မြန်မာ ရွေးကောက်ပွဲ - နှင်းဆီပါတီ UDP ဘာဆက် ဖြစ်မလဲ

ငါးနှစ်အတွင်း တိုင်းပြည်မတိုးတက်ရင် ပါတီ ဥက္ကဋ္ဌ ကိုထောင်ချပါ ဆိုတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ရဲ့ မဲဆွယ်စည်းရုံးမှုဟာ ထူးခြားလှပါတယ်။

ပိုပြီးထူးခြားတာက စက်တင်ဘာ ၂၉ ရက် ညမှာ ပါတီက မဲဆွယ်စည်းရုံးနေသလို ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ တရားခံပြေးအဖြစ် ဖမ်းဆီးခံရတဲ့အဖြစ်ပါ။

အငြင်းပွားဖွယ်ရာတွေနဲ့ ပြည့်နေတဲ့ လူတစ်ယောက် ဦးဆောင်ပြီး နေ့ချင်းညချင်း ပါတီကြီးတစ်ခုဖြစ်လာတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီဟာ နိုင်ငံရေးစိတ်ဝင်စားသူတွေကြားမှာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြီးရင် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးနဲ့ ဒုတိယအများဆုံး ဝင်ပြိုင်မယ့်ပါတီရဲ့ အနာဂတ်ဟာ ခေါင်းဆောင်အဖမ်းခံရပြီးတဲ့နောက် ဘယ်လိုဖြစ်လာမှာပါလဲ။

နေ့ချင်းကြီးပါတီ

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (United Democratic Party- UDP) ကို သူ့ရဲ့ တံဆိပ်ကို အစွဲပြုပြီး နှင်းဆီပါတီ လို့လည်းခေါ်ကြပါတယ်။

ဒီပါတီက အခုမှလူသိများလာပေမယ့် မျက်နှာသစ်ပါတီ တစ်ခုမဟုတ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်တော့ ပြည်ခိုင်ဖြိုးပါတီထက်တောင် ပါတီမှတ်ပုံတင်စောကျပါသေးတယ်။

နှင်းဆီပါတီရဲ့ အမှတ်စဉ်က ၁၆ ဖြစ်ပြီး ပြည်ခိုင်ဖြိုးက ၃၂ လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တည်ဆဲနိုင်ငံရေးပါတီများ စာရင်းမှာဖော်ပြထားပါတယ်။

၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တစ်နေရာမှ အနိုင်မရခဲ့တဲ့ ဒီပါတီက ၂၀၂၀ မှာ ဘာကြောင့် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်အထိ ရှာဖွေပြီးယှဉ်ပြိုင်နိုင်ခဲ့တာပါလဲ။

၂၀၂၀ ရွေးကောက်ပွဲရဲ့ နာမည်ကြီး မျက်နှာသစ်ပါတီတွေဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ထင်ရှားတဲ့ နိုင်ငံရေးသမား ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီနဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာသက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ တို့တောင် နှင်းဆီပါတီလို မဲဆန္ဒနယ်အပြည့် မပြိုင်နိုင်ပါဘူး။

အများဆုံးဝင်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ နှင်းဆီပါတီက ၉ ယောက်ပဲကွာပါတယ်။ နှင်းဆီပါတီ က ၁၁၄၃ ဦးစာရင်းသွင်းခဲ့ပေမယ့် ကိုယ်စားလှယ်တချို့ကန့်ကွက်ခံရလို့သာ ၁၁၃၁ ဦး ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါတောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်မပြိုင်တဲ့ ကိုးကန့်ဒေသက လောက်ကိုင်နဲ့ ကုန်းကြမ်းမှာတောင် ဒီပါတီက ဝင်ပြိုင်ပါတယ်။

'ကျွန်တော် အလကားလူပါ။ မတော်ပါဘူး။ တော်တာ ဘယ်သူလဲ။ ပြည်သူလူထု' လို့ ကိုယ်စားလှယ်လောင်းအများစုဝင်ပြိုင်နိုင်တာနဲ့ ပတ်သက်ပြီး ဦးကျော်မြင့်က ရုပ်သံကတစ်ဆင့် ပြောပါတယ်။

ဒီရုပ်သံကို ပါတီရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ သူအဖမ်းမခံရခင် သုံးရက်အလိုဖြစ်တဲ့ စက်တင်ဘာ ၂၆ ရက်က လွှင့်တင်ခဲ့တာပါ။

ရပ်/ကျေးစည်းရုံးရေးမှူး တစ်သောင်းကျော် နဲ့ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ကို ရှာဖွေနိုင်တာက ပါတီက ပိုက်ဆံထောက်ပံ့နိုင်လို့ မဟုတ်ဘဲ သူတို့ဒေသ တိုးတက်စေချင်တဲ့စိတ်နဲ့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကြတာလို့ ဦးကျော်မြင့်က ပြောပါတယ်။

'ပါတီမှာပိုက်ဆံမရှိပါဘူး။ ဆင်းရဲပါတယ်။'လို့ သူက ပြောပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံး မြို့ပြရော ကျေးလက်မှာပါ ဖြန့်ကြက်ထားနိုင်တဲ့ ပါတီ ရုံးတွေနဲ့ ပါတီအသုံးဆောင်ဖိုးနဲ့တင် ငွေကျပ်သန်းနဲ့ချီ ကုန်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

'ငွေပေါ့ဗျာ။ ငွေသုံးပြီး ပါတီကြီးဖြစ်လာအောင်လုပ်သွားတာ' လို့ သီပေါအမတ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

ငွေကြေးမတတ်နိုင်တဲ့ ကိုယ်စားလှယ်လောင်းတချို့ကိုတော့ မှတ်ပုံတင်စရိတ် ၃ သိန်း ထောက်ပံ့ပေးတယ်လို့ ဦးကျော်မြင့်ကပြောပါတယ်။

ဒါ့အပြင် ပါတီရုံးဖွင့်တဲ့စရိတ်နဲ့ အသုံးစရိတ်တွေအတွက် မြန်မာကျော် ကုမ္ပဏီကတစ်ဆင့် ထောက်ပံ့တယ်လို့ အမတ်လောင်းတချို့ဆီကသိရပါတယ်။

စင်ကာပူကို ငါးနှစ်အတွင်းကျော်မည်

ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ နှင်းဆီပါတီဝင်တစ်ချို့နဲ့ အမတ်လောင်းတချို့ရဲ့ အဆိုအရ ပါတီရဲ့ထောက်ပံ့ငွေက များများစားစားမရှိဘဲ အိတ်စိုက်ရတာများတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ကို ပိုက်ဆံထောက်ပံ့နေတဲ့ မြန်မာကျော် ကုမ္ပဏီနဲ့ ပါတီရဲ့ ဆက်နွှယ်မှုကို တိတိကျကျ ဖြေကြားနိုင်ခြင်း မရှိပါဘူး။

'စည်းရုံးရေးမှူးတချို့ဆို အကြွေးတောင်တင်နေတယ်'လို့ ပါတီရဲ့ မန္တလေးတိုင်းတာဝန်ခံ ဦးမျိုးမျိုးအောင်က ပြောပါတယ်။

သူအပါအဝင် အမတ်လောင်းတချို့ ပြောကြတာက နှင်းဆီပါတီကို ဝင်ရတာက ပါတီရဲ့ ရည်မှန်းချက် ၁၂ ချက်ကို ကြိုက်လို့လို့ဆိုပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အဲ့ဒီ ၁၂ ချက်ထဲက ပထမဆုံးအချက်နဲ့တင် ပြုံးစေ့စေ့ ဖြစ်သွားတတ်ကြပါတယ်။

ငါးနှစ်အတွင်း စင်ကာပူကိုထက်သာအောင်လုပ်ပေးမယ် ဆိုတဲ့အချက်ပါ။ အဲ့ဒီနောက်မှာတော့ တစ်နိုင်ငံလုံး အဝေးပြေးလမ်းဖောက်ပေးမယ်၊တစ်နိုင်ငံလုံးကရွာတွေမှာ ကတ္တရာလမ်းရှိအောင်လုပ်ပေးမယ်၊တစ်နိုင်ငံလုံးက ရထားလမ်းတွေ နိုင်ငံတကာအဆင့်မီအောင် လုပ်ပေးမယ်၊ တစ်နိုင်ငံလုံးမီးမပျက်အောင် လုပ်ပေးမယ်ဆိုတဲ့ အစိုးရရဲ့ဘဏ္ဍာရေးအခြေအနေအရ ငါးနှစ်အတွင်းဖြစ်ဖို့ ခဲယဥ်းတဲ့ ကိစ္စတွေကို ကို ဆောင်ရွက်ပေးမယ်လို့ပြောထားပါတယ်။

တစ်ရက် ဝင်ငွေ တစ်သောင်း ရအောင်လုပ်ပေးမယ်။ အသက် ၆၀ ပြည့်ရင် နိုင်ငံတော်က ထောက်ပံ့ကြေး ပင်စင် ရအောင်လုပ်ပေးမယ် ဆိုတဲ့ကတိတွေလည်း ပါပါတယ်။

ဒါပေမဲ့ ကျေးလက်တွေမှာ အဲ့ဒီအချက်တွေကို ကြိုက်ပြီး ပါတီထဲဝင် လာကြသူတွေက များပါတယ်။

'ဥက္ကဋ္ဌကြောင့်ပါတီထဲဝင်လာတာ မဟုတ်ဘူး။ ဒီအချက် ၁၂ ချက်ကို ကြိုက်လို့ ဝင်လာတာ' လို့ ဦးမျိုးမျိုးအောင်က ပြောပါတယ်။

ဦးမျိုးမျိုးအောင်က ပါတီထဲ ဝင်လာတာ တစ်နှစ်ကျော်ပဲ ရှိသေးပြီး မန္တလေးတိုင်းမှာ တာဝန်ခံတောင် ဖြစ်နေပါပြီ။ သူက လာမယ့်ရွေးကောက်ပွဲမှာ ချမ်းမြသာစည်(၂) ကနေ မန္တလေးတိုင်း လွှတ်တော်အမတ်လောင်း အဖြစ် ဝင်ပြိုင်မှာပါ။

သူ့ဥက္ကဋ္ဌ အကြောင်းသူအများကြီးမသိဘဲ အပြင်မှာတောင် တစ်ခါပဲ တွေ့ဖူးတယ်လို့ ဆိုပါတယ်။

ဦးမျိုးမျိုးအောင်က သူ့ ဥက္ကဋ္ဌ အဖမ်းခံရတာကို ထူးထူးခြားခြား ခံစားပုံမပြဘဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

မန္တလေးတိုင်းထဲက ပါတီဝင်တွေက သူ့လိုပဲ ပါတီရည်မှန်းချက် ၁၂ ချက်ကို ကြိုက်လို့ ဝင်လာတာလို့ ဆိုပါတယ်။

ပါတီရည်မှန်းချက် ၁၂ ချက်ကို ကြိုက်လို့ ဝင်လာသူတစ်ဦးကတော့ ဒေါ်ခင်ဝင်းဌေးပါ။ သူက နိုင်ငံရေး နောက်ခံမရှိဘဲ အထည်ရောင်းသူတစ်ဦးဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာတော့ သူက ကျောက်ပန်းတောင်း မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ပြိုင်မှာပါ။

'ဒါမျိုးက လယ်သမား နားလည်အောင် ပြောနည်းလို့ ခေါ်တယ်။ မဖြစ်ဘူးဆိုရင် ပါတီဥက္ကဌ ကြီးကိုထောင်ချလိုက်၊ ပါတီဆိုင်းဘုတ်တွေ မီးရှို့လိုက်၊ ဒါမျိုးတွေပေါ့' ဟု သီပေါအမတ်ဟောင်း ဦးရဲထွန်းက ဦးကျော်မြင့်ရဲ့ စည်းရုံးရေး နည်းကိုပြောပါတယ်။

ဘယ် ဦးကျော်မြင့် လဲ

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် နဲ့ ပတ်သက်လို့ မကြာသေးမီက 'မြန်မာပြည်၏ လျှို့ဝှက်နက်နဲသော နိုင်ငံရေးပါတီဥက္ကဋ္ဌ' ခေါင်းစဉ်နဲ့ Myanmar Now က သတင်းဆောင်းပါးရေးသား ဖော်ပြခဲ့ပြီး ဆောင်းပါးထဲမှာ တရားခံပြေးဖြစ်ကြောင်း အချက်အလက်တချို့ ပါဝင်ပြီးနောက်မှာပဲ ဖမ်းဆီးအရေးယူမှုတွေ ဖြစ်လာတာပါ။

အဖမ်းမခံရခင် ရက်ပိုင်းအလိုလေးမှာပဲ ဦးကျော်မြင့်က ပြန်လည်ဖြေရှင်းထားတဲ့ တစ်နာရီ နီးပါးကြာ ရုပ်သံဖိုင်ကို ပါတီရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကတစ်ဆင့် ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီထုတ်လွှင့်မှုမှာ စကားဝဲပေမယ့် မြန်မာစကားကို ကျွမ်းကျင်လိမ္မာစွာ ပြောတတ်တဲ့ ကချင်ရိုးရာဝတ်စုံနဲ့ ဦးကျော်မြင့်ကို တွေ့ရမှာပါ။

သူအပြစ်ရှိကြောင်းရဲတပ်ဖွဲ့မှာ မှတ်တမ်းရှိရင် ဒီလိုထိုင်နေလို့တောင် မရဘူး ဆိုတာတောင် သူက ပြောပါသေးတယ်။

'ဒီလိုဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလကား ဖြစ်သွားမှာပေါ့'လို့ ဦးကျော်မြင့်က ပြောပါတယ်။

ဒါ့အပြင် သူက သူ့ကိုယ်သူ အလွန်အမင်းနှိမ့်ချပြီး ပြည်သူတွေတော်လို့ ပါတီကြီးဖြစ်လာတာလို့ ပြောပြီး သူမရှိရင်တောင်ပါတီက ဆက်လက်လည်ပတ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

သူ့ရဲ့စကားလုံးတွေထဲမှာ စက်ရုံအလုပ်သမား၊ ဆိုက်ကားဆရာ၊ အငှားယာဉ်မောင်း၊ ရွာသူရွာသား၊ ရပ်ကွက်သူရပ်ကွက်သားတွေ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတဲ့ အခြေခံလူတန်းစားကို တိုက်ရိုက်ရည်ညွှန်းတဲ့စကားလုံးတွေ သုံးပါတယ်။

သူစကားအစမှာ တိုင်းနဲ့ပြည်နယ်တွေက ပါတီဝင်တွေကို နှုတ်ဆက်ပြီး အဆုံးမှာ ဥက္ကဋ္ဌကို ထောင်ချပါဆိုတဲ့ ပါတီရဲ့ မဲဆွယ်စကားနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ရက်ပိုင်းအကြာမှာပဲ တရားခံပြေးအဖြစ် သူ့မိန့်ခွန်းထဲကအတိုင်း အဖမ်းခံခဲ့ရပါပြီ။

မြန်မာ နာမည် ဦးကျော်မြင့်လို့ မှည့်ထားတဲ့ ဇခုန်ဇုန်းဆောင်ဟာ များပြားလှတဲ့ ဦးကျော်မြင့်တွေကြောင့် လူမှားတတ်ကြပါတယ်။ ရှမ်းပြည်နယ်က ပြည်ခိုင်ဖြိုးအမတ်ဟောင်း ပန်ဆေးကျော်မြင့်နဲ့ မှားသလို ရန်ကုန်က တက်ကြွလှုပ်ရှားသူ မိုက်ကယ်ကျော်မြင့်နဲ့လည်း မှားကြပါတယ်။

သူ့အကြောင်းသိသူတချို့ကတော့ မြန်မာကျုံယွမ်ကုမ္ပဏီကို ထောင်ခဲ့လို့ ကျုံယွမ်ကျော်မြင့်လို့ ခွဲခြားသိပါတယ်။ မြန်မာကျုံယွမ်ကုမ္ပဏီက ၁၉၉၈ ခုနှစ်လောက်က ဘဏ်တွေထက် အတိုးတွေ အများကြီးပေးပြီး ဒေဝါလီခံခဲ့လို့ ငွေသွားအပ်မိတဲ့ ပြည်သူတွေ ပိုက်ဆံဆုံးရှုံးခဲ့ရပါတယ်။

သေချာတဲ့ရင်းနှီးမြှုပ်နှံမှုမရှိဘဲ ရှေ့လူဆီကရလာတဲ့ပိုက်ဆံကို နောက်လူဆီအတိုးပေးတဲ့ပုံစံနဲ့ လိမ်လည်ဆောင်ရွက်ခဲ့တဲ့ မြန်မာကျုံယွမ်လို အထွေထွေအကျိုးဆောင်လုပ်ငန်းတွေကြောင့် ပြည်သူတွေရဲ့ ချွေးနှဲစာ ဆုံးရှုံးခဲ့ရတဲ့အကြောင်း ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးလှထွန်းက သူ့ရဲ့ ဘဏ္ဍာရေး ပုံရိပ်လွှာစာအုပ်မှာ ထည့်ရေးခဲ့ပါတယ်။

ဦးကိုနီအမှုမှာ နာမည်ကြီးခဲ့တဲ့ အင်းစိန်အောင်စိုးကလည်း ဦးကျော်မြင့်က ထောင်ပြေးတစ်ယောက်ဖြစ်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ စက်တင်ဘာ ၂၇ ရက်က ဖွင့်ချခဲ့ပါတယ်။ ဒါက ဦးကျော်မြင့်ရဲ့ ဗီဒီယိုမိန့်ခွန်း ထုတ်လွှင့်ပြီး နောက်တစ်ရက်မှာ ဖြစ်ပါတယ်။

'သူထောင်ပြေးဖြစ်ကြောင်း တရားရုံးမှာ သက်သေထွက်ပေးမယ်' လို့ အင်းစိန်အောင်စိုးက ဘီဘီစီကို ပြောပါတယ်။

အင်းစိန်ထောင်ထဲမှာ ဦကျော်မြင့်နဲ့ ဆုံခဲ့ဖူးပြီး လှောင်အိမ်ထဲကကျား ဂနာမငြိမ်သလိုပဲ ထောင်ထဲမှာ ဘယ်လိုမှမနေနိုင်ဘဲ လွတ်ဖို့ကြံနေတဲ့သူလို့ အင်းစိန်အောင်စိုးက ပြန်ပြောပြပါတယ်။

ဒီလိုနဲ့ ဦးကျော်မြင့်က အင်းစိန်ကနေ မန္တလေးကို ထောင်ပြောင်းပြီး ထောင်ကနေ ထွက်ပြေးသွားတဲ့အကြောင်း အင်းစိန်အောင်စိုးက ပြောပြပါတယ်။

ဦးကျော်မြင့် မန္တလေးထောင်ပြောင်းတော့ ထောင်ပြောင်းတဲ့ ရထားပေါ်မှာ ဆုံခဲ့သူကတော့ ထင်ရှားတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေပဲ ဖြစ်ပါတယ်။

ဦးကျော်မြင့် မြန်မာနိုင်ငံထဲ ပြန်ဝင်လာတော့ ၂၀၁၃ ခုနှစ်မှာ ဦးခင်မောင်ဆွေကို ဆက်သွယ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီနဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့ မဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဦးခင်မောင်ဆွေက ပြန်ပြောပြပါတယ်။

'သွားတော့တွေ့ခဲ့တယ်။ နိုင်ငံရေးခရီးတော့ ဆက်မလျှောက်ဖြစ်ခဲ့ဖူးပေါ့ဗျာ' လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ဦးကျော်မြင့်ဟာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေကို တောက်လျှောက် ချဉ်းကပ်ခဲ့တာဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမား ဦးသုဝေကိုလည်း ချဥ်းကပ်ဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

သူက လူသိများတဲ့ နိုင်ငံရေးသမားတစ်ယောက်ကို သူ့ရှေ့မှာ ထားပြီး နောက်ကွယ်ကနေတဲ့ပုံစံကို ခင်းကျင်းခဲ့တာပါ။ သူရှေ့ထွက်လာတဲ့အချိန်မှာ အဖမ်းခံရခြင်းက သူနှစ်ရှည်လများသုံးခဲ့တဲ့နည်းကမှန်ခဲ့တယ်လို့ သက်သေပြနေပါတယ်။

သတင်းစာဆရာ စည်သူအောင်မြင့် ရေးတဲ့ ၂၀၁၀ ပါတီမိတ်ဆက် စာအုပ်မှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်ဟာ ဦးကျော်မြင့် မဟုတ်ဘဲ ဦးဘိုမောင်ဖြစ်ပြီး ခေါင်းဆောင်(ယာယီ) လို့ ရေးထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ထုတ်ပြန်တဲ့ ပါတီရဲ့ ဗဟိုကော်မတီဝင်စာရင်းမှာ ဥက္ကဋ္ဌရာထူးကို ဝါရင့်နိုင်ငံရေးသမား ဦးလှမြင့်ကို ပေးထားပြီး ဦးကျော်မြင့်က အမှုဆောင်ဥက္ကဋ္ဌ ရာထူးကို ယူထားပြန်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ၊ စစ်အစိုးရနဲ့ နီးစပ်သူတွေက သူ့ကို ကောင်းကောင်းသိကြပါတယ်။ မြန်မာပြည်ကနေ ကနေဒါကို တိမ်းရှောင်သွားပြီး တရုတ်နဲ့ အဆက်အသွယ်ရှိသူအဖြစ် သိထားကြတာပါ။

တရားခံပြေးတစ်ယောက်အနေနဲ့ အခုမှ အဖမ်းခံနေရပေမယ့် အပြင်မှာနှစ်ရှည်လများ နေနိုင်နေတဲ့ ကိစ္စကလည်း သူပြန်ဝင်လာတဲ့ အချိန်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ၂၀၁၁ နောက်ပိုင်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေ၊ Black List သွင်းထား တဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်လာခွင့် ပြုတဲ့အချိန်မှာ ပါလာတာ ဖြစ်နိုင်တယ် လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။

ဘယ်နည်းလမ်းနဲ့ပဲ ဝင်ခဲ့၊ ဝင်ခဲ့ တရားဝင်ထွက်ခွာတာ မဟုတ်ဘဲ အကြောင်းအမျိုးမျိုး နဲ့ ပြည်ပ ရောက်နေသူတွေကို ပြန်လာခွင့်ပြုမယ်ဆိုရင် နောက်ကြောင်း စိစစ်မှု လုပ်ရမှာဖြစ်ပြီး နိုင်ငံရေးပါတီ ခေါင်းဆောင်အဖြစ် တာဝန်ယူမယ်ဆိုရင်လည်း ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြတဲ့အခါ ကိုယ်ရေးရာဇဝင်တွဲတင်ရသလို ကော်မရှင်ကလည်း သတ်မှတ် ထားတဲ့စည်းမျဉ်း၊စည်းကမ်းတွေနဲ့ ညီညွတ်မှုရှိ၊မရှိ စိစစ်ရမှာပဲ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

'ဦးကျော်မြင့်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးနေပြီ ဆိုတော့ ရွှေသမင် ဘယ်ကထွက်လဲဆိုတာပေါ်လာမှာပါ' လို့ သူက ပြောပါတယ်။

ဦးကျော်မြင့်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၂၂၄) အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာဖြစ်ပြီး ရဲလုပ်ငန်းတွေ မပြီးပြတ်သေးဘဲ ဆက်လက်ဆောင်ရွက်ဆဲ လို့ သမ္မတရုံးက ပြောပါတယ်။

ပါတီရဲ့ မှတ်ပုံတင်ကိုလည်း ပြန်လည်စိစစ်နေပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သမ္မတမလုပ်မယ့် ပါတီဥက္ကဋ္ဌ

သူကိုယ်တိုင် ရွေးကောက်ပွဲမဝင်ဘဲ နိုင်ရင်တောင် သမ္မတမလုပ်ဘူးလို့ ပြောတဲ့အခါ ဦးကျော်မြင့်ဟာ အာဏာမမက်သူအဖြစ် ပါတီထဲမှာ လူကြိုက်များခဲ့ပါတယ်။ ဒါပေမဲ့ သူက ဝင်ပြိုင်ရင်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ငြိစွန်းနေမှာ ဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌ ကိုယ်တိုင်လည်း အမတ်လောင်းတစ်နေရာတောင် ဝင်ပြိုင်လို့မရတဲ့ အခြေအနေ၊ ပါတီကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရာသီဥတုအရ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခက်မှန်းသိသိနဲ့ ပိုက်ဆံတွေသုံးပြီး ကိုယ်စားလှယ်လောင်း အလုံးအရင်းနဲ့ ဝင်လာတဲ့ ရည်ရွယ်ချက်က ဘာလဲလို့ မေးခွန်းထုတ်မှုတွေက ကျယ်လောင်လာပါတယ်။

ဒီမေးခွန်းအတွက် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဘီဘီစီက ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

အမတ်လောင်းတချို့နဲ့ အောက်ခြေကပါတီဝင်တချို့ကို ဆက်သွယ်မေးမြန်းချက်အရ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးက ပါတီရဲ့ရည်ရွယ်ချက်လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အဲ့ဒီလိုမမြင်ဘဲ ပါတီရဲ့ ငွေကြေးလမ်းကြောင်းနဲ့ တခြားရည်ရွယ်ချက်ရှိနိုင်မလားလို့ စိတ်ဝင်စားကြပါတယ်။

ဒုတိယအများဆုံးဝင်ပြိုင်တဲ့ နှင်းဆီပါတီကြောင့် သက်ရောက်မှုရှိနိုင်တဲ့ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

'အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲတွေ ကွဲသွားအောင်လုပ်တာ'လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းဒုတိယအများဆုံးဝင်ပြိုင်မယ့်ပါတီ၊ တစ်နိုင်ငံလုံးကို ပါတီရုံးတွေ ဖြန့်ကြက်နိုင်တာနဲ့ များပြားလာတဲ့ ပါတီဝင်အင်အားကြောင့် ရွေးကောက်ပွဲမှာ မနိုင်ပေမယ့်လို့ မြန်မာ့နိုင်ငံရေးမှာ တစ်စုံတစ်ရာ အတိုင်းအတာထိ အခြေချနိုင်သွားပြီလို့ ဦးရဲထွန်းက ပြောပါတယ်။

'ငွေထုတ်ပေးတဲ့သူရှိမရှိ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ခိုင်းတဲ့သူရှိတယ်ဆိုရင်တော့ သူက(ဦးကျော်မြင့်) ရလဒ်ပြနိုင်ခဲ့တယ်။' လို့ ဦးရဲထွန်းကပြောပါတယ်။