ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၆ ထိုင်းရွေးကောက်ပွဲနဲ့ ကျွဲကူးရေပါ မြန်မာရွှေ့ပြောင်းသန်းချီရဲ့ကံကြမ္မာ
၃ နှစ်တောင်မပြည့်တဲ့ အချိန်အတောအတွင်း ဝန်ကြီးချုပ် ၃ ဦး ပြောင်းခဲ့တဲ့ ထိုင်းနိုင်ငံမှာတော့ ရွေးကောက်ပွဲကို အချိန်စောပြီး ကျင်းပလို့ မဲဆန္ဒရှင် သန်း ၅၃ သန်းနီးပါး မဲပေးကြဖို့ရှိပါတယ်။
နှစ်ဖက် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ နယ်စပ်အငြင်းပွားမှု၊ ထိုင်း- ကမ္ဘောဒီးယားနဲ့ ထိုင်း -မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)ကိစ္စတွေကို နှိမ်နင်းနေရချိန် ထိုင်းမှာ အခုရွေးကောက်ပွဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်တဲ့ ပါတီ ၅၀ ကျော်ဟာ ပြည်တွင်းမှာ တကျော့ပြန်ရှင်သန်လာတဲ့ အမျိုးသားရေးစိတ်အားတက်ကြွမှုနဲ့ တရားမဝင်အွန်လိုင်း ကျားဖြန့်လုပ်ငန်းကနေ စီးဝင်လာတဲ့ငွေကြေးကို နှိမ်နင်းဖို့ မဲဆန္ဒရှင်တွေအကြိုက် မူဝါဒတွေကို ရှေ့တန်းတင် မဲဆွယ်ကြပါတယ်။
ဒါပေမဲ့ ကျဆင်းနေတဲ့ထိုင်းစီးပွားရေးနဲ့အတူ တွဲပါလာတဲ့ ကုန်ထုတ်အင်အားအတွက် အခရာကျတဲ့ ရွှေ့ပြောင်းလုပ်သားထုဆိုင်ရာ မူဝါဒတွေဟာ ရွေးကောက်ပွဲဝင် ထိုင်းပါတီတွေကြားမှာ မေ့ပျောက်ခံဖြစ်နေပါတယ်။
CLMV လို့ ခေါ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံရဲ့ကုန်ထုတ် လုပ်အားပိုင်းမှာ ဝင်ရောက်လုပ်ကိုင်နေကြပေမဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံသားက အများဆုံးဖြစ်ပါတယ်။
မြန်မာပြည်တွင်းက ၂၀၂၁ စစ်အာဏာသိမ်းမှု၊ စစ်မှုထမ်းဥပဒေ၊ စစ်ပွဲတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ထိုင်းကို ရွှေ့ပြောင်းကြတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးကိုရောက်နေပြီး သန်းနဲ့ချီ မြင့်တက်နေပါတယ်။အဲဒီထဲမှာ ရွှေ့ပြောင်းလုပ်သားအရေအတွက်က အများဆုံးဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ သန်းနဲ့ချီရှိတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ၂၀၂၆ ရွေးကောက်ပွဲဝင် ပါတီတွေအတွက် အမေ့ပျောက်ခံဖြစ်နေပါသလား။ ရွေးကောက်ပွဲဝင် ထိုင်းပါတီအချို့သဘောထားတွေကို ခြေရာကောက်ကြည့်ခဲ့ပါတယ်။
၃ နှစ်နီးပါးမှာ အစိုးရ ၃ ဖွဲ့၊ အလုပ်သမားဝန်ကြီး ၃ ဦး
ထိုင်းနိုင်ငံမှာ ၂၀၂၃ အထွေထွေရွေးကောက်ပွဲအပြီး ဖုအာထိုင်းပါတီက တက်လာတဲ့ ဝန်ကြီးချုပ် နှစ်ဦးစလုံးကို နိုင်ငံ့ဖွဲ့စည်းပုံခုံရုံးက ဖယ်ရှားခဲ့တာကြောင့် ၃ နှစ်တောင်မပြည့်တဲ့ကာလအတွင်းမှာ အစိုးရ ၃ ဖွဲ့အထိ ဖွဲ့စည်းခဲ့ရပါတယ်။
ဒါကြောင့် ၂၀၂၃ ရွေးကောက်ပွဲအနိုင်ရပါတီ People's Party(အရင်က လိမ္မော်ရောင်၊ Move Forward Party) ရဲ့ လွှတ်တော်တွင်း ထောက်ခံမှုနဲ့ နောက်ဆုံးအာဏာရခဲ့တဲ့ ဖုန်ကျန်ထိုင်းပါတီ ဆေးခြောက်ပါတီလို့ လူသိများတဲ့ပါတီ) က ဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်ဟာ ထိုင်း- ကမ္ဘောဒီးယားအရေး၊ ကျားဖြန့်အရေးတွေရဲ့ ဖိအားတွေနောက်မှာ ရွေးကောက်ပွဲ စောကျင်းပဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီလိုနိုင်ငံရေးအချိုးအကွေ့တွေကြောင့် ထိုင်းမှာ ပြီးခဲ့တဲ့ ၃ နှစ်မပြည့်တဲ့ကာလအတွင်း အစိုးရ ၃ ဖွဲ့အထိ ဖွဲ့ခဲ့ရပြီး ထိုင်းအလုပ်သမား ဝန်ကြီး ၃ ဦးအထိ အပြောင်းအလဲဖြစ်လာပါတယ်။
ဒီလိုအလုပ်သမားဝန်ကြီး ခဏခဏပြောင်းနေချိန် ၂၀၂၅ ခုနှစ်ဟာ ထိုင်းရဲ့ ရွှေ့ပြောင်းလုပ်သားထု အခြေအနေဟာ ''စီမံခန့်ခွဲမှုအလွဲတွေနဲ့ကြုံတွေ့ရတဲ့နှစ်'' လို့ ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေ အရေးဆောင်ရွက်သူတွေက ဝေဖန်ပါတယ်။
ဝန်ကြီးတွေ အပြောင်းအလဲမြန်ချိန်မှာ မြန်မာပြည်တွင်းက စစ်မှုထမ်းလူစုတာကြောင့် လုပ်သားတွေ ထိုင်းကို တရားမ၀င် တိမ်းရှောင်ဖို့ ဦးတည်စေခဲ့တာကလည်း ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်သားစီမံခန့်ခွဲရေး အကျပ်အတည်းဖြစ်စေတာလို့ ထိုင်းရွှေ့ပြောင်းလုပ်သားကွန်ရက်(MWG)က မစ္စတာ အဒီဆွန် ခါမွန်ကူးလ်က အစောပိုင်းမှာ ထောက်ပြထားပါတယ်။
3+1 ထိုင်းရွေးကောက်ပွဲနဲ့ ရွှေ့ပြောင်းလုပ်သားအရေး
၂၀၂၆ ထိုင်းရွေးကောက်ပွဲဝင် ပါတီတွေဟာ နိုင်ငံ့စီးပွားရေးကို ဦးမော့အောင် လုပ်သားကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲမယ်လို့ ဆိုကြပေမဲ့ ရွှေ့ပြောင်းလုပ်သားအရေးကို တိတိပပ မပြောထားကြပါဘူး။
၂၀၂၆ ထိုင်းရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၇ ပါတီအထိ ဝင်ပြိုင်ကြပါတယ်။
ဒီထဲ အာဏာရပါတီ ဖုန်ကျန်ထိုင်း၊ Move Forward ကနေ အသွင်ပြောင်းလာတဲ့ ပြည်သူ့ပါတီ (Peoples's Party)နဲ့ ရှင်နာဝပ်မိသားစုရဲ့ ဖုအာထိုင်းတို့ဟာ လူကြိုက်များပြီး ရှေ့တန်းပြေး ပါတီကြီးတွေဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပါတီကြီးတွေအပါအဝင် ပါတီအများစုဟာ လက်ရှိပြည်တွင်းက လုပ်သားထုနဲ့အတူဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအရေး ဘယ်လိုအစီအမံတွေ ရှိတယ်ဆိုတာ မဲဆွယ်ကာလတစ်လျှောက်လုံး ထည့်ပြောတာမျိုး မရှိသလောက် မြင်ရတယ်လို့ ထိုင်းရွေးကောက်ပွဲကို မပြတ် သတင်းယူနေတဲ့ ဘီဘီစီထိုင်း ဘာသာစကားဌာန သတင်းထောက်တွေက ပြောပါတယ်။
သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားထုအရေးက ထိုင်းနိုင်ငံရဲ့ စီးပွားရေးမူဝါဒမှာ အဓိကကျမနေဘူးလားလို့ ထိုင်း ပါတီအချို့ကို ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။
ထိုင်းမှာ သက်တမ်းအရင့်ဆုံးပါတီကြီးဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း အဘိဆစ် ၀ိချာချိဝ ဦးဆောင်တဲ့ ဒီမိုကရက်ပါတီ(Democrat Party) ကတော့ ရွှေ့ပြောင်းလုပ်သားတွေအရေးရယ်လို့ သတ်သတ်မှတ်မှတ်မပြောပေမဲ့ လုပ်သားထုတစ်ခုလုံးကို လွှမ်းခြုံနိုင်မယ့်မူဝါဒအချို့ ရှိပြီးသားလို့ ဘီဘီစီကို ပြောပါတယ်။
''ကျွန်တော်တို့ ပါတီအနေနဲ့ ဒီ(ထိုင်း)ကို လာပြီး နိုင်ငံ့ စီးပွားရေးကို အထောက်အကူပြုချင်တဲ့ ဘယ်ရွှေ့ပြောင်းနေထိုင်သူကိုမဆို၊ ထိုင်းလုပ်သားထုကို အထောက်အကူဖြစ်စေတဲ့ ရွှေပြောင်းလုပ်အားကို မဆို ကြည့်ရှုစောင့်ရှောက် ကူညီဖို့ စွမ်းသလောက်လုပ်မှာပါပဲ။ ရွှေပြောင်းလုပ်သားတွေတင်မက လုပ်သားတွေအားလုံးကို လွှမ်းခြုံနိုင်မယ့် မူဝါဒလည်း ရှိပါတယ်။ ဒီနေရာမှာ အရေးအကြီးဆုံးက မြန်မာရယ်၊ ကမ္ဘောဒီးယားရယ်လို့မဟုတ်ဘဲ ထိုင်းစီးပွားရေးကို ဆွဲတင်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးပမ်းရာမှာ ဒီကိုလာကြသူအားလုံးအတွက် စီးပွားရေးအခွင့်အလမ်း သာတူညီမျှရှိရေး အရေးအကြီးဆုံးလို့ ကျွန်တော်ထင်ပါတယ်'' လို့ ဒီမိုကရက်ပါတီ ဒုတိယဥက္ကဋ္ဌ အစ္စရာ ဆူထွန်ဝပ်က ဘီဘီစီကို ပြောပါတယ်။
အခုတစ်ခေါက် ထိုင်းရွေးကောက်ပွဲဟာ နိုင်သူအကုန်ယူ စနစ်အရ မဲဆန္ဒနယ်အတွက် မဲ၊ ပါတီတွေက လွှတ်တဲ့အချိုးကျကိုယ်စားလှယ်စနစ်(PR) အတွက်မဲ အပြင် ၂၀၁၄ စစ်အာဏာသိမ်းမှုအလွန်မှာ ရေးဆွဲခဲ့တဲ့နိုင်ငံ့ဖွဲ့စည်းပုံကို ပြန်လည်ရေးဆွဲလိုခြင်း ရှိ၊ မရှိ လူထုဆန္ဒခံယူမှု မဲ စုစုပေါင်း မဲသုံးမျိုးအတွက် တစ်ပြိုင်တည်း ကျင်းပတာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲကနေ အောက်လွှတ်တော်အတွက် နိုင်သူအကုန်ရစနစ်အတွက် လွှတ်တော်ထဲရောက်လာမယ့် အမတ် ၄၀၀ နဲ့ အချိုးကျ PR စနစ်အရ ရောက်လာမယ့် အမတ် ၁၀၀ အတွက် မဲဆန္ဒရှင် ၅၃ သန်းနီးပါး မဲပေးကြမှာဖြစ်ပါတယ်။
ထိုင်းမှာ ပါတီအများစုက မူဝါဒ အခြေပြု မဲဆွယ်ကြသလို ပါတီတွေက ဝန်ကြီးချုပ်လောင်းအမည်ကို ကြိုတင်ကြေညာကြရပါတယ်။ တစ်ပါတီကို နှစ်ဦး ကနေ ၃ ဦးအထိ ကြေညာထားကြပါတယ်။ ပါတီအားလုံးက အမည်စာရင်းသွင်းထားတဲ့ ဝန်ကြီးချုပ်လောင်း ၉၃ ဦး အထိရှိပါတယ်။
ထူးခြားတဲ့အချက်က အရင် ၂၀၁၉ နဲ့ ၂၀၂၃ ရွေးကောက်ပွဲလို ရှေးရိုးစွဲသူတွေရှိတဲ့ အထက်လွှတ်တော်ပါစရာမလိုဘဲ အောက်လွှတ်တော်နဲ့တင် ဝန်ကြီးချုပ်လောင်းကို မဲခွဲဆုံးဖြတ် အတည်ပြုနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ပါတီတွေဟာ သူတို့ရဲ့လျာထားတဲ့အမတ်လောင်းတွေနဲ့ ဝန်ကြီးချုပ်လောင်းတွေကနေ တဆင့် ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်နေကြတာပါ။
မြန်မာရွှေ့ပြောင်းလုပ်သားအရေး မူဝါဒရှိတဲ့ မျက်နှာသစ်ပါတီ
ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့စီးပွားရေးအတွက် အခြေခံကျတဲ့လုပ်အားထုဖြစ်နေပြီး ဒီအားဟာ ထိုင်းနိုင်ငံရဲ့ GDP ရဲ့ ၄ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိရှိတယ်လို့ နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများအဖွဲ့ (IOM) က ပြောပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေဟာ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ရေလုပ်ငန်းတွေမှာ လုပ်ကိုင်နေပြီး မြန်မာလုပ်သားတွေကတော့ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
၂၀၂၅ အောက်တိုဘာလအထိဆိုရင် ဒီလုပ်ငန်းခွင်တွေမှာ လုပ်နေတဲ့ တရားဝင်စာရင်းရှိ မြန်မာလုပ်သားအရေအတွက်က ၂ သန်းကျော်အထိရှိပါတယ်။
ထိုင်းမှာ မကြာခဏပြောင်းလဲနေတဲ့ရွှေ့ပြောင်းလုပ်သားဆိုင်ရာမူဝါဒကြောင့် တရားဝင်ရပ်တည်ဖို့ ကြိုးပမ်းကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ စနစ်အပြောင်းအလဲမှာ အခက်ကြုံနေရတယ်လို့ ရွှေ့ပြောင်းအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
ဒါပေမဲ့ ထိုင်းရွေးကောက်ပွဲဝင် မျက်နှာသစ် ပါတီတစ်ခုကတော့ မြန်မာ့နိုင်ငံရေးနဲ့ ရွှေ့ပြောင်းအရေးကို မမေ့ထားဘူးလို့ ဆိုပါတယ်။ ဒီပါတီဟာ အခုတစ်ခေါက်ရွေးကောက်ပွဲမှာ မှတ်ပုံတင်ပြီး ဝင်ပြိုင်တဲ့ပါတီဖြစ်ပေမဲ့ ပါတီခေါင်းဆောင်ကတော့ မြန်မာတွေနဲ့ မစိမ်းတဲ့ အောက်လွှတ်တော်အမတ်ဟောင်းဖြစ်ပါတယ်။
အခုတော့ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ၂၀၂၃ ထိုင်းအောက်လွှတ်တော်ရဲ့ အမတ် ကနဝီ ဆူဘန်က ဖလာဝပ်(Phalawat Party) ပါတီအနေနဲ့ ပါတီသစ်မှတ်ပုံတင်ပြီး ပါတီဥက္ကဋ္ဌအဖြစ် အခုတစ်ခေါက်ရွေးကောက်ပွဲ ဝင်ပြိုင်ပါတယ်။
သူက ပြီးခဲ့တဲ့အောက်လွှတ်တော်မှာ တရားရေး၊ တရားမျှတမှုဖော်ဆောင်ရေးနဲ့ လူ့အခွင့်အရေးကော်မတီမှာ အမြဲတမ်းကော်မတီဝင်ဖြစ်ပါတယ်။
မစ္စတာ ကနဝီကတော့ မြန်မာရွှေ့ပြောင်းလုပ်သားထုဟာ ထိုင်းစီးပွားရေးအတွက် မောင်းနှင်အားဖြစ်လို့ ရွှေပြောင်းလုပ်သားတွေအရေးအတွက် သူ့ပါတီမှာ မူဝါဒ သတ်သတ်မှတ်မှတ်ထည့်သွင်းထားတယ်လို့ ပြောပါတယ်။
''ဝန်ထုပ်ဝန်ပိုးအဖြစ်မမြင်ဘဲ အင်အားအဖြစ်ပြောင်းဖို့ လိုပါတယ်။ ဆိုကြပါစို့ ရွှေ့ပြောင်းနေထိုင်သူ သန်းချီကို ဒီအတိုင်းပစ်ထားတာထက် တရားဝင်အောင် ဆောင်ရွက်လို့ လုပ်ငန်းခွင်ဝင်ကြမယ်ဆိုရင် ဒီလူတွေကနေ နိုင်ငံတော်အခွန်ရမယ်၊ တဖက်မှာလည်း ထိုင်းလုပ်သားထုအတွက် ပေါင်းစည်းအား ဖြစ်စေမယ်။ တစ်ချိန်တည်းမှာပဲ သန်းနဲ့ချီတဲ့ရွှေ့ပြောင်းအရေးနဲ့ဆက်နွှယ်တဲ့အဂတိမှုတွေလည်း တိုက်ဖျက်ပြီး ဖြစ်သွားမယ်'' လို့ သူက ထောက်ပြပါတယ်။
ရွှေ့ပြောင်းလုပ်သားအရေးကို စနစ်တကျကိုင်တွယ်တာဟာ လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်ရင် နိုင်ငံအတွက် အကောင်ဘက်ဦးတည်တဲ့လုပ်ရပ်ဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း ဒီအရေးကို ထိုင်းက အပြောင်းအလဲလုပ်ပြနိုင်ပြီလို့ ရဲရဲဝင့်ဝင့် ပြောနိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
''ထိုင်းဟာ ရွှေ့ပြောင်းတွေအပါအဝင် လူ့အခွင့်အရေးကိစ္စတွေကို ကောဇောအောက်ထဲ ထိုးထည့်ပြီး ဖုံးကွယ်ထားတယ်ဆိုတဲ့အမြင်တွေကို ပြောင်းလဲနိုင်မယ်။ ဒီအရေးကို ကောဇောအောက် ဆက်ပြီး မထိုးသိပ်ထားတော့ဘဲ ပေါ်တင် ဖြေရှင်းပြီး နိုင်ငံတည်ဆောက်ရေးမှာ အားလုံးလုပ်ဆောင်နိုင်တဲ့အခင်းအကျင်းမျိုးကို ကျွန်တော်တို့ ကြိုးပမ်းမှာ'' လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်းအရေးဆောင်ရွက်သူတွေကတော့ မတည်ငြိမ်တဲ့ရွှေ့ပြောင်းလုပ်သားအရေးမူဝါဒတွေကြောင့် လုပ်သားတွေ နစ်နာမှုရှိနေတယ်လို့ ထောက်ပြပါတယ်။
ရွှေ့ပြောင်းအရေး ဆောင်ရွက်တဲ့ ထိုင်းအဖွဲ့အစည်း (MWG) အဖွဲ့ကတော့ အလုပ်သမားဝန်ကြီးဌာနအောက် အလုပ်သမားခန့်ထားရေးဌာနက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ မိတ်ဆက်ခဲ့တဲ့ အွန်လိုင်းကနေ အလုပ်လုပ်ခွင့်လက်မှတ်လျှောက်နိုင်တဲ့စနစ်ကို ထောက်ပြပါတယ်။
ပြင်ပက ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုတဲ့ဒီစနစ်မှာ သီတင်းတစ်ပတ်အတွင်း နည်းပညာချို့ယွင်းမှုဖြစ်လို့ အစီအစဥ် ဆိုင်းငံ့လိုက်ရတဲ့အခါ ရွှေ့ပြောင်းလုပ်သား ၂ သိန်းနီးပါးလောက် မှတ်ပုံတင်ဖို့ ကြန့်ကြာ နစ်နာခဲ့တယ်လို့ ထောက်ပြပါတယ်။
ဒီအတွက် စာရင်းတင်လိုသူတွေဟာ လုပ်ငန်းစဥ်မြန်ဆန်အောင် ကြားခံပွဲစားတွေကို အသုံးပြုရတဲ့အခါ အဖိုးအခကြီးကြီးပေးရတာနဲ့ အဂတိလိုက်စားမှုဖြစ်ရပ်တွေကို ဦးတည်စေတယ်လို့လည်းပြောပါတယ်။
ဒါကြောင့် အစိုးရသစ်တက်လာတဲ့အခါ ဒီအရေးကို ကိုင်တွယ်ဖို့ အစိုးရဌာနတစ်ခုတည်းအောက်မှာ လုပ်ဆောင်နိုင်အောင် အခွင့်အလမ်းဖန်တီးတာမျိုး၊ နည်းပညာအခြေပြုတဲ့လုပ်သားကဏ္ဍကို ပြောင်းလဲဖို့ကြိုးစားတာမျိုးနဲ့ ရွှေ့ပြောင်းလုပ်သားအင်အားကိုပဲ ဆက်ပြီး မှီခိုနေရတာမျိုးဆိုရင်လည်း စနစ်ကျတဲ့လုပ်ငန်းစဥ်ရှိဖို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက တိုက်တွန်းအကြံပြုထားပါတယ်။
၂၀၂၆ ထိုင်းရွေးကောက်ပွဲမှာ ရေပန်းအစားဆုံးပါတီက People's Party (အရင်က လိမ္မော်ရောင်၊ Move Forward Party) ဖြစ်ပြီး အသက် ၃၈ နှစ်ရှိအရွယ် ဆော့ဝဲလ်အင်ဂျင်နီယာ နာတာဖောင် (Nattaphong Ruengpanyawut) ကို ဝန်ကြီးချုပ်လောင်း လျာထားထားပါတယ်။
၂၀၂၃ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုရခဲ့ပေမဲ့ ဝန်ကြီးချုပ်မဖြစ်ခဲ့ရသလို နိုင်ငံရေးမှာကိုယ်တိုင်ပါဝင်လုပ်ကိုင်ခွင့် ၁၀ နှစ်ပိတ်ပင်ခံထားရဲ့ ပီတာလင်ဂျာရွန်ရတ်ရဲ့ Move Forward Party ကို နာမည်ပြောင်းခဲ့ရတာပါ။
People's Party ရဲ့ ၂၀၂၆ ရွေးကောက်ပွဲဝင် အမတ်တချို့ကတော့ ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူးလို့ ပြောလေ့ရှိသလို ၂၀၂၃ ကတည်းက မြန်မာ့အရေးဖြေရှင်းရေးနဲ့ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ မူရှိခဲ့ပါတီဖြစ်ပါတယ်။
Peoples' Party ကို မြန်မာ့အရေးနဲ့ မြန်မာလုပ်သားအရေးအတွက် ဘီဘီစီက မေးခွန်းထုတ်ထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ဖေဖော်ဝါရီ ၈ ရက်နေ့ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်အရ ရွှေ့ပြောင်းလုပ်သားများအတွက် ခိုင်မာတဲ့ မူဝါဒများရှိမယ့်ပါတီကြီးတစ်ခုက အသာစီးရပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် စိုးရိမ်ကြောင့်ကြနေကြရတဲ့ ရွှေ့ပြောင်းလုပ်သားဘဝ သံသရာကနေ ရုန်းထွက်နိုင်ကြမလားဆိုတာကို မြန်မာလုပ်သားများလည်း စိတ်ဝင်တစားစောင့်မျှော်နေကြပါတယ်။