ထိုင်းရဲကို ပစ်ခတ်ပြီး ထွက်ပြေးနေတဲ့ ရဲဘော်ဟောင်းကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ထိုင်းလက်အပ်
ထိုင်းရဲကို ပစ်ခတ်ပြီး ထွက်ပြေးနေတဲ့ မြန်မာနိုင်ငံသား ကိုနိုင်လင်းအောင်ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ထိုင်းရဲတပ်ဖွဲ့ရဲ့ လက်ကို သူကိုယ်တိုင် အပ်နှံလိုက်တယ်လို့ မဲဆောက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကသူ့ရဲ့ လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့တကွတင်ထားပါတယ်။
ကိုနိုင်လင်းအောင်ဟာ ကော်ဘရာစစ်ကြောင်းရဲ့ ရဲဘော်ဟောင်းတစ်ဦးဖြစ်တယ်လို့ မဲဆောက်မှာ အမျိုးသမီးနဲ့ကလေးအခွင့်အရေးဆောင်ရွက်နေသူတစ်ဦးက ပြောထားပါတယ်။
ဇန်နဝါရီ ၂၀ ရက်က မဲဆောက်၊ မဲကုတိုက်နယ်မှာ မြန်မာနိုင်ငံသား လက်နက်သယ်ဆောင်သူ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးဖို့လုပ်ချိန် ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျည်ထိမှန်ခဲ့တယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားတာပါ။
အဲဒီ နှစ်ဦးထဲက မြန်မာတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိပြီး ပစ်ခတ်မှုလုပ်ခဲ့တဲ့မြန်မာတစ်ဦးက ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ အခုတော့ ထွက်ပြေးသူကို သူ့ရဲ့ တပ်ရင်းဖြစ်ခဲ့တဲ့ ကော်ဘရာစစ်ကြောင်း ကိုယ်တိုင်က ပြန်လည်အပ်နှံပေးခဲ့တာဖြစ်ပါတယ်။
အဲဒီ မြန်မာလူငယ်ဦးဟာ စားဝတ်နေရေးအခက်အခဲနဲ့ ငွေကြေးလိမ်လည်ခံရတာတွေကြောင့် လက်နက်သယ်တဲ့အလုပ်ကို လုပ်ဖြစ်သွားတာလို့ မိသားစုဘက်က ပြောထားတာ ဖြစ်ပါတယ်။