ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘီလျံများစွာ အသုံးစရိတ်ရှိတဲ့ မဲဆွယ်ပွဲ
အမတ်လောင်းတစ်ဦးကို ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ်သိန်းသုံးရာ သတ်မှတ်ထားတဲ့အတွက် အမတ်လောင်း ငါးထောင်နီးပါးဝင်ပြိုင်မယ့် ရွေးကောက်ပွဲမှာ အသုံးစရိတ်က ဘီလျံပေါင်းများစွာရှိလာမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လို ရွေးကောက်ပွဲအသုံးစရိတ် သိန်း ၆၀ ကျော်ပဲ သုံးတဲ့သူရှိသလို ကျပ်သိန်းထောင်ချီသုံးပြီး ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တဲ့ အမတ်လောင်းတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိမဲဆွယ်စည်းရုံးရေးကာလမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အမတ်လောင်းတစ်ဦးကို ကျပ်သိန်းတစ်ရာအထိ ထောက်ပံ့ပေးတယ်လို့ အမတ်လောင်းတချို့က ဘီဘီစီကိုပြောပါတယ်။
လုပ်ငန်းရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီအပါအဝင် တခြားပါတီတွေကတော့ USDP လို ထောက်ပံ့ပေးနိုင်တာမရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။
တစ်ကောင်တည်းပြေးတဲ့မြင်း
"ရွေးကောက်ပွဲဆိုတာ ငွေလမ်းခင်းရတယ်ဗျ" လို့ ကြံ့ခိုင်ရေးအမတ်တစ်ဦးက ပြောပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့ပါတီမှာ သိန်းထောင်ချီသုံးခဲ့တဲ့ အမတ်လောင်းတွေရှိခဲ့တဲ့အကြောင်း ပြန်ပြောပြပါတယ်။
"ဇေကမ္ဘာဦးခင်ရွှေနဲ့ ယုဇနဦးဌေးမြင့် တို့ပေါ့ဗျာ" လို့ သူက ဆက်ပြောပါတယ်။ ထင်ရှားတဲ့လုပ်ငန်းရှင်တွေအဖြစ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ကြတဲ့ သူတို့နှစ်ဦး ငွေသုံးကြမ်းကြတဲ့အကြောင်း နီးစပ်သူတွေကလည်း အတည်ပြုကြပါတယ်။
ဒါ့အပြင် အငြိမ်းစားဗိုလ်ချုပ်ကြီးကနေ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ကြတဲ့ သီဟသူရဦးတင်အောင်မြင့်ဦးနဲ့ ဦးမြင့်လှိုင်တို့ လည်း ငွေသုံးကြမ်းတဲ့အကြောင်း နေပြည်တော်မှာပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးကပြောပါတယ်။
သူတို့ရဲ့ ငွေသုံးကြမ်းတာက ဥပဒေနဲ့ငြိနိုင်ပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက တိုင်ကြားမှုတွေရော ထောက်ပြမှုတွေပါ အားနည်းခဲ့တယ်လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။
ချမ်းသာတဲ့အမတ်လောင်းတွေပါဝင်သလို ကြံ့ခိုင်ရေးပါတီကိုယ်တိုင်လည်း ငွေသုံးနိုင်တဲ့ ပါတီလို့ ပြောလို့ရပါတယ်။
ဒီနှစ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးကို ပါတီက ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်းတစ်ရာထုတ်ပေးတယ် လို့ နေပြည်တော်ကဝင်ပြိုင်တဲ့ ကြံ့ခိုင်ရေးအမတ်လောင်း ဦးလှဆွေကပြောပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို ကျပ်သိန်းတစ်ရာ၊ အမျိုးသားလွှတ်တော်(နိုင်သူအကုန်ယူ) ကိုယ်စားလှယ်လောင်းတစ်ဦးကို သိန်းတစ်ရာ၊ ၄ မြို့နယ် အထက် စည်းရုံးရရင် သိန်း ၁၅၀ ပေးတယ်လို့ ရန်ကုန်ကဝင်ပြိုင်မယ့် USDP အမတ်လောင်းတစ်ဦး ကလည်း အတည်ပြုပါတယ်။
အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) ကိုယ်စားလှယ်လောင်းတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အမတ်လောင်းတွေကိုတော့ တစ်ဦးကို ကျပ် သိန်း ၅၀ ထောက်ပံ့တယ် လို့ သူကဆက်ပြောပါတယ်။
ဒါကြောင့် လွှတ်တော်သုံးရပ်အတွက် စုစုပေါင်းကိုယ်စားလှယ် တစ်ထောင်နီးပါးဝင်ပြိုင်တဲ့ ကြံ့ခိုင်ရေးပါတီအတွက် ရွေးကောက်ပွဲစရိတ်ထောက်ပံ့ကြေးတင် ကျပ် ၇ ဘီလျံ ဝန်းကျင်ရှိနေပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ အရင်ရွေးကောက်ပွဲတွေတုန်းကလည်း အခုလိုထောက်ပံ့ပေးခဲ့တဲ့အတွက် ရွေးကောက်ပွဲတစ်ခုလုပ်တိုင်း ဘီလျံနဲ့ချီတဲ့ အသုံးစရိတ်တွေ ကုန်ကျနေတာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်ရေးကာလဖြစ်တဲ့ ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်တဲ့ ကြံ့ခိုင်ရေးအသင်းဟာ မြေ၊ အဆောက်အအုံနဲ့ ရန်ပုံငွေတောင့်တင်းပြီး ပါတီပိုင် စီးပွားရေးလုပ်ငန်းတွေပါ ရှိခဲ့ပါတယ်။
၂၀၁၀ မှာ အသင်းကနေ ပါတီပြောင်းပြီး ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။
အစိုးရကတည်ထောင်တဲ့ ကြံ့ခိုင်ရေးနဲ့ သူတို့ပါတီက အခြေအနေချင်းမတူဘူး လို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ရွေးကောက်ပွဲကာလအစောပိုင်းမှာ ပြောခဲ့ပါတယ်။
"ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်အိတ်ကိုယ်စိုက်ပြီး မိုးထဲရေထဲ ရုန်းရတဲ့ ပါတီ" လို့ သူတို့ပါတီအကြောင်း သူကပြောခဲ့ပါတယ်။
တစည၊ ပီနှစ်လုံးနဲ့ ပီသုံးလုံး အခြေအနေ
လုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီကို ရွေးကောက်ပွဲစရိတ် သီးခြားထောက်ပံ့တာမရှိပါဘူး။
ပါတီလှုပ်ရှားမှုတွေကိုပဲ ထောက်ပံ့ပေးတယ်လို့ PPP ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေးက ပြောပါတယ်။
မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်ထောင်တာ၊ လက်ကမ်းစာစောင်၊ ဦးထုပ်နဲ့ ပူဖောင်းလို ပစ္စည်းတွေထောက်ပံ့တယ်လို့ သူကပြောပါတယ်။
"ကျွန်တော်တို့ဆီမှာ သူဌေးကြီးတွေမပါပါဘူး။ အသေးစားအလတ်စား လုပ်ငန်းရှင်တွေပဲ များတာပါ" လို့ ဦးစောဟန်အေးက ပြောပါတယ်။
တစ်နိုင်ငံလုံးမှာဝင်ပြိုင်မယ့် ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးကလည်း အမတ်လောင်းတွေကို ရွေးကောက်ပွဲအသုံးစရိတ် သီးခြားမထောက်ပံ့နိုင်ဘူး လို့ ပြောပါတယ်။
"မထောက်ပံ့နိုင်ပါဘူး၊ အလှူခံဖြတ်ပိုင်းစာအုပ် ပေးလိုက်တာရှိပါတယ်" လို့ ဦးကိုကိုကြီးက ပြောပါတယ်။
တီရှပ်၊ ဦးထုတ်စတဲ့ စည်းရုံးရေး ပစ္စည်းတွေကိုတော့ တတ်နိုင်သလောက် ထောက်ပံ့ပေးတာ ရှိတယ်လို့ သူကပြောပါတယ်။
ရွေးကောက်ပွဲပြိုင်မယ့်အထဲ သက်တမ်းအရှည်ဆုံးဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ကလည်း ကိုယ်စားလှယ်လောင်းတွေကို သီးခြားထောက်ပံ့နိုင်တာမရှိဘူး လို့ ဘီဘီစီကိုပြောပါတယ်။
"ခြိုးခြံချွေတာထားတဲ့ ပါတီရန်ပုံငွေကိုပဲ သင့်တင့်အောင်မျှတသုံးရတဲ့ အခြေအနေဖြစ်ပါတယ်" လို့ ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီက ပြောပါတယ်။
သုံးသလောက်ကုန်တဲ့ ရွေးကောက်ပွဲ
အရင်ရွေးကောက်ပွဲတွေတုန်းက ကျပ်သိန်း ၁၅၀ ပဲ အသုံးစရိတ်ရှိခွင့်ပြုခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲကစတင်ပြီး ကျပ် သိန်း ၃၀၀ အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုးမြှင့်ခွင့်ပြုပေးလိုက်တာပါ။
တိုင်းရင်းသားလူမျိုးကိုယ်စားလောင်းတွေအတွက် သိန်း ၃၀၀ ကနေ သိန်း ၅၀၀ အထိ အသုံးစရိတ် တိုးမြှင့်ပေးလိုက်ပါတယ်။
ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၄၉၀၀ နှုန်းနဲ့ တွက်ကြည့်ရင် ရွေးကောက်ပွဲအသုံးစရိတ် ခွင့်ပြုမှုက ၁၄၇ ဘီလျံအထိရှိပါတယ်။
ဒါပေမဲ့ သိန်း ရာဂဏန်းအထိ မသုံးနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိသလို ကျော်လွန်သုံးစွဲတဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ရှိတယ်လို့ ရွေးကောက်ပွဲ နှစ်ကြိမ်ဝင်ပြိုင်ဖူးတဲ့ အမတ်လောင်းတစ်ဦးက ပြောပါတယ်။
"ဘောင်ဝင်အောင်တော့ လုပ်ရတာပေါ့" လို့ သူကပြောပါတယ်။
ဘောင်ဝင်အောင်ဆိုတာက ကုန်ကျစရိတ်တချို့ကို အလှူရှင်တွေကို စိုက်ထုတ်ခိုင်းတာမျိုးလို့ သူကပြောပါတယ်။
မဲဆွယ်ပွဲလုပ်ရင် လူလာအောင် လမ်းစရိတ်၊ အကျွေးအမွေးနဲ့ စည်းရုံးပြီး အလှူရှင်ကို အကုန်အကျ ခံခိုင်းတာမျိုးလို့ သူကရှင်းပြပါတယ်။
ကျေးရွာအုပ်စုများတဲ့ နယ်က အမတ်လောင်းတွေအတွက် ရွာတွေစုံအောင် စည်းရုံးရေးဆင်းရတာက အဓိကစိန်ခေါ်ချက်ဖြစ်ပါတယ်။
သွားလာစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်တွေက ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်တွေ အတွက်ပါ ကုန်ကျတဲ့အတွက် စရိတ်ကြီးတယ်လို့ အမတ်လောင်းတွေက ပြောပါတယ်။
"နယ်က အင်တာနက်မရတဲ့နေရာတွေမှာကျတော့ မြေပြင်အရောက်သွားနိုင်တဲ့ ကိုယ်စားလှယ်လောင်းက သာတာပဲ" လို့ အမတ်လောင်းတစ်ဦးကပြောပါတယ်။
စီတန်းလှည့်လည်စည်းရုံးတဲ့အခါ ပွဲစည်အောင် နေ့တွက်ကြေး၊ အကျွေးအမွေးနဲ့ စက်သုံးဆီဖိုးပါ ပေးရတဲ့အတွက် သုံးရင်သုံးသလောက်ကုန်တဲ့ ရွေးကောက်ပွဲလို့ နောက်ထပ် အမတ်ဟောင်းတစ်ဦးက ပြောပါတယ်။
၂၀၂၅ ရွေးကောက်ပွဲကတော့ လုံခြုံရေးအရ စီတန်းလှည့်လည်ခွင့်မပြုထားတဲ့အတွက် မဲဆွယ်စည်းရုံးစရိတ်က အရင်ရွေးကောက်ပွဲတွေကထက် သက်သာနိုင်ပါတယ်။
ဒါပေမဲ့ ဒီပိုက်ဆံက အွန်လိုင်းကနေ မဲဆွယ်စည်းရုံးတဲ့ကုန်ကျစရိတ်မှာ သုံးရလိမ့်မယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးကပြောပါတယ်။
"ရွာတွေဆင်းတော့ ရွာကလည်းအလှူခံတယ်။ ဘုန်းကြီးကလည်းအလှူခံတယ်။ လှူရင်လှူသလောက်ကုန်တာပဲ" လို့ ကြံ့ခိုင်ရေးပါတီက ဦးလှဆွေက ပြောပါတယ်။
၂၀၁၀ တုန်းက နေပြည်တော်က ရွာတစ်ရွာမှာ ဓမ္မာရုံလိုက်ဆောက်ပြီးလှူခဲ့တဲ့ အမတ်တစ်ဦးတောင် ရှိခဲ့တဲ့အကြောင်း သူကပြောပြီး နာမည်ကိုတော့ထုတ်မပြောပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မျက်နှာ
ရွေးကောက်ပွဲမှာ ငွေသုံးကြမ်းတာနဲ့ပတ်သက်ရင် ၂၀၂၀ ရွေးကောက်ပွဲတုန်းကဖျက်သိမ်းခံရတဲ့ နှင်းဆီပါတီက မပါမဖြစ်ပါပဲ။
ဝေးလံခေါင်သီတဲ့နယ်မြေတွေအထိပါ ပါတီရုံးတွေဖွင့်ပြီး ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးအထိ ဝင်ပြိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြီးရင် အများဆုံး ဝင်ပြိုင်တဲ့ပါတီဖြစ်ပါတယ်။
ပါတီပိုင်ဆိုင်ငွေ ကျပ် ၂၃ ဘီလျံကျော်ဟာ တရားဝင်ငွေကြေး ဟုတ်၊ မဟုတ်စစ်ဆေးခံခဲ့ရပြီး ဥက္ကဋ္ဌ ဦးကျော်မြင့် ရဲ့ ဘဏ်ငွေစာရင်းနဲ့ သူနဲ့ဆက်စပ်တဲ့ ဘဏ်ငွေစာရင်း ငွေအဝင်အားလုံးဟာ တရုတ်နယ်စပ်ကနေ တရားမဝင် ငွေလွှဲနဲ့ ရောက်လာခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံးက ပြောခဲ့ပါတယ်။
ဦးကျော်မြင့်လည်း အမှုဟောင်းဖြစ်တဲ့ တရားခံပြေးမှုနဲ့ အဖမ်းခံရသလို ပါတီလည်း ဖျက်သိမ်းခံရပါတယ်။
ရွေးကောက်ပွဲဥပဒေတွေမှာ ပြည်ပထောက်ပံ့ငွေကိုလက်မခံဖို့ အထူးတင်းကျပ်ထားပါတယ်။
ဒါပေမဲ့ ပြည်တွင်းက နိုင်ငံသားနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေက ထည့်ဝင်လှူဒါန်းရင်တော့ လက်ခံလို့ရပါတယ်။
"NLD က အလှူရှင်အရမ်းပေါခဲ့တာ" လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခဲ့သူတစ်ဦးက ပြောပါတယ်။
ဒီအချက်ကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် တစ်ဦးကလည်း အတည်ပြုပါတယ်။
မြန်မာပြည်ရဲ့ထိပ်တန်းလုပ်ငန်းရှင်အများစုဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ပါတီရန်ပုံငွေတွေလှူဒါန်းထည့်ဝင်ခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ပါတီရဲ့ရွေးကောက်ပွဲထောက်ပံ့ငွေကို ကိုယ်ကျိုးအတွက်သုံးသူတွေလည်းရှိသလို ကိုယ့်အိတ်ထဲကပိုက်ဆံအများကြီးမစိုက်ထုတ်ရဘဲ အမတ်ဖြစ်သွားသူတွေလည်းရှိတယ်လို့ အမတ်ဟောင်းတစ်ဦးက ပြောပါတယ်။
"ရွေးကောက်ပွဲမှာတခြားပါတီတွေလို ငွေများများသုံးစရာမလိုဘဲနိုင်တာ NLD အမတ်တွေက အများစုပဲ။ ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့ပေါ့" လို့ သူကပြောပါတယ်။
အသွားနှစ်ဖက်နဲ့ဓား
ရွေးကောက်ပွဲအတွက်ငွေလမ်းခင်းတာက အနိုင်ရဖို့သုံးတာ ဖြစ်ပေမဲ့ အရှုံးလည်းဖြစ်သွားနိုင်ပါတယ်။
ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေက အသုံးစရိတ်ကိုစောင့်ကြည့်နေပြီး ရွေးကောက်ပွဲအပြီးမှာ တိုင်ကြားကြလို့ဖြစ်ပါတယ်။
ဘီဘီစီက ကြည့်ရှုခဲ့တဲ့ ရွေးကောက်ပွဲတိုင်ကြားလွှာအမှုတွေမှာ အသုံးစရိတ်နဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေ တွေ့ခဲ့ရပါတယ်။
အနီးဆုံးအမှုတွေဖြစ်တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ဆိပ်ကမ်းမြို့နယ်မှာနိုင်တဲ့ ကြံ့ခိုင်ရေးအမတ်ကို NLD အမတ်ကတိုင်တန်းမှု၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာနိုင်တဲ့ NLD အမတ်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က တိုင်တဲ့အမှုတွေမှာ အသုံးစရိတ်နဲ့ပတ်သက်လို့ ထည့်တိုင်ခဲ့ကြပါတယ်။
မန္တလေးမှာနိုင်နေတဲ့ NLD အမတ်မဖယ်ပေးရပေမဲ့ ရန်ကုန်က USDP ဆိပ်ကမ်းအမတ် ဦးနေမျိုးအောင် ရှုံးနိမ့်ပြီး အမတ်နေရာကဖယ်ပေးခဲ့ရပါတယ်။
ဒီရွေးကောက်ပွဲမှာလည်း ကုန်ကျစရိတ်စာရင်းသေချာပြုစုဖို့ ကြံ့ခိုင်ရေးပါတီက အမတ်တွေကိုမှာထားပြီး တိုင်စာတွေရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
"ဒါလေးတစ်ခု ပေါ့ဆရင် ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်" လို့ USDP အမတ်တစ်ဦးကပြောပါတယ်။