ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေထွက်ရွာ ဗုံးကြဲခံရမှု - သယံဇာတဝင်ငွေဖြတ်တောက်ရေးကြိုးပမ်းချက်လား
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က သုံးရက်အတွင်း လေကြောင်းကနေ ငါးကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အယောက် ၄၀ အထိ မြင့်တက်လာပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ လိပ်ကျနဲ့ ရေထွက်ရွာတွေဟာ မန္တလေး - မြစ်ကြီးနားအမြန်လမ်းအနီးမှာရှိပြီး သဘာဝ သယံဇာတတစ်မျိုး ဖြစ်တဲ့ ရွှေထွက်တဲ့ဒေသလည်းဖြစ်ပါတယ်။
"သပိတ်ကျင်းမှာက ရွှေ အဓိကထွက်တယ်။ ဒီကနေမှ ကျွန်တော်တို့အတွက် အင်အား ဖြည့်တင်းနေတယ်လို့ မှတ်ယူပုံရတယ်" လို့ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ဦးသီဟက ပြောပါတယ်။
ရေထွက်ရွာလေကြောင်းတိုက်ခိုက်မှုမှာဆိုရင် ကြဲချတဲ့ဗုံးဟာ ဓာတ်ဆီဆိုင်ပေါ် ကျရောက် ပေါက်ကွဲတာကြောင့် သေဆုံးသူ ၂၇ ဦးအထိရှိလာပြီး ရုပ်အလောင်းအများစုဟာ မီးလောင်ကျွမ်းခဲ့ပါတယ်။
ရွှေတွင်းပေါတဲ့ လိပ်ကျနဲ့ ရေထွက်
သပိတ်ကျင်းမြို့နယ်ကနေရာအများစုကို ၁၀၂၇ ဒုတိယလှိုင်း၊ "ရှမ်း - မန်းစစ်ဆင်ရေး" ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF) က ဦးဆောင်သိမ်းပိုက်ခဲ့ပြီး အဲဒီထဲမှာ လိပ်ကျနဲ့ ရေထွက်ရွာတို့လည်း အပါအဝင်ပါ။
MDY PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ရဲ့ တိုက်ရိုက် အမိန့်ပေး ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားတဲ့ လက်နက်ကိုင် PDF အဖွဲ့ဖြစ်ပြီး သိမ်းပိုက်နယ်မြေမှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပါတယ်။
သိမ်းပိုက်ထားတဲ့ ရှစ်လတာကာလအတွင်း ဒီရွာတွေမှာ တနိုင်တပိုင်ရွှေတူးဖော်ရေးတွေကို NUG က ခွင့်ပြုထားသလို စစ်ကိုင်းတိုင်းထဲက စစ်ရှောင်တချို့ပါ ဒီဒေသမှာပြောင်းရွှေ့ပြီး စီးပွားရေးလုပ်ကိုင်နေကြတယ်လို့ ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
တူးဖော်ခွင့်ပြုထားတဲ့ လုပ်ကွက်အရေအတွက် အတိအကျသိရှိနိုင်အောင် ဘီဘီစီက ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေကြောင့် လိပ်ကျနဲ့ ရေထွက်ရွာတွေဟာ ပွဲလမ်းသဘင်မရှိလည်း အခြေခံအလုပ်သမား အများအပြားနဲ့ စည်ကားနေလေ့ရှိပါတယ်။
"ဒီရွာတွေမှာက ရွှေတူးတာပဲ လုပ်နေကြတာလေ။ စစ်ရှောင်တွေဆိုလည်း သမားရိုးကျစားဝတ်နေရေးဖြေ ရှင်းတာထက် ဒီလိုက ပိုအဆင်ပြေကြတယ်။ ကျွန်တော်တို့ကလည်း လွယ်ကူအောင်စီမံပေးထားတယ်" လို့ ပြင်ဦးလွင် ပကဖ တာဝန်ရှိသူ ဦးသီဟက ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီလထဲမှာတော့ ဒီရွာတွေပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ မကြာခဏဗုံးကြဲလာပါတယ်။
"ပြင်ဦးလွင်ခရိုင်ထဲ လေကြောင်းတိုက်ခိုက်တာက အခုလထဲ အဆိုးဆုံးပဲ။ အစက စဉ့်ကူးမှာအများဆုံးကြဲတယ်၊ နောက်တော့ သပိတ်ကျင်းပေါ့။ မတ္တရာနဲ့ မိုးကုတ်တို့မှာလည်း လေကြောင်းနဲ့ပစ်တယ်" လို့ ပြင်ဦးလွင် ခရိုင်ပကဖရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက သူရရှိထားတဲ့အချက်အလက်တွေကို ပြောပြပါတယ်။
MDY PDF ရဲ့ စာရင်းအရလည်း ဧပြီ ၁ ရက်ကနေ ၁၉ ရက်အထိ သပိတ်ကျင်းမြို့နယ်တစ်ခုတည်းမှာတင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ် အထိရှိနေပါတယ်။
ဧပြီ ၁၆ ရက်မှာ လိပ်ကျရွာကို ဗုံးကြဲခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ဧပြီ ၁၈ ရက်မှာတော့ လိပ်ကျရွာထဲနဲ့ လိပ်ကျ - ရေထွက်လမ်းခွဲအနီးကို နှစ်ကြိမ် ဗုံးကြဲချခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာတော့ လိပ်ကျရွာဈေးအနီးဗုံးကျလို့ သေဆုံးသူ ၁၃ ဦးရှိခဲ့ပါတယ်။ အဲဒီထဲကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးပဲ ပါဝင်ပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။
နောက်တစ်ရက် ဧပြီ ၁၉ ရက်မှာတော့ ရေထွက်ရွာပေါ်ကို ဗုံးကြဲချခဲ့ပြီး အဲဒီဗုံးဟာ ဓာတ်ဆီဆိုင်ပေါ် ကျရောက်ပေါက်ကွဲတာကြောင့် လူထိခိုက်သေဆုံးမှုများပြားခဲ့ပါတယ်။
နေ့လယ် ၁ နာရီခွဲမှာကြဲချခဲ့တဲ့ ဒီဗုံးကြောင့် အဆောက်အဦတွေလည်းမီးလောင်ကျွမ်းခဲ့သလို ရုပ်အလောင်း အများစုကိုလည်း မီးလောင်ကျွမ်းပြီးအနေအထားနဲ့သာ ပြန်လည်တွေ့ရှိခဲ့ရပါတယ်။
မြေပြင်မှာရှိနေတဲ့ မှတ်တမ်းရိုက်ကူးသူတစ်ဦးရဲ့ ဓာတ်ပုံအရလည်း ရေထွက်ရွာမီးလောင်ပြင်ထဲမှာ ရှာဖွေတွေ့ရှိတဲ့ ခန္ဓာကိုယ်အပိုင်းအစတွေဟာ ဘယ်သူဘယ်ဝါ ဆိုတာ မသိနိုင်လောက်တဲ့အထိ ပျက်စီးခဲ့တာတွေ့ရပါတယ်။
ရေထွက်ရွာမှာ ဘာတွေဆက်ဖြစ်နေလဲ
မီးလောင်ပြင်ထဲကရုပ်အလောင်းတွေကို နောက်တစ်ရက်အထိ ဆက်လက်ရှာဖွေခဲ့ကြပြီး ရုပ်အလောင်း ၂၇ လောင်းရရှိခဲ့ပါတယ်။ ဒီသေဆုံးသူတွေအကြောင်းအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
ထိခိုက်ဒဏ်ရာရရှိသူလည်း အယောက် ၃၀ ကျော်လာပြီး စာရင်းထပ်တိုးနိုင်တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ ရဲ့ စာရင်းအရသိရပါတယ်။
"ဒီနေ့ (ဧပြီ ၂၀) ညနေပိုင်းမှာ မနေ့က ရေထွက်ရွာမှာဗုံးကြဲခဲ့တဲ့နေရာကိုပဲ ထပ်ကြဲသွားတယ်" လို့ မြေပြင်မှာ ရောက်ရှိနေတဲ့ မှတ်တမ်းရိုက်ကူးသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဧပြီ ၂၀ ရက်ဗုံးကြဲမှုမှာတော့ ထိခိုက်ဒဏ်ရာရနဲ့သေဆုံးသူမရှိဘူးလို့ ဆိုပါတယ်။
လူဆယ်နဲ့ချီသေဆုံးတဲ့ ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာ ထုတ်ပြောတာ မရှိသေးပါဘူး။
ဒါပေမဲ့ စစ်တပ်ကို ထောက်ခံသူတွေရဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာမှာ ဖွင့်လှစ်ထားတဲ့ NUG အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲ့ အခိုင်အမာဌာနချုပ်နဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စခန်းတည်နေရာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီချန်နယ်တွေမှာ ရည်ညွှန်းတဲ့ ပသုံးလုံးဆိုတာဟာ NUG ရဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးတို့ကို ဆိုလိုတာဖြစ်ပါတယ်။
PDF တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေရဲ့ နေအိမ်၊ အဆောက်အဦတွေမှာ စခန်းချနေထိုင်နေပြီး ပြည်သူတွေကို လူသားဒိုင်းလုပ်နေတာလို့ စစ်ကောင်စီထောက်ခံသူတွေက နာမည်အစုံနဲ့ဖွင့် ထားတဲ့ တယ်လီဂရမ်ချယ်နယ်တွေကနေ ဆက်တိုက်ရေးသားထားတာတွေ့ရပါတယ်။
စစ်ရေးအရင်းအမြစ်တစ်ဦးကတော့ အဲဒီမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ ပြည်သူတွေက အမှုအခင်းဖြစ်ရင်တိုင်ကြားနိုင်တဲ့ ရုံးခန်းတချို့ရှိတယ်လို့ သိရပြီး အမှုတချို့ကို ကိုင်တွယ် ဖြေရှင်းတာတွေ ရှိတယ်လို့သိရပါတယ်။
ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူ ဦးသီဟကတော့ ဒါတွေကို ငြင်းဆိုပါတယ်။
"တော်လှန်ရေးအင်အားစုတွေက အခိုင်အမာအခြေချထားတာမရှိပါဘူး" လို့ ဦးသီဟ တုံ့ပြန်ပြောပါတယ်။
အခုလို စစ်တပ်ရဲ့ ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရေထွက်၊ လိပ်ကျရွာတွေအပြင် အနီးပတ်ဝန်းကျင်က ကျေးရွာတွေက ဒေသခံတွေကြားမှာပါ လေကြောင်းအန္တရာယ်ကို စိုးရိမ်စိတ် မြင့်တက်လာပါတယ်။
"ရေထွက်နဲ့ကပ်နေတဲ့ လက်ပံပြန့်ရွာကို ဒီနေ့ (ဧပြီ ၂၀) ရက်မှာ လေကြောင်းထပ်ပစ်မယ်လို့ သတင်းတွေ ထွက်နေပြီး လန့်နေကြတယ်" လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
''ငလျင်ထက် လေကြောင်းအန္တရာယ်ကို စိတ်ပူနေရတယ်'' - အဝေးရောက် မိသားစုဝင်တွေ
မြန်မာမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ငလျင်ဘေးကြောင့် လူသားချင်းစာနာ ထောက်ထားမှုအနေနဲ့ အပစ်ရပ်စဲကြောင်း NUG ရော၊ စစ်ကောင်စီကပါ ထုတ်ပြန်ထားပါတယ်။
NUG က ဧပြီ ၂၀ ရက်အထိ အပစ်ရပ်စဲထားမှာလို့ဆိုပြီး စစ်ကောင်စီကတော့ ဧပြီ ၂၂ ရက်အထိ အပစ်ရပ်မယ်လို့ ဆိုပါတယ်။
အပစ်ရပ်သက်တမ်းမကုန်ခင်မှာပဲ စစ်ကောင်စီတပ်ရဲ့ ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေကို မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်မှာသာမက စစ်ကိုင်းနဲ့ ကရင်တို့မှာလည်း သိသိသာသာတွေ့လာရပါတယ်။
လတ်တလောလေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ကြုံတွေ့နေရတဲ့ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေမှာတော့ လေကြောင်းရန်ကြောင့် ထိခိုက်သူတွေကို ဆေးဝါးကုသရေးဦးစားပေးဆောင်ရွက်ပေးနေတယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖဆီက သိရပါတယ်။
"လေကြောင်းကာကွယ်ဖို့ အခြားမရှိနိုင်သေးတဲ့အတွက် ဗုံးခိုကျင်းတူးဖို့တွေ၊ အကာအကွယ်ယူဖို့တွေ လုပ်ပေးနေတယ်" လို့ ပကဖ တာဝန်ရှိသူ ဦးသီဟ က ပြောပါတယ်။
အခုလိုဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ခံရတဲ့အပေါ် လိပ်ကျနဲ့ ရေထွက်ရွာမှာနေထိုင်နေတဲ့ ဒေသခံတွေရဲ့ အဝေးရောက်မိသားစုတွေကလည်း စိုးရိမ်နေကြပါတယ်။
"ရွာဘက်က လှမ်းဆက်သွယ်မှ ပဲရတယ်။ ဧပြီ ၁၈ ရက်လေကြောင်းလာပစ်တော့ အမြန်လမ်းနားက လျှပ်စစ် ကေဘယ်ကြိုးတွေပေါ်ပါကျတယ်တဲ့။ မနက်ကအထိတော့ ဗုံးခိုကျင်းထဲနေပြီးအပြင်မထွက်ကြဘူးတဲ့" လို့ လိပ်ကျရွာမှာရှိနေတဲ့ အလုပ်သမားတွေရဲ့အခြေအနေအကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဧပြီလ ၂၀ ရက်မှာ ပြောပါတယ်။
မန္တလေးမြို့ပေါ်မှာနေထိုင်ရင်း ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒီလုပ်ငန်းရှင်ဟာ လိပ်ကျရွာမှာကျန်ရှိတဲ့ သူ့အလုပ်သမားတွေရဲ့ စစ်ဘေးအန္တရာယ်အတွက် စိုးထိတ်နေပါတယ်။
ပကတိမြေပြင်အခြေအနေကို အချိန်နဲ့တပြေးညီမေးမြန်းဖို့ခက်ခဲနေတာကြောင့် လိပ်ကျနဲ့ ရေထွက်ရွာမှာ ကျန်ရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်တွေကို ပူပန်နေတဲ့ အဝေးရောက်မိသားစုဝင်တချို့နဲ့လည်း ဘီဘီစီက စကားပြောခွင့်ရခဲ့ပါတယ်။
"ငလျင်က အဆောက်အဦကြီးလွတ်တဲ့နေရာတွေမှာ ရှောင်လို့ရတယ်။ လေယာဉ်က ဘယ်ချိန်ဘယ်လို အကြဲခံရမလဲ မသိဘူးလေ။ ငလျင်ထက် ပိုပြီးစိုးရိမ်နေရတယ်" လို့ လိပ်ကျရွာက သားဖြစ်သူမိသားစုကို စိုးရိမ်နေတဲ့ မန္တလေးမြို့နေ မိခင်က ရင်ဖွင့်ပြောပါတယ်။
ဧပြီ ၁၈ ရက်ဖြစ်စဉ်အတွင်း သားဖြစ်သူဈေးဆိုင်က အရောင်းဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကာ တစ်ဦးက ဗုံးစထိမှန်ဒဏ်ရာရခဲ့ပါတယ်။
"အဝေးကနေပဲ စိုးရိမ်ရတာပေါ့အေ" လို့ မိခင်ဖြစ်သူက ဆိုပါတယ်။
ဧပြီ ၂၀ ရက် ညနေ ၆ နာရီအထိ လေကြောင်းတိုက်ခိုက်ခံရတဲ့ လိပ်ကျနဲ့ ရေထွက်ရွာတို့က ဒေသခံပြည်သူ တွေနဲ့ ဘီဘီစီက တိုက်ရိုက်မေးမြန်းနိုင်ဖို့အတွက် ဆက်သွယ်ရခက်ခဲနေဆဲဖြစ်ပါတယ်။ ဒီရွာတွေမှာ ဖုန်းလိုင်းတွေ သာမက ဆက်သွယ်ရေးအင်တာနက်တွေပါ ပြတ်တောက်နေတဲ့အခြေအနေပါ။