NUG သစ်တောသယံဇာတအဖွဲ့ ဘယ်လိုခြိမ်းခြောက်ခံခဲ့ရလဲ

ဖတ်ရန်အချိန်: မိနစ် ၁၃

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်က သစ်တော သယံဇာတ စီမံခန့်ခွဲမှုအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ယာယီရပ်နားထားရပါတယ်။

အာဏာသိမ်း စစ်ကော်မရှင် ထိန်းချုပ်တဲ့မြို့နယ်တွေမှာ ရပ်နားတာ မဟုတ်ဘဲ NUG ထိန်းချုပ်ဒေသတွေထဲမှာ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေကို တရားမဝင် ထုတ်လုပ်သယ်ဆောင်တာတွေကို တားမြစ်အရေးယူတာ၊ အခွန်ဒဏ်ကြေးကောက်တာတွေ အပါအဝင် စီမံခန့်ခွဲမှုတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကစပြီး ရပ်နားလိုက်တာပါ။

အဓိက အကြောင်းအရာကတော့ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးတွေအတွက်ရပ်နားရတာလို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။

NUG လက်အောက်ခံ အဖွဲ့အစည်းတွေရှိတဲ့ ထိန်းချုပ်ဒေသတွေမှာ NUG အရပ်ဘက် ဝန်ထမ်းတွေကို ဘယ်သူတွေက လုံခြုံရေးခြိမ်းခြောက်တာပါလဲ။

သစ်တောသယံဇာတ စီမံအုပ်ချုပ်မှုမှာ ဘယ်သူတွေပါလဲ

သစ်တော၊ သတ္တု၊ ကျောက်မျက် ကဏ္ဍတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့

မြို့နယ်အလိုက် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့ဆိုပြီး စုပေါင်းဖွဲ့စည်းထားတာပါ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ စီမံဘဏ္ဍာ စတဲ့ ဝန်ကြီးဌာန ဝန်ထမ်းတွေ ပါဝင်ပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းက အတွင်းရေးမှူးဖြစ်ပြီး ပြည်ထဲရေးလက်အောက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထဲကတစ်ယောက်က အဖွဲ့တာဝန်ခံဖြစ်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အခွန်တော်အရာရှိ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေး (ပလဖ) တာဝန်ခံတွေကလည်း အဖွဲ့ဝင်တွေအနေနဲ့ ပါဝင်တာပါ။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်း ၈၀ ရာခိုင်နှုန်းဟာ CDM တွေလို့ သိရပါတယ်။

တရားမဝင် သစ်ထုတ်တာတွေကို တားမြစ်တာ၊ သစ်ခုတ်တာတွေ့ရင် အရေးယူတာ၊ အခွန်ဒဏ်ကြေးရိုက်တာတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနဝန်ထမ်းဖြစ်တဲ့ သယံဇာတစီမံအဖွဲ့အတွင်းရေးမှူးက အဓိက လုပ်ကိုင်ရတာပါ။

မြို့နယ်အလိုက်ဖွဲ့စည်းတဲ့အထဲမှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းက အများဆုံးနှစ်ယောက်ပဲ ထားနိုင်ပြီး သူတို့လုံခြုံရေးအတွက် ဝန်ကြီးဌာနဘက်ကနေ ထောက်ပံ့မပေးနိုင်၊ တာဝန်ယူမပေးနိုင်တဲ့ အခြေအနေပါ။

ဒါ့ကြောင့်လည်း တချို့မြို့နယ်တွေမှာ သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေက မထင်မရှား ဖြစ်နေခဲ့ပါတယ်။

မကွေးတိုင်းမှာဆို သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ ရှိမှန်းကိုတောင် မသိကြတဲ့ မြို့ခံတွေလည်း ရှိကြပါတယ်။

"လုပ်ငန်းမအောင်မြင်ဘူးဆိုတာက အဖွဲ့အတွက် အနည်းဆုံး တပ်စိတ် တစ်စိတ်စာ လုံခြုံရေးအင်အား ရှိရမှာ။ အဖွဲ့ထဲမှာ လက်နက်ကိုင်အဖွဲ့ပါတယ်။ ဒါပေမဲ့ သူတို့က လူအင်အား မပေးနိုင်ဘူး"လို့ ထီးလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဝန်ထမ်းတွေကို လုံခြုံရေးပေးတာနဲ့ ပတ်သက်ပြီး မြို့နယ်တစ်ခုနဲ့ တစ်ခုအကြား မတူညီတာတွေလည်း ရှိပါတယ်။

သယံဇာတ စီမံအဖွဲ့က လုံခြုံရေး လိုအပ်တဲ့အခါတိုင်း လိုက်ပါဆောင်ရွက်ပေးရတယ်လို့ ကောလင်းမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

"တောထဲမှာ သစ်ထုတ်ကြတာဆိုတော့ တချို့တွေက လူအင်အားနဲ့ တူမီးလို လက်နက်တွေပါကြတယ်။ အဲဒီလိုအခြေအနေမှာ ပစ်ခတ် ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာ မဟုတ်ပေမဲ့ အင်အားပြဖို့တော့ လိုတယ်" လို့ သူက ပြောပါတယ်။

တဖက်မှာလည်း ရန်ပုံငွေအတွက် သစ်ထုတ်လုပ်နေတဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ သစ်မထုတ်ဖို့ တားဆီးတဲ့ သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့တွေအကြား ပွတ်တိုက်တာတွေ ရှိလာတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ကောက်ခံရရှိတဲ့ အခွန်ဒဏ်ကြေး စီမံမှုအပိုင်းမှာလည်း ပွတ်တိုက်မှုတွေ ရှိခဲ့ပါတယ်။

ဒီလိုအခြေအနေတွေက ဘယ်မြို့နယ်တွေမှာ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ အဲဒီတာဝန်ရှိသူက မပြောခဲ့ပါဘူး။

သစ်ကရတဲ့ ရန်ပုံငွေ ပွတ်တိုက်မှု

NUG ရဲ့ ၂၀၂၅ ခုနှစ် ဩဂုတ် ထုတ်ပြန်တဲ့ ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံချက်အရ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ဟာ နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၁၆ ရာခိုင်နှုန်းကို စိုးမိုးထားနိုင်ပါတယ်။

ဝိုင်းဝန်းပိတ်ဆို့ထားတာက ၂၄ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းတောင်-ကယား(ကရင်နီ) ၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ အထူးတိုင်း စတဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုင်းစစ်ဌာန ၁၀ ခု ဖွဲ့စည်းထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ယန္တရားကို မြို့နယ်ပေါင်း ၂၃၅ ခု၊ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို မြို့နယ် ၁၈၃ ခုမှာ ဖော်ဆောင်ထားပါတယ်။

NUG ထိန်းချုပ်မြို့နယ်တွေကနေ တရားမဝင် သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေကရတဲ့ ဒဏ်ကြေးငွေက ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇွန် အထိ ကျပ် ၂၈ ဘီလျံကျော်အထိ ရှာဖွေပေးနိုင်ခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

ရရှိလာတဲ့ အခွန်ဒဏ်ကြေးတွေကို ပြည်ထောင်စု ဘဏ္ဍာငွေထဲ အပ်နှံမယ့် ကိစ္စတွေမှာ မြို့နယ်တပ်ရင်းတပ်ဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သဘောထား ကွဲပြားလာတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"စစ်ရေးဌာနမဟုတ်တဲ့ ကျွန်တော်တို့ကို စကားလာပြောရင် လူအင်အားနဲ့လာပြီးတော့မှ ပြောဆိုတာမျိုးတွေ ၊ ပြည်ထောင်စုကို အပ်ရမယ့် အခွန်တွေကို ငါတို့ကိုပဲ ပေးပါဆိုတာမျိုးတွေ၊ လာတောင်းတာမျိုးတွေ ဖြစ်တယ်ဗျ"လို့ ပြောပါတယ်။

ဒါတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းတွေရဲ့ စီမံခန့်ခွဲခွင့်ကို ကျော်လွန်စွက်ဖက်တာ၊ အတားအဆီးနဲ့ ဖိအားပေးတာတွေ လုပ်ဆောင်တဲ့ ပုံစံ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်တဲ့အခါ နှုတ်နဲ့သာမက လက်နက်နဲ့ အန္တရာယ်ပြု ခြိမ်းခြောက်တာတွေ၊ လုပ်ကြံသတ်ဖြတ်တာတွေ ပေါ်ပေါက်လာတယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီတုန်းက ကောလင်းမြို့နယ် သယံဇာတ စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး CDM ဝန်ထမ်း ဦးအရိန္ဒမာ အသတ်ခံခဲ့ရပြီး တစ်နှစ်ကျော် ကြာတဲ့အထိ အမှုမှန် မပေါ် ပေါက်သေးပါဘူး။

ကောလင်းရဲ့ အနောက်ဘက်ခြမ်းမှာ ရွှေထုတ်နေကြသလို သစ်လည်းထုတ်တယ်လို့ ကောလင်းမြို့ခံတစ်ယောက်က ပြောပါတယ်။

"ဦးအရိန္ဒမာက အလုပ်လုပ်တော့ အဲဒီဘက်က တပ်ရင်းတွေနဲ့ အခွန်ကိစ္စမှာ ထိပ်တိုက်တွေ့တာတွေရှိတယ်"လို့ သူကပြောပါတယ်။

သယံဇာတကော်မတီက အခွန်နဲ့ ဒဏ်ကြေးတွေသာကောက်ပြီး ပတ်ဝန်းကျင် ပျက်စီးမှုအတွက် ပြန်လုပ်ပေးတာမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ဦးအရိန္ဒမာ အသတ်ခံရတဲ့ ကိစ္စကိုတော့ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူကလည်း ဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့ လက်ရှိအခြေအနေအရ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုတောင် မပေးနိုင်ဖြစ်နေတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

"ဆရာအရိန္ဒမာ အသတ်ခံရတာကလည်း သယံဇာတကို မူနဲ့ ဘောင်နဲ့ လုပ်ကြဖို့၊ အရမ်းကာရော မထုတ်ကြဖို့ ကျွန်တော်တို့ ဝန်ထမ်းက ညွှန်ကြားချက်အတိုင်း တိတိကျကျ လုပ်ချိန်မှာ မြေပြင်မှာ ပွတ်တိုက်မှုဖြစ်ပြီး အသတ်ခံရတယ်လို့ နားလည်ထားတယ်" လို့ သူက ပြောပါတယ်။

ဦးအရိန္ဒမာ အသတ်ခံရပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်မှာလည်း ဝန်ထမ်းတချို့ ခြိမ်းခြောက်ခံရတာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

"ထိန်းချုပ်နယ်မြေထဲမှာ ရှိတယ်ဆိုတော့ ဘယ်သူ၊ ဘယ်အဖွဲ့ဆိုတာကိုတော့ ပြောဖို့ မသင့်ဘူး" ဆိုပြီး သူ့အခြေအနေကို နားလည်ပေးဖို့ ပြောပါတယ်။

အခုလို ထုတ်ဖော်မပြောတဲ့အခါ အချင်းချင်းကြား နားလည်မှုလွဲစေနိုင်တယ်လို့လည်း ကောလင်းမြို့နယ် ပကဖ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

သစ်ကိုအားပြုထားတဲ့ တော်လှန်ရေးရန်ပုံငွေ

စစ်အာဏာရှင် တော်လှန်ရေးကာလ ငါးနှစ်နီးပါး အချိန်မှာ မြင့်တက်လာတဲ့ စစ်ရေး စရိတ်ကြောင့်လည်း သစ်တောတွေဟာ တော်လှန်ရေးတပ်ဖွဲ့တချို့အတွက် ရန်ပုံငွေ ရင်းမြစ် ဖြစ်လာပါတယ်။

တရားမဝင် သစ်တွေသယ်လာတဲ့ ကားကို အခွန်ကောက်ယူတာအပြင် အိမ်ဆောက်တာအပါအဝင် ဒေသတွင်းသုံးဖို့ ဒေသခံတွေခုတ်ယူတဲ့အပေါ် ဒဏ်ကြေးကောက်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးမှာ ပါဝင်သူတွေက ပြောပါတယ်။

ဒါအပြင် တချို့ပကဖတွေကိုယ်တိုင် သစ်ထုတ်တာတွေ ရှိတယ်လို့ သူတို့က ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲက ကနီ၊ မင်းကင်း၊ ယင်းမာပင် စတဲ့ မြို့နယ်သုံးခုထဲမှာ ရှိတဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး အမျိုးသားဥယျာဉ်လည်းဖြစ်၊ အာဆီယံအမွေအနှစ် ဥယျာဉ်လည်းဖြစ်တဲ့ အလောင်းတော်ကဿပဥယျာဉ်ထဲမှာတော့ တော်လှန်ရေး အဖွဲ့ဝင်တချို့ သစ်ထုတ်တာတွေ ရှိခဲ့ပါတယ်။

အလောင်းတော် ကဿပဥယျာဉ်ထဲမှာ ယင်းမာပင်မြို့နယ်ထဲက တပ်ရင်းတစ်ခုကနေ ကရိန်းကားတွေ၊ သစ်စက်တွေသုံးပြီး သစ်ထုတ်လုပ်နေတာကို တခြား တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

အလောင်းတော်ကဿပ ဥယျာဉ်ထဲက သစ်ခုတ်လာတဲ့ကားတွေဟာ မုံရွာ- ပုသိမ် လမ်းကနေ မြင်းခြံဘက်ကိုသွားသလို ပခုက္ကူမြို့ဘက်ကိုလည်း သွားကြတယ်လို့ သစ်ပွဲစားတွေနဲ့ နီးစပ်တဲ့ မုံရွာမြို့ခံက ပြောပါတယ်။

"သစ်တင်တဲ့ကားတွေက နေ့ချင်းပြန်သွားလာလို့ရတာမဟုတ်ပေမဲ့ တစ်လကို အခေါက်ရေ ခပ်စိပ်စိပ်တင်လို့ရတယ်ဆိုပြီး ပြောတာ။ အဖွဲ့တူတဲ့ PDF ဂိတ်ဆိုရင် သိပ်မပေးရဘူး။ အဖွဲ့မတူရင် သိန်း ရာဂဏန်းလောက် ပေးရတယ်" လို့ သစ်ပွဲစားတွေနဲ့ နီးစပ်တဲ့ မြို့ခံက ပြောပါတယ်။

ထိုင်ခုံတွေဖြုတ်ထားတဲ့ Alphard လို အလုံပိတ်ကားထဲကို သစ်လုံးတွေဖြတ်ပြီး သယ်ကြတာပါ။

ဒါ့အပြင် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းမကြီးဘေးက အရိပ်ရ နှစ်ရှည်ပင်တွေကို တိုက်နယ် ပကဖ တာဝန်ရှိသူတစ်ယောက်က ခုတ်လှဲရောင်းချတဲ့အကြောင်း ကျားသစ်နက်တပ်က ပြီးခဲ့တဲ့ အောက်တိုဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ပြီး နောက်ရက်မှာပဲ ပို့စ်ပြန်ဖျက်လိုက်ရတယ်လို့ ကျားသစ်နက်တပ်က ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာမှာတော့ ပုလဲမြို့နယ် ပသုံးလုံး တပ်ရင်းတွေ ထုတ်ယူထားတဲ့ သစ်တွေကို သိမ်းဆည်းပြီး လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA) က ဗိုလ်မျက်လုံးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေက သစ်တောသယံဇာတ သုံးစွဲဖို့ လိုအပ်ချက်ရှိမယ်ဆိုရင် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနကို တင်ပြတောင်းဆိုဖို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် မတ်လကထုတ်တဲ့ လျှို့ဝှက်ထုတ်ပြန်စာမှာ ရေးထားပါတယ်။

ကြားကာလ အုပ်ချုပ်ရေးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း မဟာဗျူဟာအရ သစ်ထုတ်လုပ်တာကို တရားဝင် ခွင့်ပြုချက် မပေးထားပါဘူး။

ဒါ့ပေမဲ့ NUG လက်အောက်ခံ အဖွဲ့အစည်းတွေကပါ သစ်ထုတ်တာတွေ ရှိနေတဲ့အကြောင်းရင်းကတော့ "COC (ဆင့်ကဲကွပ်ကဲအုပ်ချုပ်ထောက်ပံ့မှုစနစ်) ကို အလုံးစုံ မတည်ဆောက်နိုင်ခဲ့ဘူးပေါ့နော်။ အုပ်ချုပ်ရေးရော၊ စစ်ရေး COC အကုန်လုံးကို မတည်ဆောက်နိုင်ခဲ့ဘူး။ ထောက်ပံ့မှုလည်း မပေးနိုင်ခဲ့ဘဲနဲ့ နိုင်ငံရေး COC ပေးတဲ့အခါ အားလုံးက မလိုက်နာနိုင်တာတွေ ဖြစ်ခဲ့တယ်"လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးမှာ တပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာအပါအဝင် ကျည်၊ လက်နက် အသုံးစရိတ်တွေကလည်း ပြည်သူတွေ ထောက်ပံ့တဲ့ ရန်ပုံငွေထက် ကျော်လွန်လိုအပ်နေပါတယ်။

ဒါ့ကြောင့် ရန်ပုံငွေ ရရှိဖို့ ရရှိနိုင်တဲ့ အနီးစပ်ဆုံးအရာကလည်း သစ်ပင်တွေဖြစ်နေပါတယ်။

မြင့်တက်လာတဲ့ စစ်ရေးစရိတ်ကြောင့်လည်း သယံဇာတ ထိန်းသိမ်းရေးဟာ လုပ်ကိုင်ရခက်ခဲနေပါတယ်။

"ကျွန်တော်တို့ ဝန်ကြီးဌာန ဝန်ထမ်းအင်အားကလည်း တမြို့နယ်မှာ တစ်ယောက်၊ နှစ်ယောက်ပဲရှိတော့ အကုန်လုံး လိုက်မစီမံနိုင်ဘူးဖြစ်နေတယ်" လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်မှာ ကနီမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အပါအဝင် သယံဇာတ ကော်မတီဝင် ၁၃ ယောက်ကို ငွေသိန်းပေါင်း သောင်းကျော် အလွဲသုံးစားမှုအတွက် NUG က ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးခံထားရတဲ့အဖွဲ့ဝင်နဲ့ သစ်ခိုးထုတ်တဲ့အဖွဲ့တွေ ဆက်စပ်မှုရှိနိုင်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က စောင့်ကြည့်ခိုင်းထားပါတယ်။

အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်ထဲက သဘာဝသယံဇာတတွေကို တစ်ဦးတစ်ယောက်မှ ခွင့်ပြုချက်မရှိဘဲမထုတ်ဖို့၊ ထုတ်ယူတာတွေ့ရင် အစစ်ဆေးမရှိ ပစ်ခတ်ဖမ်းဆီးမှာဖြစ်သလို ပြန်ခုခံရင်လည်း ပစ်ခတ်ဖမ်းဆီးမှာဖြစ်တယ်လို့ မြို့နယ်အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ တရားမဝင် သစ်ခုတ်တာတွေကို ဘယ်လောက်အတိုင်းအတာအထိ တားဆီးနိုင်မလဲ ဆိုတာကိုတော့ မသိနိုင်ကြသေးပါဘူး။

ဒါ့အပြင် သစ်တောသယံဇာတ စီမံခန့်ခွဲမှုတွေကို ရပ်နားလိုက်တဲ့အခါ သစ်တောပြုန်းတီးမှုတွေ ပိုဖြစ်လာနိုင်ခြေရှိတယ်လို့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာတင် သစ်တောဧက ၇ သိန်းကျော် ပြုန်းတီးသွားတယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် ကမ္ဘာ့သစ်တောစောင့်ကြည့်ရေး (Global Forest Watch) က ထုတ်ပြန်ထားပါတယ်။

သစ်တောပြုန်းတီးမှုဟာ စစ်အာဏာမသိမ်းခင် ကာလကတည်းက ရှိခဲ့တဲ့အပြင် စစ်အာဏာ သိမ်းပြီးချိန်မှာတော့ ဥပဒေစိုးမိုးမှု လျှော့နည်းလာတာကြောင့် ပိုပြီးထုတ်ယူလာကြတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တချို့က ထောက်ပြပါတယ်။

စစ်တပ်အာဏာပိုင်တွေက သူတို့စိုးမိုးထားနိုင်တဲ့ နေရာတွေမှာ စီးပွားရေးသမားတစ်ချို့နဲ့ ပေါင်းပြီး သစ်ထုတ်ယူကြတယ်လို့ သစ်ထုတ်လုပ်ငန်းတွေရဲ့ လည်ပတ်မှုပုံစံကို သိထားသူတချို့က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေမှာလည်း သဘာဝပတ်ဝန်းကျင် ရှုထောင့်ကနေ ထိန်းသိမ်းဖို့အချက်တွေပါတာ မတွေ့ရဘူးလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေမှာလည်း တနိုင်ငံလုံး ရေကြီးနစ်မြုပ်မှုဘေးအန္တရာယ်တွေကို လက်တွေ့ကြုံတွေ့ကြရပြီး သစ်တောပြုန်းတီးမှုတွေကလည်း မရပ်တန့်သွားတာကြောင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပိုခံစားရနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူ တစ်ယောက်က မှတ်ချက်ပေးပါတယ်။

ဒ့ါကြောင့် NUG ထိန်းချုပ်မြို့နယ်တွေမှာ သစ်တောသစ်ပင်တွေ ၊ တောရိုင်းတိရိစ္ဆာန်တွေအပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်အောင် စီမံဆောင်ရွက်ဖို့ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်လို့လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။