ဒေါ်အောင်ဆန်းစုကြည် - စစ်တပ်က ဖုံးကွယ်ထားတဲ့ နှင်းဆီနီ

ဒီနှစ် ၁၉ ဇူလိုင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည် ဗိမာန်မှာ လာရောက် ဂါရဝ ပြုခွင့် ပေးလိမ့်မလား၊ ၄ နှစ်ကျော် မြင်တွေ့ခွင့် မသာခဲ့ရတဲ့ လူထုခေါင်းဆောင် ကို ဖန်သားပြင်ပေါ်ကနေ ဖြစ်ဖြစ် ခဏတာ တွေ့ရလေမလား ဆိုတဲ့ မယုံမရဲ မျှော်လင့်ချက်တချို့ ပျက်ပြယ်ခဲ့ပြီ ဖြစ်ပါတယ်။

အာဇာနည်နေ့ အကြို ရန်ကုန်မှာ လုံခြုံရေး ထူထပ် တင်းကျပ်နေခဲ့တာဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ရန်ကုန်မှာ ရောက်နေပြီး အာဇာနည် ဗိမ္မာန် အခမ်းအနားကိုလည်း ကိုယ်တိုင် တက်ရောက်မှာ ဖြစ်လို့ တင်းကျပ်နေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လူမြင်ကွင်းကို ဘယ်လိုမှ ထုတ်ပြမှာ မဟုတ်ဘူးလို့ ပြောသူတွေလည်း ရှိနေခဲ့ပါတယ်။ အဲဒီသူတွေ မှန်ကန်ကြောင်း အာဇာနည်နေ့ မနက်ပိုင်းမှာပဲ ပေါ်လွင် ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ ဝန်းကျင် ယူကေရဲ့ ဂါးဒီးယန်း သတင်းစာ ဖွင့်ချခဲ့တဲ့ တရားရုံးတွင်း လုံခြုံရေး ကင်မရာ မှတ်တမ်းထဲမှာ နှာခေါင်းနဲ့ ပါးစပ်ကာ တပ်ထားတဲ့ လူထု ခေါင်းဆောင်ရဲ့ မပီဝိုးတဝါး ရုပ်ကသာ လူအများ အတွက် အာရုံပြင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဥ်းစံ နေ့ရက်တွေကို မှန်းဆ ကြည့်နိုင်စရာ ပုံအရိပ်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စေ့စပ်ရေးလမ်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကို ဘယ်လိုပဲ လိုက်ခဲ့ လိုက်ခဲ့ စစ်တပ်ကတော့ သူ့အပေါ်မှာ နံပါတ်တစ် ရန်သူ အဖြစ် သဘောထားတာကတော့ ထင်ရှားတယ် ဆိုပြီး အကဲခတ် တော်တော်များများက ပြောကြပါတယ်။

ဒီတစ်ခေါက် တကျော့ပြန် အာဏာသိမ်းပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် လက်ရှိ စစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ နောက်လိုက်တွေရဲ့ ဆက်ဆံပုံဟာ အရင် စစ်အစိုးရတွေ လက်ထက်တွေကထက် အဆမတန် ပိုပြီး ပြင်းထန် ရက်စက်လှတယ် ဆိုတဲ့ ဆန်းစစ်ချက်တွေ ရှိပါတယ်။

စွပ်စွဲချက် အမျိုးမျိုးနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချတာ (အမှုဆင်တာတွေဟာ အဓိပ္ပာယ်မဲ့လှလို့ "all absurd" ဆိုပြီး တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် နှုတ်က ထွက်ခဲ့တယ်ဆိုတဲ့ သတင်းမျိုး အပြင်ကို ရောက်လာဖူးပါတယ်)။ ပြင်ပကမ္ဘာနဲ့ လုံးဝ အဆက်အသွယ် ဖြတ်ထားတာက အစ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို ဖျက်တာ၊ သမိုင်းဝင် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကိုပါ လေလံတင် ရောင်းဖို့ ကြိုးစားနေတာမျိုးတွေနဲ့ အဆုံးစွန် လုပ်ဆောင်ပါတယ်။

ဒီကြားထဲကပဲ စစ်တပ်ရဲ့ နောက်ထပ် ခြေလှမ်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ပါဝင်လာနိုင်သေးလား ဆိုတာနဲ့ ပတ်သက်ပြီး မတူတဲ့ ယူဆချက် နှစ်မျိုး ရှိပါတယ်။

ပထမတစ်ခုကတော့ စစ်တပ်ကိုင်ထားတဲ့ bargaining chip လို့ပဲ ခေါ်ခေါ်၊ နိုင်ဖဲ လို့ပဲ ပြောပြော နိုင်ငံရေးအရ တန်ဖိုး အကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ် ဆိုတဲ့ အမြင်မျိုးပါ။ တစ်ချိန်ချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာနိုင်သေးတယ် ဆိုတဲ့ မှန်းဆချက် ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို အပြီးတိုင် ပြည်ဖုံးကားချနိုင်ဖို့ စစ်တပ်က စိတ်ပိုင်းဖြတ်ထားပြီးပြီ၊ တရုတ်၊ ရုရှားတို့ရဲ့ အယူအဆဖြစ်တဲ့ (အထူးသဖြင့် တရုတ်ရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့) စစ်တပ်ဟာ ရွေးကောက်ပွဲ အပါအဝင် သူတို့ကိုယ်ပိုင် လမ်းပြမြေပုံ Road Map အတိုင်းပဲ သွားတော့မယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် လက်ရှိ စစ်ခေါင်းဆောင် ထားရှိတဲ့ သဘောထား အပေါ် အဓိက ဆန်းစစ်နိုင်ဖို့ရာ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်တုန်းက ဘီဘီစီ စကားပြောခဲ့တဲ့ သတင်းစာ ဆရာ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး လူထွက် အလန်ကလဲမန့်စ်ကိုပဲ ပြန်ပြီး ဖိတ်ခေါ် စကားပြောထားပါတယ်။

သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝ အဘိဓမ္မာ အမြင်တွေ၊ ဗုဒ္ဓဓမ္မနဲ့ ယှဥ်ပြီး နိုင်ငံရေး အတွေးအခေါ်တွေကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထားပုံတွေ အကြောင်း "မျှော်လင့်ခြင်းရဲ့ အသံ" ဆိုတဲ့ နာမည်နဲ့ စာအုပ် ရေးသားခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီ တံခါးဖွင့်ကာလလို့ ရည်ညွှန်းလေ့ ရှိတဲ့ ဦးသိန်းစိန် အစိုးရလက်ထက်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်တွေမှာ မြန်မာနိုင်ငံထဲမှာ အချိန်များစွာယူပြီး နိုင်ငံရေး အသိုင်းအဝိုင်း အကြောင်း အသေအချာ လေ့လာဆန်းစစ်ခဲ့သူ၊ စာအုပ်တွေ အတွဲလိုက် ရေးသားခဲ့သူ ဖြစ်ပါတယ်။

အခုလည်းပဲ လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ သူ အချီအချ စကားပြောသလိုမျိုး ရေးသားထားတဲ့ စာအုပ် လောလောလတ်လတ်ပဲ ထုတ်ဝေထားပါတယ်။ သူ့ဆီက နိုင်ငံရေးအရ သုံးသပ်ချက် ဆိုတာမျိုးထက် စာရင် ဘာသာရေး လမ်းကြောင်း၊ ဘဝ ဒဿန လမ်းကြောင်း တွေကနေ ချဉ်းကပ်ပုံတွေကို ကြားကြရမှာ ဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ ဒေါ်အောင်ဆန်းစုကြည်ထံက စစ်ခေါင်းဆောင်နဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက် စကားမျိုးမျိုး အလန် ကြားခဲ့ရဖူးလဲ။ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေး ရည်မှန်းချက်က စလို့ ပေါ့လေ၊ စစ်တပ် တစ်ခုလုံးရဲ့ သဘောထား အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လို သဘောပေါက် ရှုမြင်ထားလဲ။ အဲဒီ အချိန်ကတည်းက မြန်မာ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဟာ အင်မတန်မှ အထိမခံ နုနယ်ပြီး ပျက်လွယ်စီးလွယ် ဖြစ်လှတယ် ဆိုတာ အကဲခတ် အားလုံး သတိပေး ပြောနေကြတာ မဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့၊ NLD အနေနဲ့ စစ်တပ်ရဲ့ သဘောသဘာဝ အမှန်ကို လုံလောက်အောင် မျက်မှောက်ပြု သိရှိတာမျိုး မဟုတ်ခဲ့ကြတာလား။ မျက်မှောက်မပြုနိုင်ခဲ့ကြတာလား။

အလန်ကလဲမဲန့်စ်။ ။ ကျွန်တော် ဆယ်စုနှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိတွေ့ ကျွမ်းဝင်ခဲ့ရတဲ့ အတွေ့အကြုံတွေ အရ "စစ်တပ် ဘာလဲ" ဆိုတာကို သူတို့ ကောင်းကောင်း သဘောပေါက် နားလည် ထားကြောင်း ၊ ကျွန်တော် ပြောနိုင်ပါတယ်။ ကျွန်တော် ဒေါ်စု အကြောင်း ကောင်းကောင်း သိတယ် ဆိုပြီး မာန်မာနနဲ့ ပြောတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်ပါတယ်။

စစ်တပ်အကြောင်း လူအများလည်း သိကြပါတယ်။ ကျွန်တော်လည်း သိပါတယ်။ လူ့အသက်တွေကို သတ်ဖြတ်တာက အစ လူ့ဘောင်ရဲ့ ဘယ်လို စည်းမျဥ်း ကျင့်ဝတ်ကိုမှ အလေးမမူတဲ့၊ တကယ့်ကို ကြမ်းတမ်းရက်စက်လှတဲ့ ဂေါ်ရီလာ လူဝံ ကြီးလိုမျိုး စစ်တပ်က ပြုမူနေခဲ့တာပါ။ ဒါတွေဟာ ခေတ်အဆက်ဆက် မှတ်တမ်းမှတ်ရာ တွေနဲ့ တကွ သက်သေ အထောက်အထား အခိုင်အမာတွေ ရှိနှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကိုယ်တိုင်လည်း စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကိုယ်တွေ့ ခံစားခဲ့ကြရသူတွေ ဖြစ်ပါတယ်။ ဒီတော့ စစ်တပ်က သူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက စလို့ သူတို့ တည်ဆောက်ထားတဲ့ အတွေးအမြင်တွေ၊ သဘောထားတွေ၊ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ဘယ်လို ရှိသလဲ ဆိုတာတွေ အားလုံးကို ဒေါ်စုတို့ထက် ပိုသိ နိုင်မယ့်သူ ရှိမှာ မဟုတ်ပါဘူး။ ဟိုး ဦးနေဝင်း က စလို့ ဦးသန်းရွှေ၊ ဦးသိန်းစိန် အလယ်၊ အခု လက်ရှိ စစ်ခေါင်းဆောင် အထိ ဘယ်လို စိတ်သဘောထားမျိုးတွေလဲ ဆိုတာကို သူတို့ ကောင်းကောင်း သိကြပါတယ်။

အခု မြန်မာနိုင်ငံ တွေ့ကြုံ နေရတာတွေဟာ စစ်တပ်အပေါ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နားမလည်လို့၊ သဘော မပေါက်လို့ ဆိုပြီး တရားခံ မရှာသင့်ပါဘူး။ အခု ကြုံနေရတာတွေဟာ ဒေါ်စုနဲ့ NLD ခေါင်းဆောင်တွေရဲ့ သိမှတ် နားလည်နိုင်စွမ်းနဲ့ ဉာဏ်ရည်ဉာဏ်သွေး ပြဿနာ မဟုတ်ပါဘူး။ ဒါကို အသေအချာ နားလည်သူ ရှိကောင်း ရှိနိုင်ပေမယ့် နှုတ်ဆိတ်နေကြပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီ အသိအမြင်ဟာ ရေပန်းမစားတဲ့ အတွက် ဖြစ်ပါတယ်။

ဒေါ်စုကို သူများ အကြောင်း မရိပ်စား မိနိုင်တဲ့သူလို့ ထင်မှတ်ရင် အင်မတန် မှားပါလိမ့်မယ်။ အင်မတန် ပါးနပ် ဉာဏ်ကြီးပြီး၊ ဖုံးကွယ်ထားသမျှ ဟန်ဆောင်ထားသမျှတွေကိုပါ ထိုးထွင်းမြင်နိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။ တပြိုင်တည်းမှာပဲ သူဟာ အကြမ်းမဖက် လှုပ်ရှားရုန်းကန်ခြင်း non-violent နည်းနာ အပေါ် အလေးအနက် သက်ဝင် ယုံကြည်သူ လည်းပဲ ဖြစ်နေပါတယ်။

Non-violent နည်းနာကို သက်ဝင်တယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ လူသားအသံရဲ့ လေးနက် ပြင်းထန်မှု တန်ခိုး အာဏာ အပေါ် သက်ဝင် ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ညှိနှိုင်းတာ၊ အပြန်အလှန် ပြောဆို ဆွေးနွေးတာ၊ အပေးအယူ အလျှော့အတင်းလုပ်တာ၊ နှစ်ဖက်လုံး အတွက် ငြိမ်းအေးရာ ဖြစ်စေကြောင်းကို ဖွေရှာတာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြောရရင် ဒါဟာ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာပါ ရှားပါးပါတယ်။ မြန်မာနိုင်ငံက အရွေးကောက်ခံ ဒီမိုကရက်တစ် ခေါင်းဆောင်တွေဟာ သူတို့နဲ့ မတူသူတွေ၊ သူတို့ မကြိုက်နှစ်သက်သူတွေ အပေါ် ဘေးကျရောက်စေဖို့၊ အန္တရာယ်ပြုဖို့ ဘယ်သောအခါမှ မစဥ်းစားခဲ့ကြပါဘူး။ ကမ္ဘာပေါ်မှာ အများစုကတော့ မတူတာတွေကို အင်အားသုံးပြီး အကြမ်းဖက် နည်းနာတွေနဲ့ ချေမှုန်းနိုင်ဖို့ ကြိုးစား ကြပါတယ်။

မြန်မာနိုင်ငံက စစ်တပ် အကြောင်း၊ စစ်ဗိုလ်ချုပ်တွေ အကြောင်းကို ဒေါ်စုနဲ့ NLD ခေါင်းဆောင်တွေ၊ ဒီမိုကရက်တစ် အင်အားစုတွေ အားလုံး သိကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အတွေ့အကြုံတွေ၊ သဘောထားတွေ ဘယ်လိုပဲ ရှိရှိ ချုပ်တည်းပြီး ငြိမ်းချမ်းရေး လမ်းကိုသာ ရွေးချယ်လို့ လွှတ်တော်ထဲ စစ်သားတွေနဲ့ အတူ ထိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။

တိုင်းပြည်ကို ဥပဒေလမ်းကြောင်းနဲ့ ပြောင်းနိုင်အောင်၊ ၂၀၀၇ အခြေခံ ဥပဒေကို ပြောင်းလဲ နိုင်အောင် ကြိုးစားနေခဲ့တဲ့ ရှေ့နေကြီး ဦးကိုနီတစ်ယောက် မြေးလေးကို ရင်မှာ ပိုက်ရင်းသား လေဆိပ်မှာ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတုန်းက ကျွန်တော် ရန်ကုန်မှာ ရှိပါတယ်။ အခင်းဖြစ်တဲ့ နေရာကနေ ဆိုရင် မိုင်နည်းနည်းပဲ ဝေးမှာပါ။ ဒီလို အဖြစ်အပျက်မျိုးတွေ ကိုကြည့်ရင် ဒေါ်စု အနေနဲ့ သူ ဘယ်လို လူမျိုးတွေနဲ့ ထိတွေ့ ဆက်ဆံ နေရသလဲ ဆိုတာကို မသိပဲနဲ့ ရှိပါ့မလား။

ဦးဝင်းတင် ဆိုရင် စစ်တပ်ဟာ အဖတ်ဆယ် မရတော့ဘူး၊ စစ်တပ် အတွက် အပြစ်ကနေ ဆေးကြော ကယ်မ နိုင်ဖွယ်ရာ redemption ဆိုတာ မရှိနိုင်တော့ဘူးလို့ ရှုမြင် ထားသူ ဖြစ်ပါတယ်။ ဒေါ်စုရဲ့ ချည်းကပ်မှုဟာ သူ နဲ့ သဘောထားခြင်း ထပ်တူ မကျခဲ့ပါဘူး။ ဒေါ်စုရဲ့ ချည်းကပ်မှု အပေါ် သူ့ အနေနဲ့ အလုံးစုံ ထောက်ခံမှု မပေးနိုင်တဲ့ ရပ်တည်မှုမျိုး ရှိခဲ့ပါတယ်။ ဒေါ်စု အနေနဲ့ကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်း အပေါ် ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာနဲ့ ရွေးချယ် ခဲ့ရပါတယ်။

ငြိမ်းချမ်းရေး လမ်းမှာ တစ်စုံတစ်ဦးကတော့ စိတ်အား သတ္တိ moral courage အပြည့်အဝနဲ့ လက်ထဲ ဆုပ်ကိုင်ထားတဲ့ သေနတ်ကို အရင် လွှတ်ချဖို့ လိုပါတယ်။ အခု ကမ္ဘာ့ အရေးမှာတောင် ဘယ် ခေါင်းဆောင်မျိုးကမှ အဲဒီလို စိတ်အား သတ္တိ မွေးမြူ အသုံးချနိုင်စွမ်း မရှိပါဘူး။ ထရမ့်လောက် စစ်ဆန့်ကျင်ရေး စကားတွေ ပြောခဲ့တာ ထရမ့်ပဲ ရှိပါတယ်။

ယူကရိန်း အရေးမှာ ၂၄ နာရီ အတွင်း အပစ်ရပ်မယ် ဆိုပြီး ပြောခဲ့တာကနေ ဒုံးကျည်ပေးမယ် ဆိုတဲ့ အခြေအနေ ရောက်သွားပါတယ်။ စစ်ဆန့်ကျင်ရေး စကား တွင်တွင် ပြောရင်းမှာပဲ အစ္စရေးကို လက်နက်တွေ အစုလိုက် အပြုံလိုက် ထောက်ပံ့ နေတာပဲ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ အလန့် အနေနဲ့ တစ်နှစ်လောက် အချိန်ယူ လုပ်ထားတဲ့ ပရောဂျက် တစ်ခု လောလောလတ်လတ်ပဲ ပြီးသွားပြီလို့ ကျွန်တော်နားလည်ထားပါတယ်။ လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ အပြန်အလှန် အချီအချ စကားပြောထားတဲ့ ပုံမျိုး ရေးထားတဲ့ သရုပ်ဖော် ဝတ္ထု ဆိုပြီး အရင် တစ်ခေါက်က အလန် ကျွန်တော့်ကို ပြောထားပါတယ်။ အဓိက ဘာတွေ ရေးထားတာလဲ ခင်ဗျ။

အလန်ကလဲမဲန့်စ်။ ။ ကျွန်တော့်ရဲ့ မိတ်ဆွေ ဖားဂတ်စ် ဟားလိုး Fergus Harlow နဲ့ အတူ တွဲပြီး ကျွန်တော်တို့ စာအုပ်တစ်အုပ်ကို လွန်ခဲ့တဲ့ ၂ နှစ် တုန်းက ရေးခဲ့ကြပါတယ်။ အဲဒီ စာအုပ်ကို The Voice of Hope: Aung San Suu Kyi from Prison - and A Letter To A Dictator ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ "အကျဥ်းထောင်ထဲက ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မျှော်လင့်ခြင်းရဲ့ အသံနဲ့ စစ်အာဏာရှင်ထံ သို့ ပေးစာ" ဆိုပြီး ကျွန်တော်တို့ ခေါင်းစဥ် ပေးခဲ့ပါတယ်။

ကျွန်တော့်ဘက်က တကယ်လည်းပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပေးပို့ ခဲ့ပါတယ်။ အဓိကကတော့ ကျွန်တော်နဲ့ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တာပါ။ တိုင်းပြည်ကို လက်ရှိ အခြေအနေကြီး ဖြစ်သွားအောင် ခင်ဗျား ဘာဖြစ်လို့ ပြုမူခဲ့ရတာလဲ၊ ကျွန်တော့်ကို ကမ္ဘာကြီးကို ရှင်းပြ ပေးပါ ဆိုပြီး ကျွန်တော် တောင်းဆိုခဲ့ပါတယ်။ လက်ရှိ အခြေအနေကြီး ဆိုတာ တနိုင်ငံလုံး စစ်မီးတောက်ပြီး လူတွေ ဗုံးကြဲခံရ၊ သေကြ ကြေကြ၊ ရပ်ရွာတွေ မီးဟုန်းဟုန်းတောက်ကြ၊ နောက်ထပ် လူတွေ ၅ သိန်းလောက် အိုးအိမ်တွေ စွန့်ခွာ ပြေးကြရတဲ့ အခြေအနေကြီးကို ဆိုလိုပါတယ်။

သူ့မှာ အဲဒီလို ဖြစ်ရပ်မျိုးတွေ အတွက် ကျိုးကြောင်း ညီညွတ်တဲ့ အဖြေ တစုံတရာ များ ရှိလေမလား၊ သူ ဘာ့ကြောင့် မဖြစ်မနေ လုပ်ရသလဲ ဆိုတဲ့ justification မျိုး များ ရှိနေလား ဆိုတာ ကျွန်တော်ကြားသိ လိုတဲ့ အတွက် ဖြစ်ပါတယ်။ သူ့ဆီက ဘယ်လို တုံ့ပြန်မှုမျိုးမှ မရပါဘူး။ ဒါ့ကြောင့် အခုလို သူနဲ့ အချီအချ စကားပြော ထားတဲ့ ဟန်နဲ့ ကျွန်တော် ရေးရတာ ဖြစ်ပါတယ်။

ဒီထက်ပို လေးနက်တဲ့ နောက်ထပ် အကြောင်းလည်း ရှိနေပါတယ်။ အဲဒါကတော့ ကျွန်တော့်ရဲ့ လက်ဦး ဥပဇ္စျာယ် မဟာစည် ဆရာတော် ဘုရားကြီးကို ဆက်ခံတဲ့ ကျွန်တော့်ရဲ့ ဒုတိယမြောက် တရားပြ ဆရာတော် ဦးပဏ္ဍိတ ရဲ့ ဆိုဆုံးမ ထားခဲ့မှုတွေကြောင့် ဖြစ်ပါတယ်။ ဆရာတော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားပြ ဆရာတော်လည်းပဲ ဖြစ်ပါတယ်။

ဆရာတော်က အမြဲ ဆိုဆုံးမခဲ့ပါတယ်။ "အလန် ရေ ... ကိုယ့် ဆန့်ကျင်ဘက်မှာ ရှိတဲ့ သူတွေရဲ့ စိတ်ထားဟာ ပြောင်းလဲသွားနိုင်ခြေ အမြဲပဲ ရှိတယ်။ အဲဒီ ပြောင်းလဲ နိုင်ခြေ အခွင့်အလမ်း အပေါ် ဘယ်တော့မှ လျစ်လျူမရှု လိုက်လေနဲ့ " ဆိုပြီး အမြဲ မိန့်လေ့ ရှိပါတယ်။

မကောင်းမှုပြုရတဲ့ အပေါ် ရှက်-ကြောက်စိတ် ဟီရိ၊သြတ္တပ ဟာ လူတွေထံမှာ အခါအခွင့် သင့်တဲ့အခါ နိုးကြား ပေါ်ပေါက်တတ်တဲ့ သဘောသဘာဝကို ဆရာတော်က သတိပေးလေ့ ရှိပါတယ်။ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်တွေ ထံမှာ ဟီရိ သြတ္တပ တရား နိုးကြားမှု ဖြစ်ရလေအောင် အတတ်နိုင်ဆုံး စွမ်းဆောင်ကြဖို့ လည်း သွန်သင်ပါတယ်။

အပြစ်တရားတွေ ကြေပျက်ပြီး ပြန်လည် ပေါင်းစည်း စေဖို့ ခရစ်ယာန် ဖြစ်စေ၊ အစ္စလာမ်မှာ ဖြစ်စေ၊ ဗုဒ္ဓ တရားဓမ္မက ဖြစ်စေ ဘာသာတရား အားလုံးက သွန်သင်ကြပါတယ်။ ဒီတော့ အခု စစ်ခေါင်းဆောင်နဲ့ အချီအချ ဒိုင်ယာလော့ဂ်ကလည်း ဒီ ဟီရိ သြတ္တပ တရား နိုးကြားရာ နိုးကြားကြောင်း ကျွန်တော် ကြိုးစား ကြည့်တာပဲ ဖြစ်ပါတယ်။

ဘီဘီစီ ။ ။ စစ်ခေါင်းဆောင်နဲ့ စစ်တပ် အနေနဲ့ သူတို့ ဘာလို့ အာဏာ သိမ်းရသလဲ ဆိုတဲ့ အပေါ် နိုင်ငံရေး အရ အကြောင်းပြချက် မျိုး တည်ဆောက် ထားပါတယ်။ သူတို့ကို သွားမေးရင် ၂၀၂၀ ရွေးကောက်ပွဲ အကြောင်း သူတို့ ပြောမှာ ဖြစ်ပါတယ်။ မဲမသမာမှုတွေ အကြီးအကျယ် ရှိခဲ့ပြီး အဲဒါကို ဖြေရှင်းဖို့ NLD က ပျက်ကွက်ခဲ့တယ် ဆိုပြီး သူတို့ တောက်လျှောက် စွဲကိုင် ခဲ့ပါတယ်။ အဲဒီ နိုင်ငံရေး အကြောင်းပြချက် political justification ထက် ကျော်ပြီး စစ်ခေါင်းဆောင် ထံကနေ ဘာ တွေ့ရနိုင်ဖို့ အလန်က မျှော်လင့်တာလဲ။ သူက သူ့ကိုယ်သူ ဘာတွေကို သဘောပေါက် မျက်မှောက်ပြုလာဖို့ လိုတယ်လို့ အလန်က ဆိုလိုတာလဲ။

အလန်ကလဲမဲန့်စ်။ ။ ကျွန်တော် သူ့ အပေါ်မှာ စော်ကားမော်ကား ပြောလိုစိတ် အလျင်းမရှိပါဘူး။ ဒါပေမယ့် ဒီ ပုဂ္ဂိုလ်ဟာ အင်မတန် ဆင်ခြင်တုံ တရား ကင်းမဲ့တဲ့ ကလေးငယ် သဖွယ် ပြုမူခဲ့တာ၊ ပြုမူနေတာ ဖြစ်ပါတယ်။ ဘာ့ကြောင့် ပြုမူရသလဲ ဆိုရင် သူ့ရဲ့ ကြောက်ရွံ့မှုကနေ အခြေခံပါတယ်။

သူဟာ အပြစ်ပေး အရေးယူ ခံရမှာကို ကြောက်ရွံ့ပါတယ်။ သူဟာ နိုင်ငံတကာ တရားရုံး အပို့ ခံရမှာကို ကြောက်ရွံ့ပါတယ်။ သူ တည်ဆောက် ရှာဖွေခဲ့တဲ့ ဓန ဥစ္စာ စည်းစိမ် ပစ္စည်းတွေ ဆုံးရှုံးမှာကို ကြောက်ရွံ့ပါတယ်။ အလေးပြု ခံ ဘဝကနေ ယုတ်လျော့ ကျဆင်း သွားမှာကို ကြောက်ရွံ့ပါတယ်။ အာဏာလက်လွှတ် ရရင်ဖြင့် အရေးပါ အရာရောက်မှု မရှိ၊ သေးဖွဲ သိမ်နုတ် သွားလေတော့မလား ဆိုပြီး တွေးကြောက်ပါတယ်။

အဲဒီ အကြောက်တရားတွေကနေ တဆင့် စိတ်ပိုင်း မလုံခြုံမှုတွေ ဖြစ်လာစေပါတယ်။ အဲဒီလို စိတ်မလုံမခြုံ ဖြစ်ရသူတိုင်းဟာ ဆင်ခြင်တုံမဲ့ အပြုအမူတွေ ကျူးလွန်တော့တာပဲ ဖြစ်ပါတယ်။ စိတ်မလုံခြုံသူတွေထံမှာ မနာလိုစိတ်လည်း အတော်လေး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတတ်ပါတယ်။ အဲဒီ radical jealousy လို့ ခေါ်တဲ့ ကြီးမားလှတဲ့ မနာလို ရှုဆိတ်ဖြစ်မှုဟာ တားမနိုင် ဆီးမရ အသွေးထဲ အသားထဲကနေကို ပေါ်ပေါက်လေ့ ရှိတတ်တယ် ဆိုတဲ့ သဘောတရားဟာ စစ်ခေါင်းဆောင်ရဲ့ အပြုအမူတွေကို အတော်လေး အဖြေ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူ့ ဘေးပတ်ဝန်းကျင် သူ့ အသိုင်းအဝိုင်းက သူတွေကပဲ "အမေစု" ရယ်လို့ ခေါ်ဆိုတာ မဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံးက သူတွေက "အမေ" ဆိုပြီး ဝိုင်းခေါ်ကြတာ ဖြစ်ပါတယ်။ ပေါက်ဖွားလာတဲ့ မျိုးရိုးကို ကြည့်ပြန်ရင်လည်း မျက်မှောက်ခေတ် မြန်မာနိုင်ငံတော်ရယ်လို့ ဖြစ်လာအောင် လွတ်လပ်ရေး ရယူပေးပြီး နိုင်ငံတော်သစ် တည်ဆောက်ပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းကနေ မွေးဖွားလာတာ ဆိုတဲ့ ကြီးမား ထင်ရှားတဲ့ မျိုးရိုး အစဥ်အလာ ရှိသူ ဖြစ်ပါတယ်။

အဲဒီလို ပူနွေးလှတဲ့ အသက်ဝင်လှတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်အင်တွေနဲ့ နှိုင်းယှဥ်ရင် စစ်ခေါင်းဆောင်ဟာ သူကတော့ ကျောက်တုံးသဖွယ် အသက်မဲ့ အေးစက်ပြီး သေးသိမ်နေရတယ်လို့ သူ့အတွက်သူ ဝမ်းနည်းနေခဲ့ဟန် တူပါတယ်။ အဲဒါနဲ့ပဲ သူကြောက်ရွံ့ ခံစားနေခဲ့ရတာတွေ၊ သိမ်ငယ်စိတ်တွေ ကနေ လွတ်မြောက်အောင် မလိုလားအပ်တဲ့ စစ်ပွဲကို စတင်တော့တာပဲ ဖြစ်ပါတယ်။

ပြောင်လက်အောင် တိုက်ချွတ်ထားတဲ့ ရင်ဘတ်နဲ့ အပြည့် ဆုတံဆပ်တွေ၊ စစ်ဗိုလ်ချုပ်မှူးကြီး ယူနီဖောင်းတွေဟာ လူတစ်ယောက်ကို စစ်မှန်တဲ့ ကြီးမြတ်မှုနဲ့ ဂုဏ် အသရေ သိက္ခာကို မဆောင်ကြဥ်းပေး နိုင်ဘူး ဆိုတာကို ကျွန်တော် သူ့ကို သိစေချင်စမ်း လှပါတယ်။ ဒါ့ကြောင့် သူ့ အပြုအမူတွေဟာ ဘာတွေလဲ ဆိုတာ သူ ပြန်ပြီး မျက်မှောက် ပြုမိစေနိုင်ဖို့ကလည်း ဒီ စာအုပ်ဖန်တီးရတဲ့ ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက် တစ်ခုပဲ ဖြစ်ပါတယ်။

ဘီဘီစီ ။ ။ ထိတ်လန့်စဖွယ် ရက်စက်မှု တွေ ကျူးလွန်ထားသူတွေ အပါအဝင် အပြစ်သားတွေထံမှာ ဟီရိ ဩတ္တပ တရား နိုးကြားလာနိုင်တယ်လို့ အလန် တကယ် ယုံကြည်ထားလား။

အလန်ကလဲမဲန့်စ်။ ။ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပါတယ်။ ကျွန်တော့် ကိုယ်ပိုင် အတွေ့အကြုံတွေ အရ ပြောတာ ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် မကောင်းမှု ဒုစရိုက်တွေကို ငယ်စဥ် တောင်ကျေး ကလေးဘဝ အရွယ်၊ လူငယ် အရွယ်တွေမှာ ကျူးလွန်ခဲ့ပါတယ်။ ကျွန်တော်ဟာ မုသားပြောခဲ့သူ ဖြစ်တယ်၊ လှည့်စား ဖြားယောင်း ခဲ့သူ၊ သစ္စာမဲ့ ပျက်ကွက်ခဲ့သူ ဖြစ်တယ်၊ အဒိန္နာဒါနကံ လည်း မလုံခြုံ ခဲ့ပါဘူး။ ကုန်တိုက်ကြီး တစ်ခုဆီက လိပ် သတ္တဝါလေးတွေကို ခိုးယူ ခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ကျွန်တော် ဘယ်သတ္တဝါကိုမှ မသတ်ဖြတ်ခဲ့ဖူးပါဘူး။ နာကျင် ပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မပြုမူ ခဲ့ဖူးပါဘူး။ ထားပါတော့။ ကျွန်တော် ပြောချင်တာက လူဟာ ကိုယ်ပြုမူသမျှတွေ အပေါ် ကိုယ် သတိကပ်မိပြီး ပစ္စုပ္ပန် အပေါ် မျက်မှောက် ပြုမိလာပြီ ဆိုရင် ကပ်ငြိနေတဲ့ လောဘာ၊ မောဟ တရားတွေ ၊ အမျက် ဒေါသတွေ၊ ထင်မြင်ယောင် ယုံမှတ်မှားမှု အီလူးရှင်းတွေ အကုန် ကွာကျ သွားနိုင်ပါတယ်။

ခင်ဗျား ရဲ့ မေးခွန်းကို တိုက်ရိုက် ဖြေရရင်တော့ ကျွန်တော် အင်မတန် ချစ်ခင် လေးစားရတဲ့ သူရ ဦးတင်ဦး အကြောင်းနဲ့ပဲ ဥပမာပေး ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော် ခင်ဗျားကို ပြောခဲ့ဖူးသလို သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။

သူ့ကို ကျွန်တော် စတွေ့ခဲ့ရတာဟာ ဦးနေဝင်းကနေ ထောင်ချပြီး ၆ နှစ် တစ်ယောက်တည်း ထားတာ ခံရပြီး ပြန်လွတ်လာစ၊ ကျွန်တော်က ရဟန်းဝတ် ဘဝနဲ့ပါ။ ပြောရရင် သူဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆိုတဲ့ ရာထူးနေရာမှာ တာဝန် ထမ်းခဲ့သူ တစ်ဦး ဖြစ်တော့ အာဏာရှင် ဦးနေဝင်းရဲ့ နံပါတ်တစ် လက်မရွံ့ ဖြစ်ခဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီလို ဦးနေဝင်းရဲ့ number one killer ဆိုတဲ့ ဘဝကနေ ဦးတင်ဦး ပြောင်းလဲ သွားခဲ့တာ ဖြစ်ပါတယ်။

ဘာဖြစ်လို့ ပြောင်းလဲ သွားရသလဲ ဆိုရင် သူ့ရဲ့ တရားကျင့်ကြံ အားထုတ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ခင်ဗျားကို ကျွန်တော် ပြောခဲ့ဖူးသလို ထောင်က လွတ်လာပြီး သူ့အိမ်မှာ သူ တစ်ညပဲ အိပ်ပြီး ကျွန်တော် ရှိနေတဲ့ ဘုန်းကြီးကျောင်းကို နောက်တစ်ရက်မှာ ရောက်လာပြီး ရဟန်းဘောင် ဝင်ပါတယ်။ ကျွန်တော်တို့ အင်မတန် ကျွမ်းဝင် ရင်းနှီး သွားခဲ့ပါတယ်။

သူ တစ်ကိုယ်တည်း အကျဥ်းစံ ကာလတွေကို ကျော်ဖြတ်ရတဲ့ အခါ တရားဓမ္မကိုသာ အဖော်ပြုခဲ့ရတယ်လို့ ဦးတင်ဦးက ကျွန်တော့်ကို ပြန်ပြောင်း ပြောပါတယ်။ သူဟာ တရားထိုင်ခြင်းနဲ့ အချိန် တော်တော်များများကို ကုန်လွန်စေပါတယ်။ သူ့ကိုယ်သူ အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ် ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလိုနဲ့ သူ့ကိုယ်မှာ တရားဓမ္မ နိုးထလာပြီး ကရုဏာတရား၊ မေတ္တတရားတွေ ပေါ်ပေါက် ပွားများလာခဲ့ပါတယ်။

မြင်သာအောင် ပြောရရင်တော့ သူရ ဦးတင်ဦးဟာ မြန်မာပြည်ရဲ့ အာသောကမင်းကြီး လို့ ဆိုနိုင်မယ် ထင်ပါတယ်။ စစ်ဘုရင် အဖြစ်ကနေ ဓမ္မလမ်းကို ပြောင်းလဲ လျှောက်လှမ်း လာနိုင်ခဲ့သူလို့ ဆိုလိုပါတယ်။ ခင်ဗျား သိလား .... ဦးတင်ဦးရဲ့ ကိုယ်ပေါ်မှာ ကျည်ဒဏ်ရာ ၉ ချက် ရှိပါတယ်။ အနီးကပ် တိုက်ပွဲ ဆင်နွှဲရင်း ရခဲ့တဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။

အဲဒီလို စစ်သား ရင့်မကြီး သေရဲ သတ်ရဲသူ အဖြစ်ကနေ ဓမ္မဘက်ကို ပြောင်းလဲ လျှောက်လှမ်း လာနိုင်တာဟာ သူ့ရဲ့ အကြီးမားဆုံး စိတ်ခွန်အား သတ္တိလို့ ကျွန်တော် ပြောချင်ပါတယ်။ သူ့ထံမှာ အမျက်ဒေါသ တစိုးတစိ ရယ်တောင်မှ ကျွန်တော် မတွေ့ဖူးပါဘူး။ လက်စား ချေလိုက်မဟဲ့ ဆိုတဲ့ အငြိုးအာဃာတ လည်း ကင်းစင်လှပါတယ်။ ကျွန်တော်ဟာ အဲဒီလို လူမျိုးတွေကို ကိုယ်တွေ့ကြုံဖူးတဲ့ အတွက် လူတွေဟာ ကောင်းရာ မွန်ရာဘက်ကို ဦးတည် ပြောင်းလဲ နိုင်တဲ့ သဘောမှာ ရှိတယ် ဆိုတဲ့ အပေါ် ယုံကြည်မှု ရှိပါတယ်။

နောက်တစ်ချက်ကတော့ အခု စာအုပ်ဟာ ဗိုလ်ချုပ် မင်းအောင်လှိုင် သူ့ကိုယ်သူ ရှာတွေ့ဖို့ ရည်ရွယ်ချက် တစ်ခုတည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေ အပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေ အရင်းခံ အတိုင်း သိမြင် နားလည်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ စာသားတွေ သက်သက်တင်မက၊ သရုပ်ဖော်ပုံတွေ အများအပြားနဲ့ ကျွန်တော် တတ်နိုင်သလောက် ရှင်းပြ ထားပါတယ်။ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် နိုင်ငံတကာမှာရှိတဲ့ နယ်ပယ် အသီးသီးက ဦးစီးဦးဆောင်တွေထံ သတင်းစကား ပေးပို့နိုင်ဖို့ ရည်ရွယ်ပါတယ်။

မြန်မာ့ အရေး သူတို့ အသံဆိတ် မနေကြဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တစုတစည်းတည်း၊ တညီတညာတည်း တောင်းဆိုကြဖို့ ကျွန်တော် ဆော်ဩ ထားပါတယ်။

ဘီဘီစီ ။ ။ အလန့်ရဲ့ ဆော်ဩမှု ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်း ထပ် ရှင်းပြလို့ ရနိုင်မလား။ ကမ္ဘာ့ခေါင်းဆောင်တွေ ဆီကို အလန်က စာအုပ်တွေ လှမ်းပို့ပေးမယ် လို့ ကျွန်တော် နားလည်ရပါတယ်။ မြန်မာပြည် အတွက် သူတို့ဆီက အတိတကျ ဘာတွေ ဘာတွေ လုပ်ဆောင် ပေးပါဆိုပြီး တောင်းဆိုတာမျိုးရော လုပ်မှာလား ခင်ဗျ။

အလန်ကလဲမဲန့်စ်။ ။ မေးတဲ့ အတွက် ကျေးဇူးပါပဲ ခင်ဗျာ။ စာအုပ်တွေ လက်ကားရောင်းတဲ့ အခါ သုံးတဲ့ စာအုပ်အများကြီး ထည့်နိုင်တဲ့ ကတ်ထူပုံးတွေ ကျွန်တော်တို့ ဝယ်ထားပါတယ်။ အဲဒီ ပုံးတွေဟာ အခုဆိုရင် ကျွန်တော့်ရဲ့ မိတ်ဆွေ ဖားဂတ်စ် ဟားလိုး Fergus Harlow ဆီကို ရောက်နေပါပြီ။ သူဟာ ကျွန်တော်နဲ့ စာအုပ်တွေကို လက်တွဲ ရေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ မြန်မာ့ အရေး အကြောင်း စနစ်တကျ လေ့လာထားတဲ့ ပညာရှင် တစ်ယောက် ဖြစ်ပြီး၊ ရိုဟင်ဂျာ အရေး အပေါ်မှာလည်း အထူး ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပါတယ်။ စာအုပ်တွေကို ဘယ်သူတွေထံ မေတ္တာ လက်ဆောင် ပေးပို့ မလဲ ဆိုတာကို ကျွန်တော်တို့ အသေအချာ ရွေးချယ် ထားပါတယ်။

ကျွန်တော်တို့ ရွေးထားတဲ့ သူတွေထဲမှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International လိုမျိုး၊ Human Rights Watch နဲ့ Fortify Rights အဖွဲ့လိုမျိုး အဓိက လူ့အခွင့်အရေး အဖွဲ့ကြီးတွေကို ဦးဆောင်သူတွေ ပါပါတယ်။ ယူကေ ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတလို အစိုးရခေါင်းဆောင်တွေ တင်မက အမေရိကန် ထောက်လှမ်းရေးမှာ အကြီးဆုံး ဖြစ်တဲ့ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး မစ္စ တာလ်ဆီ ဂါးဘာ့ဒ် Tulsi Gabbard ဆီကိုလည်း ပေးပို့မှာ ဖြစ်ပါတယ်။

နိုင်ငံရေးထဲက သူတွေတင်မက နယ်ပယ် အသီးသီးက သူတွေကို လက်ဆောင်အဖြစ် ပေးပို့ဖို့လည်း ကျွန်တော်တို့ ရည်မှန်းပါတယ်။ အဲဒီထဲမှာ အီလွန် မာ့စ် Elon Musk လည်း ပါပါတယ်။ ဝီကီလိခ် ထူထောင်သူ ဂျူလီယန် အာဆန့်ချ် Julian Assange နဲ့ ငြိမ်းချမ်းရေး အတွက် တက်ကြွ ဆော်ဩသူ ယိုကိုအိုနို တို့လည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ဟာ စာအုပ်တွေကိုတင် ပေးမှာ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ လက်ရေးမူ ပေးစာတွေကိုပါ တစ်ဦးချင်းဆီကို ပေးပို့မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိုစကားကိုပဲ ကိုးကားမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ "Please use your liberty to promote ours" ဆိုတဲ့ စကား ဖြစ်ပါတယ်။ လွတ်လပ်နေသူတွေ အနေနဲ့ ကိုယ့်ရဲ့ လွတ်လပ်မှုကို အသုံးပြုပြီး မြန်မာပြည်သူတွေ လွတ်မြောက်မှုရဖို့ စွမ်းဆောင်ပေးကြပါ ဆိုပြီး ဆော်ဩတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူသားတွေ အားလုံးဟာ ဒီ ကမ္ဘာမြေကြီး ပေါ်မှာ မိသားစု တစ်ခုတည်းပဲ ဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့ လူသားတို့ရဲ့ အခွင့်အရေးကို မြတ်နိုးတဲ့ အခြေခံမူကနေ တည်ဆောက်ထားတဲ့ မိသားစုကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ မွေးရာပါ တန်းတူညီမျှလည်းပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီမိသားစုကြီးကို ကာကွယ် စောင့်ရှောက်ရမယ့်၊ မသေအောင် အသက်ကို မွေးမြူကြရမယ့် ဝတ္တရား အားလုံးမှာ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေ၊ ဖြစ်တည်မှုတွေကို တခြားလူသားတွေရဲ့ အကျိုးစီးပွား အတွက် အသုံးချကြပါ ဆိုပြီး ဗုဒ္ဓကလည်း ဆုံးမပါတယ်။ ခရစ်တော်ကလည်းပဲ တိုက်တွန်း ပါတယ်။

ရိုဟင်ဂျာတွေ၊ ကချင်တွေ၊ ရှမ်းတွေ၊ လူမျိုးစု အားလုံး အပါအဝင် သန်း ၅၀ ကျော်သော မြန်မာပြည်သူတွေ အားလုံး အတွက် အခွင့်အရေး ရလာဖို့ ကျွန်တော်တို့ ရည်မှန်းပါတယ်။ နိုင်ငံရေး အကျဥ်းသားတွေ အားလုံး လွတ်မြောက်လာဖို့ ရည်ရွယ်ပါတယ်။ မြန်မာ့အရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးမှာ နှုတ်ဆိတ် မနေကြတော့ပဲ တက်တက်ကြွကြွ ပါဝင်လာဖို့ ရည်ရွယ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာ အရေးမှာ တာဝန် မကင်းသူ အဖြစ် မကောင်းတဲ့ ပုံရိပ်အသွင် ပုံဖော် ခံခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော့် မိတ်ဆွေ မစ္စတာ ဟားလိုး ဆိုရင် ၂၀၁၀ နှောင်းပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ပြန်လွတ် လာချိန်က စပြီး နှုတ်ကနေ ပြောသမျှ တရားဝင် မိန့်ခွန်းတွေ၊ ပြောစကားတွေကို မှတ်တမ်း တင်ထားပါတယ်။

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဒေါ်စု အပေါ် တရားခံ ရှာသမျှဟာ အတော်လေး လွဲမှားနေပါတယ်။ သဟေ့ဂ်မှာ ဒေါ်အောက်ဆန်းစုကြည်ဟာ ရိုဟင်ဂျာတွေ အပေါ် စစ်တပ်က လူမျိုးရေး အရ သုတ်သင် ရှင်းလင်းမှု ကျူးလွန်ထားတာတွေကို ခုခံ ကာကွယ်ဖို့ သွားခဲ့တာ မဟုတ်ပါဘူး။ စစ်တပ်က ကျူးလွန်ခဲ့တယ် ဆိုရင် မြန်မာ နိုင်ငံထဲမှာ စစ်ခုံရုံး တင်ပြီး အရေးယူမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ မိစ္ဆာတရား evil ဘက်က ခုခံကာကွယ်တာမျိုး ဆိုပြီး ပြောလို့ မရနိုင်ပါဘူး။ ဒါတွေ အားလုံး မှတ်တမ်းမှတ်ရာနဲ့ ရှိပါတယ်။ ကျွန်တော်တို့ ကြိုးပမ်းနေတာတွေဟာ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ အရွယ်မှာလည်း သူ့ရဲ့ အသံကို ကျွန်တော်တို့ ပြန်လည် ရရှိနိုင်ဖို့ ဖြစ်ပါတယ်။

ကျွန်တော် အဆုံးသတ် အနေနဲ့ ခင်ဗျားတို့ ဘီဘီစီကနေ လွန်ခဲ့တဲ့ အနှစ် ၄၀ က တင်ဆက်ခဲ့တဲ့ Live Aid ရန်ပုံငွေ ဂီတပွဲတော် အကြောင်းနဲ့ ဥပမာပြု ပြောပြီး နိဂုံးချုပ်ချင်ပါတယ်။ ဦးဆောင်ဆော်ဩတဲ့ ဘော့ဘ် ဂဲလ်ဒေ့ါဖ် Bob Geldof တို့ရဲ့ ကြိုးစားမှုနဲ့ အီသီယိုပီးယားမှာ အငတ်ဘေး ဘယ်လောက် ဆိုက်ရောက်ပြီး လူသားမျိုးနွယ် ဘယ်လောက် အတိဒုက္ခ ရောက်နေရသလဲ ဆိုတာကို တစ်သက် မမေ့နိုင်စရာ ပုံရိပ်တွေနဲ့ နိုင်ငံတကာက အာရုံ စိုက်မိခဲ့ကြပါတယ်။

အခုလည်း ကျွန်တော်တို့ဟာ ဒီစာအုပ်ကို ဝတ္ထု စာသားတွေ သက်သက်နဲ့တင် မဟုတ်ပဲ မြန်မာ့ အရေး အပေါ် အရင်းခံ အတိုင်း သိမြင် သဘောပေါက် နားလည် သွားအောင် Live Aid ဂီတပွဲ သဖွယ် အားကောင်းလှတဲ့ ပုံရိပ်တွေနဲ့ တင်ဆက် ထားပါတယ်။