွေ့သွားကြတဲ့အထဲ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေလည်းပါဝင်သလို ဒေါ်စန္ဒာမင်းလို NLD ဟောင်း၊ တစ်သီးပုဂ္ဂလတွေလည်း ပါပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ရေးပါတီကို ကျော်ဖြတ်နိုင်ခဲ့တဲ့ တိုင်းရင်းသားအမတ်တွေရှိသလို ကြိုတင်မဲနဲ့ရှုံးပွဲတွေ့ရတဲ့ အမတ်တွေလည်းရှိနေပါတယ်။

ရွေးကောက်ပွဲရှုံးကြတဲ့အထဲ ပါတီဥက္ကဋ္ဌတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။

ဝေဖန်ကန့်ကွက်မှုတွေရှိတဲ့ကြားထဲက ရွေးကောက်ပွဲဝင်ပြိုင်ပြီးရှုံးကြတာဖြစ်လို့ ရှုံးချက်နာတယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပါတယ်။

ရှုံးပွဲတွေ့ကြတဲ့ NLD ဟောင်းတွေ

ရွေးကောက်ပွဲမှာ NLD မပါပေမဲ့ NLD အမတ်ဟောင်းတချို့တော့ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ကြပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့တဲ့ ဒေါ်စန္ဒာမင်းဟာ လသာမြို့နယ်မှာ ရှုံးနိမ့်သွားပါတယ်။

သူက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကနေ ဝင်ပြိုင်ဖို့ စီစဥ်ခဲ့ပေမဲ့ ပါတီအဖျက်ခံရတဲ့အတွက် တစ်သီးပုဂ္ဂလဝင်ပြိုင်ရင်း ကြံ့ခိုင်ရေးအမတ်လောင်းကို ရှုံးသွားတာပါ။

ဒေါ်စန္ဒာမင်းဟာ ကြံ့ခိုင်ရေးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ရဲ့နောက် တတိယမဲအများဆုံးနေရာမှာပဲ ခိုင်လုံမဲ ၁၃၉၆ မဲ နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

နိုင်ချင်ပေမဲ့ ရှုံးခဲ့တယ် လို့ သူကပြောပါတယ်။

ရွေးကောက်ပွဲရှုံးခဲ့ပေမဲ့ အစိုးရဘက်မှာတာဝန်ပေးရင် ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ သူက လမ်းဖွင့်ထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဦးဒေးဗစ်လှမြင့် က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ UNDP ကနေ ရန်ကုန်တိုင်းဒေသကြီး နိုင်သူအကုန်ယူ အမှတ် ၂ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ပြိုင်နေပါတယ်။

ဒီမဲဆန္ဒနယ်ဟာ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဝင်ပြိုင်ဖို့ စာရင်းပေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

NLD အမတ်ဟောင်း ဦးဒေးဗစ်လှမြင့်ဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကော့မှူးမဲဆန္ဒနယ်မှာ ပြိုင်ဘက်အဖြစ် ဝင်ပြိုင်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အမတ်ဟောင်းဖြစ်တဲ့ ဦးသန်းစိုး(ဘောဂဗေဒ)လည်း ပြည်သူ့ပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး နိုင်သူအကုန်ယူ အမှတ် ၄ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ပြိုင်နေတာဖြစ်ပါတယ်။

မဲရေတွက်ဆဲဖြစ်လို့ သူတို့နှစ်ဦးရဲ့ မဲရလဒ်ကိုတော့ ကော်မရှင်ကမကြေညာသေးပေမဲ့ အဲဒီမဲဆန္ဒနယ်တွေရဲ့ ပြည်သူ့လွှတ်တော်နေရာတွေမှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရနေပါတယ်။

NLD ပါတီရဲ့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ချိုနွယ်ဦးလည်း သင်္ဃန်းကျွန်းမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်အတွက် တစ်သီးပုဂ္ဂလဝင်အရွေးခံပေမဲ့ ကြံ့ခိုင်ရေးအမတ်ကို ရှုံးခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အမတ်ဟောင်း ဒေါက်တာဖြူဖြူခိုင်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)ကနေ ရန်ကုန်တိုင်းလွှတ်တော်အတွက် ရွေးကောက်ပွဲဝင်ပြိုင်နေပါတယ်။

သူ့မဲဆန္ဒနယ်ဟာ ရွေးကောက်ပွဲအပိုင်း ၃ မှာ ပါဝင်တာကြောင့် ရလဒ်ကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးကိုနိုင်တဲ့ အမျိုးသမီး

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ဟာ တောင်ကြီးမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNO က အမျိုးသမီးအမတ်လောင်းကို ရှုံးနိမ့်သွားပါတယ်။

တောင်ကြီးမှာ ပြည်သူ့လွှတ်တော်နေရာအတွက် ခိုင်လုံမဲ တစ်သိန်းရှစ်သောင်းကျော်အထိရှိခဲ့ပြီး PNO က နန်းကျင်းက ခြောက်သောင်းရှစ်ထောင်ကျော်ရခဲ့ပါတယ်။

အငြိမ်းစားဒုဗိုလ်ချုပ်ကြီးအောင်အောင်က ငါးသောင်းကျော်ရခဲ့ပေမဲ့ နန်းကျင်းကို မကျော်နိုင်ခဲ့ပါဘူး။

နန်းကျင်း(ခ)နန်းစိန်ဟာ ဥပဒေဘွဲ့ရတစ်ဦးဖြစ်ပြီး ဥပဒေဝန်ဆောင်မှုနဲ့ အမျိုးသမီးရေးရာ ကိစ္စရပ်တွေကို ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်ပါတယ်။

တောင်ကြီးမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ပြည်နယ်အစိုးရရုံးစိုက်ပေမဲ့ ဒေသခံပါတီက အသာရခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီနဲ့ ကျားဖြူပါတီတို့ကလည်း တောင်ကြီးမှာ မဲတစ်သောင်းကျော်စီရကြလို့ ပြည်ထောင်စုတဝန်းမှာပြိုင်တဲ့ပါတီတွေ မဲပြားသွားတာလည်းဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ရှမ်းပြည်နယ်မှာ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး အကုန်အနိုင်ရခဲ့ပါတယ်။

၂၀၁၅ မှာလည်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ၁၀ ဦးအထိ ရွေးကောက်ခံခဲ့ရပါတယ်။

ဦးအောင်အောင်ဟာ ကြိုတင်မဲ ရှစ်ထောင်ကျော်နဲ့အများဆုံးရခဲ့ပြီး မဲရုံမဲ လေးသောင်းကျော်ရခဲ့ပါတယ်။

ဦးအောင်အောင်ကို ကြိုတင်မဲက မကယ်နိုင်ပေမဲ့ ကြိုတင်မဲကြောင့် အနိုင်ရသွားသူတစ်ဦးကတော့

စစ်ရာထူးခန့်ချုပ်ဟောင်း အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးလင်းအောင် ဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ မြိတ် ပြည်သူ့လွှတ်တော်နေရာအတွက် စစ်ရာထူးခန့်ချုပ်ဟောင်းကို ပြည်သူ့ပါတီက ဒေါ်စန်းစန်းသွယ်က အကြိတ်အနယ်ယှဥ်ပြိုင်ပြီးမှ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒေါ်စန်းစန်းသွယ်ဟာ မဲရုံမဲမှာ ၁၅၀၀ ကျော်အသာရခဲ့ပေမဲ့ ကြိုတင်မဲမှာ ဦးလင်းအောင်က ၄၆၈၇ မဲ အထိရပြီးအနိုင်ရသွားတာဖြစ်ပါတယ်။

ပြန်ကြားရေးဒုဝန်ကြီးဟောင်းရဲ့သုံးကြိမ်ဆက်အရှုံး

ကြံခိုင်ရေးပါတီက နေရာအများစုမှာနိုင်နေပေမဲ့ ပြန်ကြားရေးဒုဝန်ကြီးဟောင်း ဦးပိုက်ထွေးကတော့ တောင်တွင်းကြီးမှာ ရှုံးပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒေါက်တာကျော်ဆွေကို ရှုံးတာပါ။

ဦးပိုက်ထွေးဟာ ကြိုတင်မဲမှာ သုံးထောင်နီးပါးအသာရခဲ့ပေမဲ့ မဲရုံမဲမှာ ခုနှစ်ထောင်ကျော်အကွာနဲ့ ရှုံးခဲ့တာပါ။

"ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးလိုက်ခြင်းဟာ ကိုယ်မကြိုက်တဲ့ သူတွေကို အလိုအလျောက် တားဆီးပြီးသားဖြစ်ပါတယ်" ဆိုတဲ့ ဒေါက်တာကျော်ဆွေရဲ့ မဲဆွယ်စည်းရုံးရေးဗျူဟာ အောင်မြင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

နေပြည်တော်အနီးမှာရှိတဲ့ တောင်တွင်းကြီးဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေနဲ့ဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ရဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ဟောင်းလည်းဖြစ်ပါတယ်။

ဒေါက်တာကျော်ဆွေဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက NLD အမတ် ဦးမင်းသိန်းကို ရှုံးနိမ့်ခဲ့ပေမဲ့ အခုတော့ အတိတ်ကအရှုံးဒဏ်ကို ကုစားနိုင်ခဲ့ပြီဖြစ်ပါတယ်။

၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ကံမမြို့နယ်မှာရှုံးတဲ့ ဦးပိုက်ထွေးဟာ တောင်တွင်းကြီးကို ပြောင်းပြိုင်ပေမဲ့ အရှုံးနဲ့ပဲ ဆက်ရင်ဆိုင်လိုက်ရပါတယ်။

ကြံ့ခိုင်ရေး ရှုံးတဲ့ တိုင်းရင်းသားပါတီတွေ

ဒီရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီရဲ့ အောင်မြင်မှုကပြောစမှတ်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း ၁ နဲ့အပိုင်း၂ အပြီးမှာ ၁၂ ဦး အထိ အနိုင်ရထားပါတယ်။

ကြံ့ခိုင်ရေးပါတီကို မွန်ပြည်နယ်မှာ အခက်တွေ့အောင်လုပ်ခဲ့ကြပြီး ပြည်နယ်ပါတီတစ်ခုရဲ့ အရေးပါမှုကိုပြသခဲ့ကြပါတယ်။

မုဒုံ၊ သံဖြူဇရပ်၊ ရေးနဲ့ ပေါင်မြို့နယ်တွေမှာ ပြည်သူ့လွှတ်တော်ရော၊ ပြည်နယ်လွှတ်တော် နေရာတွေမှာပါ မွန်အမျိုးသားပါတီအမတ်လောင်းတွေက ကြံ့ခိုင်ရေးအမတ်လောင်းတွေကို အနိုင်ရခဲ့ကြပါတယ်။

ဒီအနိုင်ရလဒ်ကြောင့် အချိုးကျကိုယ်စားပြုစနစ်နဲ့ အမျိုးသားလွှတ်တော် မှာ နှစ်နေရာ၊ ပြည်နယ်လွှတ်တော်မှာ အမတ် ၃ နေရာ ထပ်ရပါတယ်။

ဒါပေမဲ့ ချောင်းဆုံကတော့ ပြောစရာဖြစ်သွားပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကို နိုင်ထွန်းဦးက ကြိုတင်မဲနဲ့ရှုံးခဲ့တာပါ။

ပြည်နယ်လွှတ်တော်အတွက်ယှဥ်ပြိုင်ကြရာမှာ မွန်အမတ်လောင်းဟာ မဲရုံမဲမှာ မဲတစ်ထောင်ကျော်သာနေပေမဲ့ ကြံ့ခိုင်ရေးအမတ်လောင်းဝန်ကြီးချုပ်က ကြိုတင်မဲ နှစ်ထောင်ကျော်ရပြီး နိုင်သွားတာဖြစ်ပါတယ်။

ဒါပေမဲ့ ချောင်းဆုံပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာတော့ မွန်ညီညွတ်ရေးပါတီက ကြံ့ခိုင်ရေးအမတ်ကို မဲ သုံးထောင်နီးပါးအကွာနဲ့ နိုင်သွားပါတယ်။

မော်လမြိုင်နဲ့ ကျိုက်မရော ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေမှာတော့ မွန်ပါတီက ဒုတိယနေရာမှာပဲရှိနေပြီး ကြံ့ခိုင်ရေးကို မကျော်နိုင်ခဲ့ပါဘူး။

မွန်တွေလိုပဲ ကြံ့ခိုင်ရေးကိုနိုင်တာ နာဂအမျိုးသားပါတီဖြစ်ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဖြစ်တဲ့ လေရှီး၊ လဟယ်နဲ့ နန်းယွန်းက မဲဆန္ဒနယ်တွေအကုန်လုံးမှာ နာဂပါတီအမတ်တွေက အောင်ပွဲခံခဲ့ကြပါတယ်။

ရှမ်းပြည်ဘက်မှာဆိုရင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က လင်းခေး၊ မိုးနဲ၊ လဲချား၊ မိုင်းကိုင်၊ ကွန်ဟိန်းမြို့နယ်တွေမှာ အနိုင်ရထားပါတယ်။

ဝါရင့်ရခိုင်နိုင်ငံရေးသမား နှစ်ဦးလည်းရှုံး

၂၀၁၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေဖြစ်တဲ့ ဒေါက်တာအေးမောင်နဲ့ ဦးဘရှိန်တို့လည်း ရွေးကောက်ပွဲရှုံးပါတယ်။

ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်က စစ်တွေမှာလုပ်တဲ့ အမျိုးသားလွှတ်တော် (နိုင်သူအကုန်ယူစနစ်) မှာ ကြံ့ခိုင်ရေးအမတ်ကို ရှုံးပါတယ်။

မဲတစ်သောင်းခွဲကျော်တောင်ကွာပြီး အပြတ်အသတ်ရှုံးနိမ့်တာဖြစ်ပါတယ်။

အလားတူ ကျောက်ဖြူအမတ်ဟောင်း ဦးဘရှိန်လည်း ကျောက်ဖြူမှာလုပ်တဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ရှုံးပါတယ်။

ရခိုင်တိုင်းရင်းသားများပါတီဥက္ကဋ္ဌဟာ ပြိုင်ဘက် နှစ်ယောက်ရဲ့အောက်မှာရောက်ခဲ့တာဖြစ်ပါတယ်။

စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူကလွဲလို့ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေမှာလုပ်တဲ့ ရွေးကောက်ပွဲမှာ အမတ်ဟောင်းနှစ်ဦး ရှုံးပွဲတွေ့ခဲ့ကြတာပါ။

ဥက္ကဋ္ဌတွေနဲ့ တစ်သီးပုဂ္ဂလတွေ

တစ်သီးပုဂ္ဂလတွေထဲ ဒေါ်စန္ဒာမင်းလို အရှုံးနဲ့နှုတ်ဆက်ရသူကတော့ နေပြည်တော်မှာပြိုင်တဲ့ ဒေါက်တာအောင်မျိုးဖြစ်ပါတယ်။

ဒေါက်တာအောင်မျိုးဟာ ဇဗ္ဗူသီရိမှာ မဲဒုတိယအများဆုံးဖြစ်ခဲ့ပေမဲ့ အလုပ်သမားဝန်ကြီးဟောင်း မင်းကင်းဦးမောင်မြင့်ကို မဲနှစ်သောင်းကျာ်အကွာနဲ့ရှုံးပါတယ်။

ဒါပေမဲ့ ကြည့်မြင်တိုင်မှာ ဝင်ပြိုင်တဲ့ ဦးခင်လှိုင်က ကြံ့ခိုင်ရေးအမတ် ဒေါ်အိအိလှိုင်ကို မဲတစ်သောင်းနီးပါးအကွာနဲ့ အနိုင်ရခဲ့ပါတယ်။

ဦးခင်လှိုင်ဟာ အရင်ရွေးကောက်ပွဲတွေမှာရှုံးခဲ့တဲ့ အစဥ်အလာဆိုးကိုချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲအပိုင်း ၃ မှာ ပါလာမယ့် တစ်သီးပုဂ္ဂလတစ်ဦးကိုလည်း စောင့်ကြည့်ရမှာဖြစ်ပြီး သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့် ဖြစ်ပါတယ်။

အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးဆန်းဆင့်က ဧရာဝတီတိုင်းလွှတ်တော်အတွက် ရေကြည်မြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ပြီး ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဦးဆန်းဆင့်ဟာ ကြံ့ခိုင်ရေးပါတီနဲ့ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

နိုင်ငံတဝန်းဝင်ပြိုင်တဲ့ ပါတီ ၆ ခုမှာ ပါတီခေါင်းဆောင် ၄ ဦးပဲ ရွေးကောက်ပွဲဝင်ပြိုင်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးဟန်‌ရွှေက အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲ ဝင်မပြိုင်ပါဘူး။

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကတော့ ဝင်ပြိုင်ပေမယ့် ကြွေးမြီကိစ္စတွေကြောင့် ဝင်ပြိုင်ခွင့်တားမြစ်ခံရပါတယ်။

ဝင်ပြိုင်တဲ့ ဥက္ကဋ္ဌ လေးယောက်ထဲမှာ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီတစ်ယောက်ပဲ အနိုင်ရလဒ်ထွက်ထားပြီး ကျန်တဲ့ ၃ ယောက်ကတော့ ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကျားဖြူပါတီ ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းက ပဲခူး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂) အချိုးကျကိုယ်စားပြုစနစ်ကနေ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

အမျိုးသားလွှတ်တော်ဖြစ်တဲ့အတွက် ရေတွက်ဆဲဖြစ်လို့ မဲရလဒ်တွေကတော့ မကြေညာသေးပါဘူး။

မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ဒဂုံမြို့သစ်(ဆိပ်ကမ်း) ကနေ ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်မှာပါ။

အလားတူ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ လမ်းမတော် မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်မှာဖြစ်ပါတယ်။

ဒီဥက္ကဋ္ဌ နှစ်ဦးစလုံးဟာ ရွေး‌ကောက်ပွဲ အပိုင်း ၃ မှာ ပြိုင်မှာဖြစ်ပါတယ်။

သူတို့ပါတီက ကိုယ်စားလှယ်လောင်းအများစုဟာ ကြံ့ခိုင်ရေးအမတ်လောင်းတွေကို အရေးနိမ့်ခဲ့ကြတဲ့အတွက် ဒီပါတီဥက္ကဋ္ဌတွေလည်း ကြံ့ခိုင်ရေးအမတ်တွေကို ဖြတ်ကျော်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။