စစ်ကော်မရှင်ရွေးကောက်ပွဲ - အရင် နဲ့ မတူတဲ့ မြေပြင်မဲဆွယ်စည်းရုံးရေး

စစ်တပ်လက်အောက်မှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးနေကြပြီ။ အရင်ရွေးကောက်ပွဲနဲ့ မတူတာကတော့ အခုတခေါက်မှာ စီတန်းလှည့်လည် မဲဆွယ်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင်ထားပါတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလရောက်တိုင်း လမ်းမတွေထက်မှာ ပါတီအလံတွေချိတ်ဆွဲထားတဲ့ ယာဉ်တန်းတွေ၊ ပါတီအောင်နိုင်ရေးသီချင်းသံတွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ လူထုနဲ့ ထိတွေ့မှုတွေကို ဒီတစ်ခေါက်မှာ မတွေ့ရသလောက်ဖြစ်ပါတယ်။

မြေပြင်မှာ စည်းရုံးရေးလုပ်ကြတဲ့ ကိုယ်စားလှယ်လောင်းအနည်းဆုံး ၅ ဦးထက်မနည်းကလည်း ရွေးကောက်ပွဲအပေါ် လူထုရဲ့စိတ်ဝင်စားမှု သိသိသာသာ လျော့ကျနေတာကို တွေ့ရတယ်လို့ ဘီဘီစီကို ပြောကြပါတယ်။

အရင် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေနဲ့ အခု စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲ အတွက် မြေပြင် မဲဆွယ်စည်းရုံး အခင်းအကျင်းတွေ ဘယ်လို ပြောင်းလဲလာလဲ၊ ဘာကြောင့်ပြောင်းလဲသွားတာလဲ။

အရင် အခြေနေမတူတဲ့ ပါတီမဲဆွယ်စည်းရုံးရေးတွေ

ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။

ရွေးကောက်ပွဲ ၃ ပိုင်းလုံးအတွက် မဲဆွယ်စည်းရုံးရေးကို အောက်တိုဘာ ၂၈ ရက်ကစတင်ပြီး ရက်ပေါင်း ၆၀ တကြိမ်တည်း မဲဆွယ်စည်းရုံးရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီ ၅၇ က ကိုယ်စားလှယ်လောင်းတွေ နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ပါတီတွေထဲမှာ အစောဆုံးအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲတွေ ပြုလုပ်တာကတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ အများဆုံးဝင်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်ပါတယ်။

USDP ပါတီက အောက်တိုဘာ ၂၈ ရက်ကစလို့ နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်း နဲ့ မန္တလေးမှာ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ချိတ်ပွဲတွေကို လူအင်အားအများအပြားနဲ့ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲတွေကို ပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ လက်ရှိ စစ်တပ်ခန့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင်အပါအဝင် ‌USDP ကနေ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းတွေ တက်ရောက်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံကလည်း သူ့ယှဉ်ပြိုင်မယ့် စစ်ကိုင်းမြို့နယ်မှာ အောက်တိုဘာ ၂၈ က ကျင်းပတဲ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲကို ကိုယ်စားလှယ်လောင်းတွေ၊ ပါတီဝင်တွေနဲ့ အတူတက်ရောက်ခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။

နောက်ထပ် ပြည်ထောင်စုအဆင့်ဝင်ပြိုင်မယ့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ကတော့ ပြည်ခိုင်ဖြိုးပါတီ လိုမျိုး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတွေ မလုပ်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

" အွန်လိုင်းနဲ့ပဲ စည်းရုံးနေရတယ်။ စီတန်းလှည့်လည်ခွင့်လည်း မရှိလို့။ ဆိုင်းဘုတ်တင်ဖို့က စိတ်ထဲမှာ နည်းနည်းစောနေသေးလို့။ ဒီဇင်ဘာ ၂၆ ရက်အထိ လုပ်ရမယ်ဆိုတော့ စောစောစီးစီး ဆိုင်းဘုတ်သွားတင်ရင် မိုးနဲ့လေနဲ့ ပျက်သွားမှာပေါ့။ လုပ်တော့ လုပ်ရမှာပါ" လို့ ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ကျားဖြူပါတီ အနေနဲ့ TikTok ကနေ မဲဆွယ်စည်းရုံးမယ့် နည်းလမ်းကို အားပြုသုံးမယ်လို့ ဆိုပါတယ်။

" ဆိုင်းဘုတ်တင်ပြီးတော့လည်း ဒီလောက်လည်း လူတွေက စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာလေ။ ကျွန်တော်တို့က မီဒီယာထဲမှာ ထိုးဖောက်တယ်။ လူတိုင်းက ဖုန်းကြည့်တယ်လေ။ လူတိုင်း က TikTok ကြည့်တယ်။ TikTok ထဲမှာ လုပ်လိုက်ရင် ပြန့်သွားပြီလေဗျာ" ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

နောက်ထပ် ပြည်သူ့ပါတီကတော့ မဲဆွယ်စည်းရုံးဖို့အတွက် အခြေအနေတွေ စောင့်ကြည့်နေတယ်လို့ ပါတီအောင်နိုင်ရေးတာဝန်ခံ ကိုမာကီးက ပြောပါတယ်။

"ပါတီ အချင်းချင်း သူ့ပါတီဘယ်လိုအခြေအနေရှိသလဲ။ တော်တော်များများကလည်း စောင့်ကြည့်နေကြတယ်။ ခြိမ်းခြောက်မှုတွေ ရှိတာလည်းပါတယ်။ လူထုရဲ့ စိတ်ဝင်စားမှု လျော့ကျနေတာလည်းပါတယ်" လို့ ကိုမာကီးက ပြောပါတယ်။

ငွေကြေး‌ဖောင်းပွမှုနဲ့အတူ မြင့်တက်လာတဲ့ရွေးကောက်ပွဲ ကုန်ကျစရိတ်ကလည်း ငွေကြေးအင်အာတောင့်တင်းမှုနည်းတဲ့ ပါတီတချို့အတွက် စိန်ခေါ်မှုဖြစ်လာပါတယ်။ အဲဒီထဲမှာ ပြည်သူ့ပါတီလည်း ပါဝင်ပါတယ်။

"ကုန်ကျစရိတ်တွေက အရမ်းများကြတယ်။ လက်ကမ်းစာစောင်ကို အရင်က တစ်ယောက်ကို အစောင်ရေ တစ်သောင်း ရိုက်တာ သုံးသိန်းကျော်ကျော်ပဲကျတာ။ အခုက အနည်းဆုံးတစ်ယောက် တစ်သောင်း ရိုက်တာကို ၁၇ သိန်း ၅ သောင်းကျတယ်။ အရင်တုန်းက ဗီနိုင်း တစ်ပေ ပတ်လည်ကို ၈၀ (ကျပ်ငွေ)၊ ၁၀၀နဲ့ ရိုက်လို့ရတယ်။ အခုက တစ်ပေပတ်လည်ကို အနည်းဆုံး ၆၅၀ ရှိတယ်" လို့ ကိုမာကီးက ပြောပါတယ်။

သူ့အပြောအရ လက်ကမ်းစာစောင်အတွက် ကုန်ကျစရိတ်တင် အရင်ရွေးကောက်ပွဲထက် ၆ ဆ ပိုသုံးရနေရပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ ကိုယ်စားလှယ်လောင်းတွေ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်တွေရဲ့ အသုံးစရိတ်ကို နှစ်ဆအထိ တိုးသုံးနိုင်တယ်လို့ ကြေညာထားပါတယ်။

ကိုယ်စားလှယ်လောင်းတွေရဲ့ အရင်ရွေးကောက်ပွဲသုံးစရိတ် သိန်း ၁၅၀ ကနေ သိန်း ၃၀၀၊ တိုင်းရင်းသားလူမျိုးကိုယ်စားလောင်းတွေအတွက် သိန်း ၃၀၀ ကနေ သိန်း ၅၀၀ အထိ သုံးစွဲနိုင်တယ်လို့ ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ပြည်သူ့ပါတီအတွက်တော့ ကိုယ်စားလှယ်လောင်း တစ်ယောက်ကို သိန်း ၁၀၀ သုံးနိုင်ဖို့တောင် မလွယ်ဘူးလို့ ကိုမာကီးက ပြောပါတယ်။

ကိုမာကီးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်ခဲ့တဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်သွားမှာပါ။

ဒါပေမယ့် ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ကိုမာကီးက သူ့မဲဆန္ဒနယ်မှာလည်း မဲဆွယ်စည်းရုံးရေးတွေ မလုပ်သေးဘူးလို့ပြောပါတယ်။

"စောစောစီးစီး စထားရင် စောစောစီးစီး အကုန်အကျ များတယ်။ ရှေ့လဆန်းလောက်မှ စဖို့ စီစဉ်ထားတယ်" လို့ ကိုမာကီး ကပြောပါတယ်။

စီတန်းလှည့်ခွင့်မရှိတဲ့ မဲဆွယ်စည်ရုံးရေး

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးကာလစပြီဆိုရင် ပါတီတွေက ယာဥ်တွေနဲ့ လူအစုလိုက် စီတန်းလှည့်လည်ခဲ့ကြပါတယ်။

အခု ရွေးကောက်မှာတော့ မဲဆွယ်စည်းရုံးရေးကာလပါတီတွေ စီတန်းလှည့်လည်လို့မရဘဲ ဟောပြောစည်းရုံးရေးနည်းနဲ့ပဲ မဲဆွယ်ခွင့်ရှိတယ်လို့ UEC က ပါတီတွေကို အသိပေးထားပါတယ်။

အရင်ဆုံး မဲဆွယ်စည်းရုံးရေးကာလမှာ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်၊ ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်တင်ပြီးရင် စည်းရုံး ဟောပြောပွဲတွေအတွက် သက်ဆိုင်ရာမြို့နယ်တွေမှာ ခွင့်ပြုမိန့်တင်ရမှာဖြစ်တယ်လို့ ပါတီတွေဆီက သိရပါတယ်။

ဥပမာ စီတန်းလှည့်လည်တာမလုပ်ဘဲ နေရာတစ်နေရာတည်းမှာပဲ လူထုကို စည်းရုံးဟောပြောဖို့ ကိုယ်စားလှယ်လောင်းတွေက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီ ခွင့်ပြုမိန့် ရဖို့ တင်ပြရမှာပါ။

မဲဆွယ်စည်းရုံးရေး ပထမနေ့ အောက်တိုဘာ ၂၈ ရက်ကစလို့ ပါတီတွေအနေနဲ့ ခွင့်ပြုမိန့် တင်နိုင်မှာ ဖြစ်ပါတယ်။ ခွင့်ပြုမိန့်ကျဖို့ကိုတော့ တစ်ပတ် တိတိစောင့် ရမယ်လို့ ပါတီတွေဆီက သိရပါတယ်။

"အရေးပေါ် ဆိုရင် သုံးရက်နဲ့ ခွင့်ပြုတယ်။ မဟုတ်ရင် ၇ ရက်နဲ့ ခွင့်ပြုတယ်။ ဆိုင်းဘုတ် တင်ရင် စည်ပင်သွားရမယ်။ လက်ကမ်းစာစောင်တို့ အသံချဲ့စက် ကိစ္စတို့ဆို ပြန်/ဆက်(ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေး) ကိုသွားရမယ်။ လုံခြုံရေးဆိုရင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို သွားရမယ်" လို့ ဒေါပုံမြို့နယ်က တသီးပုဂ္ဂလ ဝင်ပြိုင်မယ့် ကိုကျော်ထက်က ပြောပါတယ်။

အရင်ရွေးကောက်ပွဲတွေကတော့ UEC အပါအဝင်၊ ဌာနပေါင်းစုံနဲ့ ကိုယ်စားလှယ်လောင်းတွေပါတဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့ထားတာဖြစ်တဲ့အတွက် ဌာနပေါင်းစုံနဲ့ ဆက်ဆံရတာမရှိဘဲ ကော်မတီမှာတင် ဆုံးဖြတ်နိုင်ကြတာဖြစ်ပါတယ်။

လုံခြုံရေးတောင်းခံမှုအတွက်ကတော့ စည်းရုံးမယ့်နေရာ၊ အချိန်နဲ့ လူအင်အားကိုတင်ပြရမယ်လို့ သိရှိရပါတယ်။

"သူတို့ကတော့ သတ်မှတ်ထားတဲ့ နေရာမှာ ဟောပြောဖို့ပြောတယ်။ အဲဒီဘေးနား ပတ်ဝန်းကျင်မှာ လုံခြုံရေးချထား‌ပေးမယ့်ပုံစံရှိတယ်။ ကျွန်တော့်အနေနဲ့ လုံခြုံရေးတောင်းဖို့အစီအစဉ် မရှိဘူး။ ကားနဲ့ လှည့်မယ်ဆိုလည်း လုံခြုံရေးတောင်းဖို့ အစီအစဉ်မရှိဘူး။ လုံခြုံစိတ်ချရတဲ့ နေရာတွေကိုပဲ သွားမှာ" လို့ ကိုမာကီးက ပြောပါတယ်။

"ကျွန်တော်ထင်တယ်။ ရပ်ပြီးတော့တော့ ဟောပြောခွင့်ရမှာမဟုတ်ဘူး။ ကားခဏရပ်ပြီးတော့ ကားပေါ်မှာ သီချင်းဖွင့်မယ်။ လက်ကမ်းစာစောင်ဝေမယ်။ အဲဒါမျိုးပဲလုပ်ခွင့်ရတယ်" လို့သူကပြောပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားလှယ်လောင်းတစ်ဦးကတော့ နိုဝင်ဘာ ၆ ရက်နေ့က ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းက ဈေးအပြင်ဘက်မှာ ကြက်ဥတွေကို ဈေးချိုချိုသာသာနဲ့ ရောင်းပေးနေတာတွေ့ရတယ်လို့ ဗဟန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

" ကား နဲ့ ကြက်ဥလာရောင်းတယ်။ တစ်လုံး ၃၅၀ နဲ့ လာရောင်းတာ။ အနားမှာလည်း ရဲကားတစီး ရပ်ထားတာတွေ့တယ်။ ရဲတွေမှာလည်း သေနတ်ပါတယ်" လို့ သူက ပြောပါတယ်။

ပန်းဘဲတန်းက ယှဉ်ပြိုင်မယ့် နောက်ထပ် PPP ကိုယ်စားလှယ်လောင်း တစ်ဦးကလည်း ရန်ကုန်မြို့တော် ခန်းမရှေ့မှာ လက်ကမ်းစာစောင်တွေပေးပြီး လမ်းသွား၊ လမ်းလာ ပြည်သူတွေနဲ့ တွေ့ဆုံစကားပြောနေတာတွေ့ရပါတယ်။

ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေး စိုးရိမ်ချက်

လက်ရှိမှာ အရင်ရွေးကောက်ပွဲနဲ့ မတူတဲ့ပြည်တွင်းပဋိပက္ခကြောင့် ကိုယ်စားလှယ်လောင်းတချို့က မဲဆွယ်စည်းရုံးဖို့ လုံခြုံရေးစိုးရိမ်ချက်တွေလည်းရှိနေပါတယ်။

အဲဒီထဲ ရန်ကုန်မြို့ပေါ်မှာ မဲဆွယ်ကြမယ့် ကိုယ်စားလှယ်လောင်းတွေတောင် ပါဝင်ပါတယ်။

ဒေါပုံမြို့နယ်ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မယ့် ကိုကျော်ထက်ကတော့ "ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဆုံးရှုံးထားတာရှိတယ်။ မဲစာရင်းလိုက်ကောက်လို့ ဓာတ်ဆီနဲ့ မီးရှို့တာတွေလိုမျိုး ဖြစ်စဉ်တွေရှိထားတာ။ ကြမ်းတယ်ပေါ့ဗျာ။ ချိန်ရမှာပေါ့" လို့ ပြောပါတယ်။

"နိုင်ငံရေးအရအားလုံးက ဘာမှမဖြစ်ဘူးဆိုရင်တော့ ကျွန်တော်တို့ တသီးပုဂ္ဂလက ပိုထွက်ရဲတာပေါ့။ ဒါပေမယ့် ကိုယ့်မြို့နယ်ဖြစ်တဲ့အတွက် လုပ်လို့ရတဲ့နေရာမှာလိုက်လုပ်ရမှာပဲ။ အဲဒါကြောင့် အချိန် နည်းနည်း ယူနေတာပါတယ်" လို့ သူက ပြောပါတယ်။

လတ်တလောတော့ အွန်လိုင်းကနေ မဲဆွယ်စည်းရုံးမှုတွေပဲ လုပ်နေမယ်လို့ ကိုကျော်ထက်က ပြောပါတယ်။

ကိုကျော်ထက်လိုပဲ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဒေါက်တာခင်ခင်ကျော့ ကလည်း လူထု ဟောပြောပွဲတွေမလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အွန်လိုင်းကနေပဲ အဓိက မဲဆွယ်စည်းရုံးတာ၊ လက်ကမ်းစာစောင်ဝေတာပဲ လုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။

"သူများတွေ လုပ်သလို ဟောပြောပွဲတွေလုပ်ဖို့တော့ မစဉ်းစားထားဘူးရှင့်။ ကုန်ကျစရိတ်က ရာဂဏန်း၊ ထောင်ဂဏန်းတွေရှိတယ်၊ လာခဲ့ပါပြောလည်း ဟောပြောဖို့ အစီအစဉ်မရှိပါဘူး။ ပုံမှန်အခြေအနေမဟုတ်ဘူးရှင့်။ ဒီရွေးကောက်ပွဲက စစ်အုပ်ချုပ်ရာကနေ ဒီမိုကရေစီပြန်ပေးတဲ့အပြောင်းအလဲ။ အဲဒီလိုမျိုးစုံဖြစ်နေတဲ့အချိန်မှာ ပေါ်ပေါ်လွင်လွင်၊ အကျော့အမော့ကြီးမလုပ်ချင်ဘူး" လို့ ဒေါက်တာ ခင်ခင်ကျော့က ပြောပါတယ်။

ဒေါက်တာ ခင်ခင်ကျော့ဟာ အမေရိကန်အာကာသ အေဂျင်စီ (NASA) က မြန်မာ အမျိုးသမီး အာကာသ သိပ္ပံပညာရှင် ဒေါ်မီမီအောင်ရဲ့ အဒေါ်ဖြစ်သူပါ။

ပြည်သူ့ရှေ့ဆောင်ပါတီ စတင်တည်ထောင်တုန်းကလည်း ပြင်ပဆက်ဆံရေးကို တာဝန်ယူဆောင်ရွက်ပေးခဲ့သူဖြစ်တယ်လို့ သူက ပြောပါတယ်။

သူက မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်သွားမှာပါ။

ဒီရွေးကောက်ပွဲဟာ သူ့အတွက် ပထမဆုံးယှဉ်ပြိုင်တဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။

သူယှဉ်ပြိုင်မယ့်မဲဆန္ဒနယ်မှာ စစ်ကော်မရှင်ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံမှာပါ။

ဒါပေမယ့် ဒေါက်တာ ခင်ခင်ကျော့ကတော့ "မရမ်းကုန်းက ကျွန်မမြို့နယ်လည်းဖြစ်တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မရမ်းကုန်းက တက်ကြွကြတယ်။ သူတို့ကို ကိုယ်ကမဲပေးပါ..လာပါ...မဲပေးသင့်တယ်လို့ ပြောရင် အားလုံးမဲ ပေးကြမှာ။ မရမ်းကုန်းမြို့နယ်ကို ကျွန်မယုံကြည်ပါတယ်" လို့ ပြောပါတယ်။

အများ နဲ့ တစ်ယောက်

အခု ရွေးကောက်ပွဲဟာ အရင်ထက် လူထုစိတ်ဝင်စားမှု သိသိသာသာ လျော့ကျလာတဲ့အချက်ကို ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ကိုယ်စားလှယ်လောင်းတွေက လက်ခံထားကြပါတယ်။

ကိုယ်စားလှယ်လောင်းတွေ သူတို့မဲဆန္ဒနယ်မှာ မဲဆွယ်စည်းရုံးတဲ့အခါ ရွေးကောက်ပွဲကို စိတ်မဝင်စားသူက လူများစုဖြစ်နေတယ်လို့ ပြောပါတယ်။

"အခုက နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု အရမ်းကို ကျဆင်းသွားတယ်။ ပါတီတွေ စည်းရုံးရတာ ခက်သွားတယ်။ ကိုဗစ်နဲ့ ပြည်တွင်းစစ် ကွာဟချက်နှစ်ခုကြားထဲကမှာ သာမန်ပါတီတွေအတွက်ကတော့ အခက်အခဲက နှစ်ခုစလုံးမှာ ရှိခဲ့တာပေါ့" လို့ ကော့မှူးမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ကိုမာကီးက ပြောပါတယ်။

ကိုမာကီး ပြိုင်မယ့် မဲဆန္ဒနယ်ဟာ ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်ခဲ့တဲ့ ကော့မှူးမြို့နယ် မဲဆန္ဒနယ်လည်း ဖြစ်နေလို့ မဲဆွယ်ရေးအတွက် အားစိုက်လုပ်ဖို့တော့ လိုတယ်လို့ သူက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရတဲ့အခါကြတော့ ရွေးကောက်ပွဲကို ပြည်သူတွေက မယုံတော့ဘူး။ မဲထည့်လည်း ကိုယ်ထည့်တဲ့သူ အာဏာရမှာ မဟုတ်ဘူး။ သူတို့ဘာသာ သူတို့ အာဏာယူမှာ ဆိုတဲ့စိတ် လူတိုင်းမှာရှိနေတယ်။ တော်တော်တော့ အားစိုက်ရမှာပေါ့ "

ဒေါပုံမြို့နယ်ကနေ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ပြိုင်မယ့် ကိုကျော်ထက်ကလည်း သူဖြတ်သန်းခဲ့ဖူးတဲ့ရွေးကောက်ပွဲတွေနဲ့ အခုတခေါက်ကျင်းပမယ့် ရွေးကောက်ပွဲကို နှိုင်းယှဉ်ပြီးပြောပါတယ်။

"၂၀၁၀ မှာ လူထုကလည်း လွတ်လပ်စွာပြောဆိုခွင့်၊ ဟောပြောခွင့်တွေ သူတို့ ပထမဆုံး ပြန်ကြုံဖူးတဲ့အတွက် Surprise(အံ့သြကြ)တွေဖြစ်ကြတာပေါ့။ ၂၀၁၅ ကြတော့ လူထုက သိသွားပြီ။ ဟောပြောလို့ ရတယ်ဆိုတာ သိသွားပြီ။ အားပေးတယ်။ ထွက်တယ်။ လက်ခုပ်တွေ တီးကြတယ်။ ၂၀၂၀ မှာ ၂၀၁၅ ထက်တောင် ပိုပြီး ပွဲတော်ကြီးလို ဖြစ်သွားသေးတယ်"

" ရှေ့မှာ ဖြတ်သန်းဖူးတဲ့ ‌ရွေးကောက်ပွဲသုံးခုနဲ့တောင် မတူဘူး။ ဒီရွေးကောက်ပွဲက စိန်ခေါ်မှု အမြင့်ဆုံးပဲ" လို့ ကိုကျော်ထက်က ပြောပါတယ်။