ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦးနဲ့ ဗိုလ်ချုပ် ၁၀ ဦးကို အနားပေး

လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဒုတိယဗိုလ်ချုပ်ကြီး ၆ ယောက်နဲ့ ဗိုလ်ချုပ် ၁၀ ဦးဝန်းကျင်ကို ရွေးကောက်ပွဲဝင်ပြိုင်ဖို့ တပ်ကနေအနားပေးလိုက်တယ် လို့ ဘီဘီစီကစုံစမ်းသိရှိရပါတယ်။

ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို အနားပေးလိုက်တာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦးထဲမှာ အရာရှိချုပ် ၅ ဦးနဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူးတစ်ဦး ပါဝင်ပါတယ်။

သူတို့တွေ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး USDP ပါတီမှာ နာရီပေါင်းများစွာကြာတဲ့ အစည်းအဝေးတွေ လုပ်နေကြတယ် လို့ နေပြည်တော်က လာတဲ့သတင်းတွေက ဆိုပါတယ်။

ဘယ်သူတွေအနားပေးခံရလဲ

တပ်ရဲ့အရေးပါတဲ့ရာထူးတစ်ခုဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း အနားပေးခံလိုက်ရပါတယ်။

သူက စစ်တက္ကသိုလ်အပတ်စဥ် ၂၅ နဲ့ ကျောင်းဆင်းနှစ်တူတဲ့ ဗိုလ်သင်တန်းဆင်း (Officer Training School-OTS-66) ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် လည်း စစ်ရာထူးကနေ အရပ်ဝတ်ပြောင်း ရွေးကောက်ပွဲ ဝင်ရမှာပါ။

OTS-73 ဆင်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ဟာ စက်တင်ဘာ ၁၁ ရက်နေ့က ကြည်း၊ရေ၊လေ ဘောလုံးပြိုင်ပွဲကို စစ်ခေါင်းဆောင် ကိုယ်စားတက်ရောက်ခဲ့ပြီးနောက်ရက်မှာပဲ အနားပေးခံရတာပါ။

သူက စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ကို နှစ်နဲ့ချီတာဝန်ယူခဲ့သူဖြစ်ပြီး စစ်ရေးချုပ်ဖြစ်လာတာ လပိုင်းပဲ ရှိပါသေးတယ်။

တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံ လည်း အနားပေးခံရပြီး ရွေးကောက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

စစ်တက္ကသိုလ်အပတ်စဥ် ၂၉ ဆင်း ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး သက်ပုံဟာ ရန်ကုန်တိုင်းလုံခြုံရေးကိုတာဝန်ယူရတဲ့ အမှတ် ၅ ကစထမှူးအဖြစ် နှစ်ရှည်တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။

စစ်ရာထူးခန့်ချုပ်ဖြစ်သူ DSA-26 ဆင်း ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင် လည်း အနားပေးခံရတဲ့အထဲပါဝင်ပါတယ်။

တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် လည်းအနားပေးခံရပါတယ်။

သူက OTS-75 ဆင်းဖြစ်ပြီး NLD လက်ထက်က ပြည်ထဲရေးဒုဝန်ကြီးဖြစ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာသူဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် ဝါရင့်စစ်ဆင်ရေးအထူးအဖွဲ့မှူးတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် လည်း အနားပေးခံရပြီး သူက DSA-28 ဆင်း ဖြစ်ပါတယ်။

တပ်ထဲမှာ ဘယ်လိုအပြောင်းအလဲဖြစ်မလဲ

တာဝန်ထမ်းဆောင်နေဆဲ အရာရှိချုပ် ၅ ဦးနဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူးတစ်ဦး လစ်လပ်သွားတဲ့အတွက် သူတို့နေရာတွေမှာ မျိုးဆက်သစ် စစ်ဗိုလ်ချုပ်တွေ အစားထိုးဝင်ရောက်လာဖို့ရှိပါတယ်။

ဒါ့အပြင် လက်ရုံးတပ်လို့ ခေါ်ကြတဲ့ ညွှန်ကြားရေးမှူးရုံးတွေက ဗိုလ်ချုပ်အများစုအပါအဝင် ဗိုလ်ချုပ် ဆယ်ဦးဝန်းကျင်လည်း အနားပေးခံရတဲ့အတွက် သူတို့နေရာတွေမှာလည်း လူသစ်တွေအစားဝင်လာကြမှာဖြစ်ပါတယ်။

လက်ရုံးတပ်တွေထဲက စစ်အင်ဂျင်နီယာ တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦး ကတော့ စက်တင်ဘာ ၁၂ ရက်နေ့က USDP ပါတီကို သတင်းလာပို့သွားပြီ လို့သိရပါတယ်။

စက်တင်ဘာ ၁၂ ရက်အထိ USDP ပါတီကိုပေးပို့တဲ့စာရင်းမှာတော့ ဗိုလ်ချုပ်ကြီးအဆင့်တွေထဲက ပါတာ မတွေ့ရပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လမှာ တပ်ကနေ အနားပေးခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဦးအောင်လင်းဒွေး၊ ဦးမြထွန်းဦးနဲ့ ဦးတင်အောင်စန်း တို့ကတော့ ရွေးကောက်ပွဲဝင်ကြမှာဖြစ်ပါတယ်။

ဦးအောင်လင်းဒွေးက စစ်ဘက်ရာထူးကနေအနားပေးခံရပေမဲ့ စစ်ကော်မရှင်အဖွဲ့ဝင်နဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ်လို အရေးကြီးတဲ့ ရာထူးတွေမှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

ဦးတင်အောင်စန်းက သမ္မတရုံးဝန်ကြီးဖြစ်ပြီး ဦးမြထွန်းဦးကတော့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ဆက်ရှိနေပါတယ်။

ဒါကြောင့် တပ်ထဲမှာ ဗိုလ်ချုပ်ကြီး ငါးဦးကျန်နေသေးပြီး စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တို့ ဖြစ်ကြပါတယ်။

"ရွေးကောက်ပွဲပြီးတဲ့အထိ တည်ငြိမ်ဖို့လိုတဲ့အတွက် လက်ရှိလူစာရင်းနဲ့ တပ်ကိုထိန်းသွားမယ့်ပုံစံပါပဲ" လို့ နေပြည်တော်က စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမယ့် ရက်ကပ်မှ တပ်ကအမည်စာရင်းပေးပို့တာဖြစ်တဲ့အတွက် USDP ပါတီတွင်းမှာတော့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြရပါတယ်။

ရွေးကောက်ပွဲအတွက်မူလက လျာထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြောင်းရွှေ့ဖယ်ရှားတာတွေလုပ်ရမှာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။

တပ်ကလာတဲ့အမတ်လောင်းတွေကတော့ သူတို့ရဲ့မွေးရပ်မြေ ဒါမှမဟုတ် တပ်နယ်တွေမှာ ဝင်ရောက်ယှဥ်ပြိုင်ကြလေ့ရှိပြီး အဲဒီနယ်မြေတွေမှာ မူလကလျာထားတဲ့ USDP အမတ်လောင်းတွေကတော့ မဲဆန္ဒနယ်ပြောင်းပြီးပြိုင်ရမယ်လို့ ပါတီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။