ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူ ၁၀၀ နီးပါးသေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ခု
မြန်မာစစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ်အစောပိုင်းကစလို့ လေကြောင်း တိုက်ခိုက်မှုတွေကို တိုးလုပ်လာနေတယ်လို့ လွတ်လပ်တဲ့စောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့တွေက ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်နဲ့ တည်နေရာလေ့လာချက်(ACLED)ရဲ့ မှတ်တမ်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှုပြနှုန်းဇယားဟာ အောက်တိုဘာလကုန်ပိုင်းမှာ အမြင့်ဆုံးကိုရောက်ခဲ့ပါတယ်။
စစ်ကောင်စီက ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှစ်ပတ်လည်နေ့ ကျင်းပနေတဲ့ ဖျော်ဖြေပွဲကို တိုက်လေယာဥ်နဲ့ ဗုံးတွေ ကြဲချခဲ့တာကြောင့် လူပေါင်း ၇၀ နီးပါးသေဆုံးခဲ့တဲ့ဖြစ်ရပ်ကြောင့် ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်း နဲ့ ရင်ပေါင်တိုင်ကျေးရွာတို့မှာ စက်တင်ဘာလနဲ့ သြဂုတ်လက တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့်လည်း လူ ၃၀ နီးပါး သေဆုံးခဲ့ရပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှု ၃ ခုဟာ စုစုပေါင်း လူ၁၀၀ နီးပါးသေဆုံးခဲ့ရတဲ့ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေဖြစ်ပါတယ်။
အနန့်ပါ လေကြောင်းတိုက်ခိုက်မှု
စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါရွာကို အောက်တိုဘာလ ၂၃ ရက်ညမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အဲဒီဖျော်ဖြေပွဲမှာ ရှိနေတဲ့ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) ဝန်ထမ်းတွေ၊ ကချင်အနုပညာရှင်၊ စီးပွားရေးသမားအချို့နဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။
‘’လေယာဥ်သံ မကြားရဘဲ ဗုံးကျသွားမှာပဲ သိခဲ့ရတာ။ ဖျော်ဖြေရေးစင်၊ အရေးပါလူပုဂ္ဂိုလ်တွေထိုင်တဲ့ နေရာနဲ့ မီးဖိုဆောင်ကို ဗုံး ၃ လုံးကျတယ်။ သေဆုံးသူတွေထဲမှာ ပွဲလာတက်တဲ့ စီးပွားရေးသမား ၃ ဦးထက်မနည်းလည်း ပါတယ်’’ လို့ တိုက်ခိုက်ခံရချိန် အခင်းဖြစ်တဲ့နေရာမှာ ရှိနေခဲ့သူတစ်ဦးက ဘီဘီစီကို ပြန်ပြောင်းပြောပြပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်ဘက်က မြစ်ကြီးနားမြို့ပေါ်ကို တက်ရောက် ဆေးကုသခွင့် ပိတ်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရာမှာ ပါဝင်သူတွေက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ အနန့်ပါကိုတိုက်ခိုက်မှု နဲ့ပတ်သက်ပြီး ထုတ်ပြန်ရာမှာ အနန့်ပါဟာ စစ်ရေးပစ်မှတ်ဖြစ်တယ်လို့ ပြောပေမဲ့ လူထိခိုက်သေဆုံးမှုကိုတော့ ပြောခဲ့တာမရှိပါဘူး။
KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကတော့ အနန့်ပါဟာ KIA စခန်းမဟုတ်ဘဲ ခရီးသွားတွေ ခေတ္တနားနေတဲ့ နေရာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက် ဖေ့ဘွတ်ခ်ကနေ ထုတ်ပြောပါတယ်။
‘’လောလောဆယ်တော့ အနန့်ပါမှာ အပျက်အစီးတွေက ဒီအတိုင်းပဲရှိသေးတယ်။ ပြန်လည်တည်ဆောက်ရေး မလုပ်သေးဘူး။ တိုက်ခိုက်ခံရချိန် ဒဏ်ရာရခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်တွေလည်း ဒဏ်ရာသက်သာပေမဲ့ နေရပ်မပြန်ရဲကြသေးဘူး။ မတရားအသင်းဆက်သွယ်တဲ့ပုဒ်မ ၁၇(၁)နဲ့ တရားစွဲခံရမှာ ကြောက်နေကြတယ်’’ လို့ KIA နဲ့နီးစပ်သလို မြေပြင်အခြေအနေကိုလည်း သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀၀ ကျော်ပြုလုပ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထုတ်ပြန်ချက်တွေ၊ မြေပြင်သတင်းစောင့်ကြည့်လေ့လာတဲ့ဒေသတွင်းအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိပါတယ်။
အဲဒီ ၂ လအတွင်းမှာတင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှု အရေအတွက်ဟာ ၃၀ နီးပါးအထိရှိခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုထဲမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့မှုလည်း ပါဝင်ပါတယ်။
လေကြောင်းပစ်ခတ်မှုကို စာသင်စားပွဲနဲ့ကာခဲ့ရတဲ့ လက်ယက်ကုန်း
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကို စစ်တပ်က စက်တင်ဘာလ ၁၆ ရက်မှာ လေယာဥ်နဲ့ ပစ်ခတ်ချိန် ရွာထဲက စာသင်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကလေးငယ် ၇ ဦး အပါအဝင် လူပေါင်း ၁၂ ဦး သေဆုံးခဲ့ပါတယ်။
‘ဝုန်းကနဲဆိုတဲ့အသံကြားရတာနဲ့ ကျွန်မတို့လည်း စပါးကျီအောက်ကို ပြေးပုန်းခဲ့ရတာ။ နောက်တော့ ဘုန်းကြီးကျောင်းဝင်းထဲ အပစ်ခံရတယ်ဆိုတာ သိရတာ။ ပစ်ခတ်မှုဖြစ်ပြီး ၄၅ မိနစ်လောက်ကြာမှ စစ်သားတွေရောက်လာတယ်။ ကျွန်မတို့လည်း အဖမ်းခံရတယ်။ ဘုန်းကြီးကျောင်းမှာ စုခိုင်းပြီး သူတို့စာရင်းပါတဲ့လူတွေကို မေးတာ၊ မြန်းတာတွေလုပ်တယ်’’ လို့ လက်ယက်ကုန်း တိုက်ခိုက်ခံရမှုအပြီးမှာ ပြန်လည် လွတ်မြောက်လာသူ ရွာခံ တစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။
ဒေသခံတွေ အပြောအရဆိုရင် လက်ယက်ကုန်းဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း သတင်း ကြိုတင်မကြားရဘဲ တိုက်ခိုက်ခံခဲ့ရတာလို့ဖြစ်ပါတယ်။
လက်ယက်ကုန်းရွာ စာသင်ကျောင်း ပစ်ခတ်ခံရချိန် အနီးနားက ဘုန်းကြီးကျောင်းပါ ပစ်ခတ်ခံခဲ့ရ လို့ အပျက်အစီးတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ သေဆုံးခဲ့ကြရတာတွေဟာ KIA နဲ့ PDF တွေက ရွာသားတွေကို လူသား တံတိုင်းအဖြစ် အသုံးချခဲ့တာကြောင့်လို့ ဆိုပြီး စက်တင်ဘာလ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လက်ယက်ကုန်းကျေးရွာကို တိုက်ခိုက်မှုဖြစ်ပြီးနောက် အရပ်သား ၂၀ နီးပါးနဲ့ ဒဏ်ရာရကလေးငယ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကလေးငယ်တွေကိုတော့ ရေဦးဆေးရုံကို တင်ခဲ့တယ်လို့ သိရပါတယ်။
အခုတော့ အဲဒီထဲက အရပ်သားနဲ့ကလေးငယ်တွေ ပြန်လွတ်လာပြီဖြစ်ပေမဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကတော့ ဆေးကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
စျေးနေ့မှာ စီးနင်းတိုက်ခိုက်ခံရတဲ့ ရင်ပေါင်တိုင်
စစ်ကောင်စီတပ်ဟာ သြဂုတ်လလယ်ပိုင်းအတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ရင်ပေါင်တိုင်ရွာကို ရက်နဲ့ချီ စီးနင်းဝင်ချိန် ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၈ ယောက် သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ သြဂုတ်လ ၁၁ ရက်နေ့၊ မြန်မာပြက္ခဒိန် လ အရဆိုရင် ဝါဆိုလပြည့်နေ့မှာ စျေးနေ့ဖြစ်လို့ ရင်ပေါင်တိုင်ရွာထဲ စည်ကားနေချိန် ဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီနေ့ တစ်နေ့တည်းမှာတင် စစ်ကောင်စီက ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်တာ၊ တပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ချထားတာတွေပြုလုပ်ခဲ့ပြီး ရွာထဲမှာ ၄ ညအထိ စခန်းချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘’ရဟတ်ယာဥ် ၂ စီးနဲ့ လူချတယ်။ နောက် ၁ စီးနဲ့ ပစ်ခတ်တယ်။ အဲဒီတစ်နေ့တည်း လေယာဥ်နဲ့ ပစ်ခတ်မှုက ၁ နာရီကျော်ကြာတယ်။ ရင်ပေါင်တိုင်က ၁၂ ယောက်၊ တခြားရွာက ၆ ယောက် စုစုပေါင်း ၁၆ ယောက်သေတယ်။ သူတို့ ထွက်သွားတော့ အလောင်းတွေကို ဗောဓိညောင် ပင် အောက်မှာ စုပြုံမီးရှို့ထားတာတွေ တွေ့ခဲ့တယ်’’ လို့ ရင်ပေါင်တိုင် ရွာသားတစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။
ရင်ပေါင်တိုင်ကျေးရွာအနီးကို စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက် မနက်ပိုင်းမှာ လည်းလေကြောင်းကနေ ပစ်ခတ်မှု ပြုလုပ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါ အဝင် လူ ၂ ဦးသေဆုံးတဲ့ဖြစ်စဥ်ရှိခဲ့ဖူးပါတယ်။
ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ရင်ပေါင်တိုင်ကျေးရွာမှာ ရှိနေတယ်ဆိုတဲ့သတင်းနဲ့ သြဂုတ် ၁၁ ရက်မှာ စစ်ကောင်စီတပ်က အခုလိုတပ်စွဲ တိုက်ခိုက်တာတွေလုပ်ခဲ့တာဖြစ်ပါတယ်။
သြဂုတ်လ ၁၁ ရက် တိုက်ခိုက်မှုပြီးကတည်းကနေ အခု ဒီဇင်ဘာလအထိ ၄ လအတွင်း ရင်ပေါင်တိုင်ကျေးရွာကို စစ်ကောင်စီတပ်က ၄ ကြိမ် ဝင်ရောက်ခဲ့သလို မီးရှို့ခံရတာကြောင့် နေအိမ် ၁၀၄ အိမ်အထိ မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရင်ပေါင်တိုင်ကျေးရွာထဲကို စစ်ကောင်စီတပ် စီးနင်းဝင်ရောက်ချိန်တုန်းက ကျန်ခဲ့တဲ့ လက်နက်ကြီးပေါက်ကွဲခဲ့တာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ ရွာထဲက ကလေးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။
‘’ရွာထဲကို လေယာဥ်နဲ့ပစ်ချိန်တုန်းက ကျန်ခဲ့တဲ့လက်နက်ကျည်တွေမှာ မပေါက်ကွဲသေးတာ တွေရှိတယ်။ ကျေးရွာထဲက လူငယ်တွေက သယ်ယူပြီး ယမားချောင်းထဲမှာ ဖောက်ခွဲရှင်းလင်းခဲ့ ရတာတင် ကျည်အလုံး ၄၀ လောက်ရှိတယ်’’ လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ဘီဘီစီက ဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ဒေသခံတွေရဲ့အပြောအရဆိုရင် လက်ယက်ကုန်းနဲ့ ရင်ပေါင်တိုင်အပါအဝင် စစ်တပ်လေကြောင်းတိုက်ခိုက်တာကို ကြုံရဖူးတဲ့ဒေသတွေမှာ နေထိုင်သူတွေဟာ နေရပ်ကို စိတ်ချလက်ချပြန်နေဖို့ အနေအထားမရှိဖြစ်နေပါတယ်။
‘’သူတို့(စစ်တပ်)ဘယ်အချိန်ရောက်လာမလဲဆိုတာ မသိနိုင်တော့ အထုပ်ထုပ်ပြီးလေယာဥ်သံပဲ နားစွင့်နေရတယ်။ အိမ်တွေလည်း မီးရှို့ခံရလို့ တတ်နိုင်သူတွေတောင် ကောင်းကောင်းမွန်မွန် ပြန်မဆောက်ကြတော့ဘူး။ ထပ်ပြီးအရှို့ခံရမှာစိုးလို့ ဖြစ်သလိုပဲ နေကြတော့တယ်’’ လို့ လက်ယက်ကုန်းရွာသားတစ်ဦးကပြောပါတယ်။