ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာမှာ သစ်တောပြုန်းတီးမှု မြန်မာ တတိယ
မြန်မာနိုင်ငံမှာ သစ်အလွန်အကျွံထုတ်မှု ၊ တရားမ၀င် သစ်ထုတ်မှု ၊ လောင်စာအတွက် ထင်းမီးသွေးအပေါ် မှီခိုနေရမှု ၊ သစ်တောမြေတွေကို လယ်ယာနဲ့ အိမ်မြေ အဖြစ် ပြောင်းလဲမှုတွေကြောင့် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ နှစ်စဉ် သစ်တော ဧက ဆယ်သိန်းနီးပါး ပြုန်းတီး လာနေပြီး ကမ္ဘာပေါ်မှာ သစ်တော ပြုန်းတီးမှု တတိယ အများဆုံး နိုင်ငံ ဖြစ်ခဲ့ပါတယ်။
ဒီလို သစ်တောပြုန်းတီးမှုတွေ ရပ်တန့်ဖို့ လက်ရှိ အစိုးရ လက်ထက်မှာ စီမံကိန်းချ လုပ်ဆောင်နေတယ်လို့ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တော ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦး ကျော်ကျော်လွင်က ပြောပါတယ်။
မနှစ် အစိုးရသစ် တက်လာပြီးနောက် တနိုင်ငံလုံး သစ်ထုတ်လုပ်မှုကို နှစ်ဝက်လောက် ရပ်ဆိုင်းခဲ့ပြီး သစ်ခုတ်မှု ဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခဲ့ရတဲ့ ပဲခူးရိုးမမှာ ဆယ်နှစ်ထိ ပိတ်ထားတယ်လို့လည်း ဆိုပါတယ်။
ပုဂ္ဂလိက သစ်ကုမ္ပဏီကြီးတွေကို သစ်ထုတ်လုပ်ခွင့် ပေးတာတွေ ရပ်ပြီး အစိုးရပိုင် မြန်မာ့သစ်လုပ်ငန်းကိုပဲ ထုတ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဆင်းရဲမှုကြောင့် သစ်ခိုးထုတ်တာတွေ ရှိနေသေးတယ်၊ သစ်တော ဝန်ထမ်း တယောက်က ဧက ရှစ်ထောင်ကျော် တာဝန်ယူ ကာကွယ်နေရလို့ စောင့်ရှောက်မှု အားနည်းနေသေးတယ်လို့ သစ်တော ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦး ကျော်ကျော်လွင်က ပြောပါတယ်။
ပြုန်းတီးသွားတဲ့ သစ်တောတွေ ပြန်လည် ထူထောင်ရေး အတွက် ၁ဝ နှစ် စီမံကိန်းချ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သစ်ထုတ်လုပ်မှုကို တနှစ် တန် ၁၇ သိန်းကျော်ကနေ တန် ၃ သိန်းထိ လျှော့ချထုတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။