တရုတ်ရဲ့သည်းခံနိုင်စွမ်းကို အကဲစမ်းခဲ့သူ ဘီလျံနာ သူဌေးကြီး

    • ရေးသားသူ, ဂရေ့စ် ဆွိုင်
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
    • ရေးသားပေးပို့သည့်နေရာ, ဟောင်ကောင်
    • ရေးသားသူ, ဘီဘီစီ တရုတ်ဘာသာစကားဌာန
    • ရေးသားပေးပို့သည့်နေရာ, ဟောင်ကောင်
  • ဖတ်ရန်အချိန်: မိနစ် ၂၂

၂၀၂၂ ခုနှစ် ဆောင်းမနက်ခင်တစ်ခုမှာ ရာဖဲလ် ဝမ်နဲ့ ဖီဂို ချန်တို့ နှစ်ယောက်ဟာ ရှေ့အရင် ၂ နှစ်လောက်ကတည်းက အဖမ်းခံထားရတဲ့ မီဒီယာ ဘီလျံနာ သူဌေးကြီး ဂျင်မီလိုင်ကို တွေ့ဖို့ ဟောင်ကောင်မှာရှိတဲ့ စတန်လေထောင်ကို သွားခဲ့ကြပါတယ်။

ဂျင်မီလိုင်ဟာ အဲဒီမှာ အမျိုးသားလုံခြုံရေးချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်ဖို့ စောင့်နေတာဖြစ်ပါတယ်။

သူတို့ ၃ ဦးစလုံးဟာ ဟောင်ကောင်ဒေသတစ်ခုလုံးကို ကိုင်လှုပ်ခဲ့တဲ့ ၂၀၁၉ ဆန္ဒပြမှုတွေ တလျှောက်လုံးမှာ ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။

ဆိုင်ကောင်းကောင်းမှာ ညစာအတူစားကြတာမျိုးလို ဒင်ဆမ်းစား၊ ပီဇာစား၊ ထမင်းအတူစားရင်း သတင်းတွေဖလှယ်ကြတာမျိုးလည်း လုပ်ကြပါတယ်။

ထောင်ထဲမှာတော့ လိုင်ဟာ ''ထမင်းနဲ့ ဂျင်းချဉ်ဖတ်ကို စားတာကြိုက်တယ်'' လို့ ချန်က ပြောပါတယ်။

''ဂျင်မီလိုင်လို သူဌေးကြီးတစ်ယောက် ဒီလိုစားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ''

ဒါပေမဲ့လည်း ဆန္ဒပြပွဲကို ဖြိုခွင်းလို့ မိတ်ဆွေတွေ ထောင်ကျတာ၊ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်မှာ မိတ်ဆွေကို သွားတွေ့ရတာမျိုးတွေကို လည်း သူတို့ တွေးခဲ့မိကြမှာမဟုတ်ပါဘူး။

ဒါဟာ ကောင်ကောင်မှာဖြစ်သွားတဲ့အပြောင်းအလဲဖြစ်ပါတယ်။

''ဖက်တီး လိုင်'' လို့ သူတို့ ချစ်စနိုးနဲ့ ခေါ်ခဲ့ကြတဲ့ ဂျင်မီလိုင်တစ်ယောက် ထောင်ထဲမှာ ကိုယ်အလေးချိန် အတော်လေးကျသွားပါတယ်။

လိုင်က အသက် ၇၀ ဝန်းကျင်၊ ဝမ်နဲ့ ချန်က အသက် ၄၀ နီးပါးလောက်ပိုငယ်ကြပေမဲ့ သူတို့တွေမှာ ဟောင်ကောင်အတွက် မတူညီတဲ့အိပ်မက်ရှိကြပါတယ်။ လိုင်က ဆန္ဒပြပွဲတွေမှာ ထင်ရှားတဲ့ လူပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဟောင်ကောင်မှာ လစ်ဘရယ် ဒီမိုကရေစီစနစ် ပုံပေါ်လာဖို့ မျှော်လင့်ချက်နဲ့ သူပိုင်တဲ့နာမည်ကျော်နေ့စဉ်ထုတ် သတင်းစာ Apple Daily ရဲ့ လွှမ်းမိုးနိုင်စွမ်းကို အသုံးချပါတယ်။

ဒါဟာ ဘေဂျင်းမှာရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီ အုပ်စိုးသူတွေက ဟောင်ကောင်အပေါ် ၂၀၂၀ ပြည့်နှစ်တုန်းက ကျင့်သုံးခဲ့တဲ့ အမျိုးသားလုံခြုံရေးဥပဒေအရ အန္တရာယ်များတဲ့အခြေအနေဆိုတာ ပြသခဲ့ပါတယ်။

လိုင်ကတော့ သူဟာ ဟောင်ကောင်အပေါ် တာဝန်ကျေမယ်လို့ပြောပါတယ်။ ဗြိတိန်နိုင်ငံသားဖြစ်ပေမဲ့ သူ ဟောင်ကောင်ကနေ မထွက်သွားခဲ့ပါဘူး။

''ကျွန််တော့်မှာရှိတဲ့ပိုင်ဆိုင်သမျှဟာ ဒီနေရာကြောင့်ပဲ ဖြစ်ထွန်းခဲ့တာ'' လို့ သူက ၂၀၂၀ ပြည့်နှစ်မှာ ဖမ်းဆီး မခံရခင် နာရီပိုင်းအလိုမှာပဲ BBC ကို ပြောပါတယ်။

''ဒါကြောင့် ကျွန်တော် ပြန်ပေးဆပ်ဖို့ လုပ်နေတာ'' လို့ သူက အသံတိမ်တိမ်နဲ့ ပြောပါတယ်။

သူဟာ တစ်ချိန်တုန်းက သူ ရရှိခဲ့တဲ့လွတ်လပ်မှုမျိုး ဟောင်ကောင်ကို ရရှိစေချင်ပါတယ်။ ဒါကပဲ နိုင်ငံရေးကို သူ ဇောင်းပေးရတဲ့အကြောင်းရင်းခံဖြစ်လာပြီး ကွန်မြူနစ်ပါတီကို ပေါ်ပေါ်ထင်ထင် ဝေဖန်သူဖြစ်လာသလို ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့လှုပ်ရှားမှုကို ထောက်ခံသူလည်း ဖြစ်လာပါတယ်။

ဒါတွေအတွက် သူပေးဆပ်လိုက်ရတာက သူ့ရဲ့ လွတ်လပ်မှုဖြစ်ပါတယ်။

လိုင်ဟာ တရုတ် ကွန်မြူနစ်ပါတီ (CCP) ကို ''အမုန်းတရားစွဲအောင်'' ဖန်တီးပေးတယ်၊ နောက်ပြီး အနောက်ကမ္ဘာအကြိုက်ဖြစ်အောင် ပါတီရဲ့စံနှုန်းတွေကို ပြောင်းလဲဖို့ လုပ်နေတယ်'' လို့ ဆိုပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ ကြားနာမှုမှာ ဟောင်ကောင်ရဲ့အမြင့်ဆုံး တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒါအပြင် လိုင်ဟာ အနည်းဆုံးတော့ ပါတီခေါင်းဆောင် ရှီကျင့်ဖျင် ဖယ်ရှားခံရတာမျိုးအထိ မျှော်လင့်ထားခဲ့တယ်လို့လည်း တရားရုံးက ပြောပါတယ်။

ဒါပေမဲ့ လိုင်ဟာ သူ ငြင်းဆိုထားတဲ့ စွပ်စွဲခံရတဲ့ စွဲချက်တွေ အားလုံးအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရပါတယ်။ အဲဒီထဲက အပြင်းဆုံးအမှုကတော့ ပြည်ပအင်အားစုတွေနဲ့ ပေါင်းကြံမှုဆိုတာဖြစ်ပါတယ်။ ဒီစွပ်စွဲချက်အမှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်ဟာ ထောင် တစ်သက်ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်တုန်းကတော့ မိနစ် ၃၀ တောင်မပြည့်တဲ့ တရားရုံးကြားနာမှုအပြီးမှာ လိုင် တစ်ယောက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီထောင်ဒဏ်ဟာ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အောက်ကနေ ချမှတ်တဲ့ နှစ်အတိုင်းအဆနဲ့ လိုင်ရဲ့အသက်အရွယ်ကို ထောက်ဆရင် အပြင်းထန်ဆုံးထောင်ဒဏ်လို့ ပြောကြပါတယ်။

''ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး'' လို့ လိုင်က ပြည်ပအင်အားစုတွေနဲ့ပေါင်းတယ်ဆိုတဲ့စွပ်စွဲချက်ကို ရုံးတော်မှာ အစစ်ခံရင်း ထွက်ဆိုပါတယ်။ ဟောင်ကောင်ရဲ့စံတန်ဖိုးတွေလို့ သူမှတ်ယူတဲ့ ''တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်မှု၊ ဒီမိုကရေစီအရေး၊ လွတ်လပ်စွာပြောဆိုမှု၊ ဘာသာရေးလွတ်လပ်မှုနဲ့ လွတ်လပ်စွာစုဝေးခွင့်တွေအတွက်'' သူ ထောက်ခံအားပေးခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်ကို ဟောင်ကောင်အကြီးအကဲ ဂျီလီက ကြိုဆိုပါတယ်။ သူကတော့ လိုင်ဟာ သူ့ ပိုင်တဲ့သတင်းစာကို အသုံးပြုပြီး ''လူမှုပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ခဲ့ပြီး အကြမ်းဖက်မှုကို မှန်ကန်တယ်ဆိုပြီး မြင်အောင် လုပ်ခဲ့တယ်'' လို့ ပြောပါတယ်။

ဥပဒေအရ ''လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှု အယောင်ဆောင်မှုအောက်ကနေ'' နိုင်ငံကို ဘယ်သူမှ ထိခိုက်အောင်လုပ်ခွင့်မပြုထားဘူးလို့လည်း သူက ပြောပါတယ်။

ဝမ်နဲ့ ချန်တို့ အကျဉ်းထောင်ကနေ ၂၀၂၂ ခုနှစ်မှာ လွတ်တဲ့အခါ လိုင်က သူ့အတွက် ဆုတောင်းပေးဖို့ ပြောခဲ့ပါတယ်။ လိုင်ရဲ့ ဒီအပြောကို ဝမ်တစ်ယောက် အံ့သြသင့်ခဲ့ပါတယ်။

အကျဉ်းထောင်မှာ သီးခြားထားခံရတာကြောင့် လိုင်ရဲ့ ကက်သလစ်ဘာသာကို သက်၀င်ယုံကြည်မှုဟာ ပိုနက်ရှိုင်းလာပါတယ်။ ဒီလိုထားဖို့ အာဏာပိုင်တွေကို သူက တောင်းဆိုခဲ့တာပါ။ တစ်နေ့ကို ၆ နာရီကြာ သူ ဆုတောင်းပါတယ်။ ယေရှု ပုံတွေ ရေးဆွဲပြီး စာတိုက်ကနေတဆင့် မိတ်ဆွေတွေဆီ ပို့ပါတယ်။

''သူ ခံစားနေရတာတောင်မှ စောဒက တက်တာမရှိ၊ အကြောက်အရွံ့မရှိခဲ့ဘူး။ သူ့ ငြိမ်းချမ်းနေပြီ'' လို့ ဝမ်က ပြောပါတယ်။

ဒါပေမဲ့ လိုင်ရဲ့ဘဝမှာ အေးအေးချမ်းချမ်း မရှိခဲ့ဘဲ တစ်လျှောက်လုံးမှာ ခယောင်းလမ်းကို ဖြတ်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဘဝသစ်အတွက် အသက် ၁၂ နှစ်မှာ တရုတ်ကနေ သူ ထွက်ပြေးပါတယ်။ ဟောင်ကောင်မှာ နာမည်ကျော် သူဌေးကြီး မဖြစ်ခင်အထိ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဘေဂျင်းကို ကိုင်လှုပ်တဲ့ မီဒီယာအင်ပါယာကြီးတစ်ခုကို ပိုင်တာတောင် ဘဝ မအေးချမ်းခဲ့ပါဘူး။

လိုင်ကတော့ တရုတ်မှာ မရနိုင်တဲ့အခွင့်အလမ်းနဲ့ ရပိုင်ခွင့် အရာရာကို ဟောင်ကောင်မှာ ရနိုင်တယ်လို့ မှတ်ယူထားသူပါ။ အဲဒီထဲမှာ ကြွယ်ဝမှု၊ အခွင့်အလမ်းကောင်းတွေရှိမှု၊ လွတ်လပ်မှုတွေလည်း ပါဝင်တယ်လို့ သူ မှတ်ယူပါတယ်။ သူ ၁၉၅၉ ခုနှစ်မှာ ဟောင်ကောင်ကိုရောက်တော့ ဟောင်ကောင်ဟာ ဗြိတိသျှရဲ့ ကိုလိုနီအဖြစ်ပဲ ရှိနေပါသေးတယ်။

အဲဒီနောက် ၁၉၉၅ ခုနှစ်မှာ အက်ပဲလ် နေ့စဉ် သတင်းစာကို သူ ဖြန့်ချိတဲ့အခါ ဒီသတင်းစာဟာ အရောင်းရဆုံး ထိပ်တန်းသတင်းစာ တစ်စောင် ဖြစ်လာပါတယ်။ အမေရိကန်ထုတ် USA Today သတင်းစာလို ထုတ်ခဲ့တာကြောင့် သတင်းစာအပြင်အဆင်ဟာ တမူထူးသလို စျေးအရလည်း အများနဲ့ယှဉ်နိုင်ခဲ့ပါတယ်။

''လိင်လုပ်သားတွေကို အလုပ်ခေါ် ကြော်ငြာလမ်းညွှန်ကစလို့ စီးပွားရေးသမားတွေနဲ့ စာပေသမားတွေရဲ့ လက်ရာအဆုံး စာမျိုးစုံကို ဖတ်နိုင်တာကြောင့် စာဖတ်သူ အစားစားအတွက်လည်း အကြိုက်တွေ့စေခဲ့တယ်'' လို့ ဟောင်ကောင် တရုတ်တက္ကသိုလ်က သတင်းစာပညာ ပါမောက္ခ ဖရန့်စစ် လီက ပြောပါတယ်။

''ကိုယ်လုပ်ရဲတယ်ဆိုရင် သူက လုပ်ခွင့်ပေးလိုက်တာပဲ'' လို့ဆိုပြီး လိုင်တစ်ယောက် အလုပ်လုပ်ချင်သူကို အားပေးတတ်တဲ့အကြောင်း သတင်းစာမှာ အယ်ဒီတာလုပ်ခဲ့သူတွေနဲ့ ဝန်ထမ်းဟောင်းတွေက ပြောပါတယ်။

ဝန်ထမ်းဟောင်းတွေကတော့ လိုင်ဟာ လမ်းရိုးဟောင်းကနေ ခွဲထွက်တဲ့အမြင်ရှိသူဖြစ်ပြီး ရောင်းမှားဝယ်မှား အလုပ်မှားမှာကို မကြောက်တတ်သူလို့ ပြောကြပါတယ်။

''အိုင်ဖုန်းတွေ စပြီးတော့ မထုတ်ခင်ကတည်းက အနာဂတ်မှာ မိုဘိုင်းဖုန်းတွေ တွင်ကျယ်လာမှာ'' လို့ သူက ပြောခဲ့ပြီးသားဆိုပြီး သတင်းစာ အယ်ဒီတာဟောင်းတစ်ယောက်က ပြန်ပြောင်းပြောပြပါတယ်။ လိုင်မှာ စိတ်ကူးစိတ်သန်းတွေကလည်း အပြည့်လို့ သူက ပြောပါတယ်။

အထည်ချုပ်လိုင်းဘက်ကို သူ ဝင်တဲ့အခါမှာလည်း အလားတူပါ။ ''စျေးကွက် ကမောက်ကမဖြစ်သွားတာ၊ အပြိုင်အဆိုင်များလာမှာကို သူမကြောက်ဘူး'' လို့ လိုင်ရဲ့ပြိုင်ဘက် အထည်တံဆိပ်ကုမ္ပဏီမှာ စျေးကွက်ဆိုင်ရာညွှန်ကြားရေးမှူးတာဝန်ယူခဲ့ဖူးတဲ့ ဟူးဘာ့ ချောင်က ပြောပါတယ်။

ဒါကပဲ အပြောင်းအလဲ အဆုတ်အတက်တွေ ဖြစ်ခဲ့တာလို့ ချောင်က ထင်ပါတယ်။ ''အဲဒီလိုမှ မဟုတ်ရင် အက်ပဲလ်နေ့စဉ် သတင်းစာလည်း ရှိလာမှာမဟုတ်ဘူး။ သူလည်း ဒီလိုနဲ့ ဘဝအဆုံးသတ်မှာမဟုတ်ဘူး''

အက်ပဲလ် နေ့စဉ် သတင်းစာကို အစောဆုံး ရုပ်သံကြော်ငြာရိုက်တဲ့အခါ အဲဒီတုန်းက အသက် ၄၈ နှစ်အရွယ် လိုင်တစ်ယောက် သူ့ကို မြားတွေ ချိန်ရွယ်ထားတဲ့ကြားကနေ ပန်းသီးကို ကိုက်နေတဲ့ပုံစံနဲ့ ဝင် သရုပ်ဆောင်ပါတယ်။

ဒါဟာ သူကိုယ်တိုင် ရေးတဲ့ သူ့ဘဝ ကံတရားနိမိတ်လို့တောင် ဆိုနိုင်ပါတယ်။

တရုတ်ကနေ ထွက်ပြေး

ကလေးဘဝ လိုင်ကို ဟောင်ကောင်က လက်ယက်ခေါ်ခဲ့တာကတော့ ချောကလက်ကို ပထမဆုံးစားဖူးတဲ့အတွေ့အကြုံကြောင့်ပါ။

ကလေးဘဝ တရုတ်က ဘူတာရုံတစ်ခုမှာ ခရီးသည်တစ်ယောက်ရဲ့ ခရီးဆောင်အိတ်ကို သူ သယ်ပေးတော့ ခရီးသည်က သူ့ကို မုန့်ဖိုးနဲ့ ချောက်ကလက် တစ်တောင့် ပေးပါတယ်။ သူ တစ်ကိုက် ကိုက်ကြည့်ခဲ့ပါတယ်။ ''ဒါနဲ့ ကျွန်တော် သူ့ကို မေးလိုက်တယ်။ ဘယ်က လာတာလဲပေါ့။ သူက ဟောင်ကောင်က လာတာလို့ ပြန်ဖြေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ပြန်ပြောလိုက်တာရှိတယ်။ တစ်ခါမှ ဒီလောက်အရသာရှိတာ မစားဖူးတော့ ဟောင်ကောင်ဟာ ပဒေသာပင်အရပ်ဖြစ်မှာပဲလို့ဆိုပြီးတော့လေ'' လို့ လိုင်က ၂၀၀၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်း The Call of the Entrepreneur ထဲမှာ ပြန်ပြောင်းပြောပြပါတယ်။

တရုတ်မှာ အဲဒီခေတ်အခါက မော်စီတုန်း ခေါင်းဆောင်နေတဲ့အချိန်ဖြစ်ပြီး တရုတ်ကို နေ့ချင်းညချင်း စက်မှုထွန်းကားအောင် လုပ်တာ၊ ဓနရှင်မရှိအောင် လူတန်းစား ညှိတာမျိုးလို အဖိနှိပ်ခံ လှိုင်း တစ်လှိုင်းချင်း ဘဝတွေကို ရိုက်ခတ်နေချိန် ဖြစ်ပါတယ်။ ဒီလှိုင်းဟာ မိသားစု စီးပွားရေးလုပ်ငန်းရှိတဲ့ လိုင်မိသားစုကိုလည်း ရိုက်ခတ်ပါတယ်။ သူတို့ နာမည်ပျက်စာရင်းအသွင်းခံရပါတယ်။ သူ့အဖေ တစ်ယောက် သူတို့ကို ထားခဲ့ပြီး ဟောင်ကောင်ကို ထွက်ပြေးရပါတယ်။ အမေဖြစ်သူကတော့ အလုပ်စခန်းကို ရောက်ပါတယ်။

လူအုပ်ကြီးက သူတို့အမေကို ဒူးထောက်ခိုင်းပြီး လူအုပ်ကြားထဲ အရှက်ခွဲတဲ့ပုံစံနဲ့ တွန်းထိုး အမနာပ ပြောဆိုနေတာကို မျက်နှာ မလွှဲနိုင်ဘဲ ကြည့်ရအောင် အတင်းအကြပ်လုပ်ခဲ့တာကို သူတို့မောင်နှမတစ်တွေ ကြုံခဲ့ရတယ်ဆိုပြီး ဒီဖြစ်ရပ်တွေဖြစ်အပြီး ဆယ်စုနှစ်အနည်းငယ်အကြာမှာ လိုင်တစ်ယောက် စာရေးပါတယ်။ ဒီအတွေ့အကြုံကို လိုင်တစ်ယောက် ပထမဆုံး စာရေးတာဖြစ်ပြီး ''မျက်ရည်တွေ တွင်တွင်စီးကျလို့ ဝတ်ထားတဲ့အင်္ကျီတောင် စိုရွှဲကုန်တယ်။ နည်းနည်းမှ မလှုပ်ရဲဘူး။ အရှက်ခွဲခံရလို့ လူက အငွေ့ပျံပြီး ပျောက်ကွယ်သွားချင်စိတ်တောင် ဖြစ်ခဲ့တယ်'' ပြောပါတယ်။

ဒီလိုအနိုင်ကျင့်ခံရပေမဲ့ အဖွားဖြစ်သူက ကိုယ်သာလျင် ကိုယ့်ဘဝ ပဲ့ကိုင်ရှင်ဆိုတာမျိုး အားပေးပါတယ်။ ''မြေပဲစေ့ ရောင်းတယ်ဆိုရင်ကတောင် ဒါ စီးပွားရေးလုပ်တာဖြစ်လို့ ကိုယ်ဟာ စီးပွားရေးလုပ်ငန်းရှင်ပဲ'' ဆိုတဲ့အတွေးမျိုး ရိုက်သွင်းပါတယ်။

ဒီလိုနဲ့ မော်စီတုန်းရဲ့ အုပ်ချုပ်မှုကြောင့် ပြည်မကြီးကို စွန့်ခွာကြတဲ့ လူသန်းပေါင်းများစွာလို လိုင်တစ်ယောက် အသက် ၁၂ နှစ်အရွယ်မှာ ဟောင်ကောင်ကို လာဖို့ စိုင်းပြင်းပါတယ်။

ပင်လယ်လှိုင်းဒဏ်မခံနိုင်တဲ့ တခြားခရီးသွား အယောက် ၈၀ လောက်နဲ့အတူ ငါးဖမ်းလှေ တစ်စင်းရဲ့ဝမ်းထဲမှာ လိုက်ပါလာရင်း သူ ဟောင်ကောင်ကို ရောက်ပါတယ်။ လက်အိတ်စက်ရုံမှာ အလုပ်ရပါတယ်။ အလုပ်လုပ်ချိန် နာရီနဲ့ချီအောင် ကြာမြင့်ပေမဲ့ ''ဘဝ အနာဂတ် တိုးတက်ဖို့ရာ အများကြီး ရှိတယ်ဆိုတဲ့ စိတ်နဲ့ အလုပ်လုပ်ရတာ ပျော်ရွှင်ခဲ့တယ်'' လို့ သူက ပြောပါတယ်။ အဲဒီမှာပဲ သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို အင်္ဂလိပ်စာ သင်ပေးပါတယ်။ နောင် နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ အင်တာဗျူးကို အင်္ဂလိပ်လို ပေးနိုင်ပြီး တရားရုံးမှာ ထွက်ဆိုတာတောင် အင်္ဂလိပ်လို ထွက်ဆိုခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရောက်တဲ့အခါမှာ စတော့ စျေးကွက်ကနေ ရရှိတဲ့ငွေကြေးနဲ့ အထည်အလိပ် စက်ရုံပိုင်ပါပြီ။ အဲဒီနောက် Comitex Knitters ဆိုတဲ့ ကိုယ်ပိုင်စက်ရုံကို ပိုင်ပါတယ်။ ဒီလုပ်ငန်းကိုပိုင်တော့ သူ့အသက် ၂၇ ရှိပါပြီ။

လိုင်ဟာ နယူးယောက်မြို့ကို အလုပ်သဘောခရီးမကြာခဏ သွားပါတယ်။ အဲဒီကိုသွားတဲ့သူ့ခရီးစဉ်တစ်ခုမှာ ကမ္ဘာအပေါ် သူ မြင်တဲ့အမြင်ကို ပုံသတ်ပေးတဲ့ စာရုပ်တစ်အုပ်ကို သူ ငှားဖတ်ပါတယ်။ အဲဒီစာအုပ်က စျေးကွက် လွတ်လပ်မှုအကြောင်းချန်ပီယံဖြစ်တဲ့ နိုဘယ်လ်ဆုရှင် ဖက်ဒရစ် ဟာယက်ခ် ရေးတဲ့ The Road to Serfdom ဖြစ်ပါတယ်။

''လူတွေရဲ့ ရုတ်ချည်းတုံ့ပြန်မှု'' နဲ့ ''သတင်းအချက်အလက်ဖလှယ်မှု'' ဆိုတဲ့အချက် ၂ ချက်က သူ့အတွက် ဒီစာအုပ်ကနေ ယူလိုက်တဲ့အမြင် ၂ ခုပါ။ ဒါဟာ ဟောင်ကောင်အတွက် အင်အားလို့လည်း သူက မြင်ပါတယ်။

ဒီစာအုပ်ဟာ သူ့အတွက် စာဖတ်တဲ့အလေ့ဖြစ်အောင်လည်း ပေါ်စေပါတယ်။ အဲဒီစာအုပ်ကို သူ အကြိမ်ကြိမ်ဖတ်ပါတယ်။ ပြီးတော့ သူ လေးစားအားကျရတဲ့စာရေးသူတွေရဲ့ စာအုပ်တွေကိုလည်း ဖတ်ပါတယ်။

''စာရေးသူရဲ့ အတွေးအမြင်တွေကို ကျွန်တော့်အိမ်နောက်ဘက်က ပန်းခြံလို ကျွန်တော် မှတ်ယူပါတယ်။ ပန်းခြံကို ဝယ်ပြီး ပန်းတွေကိုတော့ မခူးတဲ့ပုံစံမျိုးပေါ့'' လို့ သူက ၂၀၀၉ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

ကုန်ထုတ်လုပ်ရေးလောကမှာ ဆယ်စုနှစ်တစ်ခုလောက် ကျင်လည်ခဲ့ပြီးတဲ့နောက်မှာ Giordano အဝတ်အထည်လုပ်ငန်းကို သူ ၁၉၈၁ ခုနှစ်မှာ ထူထောင်ပါတယ်။ ဒါကြောင့်ပဲ ဒီလိုဖက်ရှင်လောကမှာ ရှေ့က ဦးဆောင်သူဖြစ်ခဲ့ပါတယ်။ ဂျပန်စီးပွားရေးလုပ်ငန်းရှင် တာဒါရှီယာနိုင်ဟာ သူ့ရဲ့ အထည်လုပ်ငန်း Uniqlo ကို လုပ်ငန်းစဖို့ လုပ်တဲ့အခါမှာ လိုင်ဆီကနေ အကြံယူခဲ့ပါတယ်။

လိုင်ဟာ သူ့ရဲ့အထည်ဆိုင်တွေကို တရုတ်မှာ စပြီးဖွင့်ပါတယ်။ အဲဒီအချိန်ဟာ မော်စီတုန်း သေဆုံးပြီးဖြစ်လို့ တရုတ်က စီးပွားရေးဖွင့်တဲ့ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ တရုတ်ဟာ အနောက်ကမ္ဘာလို ပြောင်းလဲတော့မယ်ဆိုပြီး ခန့်မှန်းမိတာကြောင့် သူ စိတ်လှုပ်ရှားခဲ့ရတဲ့အကြောင်း ၂၀၀၇ ခုနှစ်တုန်းက ရုပ်သံမှတ်တမ်းတစ်ခုမှာ လိုင်ပြောခဲ့ဖူးပါတယ်။

၁၉၈၉ ခုနှစ်မှာ ဘေဂျင်းဟာ တီရန်နန်မန်ရင်ပြင်မှာ ဆန္ဒပြတဲ့ ဒီမိုကရေစီလိုလားသူတွေကို ဖြိုခွင်းပါတယ်။ ဒါဟာ လိုင်ရော၊ ဟောင်ကောင်အတွက်ပါ နိုးကြားဖို့ အကြောင်းဖန်ပါတယ်။ ဗြိတိန်က ဟောင်ကောင်ကို တရုတ်လက်ထဲ ၁၉၉၇ ခုနှစ်မှာ ပြန်အပ်ခဲ့တာနဲ့လည်း မကြာမတင်ဖြစ်နေခဲ့တာကြောင့်ပါ။

Giordano ဟာ တရုတ်ဆန့်ကျင်ရေး ကြွေးကြော်စာတွေနဲ့ တီရန်နန်မန်ရင်ပြင်က ဆန္ဒပြခေါင်းဆောင်တွေ ပုံပါတဲ့ တီရှပ်တွေကို ရိုက်ထုတ် ရောင်းချပါတယ်။ ပြီးတော့ ဟောင်ကောင်တလွှား စတိုးဆိုင်တွေမှာလည်း ဒီမိုကရေစီလိုလားတဲ့ နဖူးစည်းစာတန်းတွေကို ချိတ်ခဲ့ပါတယ်။

ဘေကျင်းက ဆန္ဒပြကျောင်းသားတွေနဲ့ တစ်သားတည်းရှိကြောင်းပြသဖို့ ဟောင်ကောင်မှာလည်း လူတစ်သန်းလောက်ချီတက်ခဲ့ကြပါတယ်။ ၂၀၂၀ မတိုင်ခင်အထိ ဟောင်ကောင်ဟာ ရင်ပြင် ဖြိုခွင်းမှုမှာ သေဆုံးခဲ့တဲ့သူတွေအတွက် ဝမ်းနည်းအောက်မေ့ဖွယ် ဆုတောင်းမှုတွေကို နှစ်စဉ်ပြုလုပ်ခဲ့ပါတယ်။

လိုင်ကတော့ အဲဒီမတိုင်ခင်အထိ တရုတ်နဲ့ပတ်သက်ပြီး သူ့မှာ ခံစားချက်မရှိခဲ့ဘူးလို့ ပြောပါတယ်။ သူ့ဘဝရဲ့အဲဒီအပိုင်းအခြားကို သူမေ့ပျောက်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ''ရုတ်တရက်ဆိုသလို ကျွန်တော့်မိခင်က ညအမှောင်ထုထဲကနေ ကျွန်တော့်ကို ခေါ်နေတာမျိုး ခံစားမိခဲ့တယ်''

'ရွေးချယ်နိုင်ခွင့်က လွတ်လပ်မှု'

နောက်တစ်နှစ်မှာပဲ လိုင်ဟာ Next လို့ခေါ်တဲ့ မဂ္ဂဇင်း တစ်စောင်ကို စတင်မိတ်ဆက်ပါတယ်။ တီရန်နန်မန်ရင်ပြင်မှာ ကျောင်းသားတွေ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ အခရာကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ လီပန် ဆီ အိတ်ဖွင့်ပေးစာ တစ်စောင်ကို အဲဒီ မဂ္ဂဇင်းထဲ ဖော်ပြပါတယ်။ ''ဘေဂျင်းက သားသတ်သမား'' (the Butcher of Beijing) ဆိုတဲ့နာမည်နဲ့ဖြစ်ပြီး ''အသိလုံးဝမရှိတဲ့ လိပ်မျိုး'' ဆိုပြီး သူ သုံးနှုန်းပါတယ်။​

ဘေဂျင်းဘက်က အတော်လေး ဒေါသဖြစ်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ၁၉၉၆ ခုနှစ်ကြားမှာ ဘေဂျင်းမှာ Giordano စတိုးဆိုင်တစ်ဆိုင်နဲ့ ရှန်ဟိုင်းက စတိုးဆိုင် ၁၁ ဆိုင် အပိတ်ခံရပါတယ်။ လိုင်ဟာ သူ့ရှယ်ယာတွေကို ရောင်းထုတ်ပြီး ဥက္ကဋ္ဌရာထူးကနေလည်း ဆင်းခဲ့ပါတယ်​။

''ငွေချည်းပဲ ဆက်ရှာနေမယ်ဆိုရင် ကျွန်တော့်အတွက် အဓိပ္ပါယ် မရှိတော့ဘူး။ မီဒီယာလုပ်ငန်းထဲ ဝင်လိုက်မယ်ဆိုရင် ကျွန်တော် သတင်းအချက်အလက် မျှဝေပေးနိုင်မယ်။ ဒါဟာ ရွေးချယ်မှုပါပဲ။ ရွေးချယ်နိုင်တယ်ဆိုတာကလည်း လွတ်လပ်မှုပဲ'' လို့ လိုင်က ၂၀၀၇ ခုနှစ်က ရုပ်သံမှတ်တမ်း တစ်ခုမှာ ပြောပါတယ်။

အဲဒီနောက် များမကြာခင်မှာပဲ သူဟာ ဟောင်ကောင်က ဒီမိုကရေစီလိုလားတောင်းဆိုတဲ့လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်သူ ဖြစ်လာပါတယ်။ လှုပ်ရှားမှု ခေါင်းဆောင်တွေနဲ့ဆုံပြီး ဗျူဟာကိစ္စ ဆွေးနွေးတယ်လို့ ဟောင်ကောင် ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ်ဟောင်း လီ ဝင်းက ပြောပါတယ်။​

လိုင်ဟာ တရုတ်ကွန်မြူနစ်ပါတီ (CCP) ကို ပွင့်ပွင့်လင်းလင်း ဝေဖန်သူဖြစ်လာပါတယ်။​၁၉၉၄ ခုနှစ်တုန်းက ''ကျွန်တော် ကွန်မြူနစ်ပါတီကို လုံးဝ ဆန့်ကျင်တယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်တွေကို အကန့်အသတ်ဖြစ်စေတဲ့အရာအားလုံးကို ကျွန်တော် မုန်းတယ်လေ'' လို့ သူ ရေးသားဖူးပါတယ်။ ပြီးတော့ သူဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်က ဟောင်ကောင်ကို တရုတ်လက်ထဲ ပြန်လွှဲလိုက်ပြီးတဲ့နောက်မှာ ဖြစ်လာနိုင်သမျှကို သူ စိုးရိမ်ကြောင်း ထုတ်ပြောပါတယ်။​

''ကိုလိုနီဖြစ်တာ ရာစုနှစ် တဝက်ကျော်လောက်ဖြစ်ပြီဆိုတော့ ဟောင်ကောင်သားတွေဟာ အမိမြေလက်အောက် ပြန်ရောက်တာကို ဂုဏ်ယူကြတာပေါ့ဗျာ။ ဒါပေမဲ့ လွတ်လပ်မှု မရှိတာတောင် အမိမြေဆိုတော့ ချစ်ရမှာပဲ မဟုတ်လား'' လို့ သူရေးပါတယ်။

ဟောင်ကောင်ကို အလွှဲအပြောင်းလုပ်တုန်းက အဲဒီတုန်းက ခေါင်းဆောင် ကျန်းဇီမင်းက ဟောင်ကောင်သားတွေပဲ ဟောင်ကောင်ကို အုပ်ချုပ်ရမယ်လို့ ပြောပြီး ဟောင်ကောင်ဟာ လာမယ့် နှစ်ပေါင်း ၅၀ ကြာအောင် အမြင့်ဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့် ရလိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။​

ဟောင်ကောင်မှာ လွတ်လွတ်လပ်လပ်ရွေးကောက်ပွဲ ကျင်းပဖို့ ဘေဂျင်းရဲ့ ငြင်းဆန်မှုကနေ ထွက်လာတဲ့ ၂၀၁၄ ထီးလှုပ်ရှားမှုဟာ လိုင်အတွက် နောက်ထပ် အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ဟောင်ကောင်က စီးပွားရေးအခရာကျတဲ့နေရာတွေကနေ သပိတ်ထိုင်ခဲ့ကြတာ ၇၉ ရက်တိတိကြာခဲ့ပါတယ်။ လိုင် တစ်ယောက် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အဲဒီကို နေ့တိုင်းသွားပါတယ်။​ ''ရဲက မျက်ရည်ယိုဗုံးနဲ့ လူစု စခွဲတော့ ကျွန်တော် ဖက်တီးနဲ့အတူ ရှိနေခဲ့တာ'' လို့ အမတ်ဟောင်း လီက ပြန်ပြောင်း ပြောပါတယ်။​ ဖက်တီးဆိုတာ ရင်းနှီးချစ်ခင်သူတွေကို လိုင်ကို ခေါ်ကြတဲ့နာမည်ဖြစ်ပါတယ်။

ဆန္ဒပြနေရာတွေကို ရှင်းလင်းဖို့ တရားရုံးက အမိန့်ချလိုက်လို့ အဲဒီလှုပ်ရှားမှု အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဘက်မှာ ဘာမှ အပြောင်းအလဲ မဖြစ်ခဲ့ပါဘူး။ နောက်ထပ် ၅ နှစ်ကြာ ၂၀၁၉ ခုနှစ်မှာတော့ ဟောင်ကောင်ဟာ နောက်တစ်ကြိမ် ထ ပေါက်ကွဲပါတယ်။ ဒီတစ်ကြိမ်ဖြစ်တာက ပြစ်မှုကျူးလွန်တယ်လို့ဆိုတဲ့သူတွေကို ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးကို လွှဲပြောင်းခွင့်ပေးတဲ့အငြင်းပွားစရာ ဒီအစဥ်ကြောင့် ထွက်ပေါ်တာပါ။

ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြပွဲတွေကနေ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်လို့ ဟောင်ကောင်မြို့ကြီးတစ်ခုလုံးဟာ ရှေ့တန်းမျက်နှာပြင်တစ်ခုလို လနဲ့ချီကြာအောင် ဖြစ်ခဲ့ပါတယ်။ မျက်နှာဖုံးစွပ် ဆန္ဒပြသူတွေက အုတ်ခဲတွေ၊ မိုလိုတော့ဗ်တွေနဲ့ ပစ်ခတ်ပြီး လွှတ်တော်ထဲကို ဝင်စီးတာ၊ နောက် ဟိုဟိုဒီဒီမှာ မီးရှို့မှုဖြစ်တာ၊ ရဲက မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်တွေ၊ ရေပိုက်တွေအပြင် ကျည်အစစ်သုံးပြီး လူစုခွဲတာတွေဖြစ်ခဲ့ပါတယ်။​

လိုင်ဟာ ဆန္ဒပြပွဲမှာ ရှေ့တန်းကနေ ရှိခဲ့ပါတယ်။ အဲဒီအတွက်လည်း ခွင့်ပြုချက်မရတဲ့လူစုလူဝေးမှာ ပါဝင်မှုနဲ့ ထောင်ဒဏ် လ ၂၀ ချမှတ်ခံရပါတယ်။

အက်ပဲလ် နေ့စဥ်သတင်းစာဟာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အသံတစ်ခုဖြစ်ခဲ့တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။​

ဒါပေမဲ့ ဒီသတင်းစာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေတယ်လို့ဆိုတဲ့အပိုင်းနဲ့ လိုင် တစ်ယောက် သတင်းစာအပေါ် ဘယ်လောက် ထိန်းချုပ်ခဲ့လဲဆိုတဲ့အပေါ် အမျိုးသားလုံခြုံရေး ဥပဒေအောက် တရားခွင်ကြားနာမှု ၁၅၆ ရက် ကြာမြင့်ခဲ့ပါတယ်။

လိုင်ဟာ ဆန္ဒပြသူတွေ လမ်းပေါ်တက်အောင် လုပ်ဖို့ အယ်ဒီတာအဖွဲ့ကို တိုက်တွန်းခဲ့တယ်လို့ သတင်းစာရဲ့ မိခင်ကုမ္ပဏီ Next Digital ရဲ့ အမှုဆောင်ချုပ်ဟောင်း ချွန်းကင်ဟန်က ပြောပါတယ်။ အမျိုးသားလုံခြုံရေးဥပဒေ စတင်အသက်ဝင်တဲ့အခါမှာ သတင်းစာတိုက်ဟာ ၂ ကြိမ် တိတိ စီးနင်းရှာဖွေခံရပါတယ်။​အဲဒီနောက် ၂၀၂၁ ခုနှစ်မှာတော့ သတင်းစာတိုက် ပိတ်လိုက်ရပါတယ်။

ဆန္ဒပြပွဲအရှိန်အမြင့်ဆုံးကို ရောက်နေချိန်တုန်းက လိုင်ဟာ အမေရိကန်ကို သွားခဲ့ပြီး အဲဒီတုန်းက အမေရိကန်ဒုတိယသမ္မတ မိုက်ခ် ပန့်စ်နဲ့ တွေ့ဆုံကာ ဟောင်ကောင်က အခြေအနေကို ဆွေးနွေးခဲ့ပါတယ်။ အမျိုးသားလုံခြုံရေး ဥပဒေ စတင် အသက်မဝင်ခင် ၁ လခန့်အလိုမှာ ဟောင်ကောင်သားတွေအနေနဲ့ ဟောင်ကောင်ကို ကယ်ဆယ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဆီ စာရေးသားပေးဖို့ကြဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို သတင်းစာမှာ စလုပ်ခဲ့ပါတယ်။​ လိုင်ရဲ့ ဒီအစီအစဥ်ကို အတွင်းပိုင်းမှာ ကန့်ကွက်ခဲ့ကြပေမဲ့ ဆက်လုပ်ခဲ့တာဖြစ်ပါတယ်။​

ဒါတွေအားလုံးဟာ ဟောင်ကောင်ရဲ့ပြည်တွင်းရေးကို ပြည်ပအစိုးရက ဝင်ပါအောင် လူထုကို တိုက်တွန်းမှုဖြစ်စေခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။​

''ဟောင်ကောင်အနေနဲ့ ဘေဂျင်းရဲ့ လက်ခံမှု မပါဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်လို့မရဘူးဆိုတာကို လူတိုင်းသဘောပေါက်ကြတာပဲလေ'' လို့ တုန်က ပြောပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၉ မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ''အများအတွေးတိုင်း မတွေးနိုင်တဲ့လုပ်ရပ်'' လို့ သူက ပြောပါတယ်။

ဘေဂျင်းဘက်ကတော့ အခုကာလ ဟောင်ကောင်ဟာ ထိန်းမနိုင်သိမ်းမရ အခြေအနေကနေ မျိုးသားလုံခြုံရေးဥပဒေကြောင့် ကြွယ်ဝမှု ရှိလာပြီဖြစ်လို မျိုးချစ်စိတ်ရှိတဲ့လွှတ်တော်လည်း ပေါ်လာပြီလို့ ပြောပါတယ်။​ ဒါပေမဲ့ အဲဒီအချိန်ကတည်းက ဟောင်ကောင်ကနေ စွန့်ခွာခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေနဲ့ အကဲခတ်တွေကတော့ အမြင်မတူတာတွေ ဖိနှိပ်ခံရပြီး ဟောင်ကောင်ရဲ့လွတ်လပ်မှုတွေလည်း အပြင်းအထန် ထိန်းကွပ်ခံလိုက်ရပြီလို့ ပြောပါတယ်။​

အဲဒီထဲမှာ အမတ်ဖြစ်တဲ့ လီလည်း ပါဝင်ပါတယ်။ ''ကျွန်တော် ဗြိတိန်ကိုလာတော့ အိပ်မက်ဆိုးတစ်ခု မက်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အတော်လေး အပြစ်ရှိတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော်တို့ တစ်နေရာမှာ လွတ်လွတ်လပ်လပ််နေထိုင်နေရချိန်မှာ ကိုယ့်မိတ်ဆွေတွေဟာ ထောင်ကျနေကြတယ်''

လိုင်ရဲ့မိသားစုဟာ လိုင်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။​ ဆီးချိုရှိတာကြောင့် ကျန်းမာရေးအပေါ် စိုးရိမ်ပြီး အခုလိုတောင်းဆိုတာပါ။ ဒါပေမဲ့ လက်ရှိ အချိန်အထိ သူတို့ရဲ့တောင်းဆိုမှုတွေ ပယ်ချခံနေရတုန်းဖြစ်ပါတယ်။ အစိုးရနဲ့ လိုင်ရဲ့ ဟောင်ကောင် ရှေ့နေအဖွဲ့ကတော့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကို လိုင်ရရှိတယ်လို့ ပြောနေပါတယ်။​

မိသားစုနဲ့အတူ ဟောင်ကောင်မှာ နေထိုင်နေတဲ့ လိုင်ရဲ့ချွေးမ ကာမန် ဆန်ကတော့ သူ့ ကလေးတွေဟာ သူတို့ အဖိုးကို လွမ်းနေကြပြီလို့ ပြောပါတယ်။ တစ်ချိန်က သူတို့ မိသားစုကြီးဟာ လူစုံစုံလင်လင်နဲ့ နှစ်ပတ်ခြား တစ်ခါဆုံကြ တွေ့ကြလေ့ရှိပါတယ်။​ လိုင်ဟာ အသံကျယ်ကျယ်နဲ့ ပြောတတ်လို့ သူ့ သမီးငယ်လေး တစ်ယောက်ဟာ တစ်ခါသားမှာ လန့်သွားခဲ့ဖူးတယ်လို့ ဆန်က ပြောပါတယ်။​ ''ဒါပေမဲ့ ကလေးတွေက သူတို့ အဖိုးဆီကို သွားရတာ ကြိုက်တယ်။ သူတို့ အဖိုးက သူတို့ကို ရယ်မောစေတဲ့သူလို့ ထင်ကြတယ်''

ဒါပေမဲ့ ဒီနေ့ကာလ ဟောင်ကောင်ဟာ လိုင်အတွက် နေဖို့သင့် မသင့် ဆိုတာမျိုးကတော့ သူ မသဲကွဲတော့ဘူးလို့ ဆိုပါတယ်။​

''မျက်လုံးထဲ အမှုန်သေးသေးလေး ဝင်ရင်တောင် နေလို့မရလို့ ဖယ်ထုတ်ရတာပဲလေ။ မဟုတ်ဘူးလား''