ဟောင်ကောင်သားတွေကို ယူကေနိုင်ငံသားဖြစ်ခွင့် ဘာ့ကြောင့်ပေးရတာလဲ

ဟောင်ကောင်သား သုံးသန်းလောက်အထိ ယူကေက နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုတဲ့ကိစ္စဟာ ယူကေအစိုးရအတွက် တကယ့်ကို ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ဟောင်ကောင်က ပိုဆိုးလာတဲ့ အခြေအနေတွေကို လွတ်မြောက်ဖို့အတွက် ဒီလောက်အထိများတဲ့ ဟောင်ကောင်သားတွေ ယူကေကို ရောက်လာလိမ့်မယ်လို့တော့ ယူကေအစိုးရနဲ့ ပါလီမန်တို့က မျှော်လင့်ထားတာတော့ မဟုတ်ပါဘူး။

အခုလို ယူကေအစိုးရက ဆုံးဖြတ်ချက် ချရတာဟာ လက်ရှိ ဟောင်ကောင်က လမ်းမတွေပေါ်က ရုန်းရင်းဆန်ခတ် ဖြစ်နေမှုတွေအပေါ် ယူကေအစိုးရက စိုးရိမ်မှုရှိလို့ ချက်ချင်း လုပ်ဆောင်မှု တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဒီ ဆုံးဖြတ်ချက်ဟာ ဟောင်ကောင်ကို ယူကေက အုပ်ချုပ်ခဲ့တဲ့ အခြေအနေနဲ့လည်း သက်ဆိုင်နေပြီး ဒီလို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကိစ္စကို ၁၉၉၇ ခုနှစ် ဟောင်ကောင်ကို တရုတ်လက်အောက် ပြန်အပ်တဲ့ အချိန်က တောင်းဆိုမှုတွေ ရှိခဲ့ပေမဲ့ ယူကေအစိုးရက မပေးခဲ့ပါဘူး။

အခုလို ဟောင်ကောင်ကို ပြန်အပ်တဲ့ အချိန်က ဟောင်ကောင်ရဲ့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ ကျင့်သုံးမှုနဲ့ ဈေးကွက်စီးပွားရေးကို တရုတ်အစိုးရက ဆက်ထိန်းထားမယ်ဆိုတဲ့ ကတိပြုချက်နဲ့ ပေးခဲ့တာ ဖြစ်ပြီး အဲဒီ အခြေအနေတွေကတော့ လတ်တလော နှစ်တွေ အတွင်းမှာ သိသိသာသာ ယိုယွင်းလာခဲ့ပါတယ်။

အပြောင်းအလဲများခဲ့တဲ့ ယူကေ ပါလီမန်အတွင်းက တရုတ်အပေါ် သဘောထား

လက်ရှိ ဟောင်ကောင်သားတွေကို ယူကေနိုင်ငံသားဖြစ်ခွင့်ပေးမယ့် ကိစ္စ ကြေညာချိန်မှာ ပါလီမန်အတွင်း အမတ်တစ်ယောက်မှ ကန့်ကွက်ခြင်း မရှိခဲ့တာကလည်း သတိပြုစရာ တစ်ခု ဖြစ်ပြီး လတ်တလော ယူကေ-တရုတ် ဆက်ဆံရေး ဆိုးရွားနေခဲ့တာကိုလည်း ရောင်ပြန်ဟပ်နေပါတယ်။

တကယ်တမ်းဆိုရင် မကြာသေးခင် ၂၀၁၅ ကမှ ယူကေ ဝန်ကြီးချုပ် ဒေးဗစ်ကန်မရွန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကော်ဇောနီနဲ့သာမက ဘုရင်မကြီးရဲ့ ရွှေမြင်းလှည်းနဲ့ပါ ကြိုဆိုခဲ့တာ ဖြစ်ပြီး ဒီလိုမတိုင်ခင်ကလေးမှာပဲ ယူကေ ဘဏ္ဍာရေးဝန်ကြီး ဂျော့အော့စ်ဘွန်းက တရုတ်နိုင်ငံကို ငါးရက်ခရီးစဉ် သွားရောက်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က ယူကေအနေနဲ့ တရုတ်ရဲ့ လူ့အခွင့်အရေး မူဝါဒတွေကို ဝေဖန်တာထက် တရုတ်နဲ့ စီးပွားရေးလုပ်ဖို့ကို ပိုပြီး ဦးစားပေးခဲ့ပုံရတဲ့အတွက် တရုတ်အစိုးရအတွက်ပိုပြီး နိုင်ငံရေးအမြတ်ထွက်ခဲ့တယ်ဆိုပြီး ယူကေသတင်းစာတချို့က ရေးသားခဲ့ပါသေးတယ်။

လက်ရှိကာလမှာတော့ အဲဒီအချိန်က တရုတ်နဲ့ စီးပွားရေးလုပ်ဖို့ဘက်ကို ဦးစားခဲ့တဲ့ အမတ်တွေအပါအဝင် ကွန်ဇားဗတစ် ပါတီအမတ်တွေက တစ်ပါတီထဲက တက်လမ်းရှိတဲ့ အမတ်တွေနဲ့ပါ ပူးပေါင်းပြီး တရုတ်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်လောင်လောင်နဲ့ ပုံမှန် ဆန့်ကျင်နေကြပြီ ဖြစ်ပြီး အထူးသဖြင့် တရုတ်ကုမ္ပဏီ ဟွာဝေးကို ယူကေရဲ့ ပဉ္စမမျိုးဆက် ဖုန်းကွန်ရက်မှာ လုပ်ကိုင်ခွင့်ပေးမယ့် ကိစ္စကို ဆန့်ကျင်ကြတာ ဖြစ်ပါတယ်။

အခုလို ဟွာဝေးကို လုပ်ပိုင်ခွင့် ပေး မပေး ဆုံးဖြတ်ဖို့ ပါလီမန်အတွင်း ပြီးခဲ့တဲ့ မတ်လက မဲခွဲခဲ့ရာမှာလည်း ကွန်ဇားဗတစ်ပါတီ အမတ်တွေထဲက ၃၈ ယောက်က အစိုးရသဘောထားနဲ့ ဆန့်ကျင်ပြီး မပေးဖို့ဘက်က မဲပေးခဲ့ကြတာကို တွေ့ရပါတယ်။

ဒီလို မဲပေးခဲ့ရာမှာ အတိုက်အခံ အမတ်တွေ အပါအဝင် ပါလီမန်အတွင်း အစိုးရဘက်ကို ထောက်ခံတဲ့ မဲရရှိမှုက ၃၀၆ မဲ နဲ့ ဆန့်ကျင်တဲ့ဘက်က ၂၈၂ မဲရှိခဲ့ပြီး သိပ်မကွာတဲ့ အခြေအနေရှိခဲ့ရာမှာ အာဏာရ ကွန်ဇားဗတစ်ပါတီအတွင်းက အခုလို ပုန်ကန်တဲ့ အမတ်အင်အား ကောင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အဲဒီ အုပ်စုထဲက အမတ်တစ်ဦးကလည်း အစိုးရကို ဟောင်ကောင်ကိစ္စအပေါ် တုံ့ပြန်ဖို့အတွက် တွန်းအားပေးနေမှ ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း တရုတ်နိုင်ငံဟာ စီးပွားရေး အင်အားကြီးနိုင်ငံကြီး ဖြစ်တယ်ဆိုတာ လျစ်လျူရှုလို့မရတဲ့ အခြေအနေဖြစ်ပြီး ကုန်သွယ်ရေးနဲ့ ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ ကိစ္စတွေမှာ တရုတ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ယူကေဝန်ကြီးတွေက စိတ်အားထက်သန်မှုလည်း ရှိနေကြပါတယ်။

ဒါ့အပြင် ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကိုယ်တိုင်ကလည်း “ကျွန်တော့ရဲ့ ရပ်တည်ချက်က အလွန့် အလွန် ရိုးရှင်းပါတယ်။ တရုတ်မုန်းတီးရေးဘက်ကိုတော့ ကျွန်တော် အပါမခံပါဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော်က တရုတ်မုန်းတီးရေးသမား တစ်ယောက်လည်း မဟုတ်ဘူး” လို့ ဇွန်လ ၃၀ ရက်နေ့မှာ ပြောဆိုထားခဲ့ပါတယ်။

အစိုးရဘက်က သတင်းအရင်းအမြစ် တစ်ခုအရ ဆိုရင် ယူကေအစိုးရရဲ့ တရုတ်အပေါ်သဘောထားက တင်းမာလာတာ မဟုတ်ဘဲ တရုတ်အစိုးရရဲ့ ရပ်တည်ချက် တင်းမာမှု ပေါ်လာတာသာ ဖြစ်တယ်ဆိုပြီး ယူဆမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ယူကေအစိုးရရဲ့ ဟောင်ကောင်သားတွေကို ဖိတ်ခေါ်တဲ့ ဆုံးဖြတ်ချက်ဟာ ယူကေအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒ အလှည့်အပြောင်းနဲ့လည်း အချိန်ကိုက်ဖြစ်နေပါတယ်။

ယူကေနိုင်ငံ ဥရောပသမဂ္ဂ အီးယူက ထွက်ဖို့ လူထုဆန္ဒခံယူပွဲနဲ့ ဆုံးဖြတ်ထားတာနဲ့အတူ အီးယူရဲ့ နိုင်ငံအသီးသီးက နိုင်ငံသားတွေ ယူကေကို လွတ်လပ်စွာ ဝင်ခွင့်ရမှုကို အဆုံးသတ်ဖို့ ဇွန်လ ၃၀ ရက်နေ့မှာ ပါလီမန်အတွင်း အတည်ပြုထားတာ ဖြစ်ပါတယ်။

ယူကေ အီးယူကထွက်ဖို့ မဲပေးသူတွေမှာ ယူကေနိုင်ငံကို နိုင်ငံခြားသား ဝင်ရောက်သူ အရေအတွက်ကို ကန့်သတ်ချင်တဲ့အတွက် ဒီလို ထွက်ဖို့ မဲပေးသူတွေလည်း အများအပြားပါဝင်တဲ့အတွက် သန်းနဲ့ချီပြီး ရှိနိုင်တဲ့ ဟောင်ကောင်သားတွေကို နိုင်ငံသားဖြစ်ဖို့ အခွင့်အရေးပေးမယ့် အခြေအနေနဲ့ ဝိရောဓိ ဖြစ်နေတယ်လို့ ပြောစရာ ဖြစ်နေပါတယ်။

ဝင်လာတဲ့ ဟောင်ကောင်သား အရေအတွက် အပေါ်မူတည်ပြီး အငြင်းပွားစရာတွေ ဖြစ်လာနိုင်ပေမယ့် ဒီကိစ္စက ယူကေ ဝန်ကြီးတွေအတွက်တော့ အီးယူက ထွက်လိုက်တဲ့ ယူကေနိုင်ငံဟာ ဘယ်သူ့ကို ပေးဝင်ပြီး ဘယ်သူ့က ထွက်ပေးရမယ်ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်လို့ရကြောင်း ပြလိုက်တဲ့ ပြယုဂ်တခု လိုလည်း အသုံးချစရာ ဖြစ်နေပါတယ်။

ယူကေနိုင်ငံသားဖြစ်ဖို့ အခွင့်အရေးတွေကို ဘယ်လို ဟောင်ကောင်သားတွေက ရမှာလဲ

၁၉၈၀ နောက်ပိုင်း ယူကေပြင်ပ နိုင်ငံသား (BNO) လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ် ကိုင်ထားသူ ဟောင်ကောင်သားတွေကို လက်ရှိ ယူကေမှာ ပြည်ဝင်ခွင့် ဗီဇာမဲ့ ခြောက်လ နေခွင့်ပေးထားတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဲဒီ နိုင်ငံကူးလက်မှတ်ကိုင်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက ယူကေမှာ ငါးနှစ်အခြေချ အလုပ်လုပ် ပညာသင်နိုင်ပြီး ငါးနှစ်ပြည့်ရင် နိုင်ငံသားလျှောက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

လက်ရှိ ဟောင်ကောင်မှာ BNO နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ၃၅၀,ဝ၀ဝ လောက်ရှိပြီး ဒီနိုင်ငံကူးလက်မှတ် လျှောက်ဖို့ နောက်ထပ်အကျုံးဝင်သူ ဟောင်ကောင်သား အရေအတွက်ကလည်း ၂.၆ သန်းလောက် ရှိနေပါတယ်။

ဒါ့အပြင် အခုလို အကျုံးဝင်သူတွေရဲ့ ၁၉၉၇ နောက်ပိုင်း မွေးဖွားသူ မိသားစုဝင်တွေလည်း ယူကေအစိုးရရဲ့ နိုင်ငံသား လျှောက်ခွင့်ပေးမယ့် ကမ်းလှမ်းမှုအတွင်း အကျုံးဝင်နေပါတယ်။

ဟောင်ကောင်မှာ တနှစ်ကြာ ဆန္ဒပြမှုတွေဖြစ်စေတဲ့ လုံးပါးပါးလာတဲ့ လွတ်လပ်ခွင့်တွေ

တရုတ်အစိုးရရဲ့ လတ်တလော ဟောင်ကောင် လုံခြုံရေး ဥပဒေသစ်အရ တရုတ်အစိုးရကို မုန်းတီးအောင် လှုံ့ဆော်မှုကို ပြင်းထန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်မှုအပါအဝင် တရုတ်ပြည်မကြီးက လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း ဟောင်ကောင်ပြည်တွင်းမှာပါ ဝင်ရောက် ကိုယ်တွယ်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဥပဒေ ထွက်မလာခင် ကတည်းက တရုတ်အစိုးရဟာ ဟောင်ကောင်သားတွေကို ပေးထားတဲ့ လွတ်လပ်ခွင့်တွေကို တဖြည်းဖြည်းလျော့ပါးအောင် လုပ်နေတယ်လို့ ဟောင်ကောင်သားတွေက ယူဆတဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့တာ တစ်နှစ်ရှိလာပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဟောင်ကောင်နယ်အရေးမှာ ပိုမို စွက်ဖက်လာပြီး ဒီမိုကရေစီအရေး တောင်းဆိုတဲ့ ဟောင်ကောင် ဥပဒေပြုအမတ်တွေကို အမတ်အဖြစ်က ဖယ်ရှားတာနဲ့ ဟောင်ကောင်မှာ ပြစ်မှုကျူးလွန်သူတွေကို တရုတ်ပြည်မကြီးဆီပို့ပြီး အပြစ်ပေးနိုင်တဲ့ ဥပဒေ သတ်မှတ်ဖို့ ကြိုးစားတာတွေ လုပ်ခဲ့တယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ထောက်ပြကြပါတယ်။

အဲ့ဒီ ဥပဒေ သတ်မှတ် အတည်ပြုဖို့ တရုတ်အစိုးရက ကြိုးစားမှုကြောင့် သိန်းနဲ့ချီတဲ့ ဟောင်ကောင်သားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ဟောင်ကောင်နယ်ရဲ့ ဥပဒေပြုအမတ် ရွေးချယ်ပုံကို ပြုပြင်ပြောင်းလဲဖို့ အပါအဝင် တခြားဒီမိုကရေစီပိုကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အဲဒီ ဥပဒေ မသတ်မှတ်တော့ဖို့ တရုတ်အစိုးရက ဆုံးဖြတ်ခဲ့ပေမဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကတော့ ဆက်ရှိနေခဲ့ပါတယ်။

ဒါ့အပြင် ဟောင်ကောင်နယ်အတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ တတ်သိ ပညာရှင်တွေအတွက် လွတ်လပ်ခွင့်တွေ လျော့ပါးလာတယ်လို့လည်း စွပ်စွဲမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာဆိုရင် အမေရိကန် စာနယ်ဇင်းသမား တော်တော်များများကို ဟောင်ကောင်မှာ ဆက်အလုပ်လုပ်ခွင့် မပေးတော့တာမျိုးလည်း တရုတ်အစိုးရက လုပ်ခဲ့ပါတယ်။

ယူကေက ဟောင်ကောင်ကို တရုတ်လက်ထဲဘယ်လို ပြန်အပ်ခဲ့တာလဲ

ဟောင်ကောင်ကို ယူကေအစိုးရက ၁၅၆ နှစ်ကြာ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၈၃၉ ခုနှစ် နှောင်းပိုင်းကစပြီး ဘိန်းကုန်သွယ်မှုကို နှိမ်နင်းလာတဲ့ တရုတ်အစိုးရနဲ့ တရုတ်ကို ဘိန်းတင်သွင်းနေတဲ့ ဗြိတိသျှအင်ပါယာတို့ ဘိန်းစစ်ပွဲ ဖြစ်ပွားကြအပြီး ၁၈၄၁ မှာ ဟောင်ကောင်ကျွန်းကို ယူကေအစိုးရက စတင်သိမ်းယူခဲ့ပါတယ်။

ဗြိတိသျှနဲ့ ပြင်သစ်အင်ပါယာတို့က အဓိက တိုက်ခိုက်ကြပြီး အမေရိကန်လည်း သူတို့ဘက်က တရုတ်ကို ဝင်တိုက်တဲ့ ၁၈၅၆-၁၈၆၀ ဒုတိယ ဘိန်းစစ်ပွဲမှာတော့ ဗြိတိသျှ အင်ပါယာက ဟောင်ကောင်ကျွန်းနဲ့ တစ်ဘက်ကမ်း ကောင်လွန်း ကျွန်းဆွယ်ကိုပါ သိမ်းယူ လိုက်ပါတယ်။

၁၈၉၈ မှာတော့ နောက်ပိုင်း နယ်မြေသစ်လို့ ခေါ်တဲ့ ရှမ်းချွန်မြစ်ရဲ့ တောင်ဘက် အောက်ပိုင်းက ကောင်းလွန်းဒေသ တစ်ခုလုံးနဲ့တကွ ကျွန်းငယ်ပေါင်း ၂၃၀ ပါ အပါအဝင် လက်ရှိ ဟောင်ကောင်ဒေသကို တရုတ်နိုင်ငံက ၉၉ နှစ် အငှားစာချုပ်နဲ့ ဗြိတိသျှ အင်ပါယာကို လွှဲအပ်ခဲ့ပါတယ်။

၁၉၈၄ အရောက်မှာတော့ အဲဒီအချိန်က ယူကေ ဝန်ကြီးချုပ် မာဂရက်သက်ချာက ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်မှာ တရုတ်လက်ထဲ ပြန်အပ်ဖို့ တရုတ်အစိုးရနဲ့ ပူးတွဲ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီလို ဖြစ်လာဖို့ တရုတ်အစိုးရဘက်က ဟောင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများပေးဖို့နဲ့ ဟောင်ကောင်သားတွေကို လွတ်လပ်ခွင့်နဲ့ အခြားအပိုဆောင်း အခွင့်အရေးတွေပေးဖို့ ယူကေအစိုးရက ကန့်သတ်ထားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ပြည်မကြီးမှာ ကျင့်သုံးနေတဲ့ ကွန်မြူနစ် စနစ်ကို မကျင့်သုံးစေဘဲ အရင်းရှင်စနစ် ကျင့်သုံးမှုကို ဟောင်ကောင်မှာ ဆက်လုပ်ခွင့် ပေးရမယ့် အချက်လည်း ပါဝင်ပါတယ်။

ဒီလို သဘောတူညီချက်တွေကြောင့် လက်ရှိ ဟောင်ကောင်မှာ ကိုယ်ပိုင် ဥပဒေစနစ်နဲ့ ကိုယ်ပိုင်နယ်စပ် သီးသန့်ရှိပြီး လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဒီလို အခွင့်အရေးတွေကြောင့်လည်း ၁၉၈၉ မှာ တရုတ်အစိုးရက လက်နက်မဲ့ ဆန္ဒပြသူတွေကို တီယန်နန်မန် ရင်ပြင်အတွင်း ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ အထိန်းအမှတ် အခမ်းအနားတွေကို ဟောင်ကောင်မှာ ကျင်းပခွင့်ရနေတာ ဖြစ်ပါတယ်။

ဒီလို ဟောင်ကောင်မှာ သီးသန့်အခွင့်အရေးတွေကို ၂၀၄၇ ခုနှစ်အထိ တရုတ်အစိုးရက အနှစ် ငါးဆယ် ဆက်ပေးဖို့ ဆိုတဲ့ အချက်လည်း အဲဒီ ၁၉၈၄ သဘောတူညီချက်ထဲမှာ ပါဝင်ပါတယ်။

တရုတ်အစိုးရရဲ့ လတ်တလော ဟောင်ကောင် လုံခြုံရေး ဥပဒေသစ်ဟာ ဥပဒေအရလည်း အာဏာသက်ရောက်မှုရှိတဲ့ အဲ့ဒီ ၁၉၈၄ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ကို ရှင်းရှင်းလင်းလင်းကြီး ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတယ် ဆိုပြီး ယူကေဝန်ကြီးချုပ် မစ္စတာ ဂျွန်ဆင်က ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ပြောကြားထားပါတယ်။