မဲစာရင်းမှားယွင်းမှု ဘယ်လိုကုစားနေလဲ

၂၀၂၀ ရွေးကောက်ပွဲရဲ့မဲမသမာမှုတွေထဲမှာ မဲစာရင်းကိစ္စကိုလည်း စစ်တပ်ကထည့်သွင်းခဲ့ပြီးအာဏာသိမ်းရတဲ့အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာလည်း မဲစာရင်းမှားယွင်းမှုတွေက တကျော့ပြန်လည်လာပါပြီ။

ပထမအကြိမ်ကပ်တဲ့ မဲစာရင်းဖြစ်တာကြောင့် အမှားအယွင်းရှိမှာ မဆန်းပေမဲ့ ပြောစမှတ်ဖြစ်ရာအမှားတွေတွေ့တဲ့အတွက် ၀ေဖန်မှုတွေနဲ့ကြုံနေရပါပြီ။

ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌဦးလှဆွေ ရဲ့၀ေဖန်မှုက အတော်ပွဲဆူခဲ့ပြီး မဲစာရင်းမှားယွင်းမှုတွေအတွက် အများအာရုံစိုက်စရာ ဖြစ်လာပါတယ်။

ဒါပေမဲ့ မဲစာရင်းမှားတာကိုထောက်ပြတာသူတစ်ယောက်တည်းမဟုတ်ဘဲ တခြားပါတီတွေလည်း ထောက်ပြကြပါတယ်။

ဘယ်လောက်အထိ မှားနေလဲ

"နောက်ဆုံးဗျာ၊ USDP ဥက္ကဋ္ဌကြီးပြိုင်မယ့် ဇေယျာသီရိမှာတောင်မှ ဦးခင်ရီတစ်ယောက်တည်း ပါတယ်ဗျာ။ မိသားစု ကျန်ခဲ့တယ်"လို့ ကြံခိုင်ရေးပါတီ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက ဘီဘီစီကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို ဦးလှဆွေ လိုက်စစ်တဲ့အခါမှာ မဲစာရင်း ကွာခြားချက်တွေ အများကြီး တွေ့ခဲ့တာလို့လည်း ပြောပါတယ်။

စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တပတ် ၂ ပတ်ကြာ ထုတ်ပြန်ထားတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲပထမအကြိမ် မဲစာရင်းမှာ မှားယွင်းတာတွေ ရှိနေပါတယ်။

ဒီလိုမဲစာရင်း မှားယွင်းတယ်ဆိုတာက နေပြည်တော်ကောင်စီနယ်မြေ အားလုံးတိုင်းမှာ ဖြစ်နေတာလားလို့ ဘီဘီစီက မေးတဲ့အခါ "ကျွန်တော်အားလုံးကြည့်ပြီးပြီ၊ အားလုံးမှားနေတယ်။ မှားတာက ဆိုးဆိုးဝါးဝါးကို မှားနေတာဗျာ"လို့ ဦးလှဆွေက ပြန်ဖြေပါတယ်။

ဦးလှဆွေဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲမှာ ပုဗ္ဗသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

ဦးလှဆွေရဲ့ မဲဆန္ဒနယ် ရွာတစ်ရွာမှာတင် မဲစာရင်းမပါတာ အယောက် ၇၀၀ ကျော်လောက် ရှိ‌နေတယ်လို့လည်း ဆိုပါတယ်။

"အဲဒီ ၇၀၀ ကျော်ကလည်း ကိုယ့်အစိမ်းတွေမို့လို့သိတာ၊ ပါတီဝန်းရံသူတွေ၊ ထောက်ခံသူတွေ၊ ပါတီဝင်တွေ ပါမလာဘူး၊ ဒါကြောင့်မို့သိတာ။ဒါတွေ ကျန်ခဲ့ပြီးတော့ မရှိတဲ့သူတွေပါနေတာ နည်းနည်းတော့ မမိုက်ဘူးပေါ့ဗျာ"လို့ ဦးလှဆွေက ဆက်ပြောပါတယ်။

မဲစာရင်းတွေဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းနဲ့ တူနေပြီး အဲဒီမဲစာရင်းမှာ ပါနေသူတွေက လက်ရှိမှာ ကွယ်လွန်သူတွေ ဖြစ်နေတာ၊ မိသားစုလိုက် နာမည်တွေ မပါတာ၊ တခြားဒေသကို ပြောင်းရွှေ့သူတွေရဲ့ နာမည်တွေ ပါဝင်နေတာ၊ ကိုယ်စားလှယ်လောင်းတချို့ရဲ့ နာမည်တွေလည်း မပါတာတွေ ရှိနေတာဖြစ်ပါတယ်။

မဲစာရင်းမှားယွင်းမှုတွေကို ဦးလှဆွေဝေဖန်ပြီးတဲ့နောက် ခေါ်ယူစစ်ဆေးခံခဲ့ရပါတယ်။

ကာယကံရှင်ကတော့ ဒီအကြောင်းကို ငြင်းဆန်ခဲ့ပေမဲ့ သူစစ်ဆေးခံရတာက နေပြည်တော်မှာလူသိရှင်ကြားဖြစ်ခဲ့ပါတယ်။

ဒီလွဲမှားနေတဲ့ အချက်တွေဟာ နေပြည်တော်မှာသာမက ရန်ကုန်တိုင်း၊ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မကွေးတိုင်း သရက်မြို့နယ်၊ အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာလည်း ရှိနေတာလို့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီတွေရဲ့ တာဝန်ရှိသူတွေကလည်း ပြောကြပါတယ်။

မြစ်ကြီးနားမြို့ကနေ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးမရမ်ဂွမ်ဂျာက "ကျွန်တော်ကိုယ်တိုင်တောင် မဲစာရင်းမှာ မပါဘူး။ ပြန်လျှောက်ရတယ်။ ကိုယ်စားလှယ် လောင်းတွေ တော်တော်များများ ဒါမျိုးဖြစ်နေတယ်ဆိုပြီး ‌ရွေးကောက်ပွဲကော်မရှင်က ပြောတယ်" လို့ ပြောပါတယ်။

ဦးမရမ်ဂွမ်ဂျာဟာ ကချင်ပြည်နယ်ပြည်သူ့ပါတီ ကပါ။

မကွေးတိုင်း သရက်မြို့နယ်မှာဆိုရင်လည်း ကျေးရွာအလိုက် မဲစာရင်း မပါတဲ့သူတွေလည်း ရှိတယ်လို့ ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးကျော်လင်းက ပြောပါတယ်။

"မဲစာရင်းမှားတာထက် တည်ငြိမ်တဲ့နေရာတွေမှာ မဲစာရင်းပျောက်တာတွေက နိုင်ငံသားတွေ မဲပေးခွင့် ဆုံးရှုံးနိုင်တဲ့ အခြေအနေတွေ ဖြစ်မှာစိုးတယ်"လို့ သူက ထပ်ပြောပြပါတယ်။

မဲစာရင်းက လူဦးရေ ဘယ်လောက်အထိ ကွာခြားနေလဲ ဆိုတာကတော့ ပါတီတွေအနေနဲ့ အသေအချာ မပြောနိုင်ကြသလို ရွေးကောက်ပွဲကော်မရှင်ကလည်း အသိပေးတာ မရှိသေးပါဘူး။

အချက်အလက်ရယူဖို့အတွက် မှန်ကန်တဲ့ အရင်းအမြစ် မရှိတာ၊ နည်းပညာ အားနည်းချက်တွေ ရှိနေတာကြောင့် အချက်အလက်မှန်တွေ ရမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲစနစ်တွေကို စောင့်ကြည့်ခဲ့သူတစ်ယောက်က ပြောပါတယ်။

ပြောင်းလဲထားတဲ့ ရွေးကောက်ပွဲ စနစ်တွေကို ပြည်သူတွေကို မဲပေးခြင်းအသိပညာပေးတဲ့ အဖွဲ့အစည်းတွေနည်းပါးသလို ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းကြရသူတွေ၊ ပြည်ပထွက်ခွာသွားကြသူတွေ လည်း လက်ရှိမှာ ရှိနေတာပါ။

ဒ့ါအပြင် အဖမ်းခံရသူတွေ၊ စစ်မှုထမ်းထဲ ပါသွားသူတွေ စတဲ့ အပြောင်းအလဲတွေကြောင့် နဂို စာရင်းအချက်အလက်တွေက တိကျမှာ မဟုတ်ဘူးလို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူက ပြောပါတယ်။

" စစ်တပ်က သူတို့မဲစာရင်းမှားတယ်ဆိုတာကို လက်ခံမှာ မဟုတ်ဘူး၊ ပိတ်ငြင်းမှာပဲ။ မဲစာရင်းမှားလို့ အာဏာသိမ်းပါတယ်ပြောခဲ့တော့ သူတို့စာရင်းမှားတာကို ၂၀၂၀ ထက်မှန်တယ်ဆိုပြီး ရပ်တည်မှာပဲ" လို့ သူက ပြောပါတယ်။

ဒါ့အပြင် မဲစာရင်း မှားယွင်းပါတယ်လို့ ထုတ်ဖော်ပြောသူတွေ၊ ဝေဖန်သူတွေကိုပါ ဖိနှိပ်တာတွေ ရှိလာနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုဖြေရှင်းမလဲ

မဲစာရင်းတွေ မှားယွင်းတာရဲ့ အဓိက အချက်ကတော့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးက ကောက်ယူထားတဲ့ စာရင်းနဲ့ လူဝင်မှုကြီးကြပ်ရေးက ကောက်ယူတဲ့စာရင်း မကိုက်ညီတာတွေကြောင့်လို့ ပါတီတာဝန်ရှိသူတွေက ပြောကြပါတယ်။

"ထွေအုပ်က ကောက်တဲ့စာရင်းကို ယူရင်မှန်တယ်ဗျ။ အခုက လဝက က စာရင်းလို့ ထွေအုပ်ကပြောတယ်ဗျာ"လို့ ကြံ့ခိုင်ရေးပါတီက ဦးလှဆွေက ပြောပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးထွန်းရီကလည်း ဒီသဘောမျိုးပြောပါတယ်။

"ဒါကတော့ လူ့ပယောဂလို့ ပြောရမလား၊ ရွေးကောက်ပွဲ ဖြစ်ရိုးဖြစ်စဉ်ပြောရမလား၊ အထိုက်အလျာက်တော့ ကြားနေရတယ်။ ဒါပေမဲ့ ထုကြီးထည်ကြီးနဲ့ အခြေခံတစ်ခုလုံးကို ပျက်သွားလောက်အောင်ဆိုတဲ့ သတင်းမျိုးတော့ မကြာပါဘူး"လို့ ပြောပါတယ်။

မဲစာရင်း ပြုစုတာတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြုစုထားတဲ့ ဇယားအတိုင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်က မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားတဲ့ အိမ်ထောင်စု စာရင်းတွေကို အခြေခံပြုစုထားတာလို့ ရွေးကောက်ပွဲ ကော်မရှင်က ဘီဘီစီကို ဖြေပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အိမ်တိုင်ရာရောက် မဲစာရင်း ကောက်ယူတာတွေ မရှိဘူးလို့ ရန်ကုန်မြို့က ဗဟန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် မြို့ခံတွေက ပြောပေမဲ့ တောင်ဒဂုံမြို့နယ်မှာနေထိုင်သူတစ်ယောက်ကတော့ ရပ်ကွက် လမ်းမှူးတွေက နာမည်စာရင်း ကောက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင်တွေ မဲစာရင်းလာကြည့်မှသာ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းတွေ ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘီဘီစီကို ပြောပါတယ်။

မဲဆန္ဒရှင်တွေ မဲစာရင်း လာကြည့်ပြီး ကိုယ့်နာမည် မပါဘူးဆိုရင် ပုံစံ (၃) နဲ့ လျှောက်ဖို့၊ ကန့်ကွက်ချင်ရင်ပုံစံ ၄ နဲ့ ကန့်ကွက်ဖို့၊ အချက်အလက် ပြင်ချင်တယ်ဆိုရင် ပုံစံ (၄-ဂ) တို့နဲ့ လျှောက်ထားလို့ရတယ်လို့ ကော်မရှင်ကတိုက်တွန်းပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲစာရင်းတွေ မှန်ကန်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဒုတိယအကြိမ် မဲစာရင်းတွေကို ထပ်စိစစ်ဖို့ နိုဝင်ဘာ ဒုတိယအပတ်မှာ ကြေညာမယ်လို့ ဘီဘီစီကို ပြောပါတယ်။

လဝက ပါ ပါလာပြီ

မဲစာရင်းမှားယွင်းမှုတွေ ဝေဖန်ခံရပြီးတဲ့နောက် မဲစာရင်းကပ်ထားမယ့်ရက်ကို နောက်ထပ် တစ်ပတ် ထပ်တိုးခဲ့ပါတယ်။

အောက်တိုဘာ ၁၀ ရက်မှာ လဝကဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်တဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးကို နေပြည်တော်မှာ ခေါ်ယူပြီး မဲစာရင်းကိစ္စကိုဆွေးနွေးခဲ့ပါတယ်။

အချို့ဒေသတွေမှာ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနဲ့ လိုအပ်ချက်တွေရှိနေတာကို လဝက ဝန်ကြီးက ဝန်ခံခဲ့ပါတယ်။

လက်ရှိထုတ်ပြန်တဲ့မဲစာရင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပြောင်းရွှေ့နေထိုင်ရာဒေသက အိမ်ထောင်စုလူဦးရေစာရင်းထဲ ပြောင်း လာတာမျိုးမရှိတဲ့အတွက် မဲစာရင်းပြုစုရာမှာ ကျန်ရှိ၊ ကွဲလွဲတာတွေဖြစ်နေတာလို့ လဝက ဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း မထုတ်ပြန်ခင် ပထမအကြိမ် မဲစာရင်းရဲ့ လိုအပ်ချက်၊ မပြည့်စုံမှုတွေအပေါ် စနစ်တကျ စိစစ်ပြင်ဆင် ဖြည့်စွက်အတည်ပြုဖို့ သူကပြောပါတယ်။

လက်ရှိ အသက် ၁၈ နှစ်နဲ့ အထက် အတည်ပြုလူဦးရေစာရင်းကို ဗဟိုကော်မတီကို သတ်မှတ်ရက်အရောက် ပြုစုပေးပို့ကြဖို့ အစည်းအဝေးက ဆုံးဖြတ်ပါတယ်။

ဗဟိုကော်မတီက အထက်အဆင့်ဆင့်ကို တင်ပြခွင့်ပြုချက်ရယူ၍ပြီး ဒုတိယအကြိမ် မဲစာရင်း ပြုစုထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက်ပေးပို့သွားမယ် လို့ အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ငြိမ်သက်နေတဲ့ မဲပေးမယ့်သူတွေ

ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲစာရင်းတွေကို လာကြည့်ဖို့ ရုပ်မြင်သံကြားတွေ၊ သတင်းစာတွေ၊ လူမှုကွန်ရက်တွေကနေ အသိပေးကြေညာနေပေမဲ့ စိတ်ဝင်တစား သွားကြည့်တဲ့သူတွေ နည်းနေပါတယ်။

မဲစာရင်းတွေကို ရွေးကောက်ပွဲကျင်းပမယ့် စစ်တပ်အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ကြေညာသင်ပုန်းတွေနဲ့ ကပ်ထားကြပါတယ်။

မန္တလေးတိုင်းထဲက ပြင်ဦးလွင်၊ ရန်ကုန်မြို့ထဲက တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း စတဲ့ မြို့ခံတချို့ကတော့ မဲစာရင်း သွားမကြည့်ကြဘူးလို့ ပြောပါတယ်။

"ရွေးကောက်ပွဲမှာလည်း မဲပေးမှာ မဟုတ်တော့ သွားလည်း မိသားစုတွေကလည်း မကြည့်ဖြစ်ဘူး။ မဲစာရင်း မှားတယ် မှန်တယ်လည်း မသိဘူး။ ပတ်ဝန်းကျင်ကလူတွေကလည်း မသွားကြဘူး"လို့ တောင်ဒဂုံမြို့ခံက ပြောပါတယ်။

ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးရုံးက မဲစာရင်းကပ်ထားတဲ့ နေရာမှာလည်း ကြည့်ရှုသူတွေ နည်းပါးတာကိုလည်း ရုံးရှေ့ ဖြတ်သွားဖြတ်လာ လုပ်ချိန်မှာ သတိထားမိတယ်လို့လည်း ပြောကြပါတယ်။

"အရင် ရွေးကောက်ပွဲတွေတုန်းက မဲစာရင်းမှာမပါရင် အသည်းအသန်တွေ ပြောကြဆိုကြ၊ စိတ်တွေဆိုးကြနဲ့၊ ဒီတစ်ခေါက်ကတော့ ဘာသံမှမကြားအောင် ငြိမ်နေတာပဲ"လို့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ ရွေးကောက်ပွဲ ပညာပေး လုပ်ခဲ့သူတစ်ယောက်က ပြောပါတယ်။

မဲစာရင်းမှားနေတာတွေကို ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ကြေညာချိန်မှာ အမှန်တွေပြန်ဖြစ်လာဖို့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ မျှော်လင့်ထားကြပေမဲ့ ဘီဘီစီ မြန်မာပိုင်းက မေးမြန်းခဲ့တဲ့ မဲဆန္ဒရှင်တွေကတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားတာ တွေ့ရပါတယ်။