NUG ထိန်းချုပ်ဒေသတချို့မှာ အခွန်ငွေ အဂတိလိုက်စားမှုတွေ ဘယ်လိုဖြစ်ခဲ့လဲ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ အုပ်ချုပ်ရေးလည်ပတ်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ အခွန်ငွေ ကျပ်သိန်းပေါင်းသောင်းကျော် အလွဲသုံးစားလုပ်မှုတွေကြောင့် ဖမ်းဆီးအရေးယူမှုတွေ ရှိလာပါတယ်။

၂၀၂၅ ဩဂုတ်လက ကနီမြို့နယ်က ပသုံးလုံး အပါအဝင် သယံဇာတကော်မတီဝင် ၁၃ ဦးကို အမျိုးသားညီညွတ် ရေးအစိုးရ (NUG) လက်အောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ကနီ‌ဒေသထဲမှာ အခွန်ငွေ ကျပ်သိန်းပေါင်း သောင်းကျော်အလွဲသုံးစားလုပ်မှုကြောင့်လို့ ဒီဖြစ်စဥ်ကို သိရှိထားတဲ့ ကနီဒေသထဲက တပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

''ပ သုံးလုံး'' ဆိုတာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ကို အတိုကောက် ခေါ်ဆိုတာဖြစ်ပါတယ်။

ကနီဖမ်းဆီးမှုအပြီး တစ်လကျော်အကြာ အောက်တိုဘာလထဲမှာတော့ ကန့်ဘလူမြို့နယ်က အခွန်တော်အရာရှိနဲ့အဖွဲ့ဝင် ၇ ဦးဟာလည်း အခွန်ငွေအလွဲသုံးစားလုပ်မှုတွေအပြင် တခြားအမှုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ NUG ထိန်းချုပ်နယ်မြေတချို့မှာ အခွန်ငွေအလွဲသုံးစားမှုနဲ့ အဂတိလိုက်စားမှုတွေ ဘယ်လိုဖြစ်ခဲ့လဲ။

ဖမ်းဆီးခံရတဲ့ ၁၃ ဦး ဘာဆက်ဖြစ်နေလဲ

ကနီဒေသထဲက ဖမ်းဆီးခံရတဲ့ ၁၃ ဦးကို စစ်ဆေးနေချိန်မှာပဲ အဲဒီထဲက ၂ ဦးဟာ ကနီဒေသထဲက အချုပ်တစ်ခုကနေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ NUG ရဲ့ ကနီခရိုင်အုပ်ချုပ်ရေးအဆင့်နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

"အချုပ်‌ထောင်မှာ စောင့်ကြပ်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ပေါ့လျော့မှုကြောင့် လွတ်သွားတာပါ။ ၂ ယောက်လုံး တစ်ရက်တည်း အတူတူထွက်ပြေးသွားတာ" လို့ဆိုပြီး ဘယ်လိုပုံစံနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတာကို‌တော့ သူက ဖြေဆိုဖို့ ငြင်းပါတယ်။

ကျန်တဲ့ ၁၁ ဦးကိုတော့ ယင်းမာပင်ခရိုင်ထဲက တစ်နေရာမှာ ၂၀၂၅ နိုဝင်ဘာ ၄ ရက်အထိ စစ်ဆေးမှုတွေ ဆက်လုပ်နေဆဲပဲလို့ သူက ထပ်ပြောပါတယ်။

"အမှုက စစ်ဆေးနေတုန်းပဲ၊ မပြီးသေးပါဘူး။ စစ်ဆေးပြီးရင် ဥပဒေကြောင်းအရ အရေးယူခံရမှာပါ" လို့ သူက ပြောပါတယ်။

လွတ်မြောက်သွားတဲ့ နှစ်ဦးထဲက တစ်ဦးကတော့ ကနီမြို့နယ်ရဲ့ အခွန်ဆိုင်ရာ မြို့နယ်တာဝန်ခံရာထူးထမ်းဆောင်ခဲ့တဲ့သူလို့ သူက ဆက်ပြောပါတယ်။ နောက် တစ်ဦးကိုတော့ မည်သူမည်ဝါဖြစ်ကြောင်း ဘီဘီစီက စုံစမ်းနေဆဲဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ၁၃ ဦးထဲမှာ ကနီ ပသုံးလုံးအဖွဲ့ဝင်တွေ၊ ကနီမြို့နယ်အခွန်တာဝန်ခံနဲ့ အခွန်ဝန်ထမ်းတချို့လည်းပါတယ်လို့ ကနီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ကလည်း အတည်ပြုပြောပါတယ်။

NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ စစ်ဆေးချက်တွေ ပေါ်ပေါက်လာမှ ဥပဒေကြောင်းအရ ဆက်ပြီးဆောင်ရွက်မယ်လို့ အစောပိုင်းကတည်းက ဖြေကြားထားပါတယ်။

"အရေးယူတဲ့ အခြေအနေ မရောက်သေးပါဘူး။ စစ်ဆေးတဲ့အခါမှာ ထပ်ပြီးပေါ်လာတဲ့အချက်တွေပေါ် မူတည်တယ်။ ပြီးတော့မှ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ သူက ပြောခဲ့တာပါ။

ဖမ်းဆီးခံရပြီးနောက် အဲဒီဖမ်းဆီးခံ ပသုံးလုံးအဖွဲ့ဝင် ၁၃ ဦးရဲ့ ပိုင်ဆိုင်မှုတွေထဲက ရွှေ့ပြောင်းလို့ရတဲ့ ပစ္စည်းအများစုကို ပြန်သိမ်းယူထားတယ်လို့ ကနီမှာရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

အခွန်ငွေအလွဲသုံးစားလုပ်ပြီး ဝယ်ယူထားတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းယူလိုက်တာလို့ဆိုပါတယ်။

"ကား ၆ စီးဝန်းကျင်၊ စတားလင့်ခ်တွေနဲ့ သူတို့(အဖမ်းခံထားရသူတွေ)ကိုင်ဆောင်တဲ့ သေနတ်ပြောင်းတို၊ ပြောင်းရှည်" တွေကို သိမ်းထားတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

အမှုတွေအားလုံးစစ်ဆေးပြီးရင်တော့ အလွဲသုံးစားလုပ်ပြီး ဝယ်ယူထားတဲ့ ကျန်တဲ့ပစ္စည်းတွေအားလုံးလည်း ထပ်ပြီးသိမ်းခံရနိုင်ခြေရှိတယ်လို့ အဖမ်းခံရတဲ့သူတချို့နဲ့နီးစပ်တဲ့ ကနီမြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ၁၁ ဦးကိုလည်း စပြီးဖမ်းဆီးတဲ့အချိန်ကလိုပဲ တစ်ပတ်တစ်ခါ မိသားစုနဲ့ဖုန်းပြောခွင့်ပေးထားတယ်လို့ သိရပါတယ်။

"ကား ၆ စီးဝန်းကျင်၊ စတားလင့်ခ်တွေနဲ့ သူတို့(အဖမ်းခံထားရသူတွေ)ကိုင်ဆောင်တဲ့ သေနတ်ပြောင်းတို၊ ပြောင်းရှည်" တွေကို သိမ်းထားတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

အမှုတွေအားလုံးစစ်ဆေးပြီးရင်တော့ အလွဲသုံးစားလုပ်ပြီး ဝယ်ယူထားတဲ့ ပစ္စည်းတွေအားလုံး ထပ်ပြီးသိမ်းခံရနိုင်ခြေရှိတယ်လို့ ဒီဖြစ်စဥ်ကို သိထားတဲ့ နောက်ထပ် ကနီဒေသက သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

အဂတိမှုတွေဘယ်လိုပေါ်ပေါက်ခဲ့

ကနီမြို့နယ်က ပသုံးလုံး အပါအဝင် သယံဇာတကော်မတီဝင် ၁၃ ဦးကို ဖမ်းဆီးခဲ့ချိန်က ကနီအခြေစိုက် "PDF တပ်ရင်း ၉ ရင်းက ခြစားမှုတွေကို ပူးပေါင်းဖော်ထုတ်ပြီး ဖမ်းဆီးခဲ့တာ"လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ကနီနယ်ထဲက တပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကလည်း ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အမိန့်နဲ့ ကာကွယ်ရေးတပ်တွေက ဖမ်းဆီးပေးခဲ့တာလို့ အစောပိုင်းမှာ ဖြေကြားထားပါတယ်။

ပသုံးလုံးဆိုတာဟာ ရပ်ရွာအခြေပြုတဲ့ ပြည်သူ့လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအတွက် ဖွဲ့စည်းထားထာဖြစ်ပြီး ပ.လ.ဖ နဲ့ ပ.အ.ဖကိုတော့ NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်ပါတယ်။

ပ.က.ဖ ကိုတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က အုပ်ချုပ်တာဖြစ်ပါတယ်။

စစ်တပ်အဖြစ် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်းတွေကိုလည်း MOD ကပဲ တိုက်ရိုက်ကွပ်ကဲပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပသုံးလုံးအဖွဲ့ဝင်တွေဟာ တော်လှန်ရေးအစပိုင်းလောက်ကတည်းက ကနီဒေသထဲမှာ ဂိတ်တွေဖွင့်ပြီး အခွန်တွေကို အဆမတန်ကောက်ခံနေခဲ့တာလို့ ဒီအခြေအနေတွေကိုသိတဲ့ ယင်းမာပင်ခရိုင်၊ ကနီဒေသထဲက PDF တပ်ရင်းတချို့က ဘီဘီစီကို ပြောကြပါတယ်။

"၂၀၂၂ နောက်ပိုင်းကတည်းက ပသုံးလုံးအဖွဲ့ဝင်တွေက အကျင့်ပျက်ခြစားနေတာ"လို့ဆိုပြီး ကနီအခြေစိုက် PDF တပ်ရင်းတချို့ကနေ ဒီအခြေအနေတွေကို NUG ရဲ့ ဝန်ကြီးဌာန ၃ခုထံကို တိုင်ကြားခဲ့တယ်လို့ ကနီတပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူတို့အနေနဲ့ NUG ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကို ၂၀၂၂ ခုနှစ်နောက်ပိုင်းကစပြီး ၂ ကြိမ်ထက်မနည်း စာပေးပို့ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အထိ တိုင်ကြားမှုတွေအပေါ် NUG ရဲ့ ဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ မြေပြင်အထိလာပြီး စစ်ဆေးဆောင်ရွက်တာတွေ မရှိခဲ့ဘူးလို့ သိရှိရပါတယ်။

ဒါကြောင့် အခွန်ငွေအလွဲသုံးစားလုပ်မှုအပေါ် NUG အနေနဲ့ ဖမ်းဆီးအရေးယူတဲ့ အခြေအနေအထိရောက်အောင် ယင်းမာပင်ခရိုင် PDF တပ်ရင်းတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

''အဲဒီ ၁၃ဦးရဲ့ အကျင့်ပျက်ခြစားတဲ့ သက်သေတွေကို လနဲ့ချီ အချိန်ယူပြီးဖော်ထုတ်ခဲ့ရတယ်'' လို့ ကနီတပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ပြောပါတယ်။

၂၀၂၅ ခုနှစ်ထဲမှာ "ကောက်ခံထားတဲ့ အခွန်ငွေတွေနဲ့ ကိုယ်ကျိုးအတွက် ဝယ်ထားတဲ့အရောင်းအဝယ်စာချုပ်သက်သေတွေ တင်ပြပြီး NUG ကို ထပ်မံတိုင်ကြားပြီးမှ ဖမ်းဆီးထိန်းသိမ်းလိုက်တာ" လို့ သူက ဆိုပါတယ်။

ကနီတပ်ရင်းတွေက ဖမ်းဆီးမှုမလုပ်ခင် NUG ကို တိုင်ကြားထားချိန်အတွင်းမှာပဲ အခွန်ဂိတ်တွေကို ပသုံးလုံးတွေနဲ့ တွဲကိုင်ပြီး အခွန်ကောက်ခံတာတွေလုပ်ခဲ့တယ်လို့ ကနီခရိုင်အဆင့်အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

"နှစ်ဝက်နီးပါးလောက် ကောက်လိုက်တော့ ပသုံးလုံးနဲ့ တွဲမကိုင်ခင်နဲ့ တွဲကိုင်ပြီးနောက်အခွန်စာရင်းတွေ ကွာဟနေတာ ပိုသိသာထင်ရှားလာတယ်။ နောက်ပိုင်း ပသုံးလုံးတွေကို ဂိတ်တွေကနေ လုံးဝဖယ်ပစ်လိုက်တာ"လို့ သူက ဆိုပါတယ်။

အဲဒီလိုသက်သေတွေနဲ့ တိုင်ကြားပြီးနောက် ၂၀၂၅ နှစ်ဝက်ကျော်မှာ NUG ရဲ့ သယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင် နဲ့ ဝန်ကြီးဌာန တာဝန်ရှိသူတချို့ ကနီမြို့နယ်အထိ ရောက်လာခဲ့တယ်လို့ သူကဆိုပါတယ်။

အခွန်ငွေအလွဲသုံးစားလုပ်တဲ့ တိုင်ကြားချက်တွေအပေါ် ဖမ်းဆီးခံထားရတဲ့အဖွဲ့ဝင် ၁၃ ဦးထဲက တချို့ကို ကနဦးအနေနဲ့ စုံခုံဖွဲ့စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ယင်းမာပင်ခရိုင် အခြေစိုက် PDF တပ်ရင်း ၉ ခုနဲ့ သယံဇာတဝန်ကြီးတို့ လျှို့ဝှက်အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး အဂတိမှုတွေကို ဖော်ထုတ်ပေးဖို့ တပ်ရင်းတွေကို တောင်းဆိုခဲ့တယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြန်ပြောပြပါတယ်။

ဒါ့အပြင် ကနီဒေသထဲက သစ်ခိုးထုတ်နေတဲ့ ကိစ္စတွေကိုလည်း စောင့်ကြည့်လေ့လာပြီး သစ်တောကို ထိန်းသိမ်းပေးဖို့ ဝန်ကြီး ဦးတူးခေါင်က မှာကြားခဲ့တဲ့အကြောင်း သူက ပြန်ပြောပြပါတယ်။

ဝန်ကြီးဦးတူးခေါင်နဲ့ အဖွဲ့ဟာ ကနီဒေသမှာ အဂတိအမှုတွေနဲ့ တိုင်ကြားခံထားရတဲ့သူတွေကို စုံခုံဖွဲ့ပြီး ကနဦးစစ်ဆေးပြီးတဲ့နောက်မှာမှ MOD ရဲ့ ညွှန်ကြားချက်နဲ့ ဖမ်းဆီးမှုတွေဖြစ်လာတာပါ။

ဖမ်းဆီးခံရသူတွေနဲ့ သစ်ခိုးထုတ်တဲ့ ကိစ္စတွေ

ဖမ်းဆီးခံရတဲ့အဖွဲ့ဝင်တွေဟာ ကနီဒေသထဲက သစ်ခိုးထုတ်တဲ့အဖွဲ့တချို့နဲ့လည်း ပတ်သက်ဆက်စပ်မှုရှိနေတာကြောင့် ဝန်ကြီး ဦးတူးခေါင်က စောင့်ကြည့်ဖို့မှာကြားခဲ့တာလို့ သူက ရှင်းပြပါတယ်။

"ဖမ်းဆီးခံရတဲ့သူတွေနဲ့ နီးစပ်တဲ့ အဖွဲ့တချို့က သစ်ခိုးထုတ်တာတွေလည်း လုပ်တယ်၊ ဖမ်းခံရတဲ့သူတွေက ခိုးထုတ်တဲ့သူတွေဆီက အခကြေးငွေယူပြီး မဖမ်းဘဲ လွှတ်ပေးထားတဲ့သဘော" လို့ ယင်းမာပင်ခရိုင် PDF တပ်ရင်းတစ်ခုရဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ထုတ်ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အဖွဲ့ဝင်တွေဟာ ကနီဒေသထဲက သစ်ခိုးထုတ်တဲ့ အဖွဲ့တချို့နဲ့ ပတ်သက်မှုရှိ၊ မရှိအပေါ် ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

စစ်ကိုင်းတိုင်းထဲက ကနီနဲ့ ယင်းမာပင်အပါအဝင် ပုလဲ၊ မင်းကင်း စတဲ့ မြို့ ၄ မြို့နယ် ၄ ခုအစပ်မှာ အာဆီယံအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းရှိပြီး အဲဒီကြိုးဝိုင်းဟာ ၁,၅၉၇ စတုရန်းကီလိုမီတာ ကျယ်ပြန့်ပါတယ်။

သစ်ခိုးတဲ့ဂိုဏ်းတွေအပြင် နယ်မြေခံ တော်လှန်ရေးအဖွဲ့အစည်းတချို့ကလည်း အာဏာသိမ်းကာလတွေမှာ ဒီကြိုးဝိုင်းထဲကနေ သစ်ခိုးထုတ်မှုတွေလုပ်နေတယ်လို့ ဒေသခံတချို့က ထုတ်ပြောလာကြပါတယ်။

NUG ကတော့ ဒီကြိုးဝိုင်းထဲမှာ သစ်ခိုးထုတ်တာတွေကို တားဆီးဖို့အတွက် ၂၀၂၄ ခုနှစ်ထဲမှာတော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့ပါဝင်တဲ့ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

ကော်မတီဝင် တပ်ဖွဲ့ဝင်တွေက ကင်းလှည့်စစ်ဆေးမှုတွေရှိပေမယ့် သစ်ခိုးထုတ်မှုတွေက ဆက်ရှိနေတယ်လို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးကာလ ၄ နှစ်ကျော်အတွင်းမှာ စားဝတ်နေရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် ဒေသခံတချို့နဲ့ နယ်မြေခံ တပ်ဖွဲ့ဝင်တချို့က သစ်တွေ ဝါးတွေကို ခုတ်ယူမှုတွေရှိလာတယ်လို့ ဒေသခံ ၂ ဦးထက်မနည်းက ပြောပါတယ်။

"ကျွန်း၊ ပိတောက်၊ သစ်မာ၊ တမလန်း တွေကို များများခုတ်တယ်။ ၂၀၂၅ ခုနှစ်မှာတော့ အဲဒီလိုသစ်တွေကို တောနက်ပိုင်းထဲမှာပဲ တွေ့ရတော့တယ်" လို့ ကနီမြို့က သစ်လုပ်ငန်းရှင်တစ်ဦးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

ကနီ ပသုံးလုံးက အခွန်တွေကို ဘယ်လိုစနစ်နဲ့ ကောက်ခံခဲ့လဲ

အဖမ်းခံထားရတဲ့သူ ၁၃ ဦးဟာ ကနီမြို့နယ်တွင်း ချင်းတွင်းမြစ်ကြောင်းတလျှောက်က ရေလမ်းဂိတ်တွေအပြင် ကုန်းလမ်းပေါ်က ဂိတ်တွေမှာလည်း သစ်ကား၊ ဝါးကား၊စက်သုံးဆီကားတွေကို အခွန်အဆမတန်ကောက်ခံခဲ့တယ်လို့ သစ်ကုန်သည် ၂ ဦးနဲ့ ဒေသခံတချို့က ဘီဘီစီကို ထုတ်ပြောကြပါတယ်။

"ဘာသတ်မှတ်ချက်မှ မရှိဘူး။ တောင်းချင်တဲ့ ပမာဏကို စည်းလွတ်ဝါးလွတ်တောင်းတာ" လို့ ရေလမ်းဂိတ်မှာ အခွန်သိန်းဆယ်နဲ့ချီပေးဆောင်ခဲ့ရတဲ့ ဟုမ္မလင်းမြို့က သစ်ကုန်သည်တစ်ဦးက ဆိုပါတယ်။

ကနီဒေသ ရေလမ်းတကြောက အခွန်ဂိတ်တွေကို စောင့်ကြည့်ခဲ့တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကတော့ ရေလမ်းဂိတ်တွေကနေ ကုန်တင်ရေယာဉ်တွေဆီက ကောက်လို့ရတဲ့အခွန်ငွေဟာ ၂၀၂၅ ခုနှစ် နှစ်ဝက်နီးပါးအထိ တစ်ရက်ကို ကျပ်သိန်း ၆၀၀ ကျော်အထိ ရှိတယ်လို့ ပြောပါတယ်။

"စက်သုံးဆီနဲ့ ကျောက်မီးသွေးတင်လာတဲ့သင်္ဘောတွေဆိုရင် ကုန်တင်ထားတဲ့ အလေးချိန်နဲ့ ကုန်တန်ဖိုးပေါ်မူတည်ပြီး ကျပ်သိန်း ဆယ်ချီကနေ သိန်းတစ်ရာကျော်အထိ အခွန်ဆောင်ရတယ်" လို့ ကနီဒေသခံ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါတယ်။

ကနီ၊ ထောက်ကြန့်ကုန်းရွာအနီးက ရေလမ်းဂိတ်တစ်ခုကနေ တစ်ရက်ကောက်ခံလို့ရတဲ့ အခွန်ငွေဟာ ကျပ် သိန်း ၅၀၀ အထိရှိတယ်လို့ ကနီ တပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကနီမြို့နယ်ထဲက "အိုင်တောင်ရွာ ဂိတ်ဆိုရင်တော့ တစ်ရက်ကို ကျပ်သိန်း ၁၀၀ ဝန်းကျင်ရတယ်" လို့ သူက ဆိုပါတယ်။

ကုန်းပေါ်မှာလည်း ကနီမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းက ငုတ်ချောင်း၊ ပျဉ်တော ဂိတ်မှာ ပသုံးလုံးအခွန်ဂိတ်တွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

မြစ်အနောက်ဘက်ခြမ်းမှာဆိုရင်လည်း "ယာကြီးဂိတ်၊ သစ်ဝင်ဂိတ်တွေကနေ ကောက်တယ်။ ပသုံးလုံးက လူတွေကို ဂိတ်အလိုက် ဖြန့်ထားပြီး အခွန်ကို စည်းကမ်းမဲ့ ကောက်ခဲ့တာ" လို့ သူက ထပ်ပြောခဲ့ပါတယ်။

ကနီမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရားဝင်ခွင့်ပြုထားတဲ့ အခွန်ကောက်ခံဂိတ် ၄ ဂိတ်နဲ့ လုံခြုံရေး ဂိတ် ၁ ဂိတ်ရှိပြီး ခွင့်ပြုချက်မရှိဘဲ အခွန်ကောက်ခံနေတဲ့ ဂိတ်တွေကတော့ ၂၀ ကျော်ရှိတယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

NUG ကတော့ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်ဖို့အတွက် အခွန်ကောက်ခံခြင်းနှင့်မျှဝေသုံးစွဲခြင်းဆိုင်ရာမူဝါဒကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းကထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီမူဝါဒအရ ပ.အ.ဖ နဲ့ ပ.က.ဖ စတဲ့ အဖွဲ့တွေကို အခွန်ကောက်ခံခွင့်ပြုပြီး အခွန်ရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ခွဲဝေသုံးစွဲခွင့်ပြုတယ်လို့ သိရပါတယ်။

အခွန်ခွဲဝေတဲ့အခါမှာလည်း NUG ရဲ့အစိုးရအဖွဲ့က အခွန်ကောက်ခံရရှိမှုရဲ့ ၃၀ ရာခိုင်နှုန်းကို စီမံခွင့်ရှိပြီး ပ.အ.ဖ က ၃၀ ရာခိုင်နှုန်းနဲ့ ပ.က.ဖ က ၄၀ ရာခိုင်နှုန်း စီမံခွင့်ရှိတယ်လို့ NUG က ကြေညာထားတာပါ။

အခွန်ကောက်ခံတဲ့အခါမှာလည်း NUG ရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ ညှိနှိုင်းကောက်ခံရမယ့်အကြောင်း မူဝါဒမှာ သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ဖမ်းဆီးခံထားရတဲ့ ကနီက သယံဇာတနဲ့ ပသုံးလုံးအဖွဲ့ဝင် ၁၃ ဦးကတော့ သတ်မှတ်ထားတဲ့ အခွန်ကောက်ခံရမယ့် စနစ်တွေကို လိုက်နာခြင်းမရှိခဲ့ဘူးလို့ ကနီ က ရေလမ်းနဲ့ ကုန်းလမ်းဂိတ်တွေကို ၂ နှစ်ကြာ စောင့်ကြည့်ခဲ့တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေအတွက် မြေပြင်မှာ အခွန်ကောက်ခံတဲ့ စနစ်နဲ့ ပတ်သက်လို့ လမ်းညွှန်ချက်တွေ ချထားပြီးဖြစ်သလို သက်ဆိုင်ရာ အရာရှိတွေ ခန့်အပ်ထားတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဘီဘီစီကို ဩဂုတ်လကုန်ပိုင်းမှာ ဖြေကြားထားပါတယ်။

အဲဒီ ၁၃ ဦးဟာ ကောက်ခံရရှိလာတဲ့ အခွန်ငွေတွေကို ကနီဒေသထဲက PDF တပ်ရင်းတွေထံ ခွဲဝေပေးခဲ့တာမရှိသလို တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ တခြားကဏ္ဍတွေအတွက်လည်း မျှဝေသုံးစွဲခဲ့တာမရှိဘူးလို့ ကနီအခြေစိုက် PDF တပ်ရင်း ၂ ခုက ဘီဘီစီကို အတည်ပြုပြောပါတယ်။

"ကိုယ်ကျိုးနဲ့ မိသားစုကောင်းစားဖို့ပဲ သူတို့(အဖမ်းခံရတဲ့သူတွေ) က သုံးခဲ့တာ" လို့ ကနီ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ ကနီမြို့ခံတစ်ဦးကလည်း "၂၀၂၂ လောက်ကနေ ၂၀၂၅ နှစ်စပိုင်းအထိ ၃ နှစ်ကျော်အတွင်းမှာ အဖမ်းခံထားရတဲ့သူတွေရဲ့ လူနေမှုစနစ်တွေ ပြောင်းလဲသွားတာ၊ တိုက်တွေ၊ ကားတွေနဲ့ ကြီးပွားသွားတာတွေ မျက်မြင်တွေ့ခဲ့ရတယ်" လို့ ဘီဘီစီကိုပြောပါတယ်။

ပူးပေါင်းဖမ်းဆီးခဲ့တဲ့ ယင်းမာပင်အခြေစိုက် PDF တပ်ရင်းတချို့ကတော့ ဖမ်းဆီးခံရတဲ့သူ ၁၃ ဦးလုံးမှာ ကိုယ်ကျိုးအတွက် ဝယ်ယူထားတဲ့ စာချုပ်အနည်းဆုံး ၄ ခုကနေ ၆ ခုအထိ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"ခြံမြေကွက်တွေ၊ ကားတွေနဲ့ အိမ်ဝင်းတွေ ဝယ်ထားကြတာ" လို့ စာချုပ်တွေကို ဖော်ထုတ်စုဆောင်းရာမှာ ကူညီပေးခဲ့တဲ့ ကနီဒေသခံ ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကနီမြို့နယ်ထဲက မြေကွက်၊ လယ်ကွက်တွေအပြင် မုံရွာမြို့ပေါ်က မြေကွက်နဲ့ အိမ်ဝင်း တချို့ကိုလည်း ဝယ်ယူထားတယ်လို့ စာချုပ်မှာပါတဲ့ အချက်အလက်တွေအရ သိရကြောင်း သူကဆိုပါတယ်။

ယင်းမာပင်ခရိုင် PDF တပ်ရင်း ၉ ရင်း ဖော်ထုတ်တွေ့ရှိခဲ့တဲ့ စာချုပ်တွေမှာပါတဲ့ အိမ်ခြံ၊ မြေပိုင်ဆိုင်မှုစုစုပေါင်းရဲ့ ကာလပေါက်တန်ကြေးဟာ ကျပ်သိန်းပေါင်းပေါင်း တစ်သောင်းကျော်အထိ ရှိနိုင်တယ်လို့ PDF တပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ပြောပါတယ်။

အလွဲသုံးစားလုပ်ခဲ့တဲ့ ငွေပမာဏတွေကို အတည်ပြုနိုင်ဖို့ ဘီဘီစီက NUG ကို ကြိုးစားဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဦးနေဘုန်းလတ် ကတော့ တော်လှန်ရေးမြေပြင်တွေမှာ အခွန်ကောက်ခံခွင့်ရှိတဲ့ အဖွဲ့အစည်းတွေအတွက်"အခွန်ကောက်အရာရှိဆိုတာမျိုး ခန့်ထားပြီးဆောင်ရွက်တယ်။ ညွှန်ကြားထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန်ဆောင်ရွက်တာတွေအတွက် စုံစမ်းစစ်ဆေးပြီး လိုအပ်ရင် ဖမ်းဆီးစစ်ဆေးအရေးယူဆောင်ရွက်သွားမယ်"လို့ ဘီဘီစီကို ဖြေကြားထားပါတယ်။

NUG အနေနဲ့ ကနီမှာ ဩဂုတ်လက ဖမ်းဆီးခံထားရတဲ့ ပသုံးလုံးအဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးတာ၊ အရေးယူတာတွေ မပြီးခင်မှာပဲ အောက်တိုဘာလမှာတော့ ကန့်ဘလူမြို့နယ်ထဲမှာ အဂတိလိုက်စားမှုနဲ့ အခွန်အရာရှိနဲ့ အဖွဲ့ဝင်တွေဖမ်းဆီးခံရမှု ထပ်ပြီးဖြစ်လာပါတယ်။

ကန့်ဘလူမြို့နယ်က အခွန်အရာရှိနဲ့ အဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှု

ကန့်ဘလူမြို့နယ်အရှေ့ခြမ်းကို တာဝန်ယူထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက် အခွန်အရာရှိ ကိုမြင့်ကျော်(ခ) အာခိုင်အပါအဝင် သူ့ရဲ့ ရုံးအဖွဲ့ဝင် ၇ ဦးဟာ အခွန်ငွေ ကျပ်သိန်း ထောင်နဲ့ချီကို အလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲခံရပြီး ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။

ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကတော့ ဦးမြင့်ကျော် အပါအဝင် ၇ ဦးကို ငွေကြေးအလွဲသုံးစားပြုတဲ့အဂတိမှုအပါအဝင် အချက် ၅ ချက်နဲ့ ဖမ်းဆီး စစ်ဆေးနေတယ်လို့ နိုဝင်ဘာ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ငွေကြေးပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို အဲဒီထုတ်ပြန်ချက်မှာ မဖော်ပြထားပေမဲ့ ပမာဏ သိန်းထောင်ချီတယ်လို့ အမှုအကြောင်းသိတဲ့ ကန့်ဘလူတပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ပြေစာတွေဆိုရင် NUG ကို ပြန်ပေးဘူး၊ ပြေစာ အတုတွေ၊ စည်းတံဆိပ် အတုတွေလည်း လုပ်တယ်" လို့ သူက ပြောပါတယ်။

အကောက်ခွန်အရာရှိဟာ ထိန်းချုပ်ထားတဲ့ဒေသအတွင်း ကောက်ခံရရှိတဲ့ သယံဇာတအပါအဝင် ကဏ္ဍအသီးသီးကနေရရှိတဲ့ အကောက်ခွန်ငွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အပ်နှံရတာဖြစ်ပါတယ်။

"အရေးယူဆောင်ရွက်တာတွေလုပ်ပြီးမှ ဘယ်လောက်အလွဲသုံးစားလုပ်ထားတယ်ဆိုတာ သိရမယ်၊ ပမာဏကတော့ အနည်းဆုံးထောင်နဲ့ချီ ရှိပါတယ်" လို့ အမှုအကြောင်းသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကတော့ အခွန်အရာရှိတာဝန်ယူထားသူအပါ ၇ ဦးဟာ အခွန်ငွေအလွဲသုံးစားလုပ်တာ၊ လုပ်ပိုင်ခွင့်အာဏာ မလျော်ဩဇာလုပ်တာ၊ မြို့နယ်ပအဖ တံဆိပ်စည်း အတုပြုလုပ်တာ၊ သက်သေခံပစ္စည်းဖျောက်ဖျက်မှု၊ စစ်တပ်ထောက်တိုင်တွေနဲ့ဆက်ဆံမှုပြုလုပ်တာတွေကြောင့် ထိန်းသိမ်းစစ်ဆေးနေတယ်လို့ အစောပိုင်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကန့်ဘလူမှာရှိတဲ့ ဘီဘီစီသတင်းရင်းမြစ်ကတော့ "ကန့်ဘလူနယ်ထဲက တပ်ရင်းတွေကပဲ စုံစမ်းထောက်လှမ်း၊ နောက်ဆုံး ဖမ်းဆီးတာအထိ လုပ်ပေးလိုက်တာ" လို့ ဆိုပါတယ်။

ကန့်ဘလူ ပအဖ ကတော့ စစ်ဘက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေး တာဝန်ရှိသူတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဒီလူ ၇ ဦးကို အရပ်ဘက်တရားစီရင်‌ရေးကို လွှဲပြောင်းပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းလို တော်လှန်ရေးအားကောင်းတဲ့ ဒေသမှာ ဒီလို အခွန်ငွေ အလွဲသုံးမှုတွေ တိုးလာတာက NUG အနေနဲ့ စွမ်းဆောင်ရည်ရှိတဲ့ အုပ်ချုပ်ရေးယန္တားတစ်ရပ်ကို ပီပီပြင်ပြင်မထူထောင်သေးနိုင်တဲ့ ရလဒ်ကြောင့်လို့ စစ်ကိုင်းနိုင်ငံရေးလေ့လာသူ ဦးစိုးဝင်းဆွေက ထောက်ပြပါတယ်။

"ဒေသခံပြည်သူလူထုက ဒီဒဏ်တွေကို တိုက်ရိုက်ခံနေရတာ" လို့ သူက ဆိုပါတယ်။

ဒီလိုငွေကြေးအဂတိမှုအရှုပ်တော်ပုံတွေ ဆက်ဖြစ်နေပြီး NUG အနေနဲ့ ထိထိရောက်ရောက် တားဆီးအရေးယူမှုတွေ မလုပ်နိုင်ဘူးဆိုရင် "တော်လှန်ရေးပုံရိပ်တွေ ကျဆင်းစေသလို တော်လှန်ရေးလမ်းစဉ်မှာလည်း ဆုံးရှုံးမှုတွေပိုဖြစ်လာနိုင်တယ်" လို့ ဦးစိုးဝင်းဆွေက မှတ်ချက်ပြုပါတယ်။