အမေရိကန် Strike Force နဲ့ မြန်မာထဲက ကျားဖြန့်ပြဿနာ

ဘီဘီစီရဲ့ သတင်းမြင်ကွင်း အစီအစဥ်မှာ မြဝတီ မြို့နယ်ထဲက ကေကေပါ့ခ်နဲ့ ရွှေကိုက္ကို တို့လို ကျားဖြန့် နေရာတွေကို မြန်မာ စစ်တပ်နဲ့ နယ်ခြားစောင့်တပ် BGF တို့ ဝင် စီးနင်းခဲ့တဲ့ အပေါ် မူတည်ပြီး သုံးသပ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်ကလည်း ဒီ အရေးကိုင်တွယ်ဖို့ Strike Force ဆိုတဲ့ အထူးအဖွဲ့ ဖွဲ့ထားပါတယ်။ ဆိုတော့ ... အမေရိကန်ဘက်ကရော ဘာတွေ ဆက်ပြီး လုပ်လာမလဲ ဆိုတာတွေဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

၁) ကေကေပါ့ခ်နဲ့ ရွှေကိုက္ကိုကို မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ် စီးနင်းတာဟာ ဒေသတွင်း ကျားဖြန့် ကိုင်တွယ်ရေးမှာ ဘယ်လောက် အရေးပါလဲ ...... မြဝတီဒေသထဲက စီးနင်းမှုတွေရဲ့ နောက်ဆက်တွဲ ဘာတွေ ဖြစ်နေလဲ .....

၂) တခါ၊ ကျားဖြန့် အလိမ်အညာဂိုဏ်းတွေကိစ္စ ကိုင်တွယ်ဖို့ ဆိုပြီး အမေရိကန် တရားရေးဌာနက ဖွဲ့လိုက်တဲ့ Strike Force ရဲ့ သဘောသဘာဝက ဘာလဲ၊ Strike Force အဖွဲ့လို့ ပြောလိုက်ရင် လက်နက်တပ်ဆင်ထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေကို ဆိုလိုတာလား၊ ဒါမှမဟုတ် ရုံးခန်းထဲမှာ ထိုင်တဲ့ ကော်လာဖြူ အရာရှိတွေလား၊ FBI စုံထောက်တွေလား .... ဘယ်လို နားလည်နိုင်လဲ ....

၃) အခုလို Strike force အဖွဲ့မျိုး ထားရှိလာတာဟာ hidden agenda လို့ ခေါ်တဲ့ နက်နဲတဲ့ လျှို့ဝှက် ရည်ရွယ်ချက် ရှိနိုင်တယ်လို့ မြန်မာစစ်ကော်မရှင် ပြောခွင့်ရက ဆိုပါတယ်။ ဒီတော့ အရှေ့တောင်အာရှမှာ တရုတ်နဲ့ အာဏာ ချိန်ခွင်လျှာ ညှိနိုင်ဖို့ က အစ၊ မြန်မာ့ နိုင်ငံရေးထဲ အတိုင်းအတာ တစ်ခုထိ ပါဝင် ပတ်သက်ဖို့ ရည်ရွယ်ချက် မျိုးတွေ အမေရိကန်မှာ တကယ် ရှိနေလား ....

၄) တကယ်လို့သာ မြန်မာ စစ်တပ်အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်း ကူညီမယ် ဆိုရင်ရော အလိမ်အညာ ရာဇဝတ်ဂိုဏ်းတွေ ဖြိုခွဲရေး ခေါင်းစဥ်အောက် အမေရိကန်နဲ့ မြန်မာ စစ်တပ် နီးစပ်သွား နိုင်လား .... စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားပါတယ်။

ဒီ အလိမ်အညာ ရာဇဝတ်ဂိုဏ်းတွေ အပါအဝင် မြန်မာနဲ့ အရှေ့တောင်အာရှထဲက လုံခြုံရေး ဆိုင်ရာ ကိစ္စတွေ အပေါ် အထူးကျွမ်းကျင်သူ ဂျေဆင်တာဝါ့ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး မေးထားပါတယ်။‌ ဂျေဆင်တာဝါဟာ နိုင်ငံတကာ ရာဇဝတ်မှုခင်းများ ကိုင်တွယ်ရေး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ ဖြစ်တဲ့ GI – TOC မှာ အကြီးတန်း ပညာရှင် တစ်ယောက်အဖြစ် လက်ရှိ လုပ်ကိုင်နေပါတယ်။

ဘီဘီစီ။ ။ ကေကေပါ့ခ်နဲ့ ရွှေကိုက္ကိုကို မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ် စီးနင်းတာဟာ ဒေသတွင်း ကျားဖြန့် ကိုင်တွယ်ရေးမှာ ဘယ်လောက် အရေးပါတယ်လို့ မြင်လဲ ဂျေဆင်ရေ။ သူတို့ လုပ်ဆောင်ချက်တွေဟာ ထိရောက်ပြီး အကျိုးရှိတယ်လို့ ယူဆလား။

ဂျေဆင်တာဝါ။ ။ ကျွန်တော် အဲဒီလို မယူဆပါဘူး။ သူတို့ရဲ့ အပြုအမူတွေဟာ အကျိုးရှိပြီး ထိရောက်တဲ့ လုပ်ရပ်တွေ ဆိုပြီး ကျွန်တော် ရည်ညွှန်းပြောမှာ မဟုတ်သလို၊ အလိမ်အညာ ဂိုဏ်းတွေကို ဖြိုခွဲတဲ့ လုပ်ရပ်တွေ အဖြစ်တောင် ရည်ညွှန်းပြောဖို့ရာ ခက်ပါတယ်။

ပထမဆုံး အချက်ကတော့ စစ်တပ်ရော၊ နယ်ခြားစောင့်တပ်ပါ ဒီ ဒုစရိုက် လုပ်ငန်း တွေနဲ့ ပတ်သက်နေတဲ့ သက်သေတွေကို အစုလိုက် အပုံလိုက် ဖျက်စီးနေပါတယ်။ သူတို့ စီးနင်းတယ်ဆိုတဲ့ ပထမ ကနဦး ရက်တွေမှာပဲ အဲဒီ လုပ်ငန်းတွေမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို အရေအတွက် သောင်းနဲ့ချီပြီး ရခဲ့ပါတယ်။ အဲဒါတွေ အားလုံးကို စစ်တပ်က ဖျက်စီးပစ်ပါတယ်။

အဲဒီ ပစ္စည်းတွေထဲမှာ ရှိနေတဲ့ အချက်အလက်တွေဟာ တကယ်တော့ ကမ္ဘာ့နေရာ အနှံ့ ရိုက်ခတ် သက်ရောက်နေစေတဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ထားတယ် ဆိုတာကို ပြသနိုင်တဲ့ သက်သေ အထောက်အထားတွေ ဖြစ်ပါတယ်။ မြန်မာ စစ်တပ်ရဲ့ အပြုအမူဟာ အဲဒီ သက်သေ အထောက်အထားတွေကို လိုသလို ပုံဖော်တာမျိုး ဆိုတာထက်ကို ကျော်လွန်ပြီး လုံးဝ အစဖျောက်နေတဲ့ လုပ်ရပ်မျိုး ဖြစ်ပါတယ်။ အဲဒါဟာ ရာဇဝတ်မှုမြောက်ပါတယ်။ ဒါဟာ ပထမဆုံး သိထားသင့်တဲ့ အချက် ဖြစ်ပါတယ်။

ဒုတိယ အချက်ကတော့ စစ်တပ်နဲ့ သူတို့ဩဇာခံ နယ်ခြားစောင့်တပ်ဟာ အခုလို ဝင်ရောက်စီးနင်းတာမျိုးတွေကို ဘာလို့ လုပ်လာရတာလဲ ဆိုတဲ့ အပေါ်မှာလည်း ဆန်းစစ်ဖို့ အရေးကြီးပါတယ်။ တကယ်တော့ ဒီ ကျားဖြန့်ရုံ scam centers တွေဟာ သူတို့နဲ့ တိုက်ရိုက် ပတ်သက်နေတယ် ဆိုတာကို ဘယ်လိုမှာ ရှောင်လွှဲမရနိုင်တော့ဘူး ဆိုတဲ့ အချက်ကို သူတို့ကိုယ်တိုင် သဘောပေါက်လာတဲ့ အတွက် ဖြစ်ပါတယ်။

ကရင်ပြည်နယ်ထဲက ဒီနေရာတွေဟာ မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်နဲ့ တရုတ် မာဖီးယား အုပ်စုတွေကြား ၂၀၁၇ ကစလို့ သဘောတူမှုတွေ အဆင့်ဆင့် ရယူပြီး ပူးပေါင်း လုပ်ဆောင်ခဲ့တာတွေကနေ ပေါ်ပေါက်လာတ ဖြစ်ပါတယ်။ အဲဒီ နေရာတွေဟာ တစ်ကမ္ဘာလုံး အနှံ့ကို ခြိမ်းခြောက် အန္တရာယ်ပြုလာပြီ ဖြစ်တဲ့ အတွက် အမေရိကန်၊ ယူကေ၊ တရုတ်၊ ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေဟာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေး လုပ်ဆောင် နေကြပါတယ်။

အခုအချိန်ဟာ မြန်မာ စစ်တပ်အနေနဲ့ အတုအယောင် ရွေးကောက်ပွဲ sham election တစ်ရပ်ကို ကျင်းပဖို့ရာ စိုင်းပြင်းနေချိန်ဖြစ်ပြီး၊ အဲဒီကနေ တဆင့် တရားဝင်မှုတွေ ရရှိလာနိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံထဲမှာ အခြေစိုက်ပြီး ပေါ်ပေါက်နေတဲ့ ရာဇဝတ်မှုတွေဟာ ကမ္ဘာလုံး ဆိုင်ရာ ပြဿနာ ဖြစ်လာပြီး၊ နိုင်ငံတကာကလည်း ကိုင်တွယ် အရေးယူဖို့ လုပ်ဆောင် လာကြတဲ့ အခါမှာ မြန်မာ စစ်တပ်ဟာ ဒီ ပြဿနာရဲ့ လက်သည်ဟာ သူတို့ မဟုတ်ကြောင်း လွှဲချနိုင်ဖို့ ပြုမူလာတာ ဖြစ်ပါတယ်။

ဒါ KNU မှာ တာဝန်ရှိတယ် ... ဒါ တော်လှန်ရေး အဖွဲ့တွေမှာ တာဝန်ရှိတယ် အစ ရှိသဖြင့် ပုံဖော်နိုင်ဖို့ ကြိုးစားကြပါတယ်။ အဆောက်အအုံကြီးတွေကို ဖောက်ခွဲ ပစ်တယ်၊ သက်သေတွေကို အစုလိုက် အပုံလိုက် ဖျက်စီးပစ်တယ် ဆိုတာဟာ သူတို့ နိုင်ငံတကာအလယ် နာမည်ကောင်း ရမလားရယ်လို့ လုပ်ပြတာမျိုး ဖြစ်ပါတယ်။ PR stunt တွေ လို့ ခေါ်နိုင်ပါတယ်။

ဒါပေမယ့်လည်း ဒီ အလိမ်အညာဂိုဏ်းအုပ်စု scam syndicates တွေကို အမြစ်ဖြတ် နိုင်ရေး အတွက်တော့ စနစ်တကျ လုပ်ဆောင်တာမျိုး ဘာတစ်ခုမှာ မရှိပါဘူး။ မီဒီယာပေါ် အသံ ကျယ်ကျယ်လောင်လောင် ဖြစ်စေပြီး ဒီ နိုင်ငံတကာ အန္တရာယ်ကို သူတို့လည်း ကိုင်တွယ်နေပါတယ် ဆိုတဲ့ ပုံရိပ်မျိုး တည်ဆောက်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ လုပ်ရပ်တွေဟာ ဒီ ဒုစရိုက်ဂိုဏ်းတွေ ဖြိုခွင်းရေးမှာ အကျိုးရှိ ထိရောက်ဖို့ ဆိုတဲ့ အချက်အပေါ်မှာ အခြေမခံပဲ PR stunt ပုံစံပဲ ဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

ဘီဘီစီ။ ။ ရှမ်းမြောက်မှာတုန်းကလည်း ဒီ တစ်နေရာမှာ ဖြိုခွင်း ခံရရင် နောက်တစ်နေရာကို ရွှေ့သွားကြတယ် ဆိုတာကို ဂျေဆင် အပါအဝင် စောင့်ကြည့်သူတွေက သတိပေးခဲ့ကြပါတယ်။ အခုလည်း အဲဒီလို နေရာရွှေ့တာတွေ ဖြစ်နေတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ ဒီတော့ စီးနင်းမှုတွေရဲ့ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနေတယ်လို့ ဂျေဆင်အနေနဲ့ရော လေ့လာထားမိလဲ။

ဂျေဆင်တာဝါ။ ။ ဒါနဲ့ ပတ်သက်ပြီး သတင်းတော်တော်များများ ရှိနေပါတယ်။ ပထမဆုံး ကေကေ ပါ့ခ် ကို စစ်တပ်က ဝင်သွားတဲ့ အခါ ရာဇဝတ်ဂိုဏ်း အဖွဲ့တွေဟာ အနီးနား ဝန်းကျင် အိမ်ရာတွေထဲ ဒီ အတိုင်း အသာလေးပဲ ရွှေ့ နေလိုက်ကြတာပါပဲ။

တချို့လည်း မြဝတီမြို့မှာ ရှိတဲ့ ဟိုတယ်တွေဆီ ရောက်လာပါတယ်။ တယ်လီဂရမ် ပေါ်မှာ ... ရာဇဝတ်ဂိုဏ်း အဖွဲ့တွေ အခြေချထားတဲ့ ခြံဝင်းတွေ၊ အိမ်ရာတွေနဲ့ ပတ်သက်တဲ့ တယ်လီဂရမ် အုပ်စုတွေ ရှိပါတယ်။ အဲဒီ အုပ်စုတွေထဲမှာ ဆိုရင် ဘယ်ဟိုတယ် တွေမှာ သွားပြီး နေ... ဒါတွေက ဆက်သွယ်ရမယ့် နံပါတ် ... အစရှိသဖြင့် စာရင်းတွေကို လက်ဆင့်ကမ်း ဖြန့်ဝေကြပါတယ်။ ဟိုတယ် အလုံး ၂၀ လောက် အဲဒီ စာရင်းထဲပါပါတယ်။ နောက်ပြီး တခြားနေရာတွေကနေ သူတို့ဆီ လာခဲ့ ဆိုပြီး လူသစ်စုတာတွေလည်း အများကြီးပါပဲ။ ဥပမာ - ကေကေပါ့ခ် အစီးခံရပြီးချိန် အနီးနားမှာ ရှိတဲ့ တိုင်ချန်း Tai Chang တို့၊ ရွှေကိုက္ကိုတို့က သူတွေက သူတို့ဆီ လာခဲ့ဆိုပြီး ခေါ်ပါတယ်။

ကေကေပါ့ခ်ထဲက တချို့လည်း ရှမ်းပြည်နယ်ထဲထိ တက်သွားပါလယ်။ ဝမ်ဟိုင်းတို့ တန်ယန်းတို့မှာ သွားပြီး စုမိကြပါတယ်။ တချို့လည်း သူတို့ အခြေစိုက်ဖူးတဲ့ တာချီလိတ်ဆီ ပြန်လာကြပါတယ်။ အဲဒီလို အထက် မတက်ပဲ အောက်ကို ရွှေ့တဲ့ သူတွေလည်း ရှိပါတယ်။ ဘုရားသုံးဆူ လမ်းကြောင်းမှာ ဒုစရိုက်ဝင်းကြီးတွေ ရှိလာပါတယ်။ ဘားအံမှာလည်း ရှိနေပါတယ်။ စစ်ခေါင်းဆောင် ဘားအံ ရောက်နေတုန်း အဲဒီမှာ ဒုစရိုက် ဂိုဏ်းသားတွေလည်း အဝင်အထွက် လုပ်နေတာမျိုး တိုက်တိုက်ဆိုင်ဆိုင် တွေ့ရပါတယ်။ တချို့လည်း မန္တလေး၊ ရန်ကုန်မြို့ကြီးတွေဆီ သွားကြတယ် ဆိုတဲ့ သတင်းပေးပို့မှုတွေလည်း ရှိပါတယ်။

ဒီလို ပြည်တွင်း ပြောင်းရွှေ့မှုတွေ အပြင် ထိုင်းထဲကိုပြေးတာ၊ လာအို .. ကမ္ဘောဒီးယားထိ ရောက်သွားတာတွေ ရှိပါတယ်။ ထိုင်းဘက်မှာ ဖမ်းမိတဲ့ ပုံတွေလည်း အဲဒီ ကာလ အများကြီးပဲ တွေ့ရပါတယ်။ ရာဇဝတ်ဂိုဏ်းတွေ အခြေစိုက်ရာ နေရာတွေကို စနစ်တကျ အမြစ်ပြတ် အောင် မလုပ်ဖူး ဆိုရင် အန္တရာယ်ဟာ ကြီးလှပါတယ်။ အခု မြန်မာ ပြည်မှာ ဖြစ်သလိုပဲ၊ တစ်နေရာမှာ ဖြိုခွင်းတယ် ဆိုရင် တစ်တိုင်းပြည်လုံးဆီ ပြန့်ကျဲ ရောက်သွားတာမျိုး ကမ္ဘောဒီးယားမှာလည်း မနှစ်တုန်းက ဖြစ်ခဲ့ပြီးပါပြီ။

Scam Centres တွေကို အမြစ်ပြတ်စေဖို့ ဖြိုခွင်းရာ မရောက်ပဲ၊ ရာဇဝတ် အမြုတေ အစုလိုက် အစုလိုက်လေးတွေကို တစ်နိုင်ငံလုံးကို ပြန့်နှံ့ ကူးစက် သွားစေတာမျိုး ဖြစ်ပါတယ်။ ဒီ ပြန့်ကျဲ သွားတဲ့ အစုလေးတွေဟာ ပြန်ပြီး အားကောင်းမောင်းသန် ဖြစ်လာဦးမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ရေခံမြေခံ ကြောင့်ပါ။ မြန်မာ စစ်အာဏာပိုင်တွေအောက် ပေါ်ပေါက်နေရတဲ့ အခြေအနေတွေကြောင့် ဖြစ်ပါတယ်။

အကျင့်ပျက် ခြစားမှု အတိုင်းအတာ ပမာဏက မယုံနိုင်လောက်အောင် ကြီးမား လှပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် စစ်တပ်ချုပ်ကိုင်တဲ့ ဒေသတွေမှာ ဒီ အလိမ်အညာ ရာဇဝတ်ဂိုဏ်းတွေဟာ အမြုတေ ဆဲလ်လေးတွေကနေ ပြန်ပြီး ရှင်သန် ကြီးထွားလာဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ စစ်အာဏာပိုင်တွေ လက်ထက် အိမ်ရာ စီမံကိန်းတွေလည်း အတော်လေး ထိခိုက် သွားခဲ့ရတဲ့ အတွက် လွတ်နေတဲ့၊ လူမနေတဲ့ အိမ်ရာတွေလည်း အသင့်ပဲ ပေါပေါသီသီ ရှိနေပါတယ်။

အခု ဖိလစ်ပိုင်မှာ ဆိုလည်း အလားတူ ပြဿနာမျိုး ကြုံခဲ့ပါတယ်။ နေရာအကြီးကြီး တစ်ခုကို ဖြိုခွဲရင်၊ ဟိုတယ်တွေ ... ကွန်ဒို အခန်းတွေဆီ ပြောင်းရွှေ့ အခြေချပြီး နေရာ သေးသေး သေးသေးတွေ အများကြီး ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်မှာတော့ အတော်လေး ဖိဖိစီးစီးနဲ့ ကိုင်တွယ် ခဲ့ပါတယ်။ ဒါကို အာရုံစိုက်ဖို့ အထူး သီးသန့် အဖွဲ့ တစ်ခု ထူထောင်ပါတယ်။ ကိုင်တွယ်မှ ဖြစ်မယ် ဆိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒလည်း ပြင်းပြင်းထန်ထန် ရှိပါတယ်။ အုပ်စုလေးတွေ တစ်ဖွဲ့ချင်းစီနောက်ကို ရဲက လိုက်ပြီး ဖြိုခွင်းပါတယ်။

မြန်မာနိုင်ငံမှာတော့ အဲဒီလို မျှော်လင့်လို့ မရပါဘူး။ အဲဒီလို တတ်နိုင်စွမ်း လုပ်နိုင်စွမ်းတဲ့ competent authority မျိုး ရှိမနေပါဘူး။

ဘီဘီစီ။ ဒီ ကျားဖြန့် အလိမ်အညာဂိုဏ်းတွေကိစ္စ ကိုင်တွယ်ဖို့ ဆိုပြီး အမေရိကန် တရားရေးဌာနက ဖွဲ့လိုက်တဲ့ Strike Force အကြောင်း အခု ကြည့်ရအောင်ပါ။ အဲဒီ အဖွဲ့ရဲ့ သဘောသဘာဝက ဘာလဲ၊ Strike Force အဖွဲ့လို့ ပြောလိုက်ရင် လက်နက်တပ်ဆင်ထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေကို ဆိုလိုတာလား၊ ဒါမှမဟုတ် ရုံးခန်းထဲမှာ ထိုင်တဲ့ ကော်လာဖြူ အရာရှိတွေလား၊ FBI စုံထောက်တွေလား .... ဘယ်လို နားလည်နိုင်လဲ ဂျေဆင်။

ဂျေဆင်တာဝါ။ ။ အမေရိကန် ကွန်ဂရက်စ်ကနေ ပေါ်ပေါက်လာနေတာတွေကို ကြည့်မယ် ဆိုရင် ဒီ အလိမ်အညာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ပြဿနာဟာ အမေရိကန် လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေတယ်ဆိုတာကို ကွန်ဂရက်စ်က မျက်မှောက်ပြု လက်ခံထားတယ်ဆိုတဲ့ အချက်ကို တွေ့ရပါလိမ့်မယ်။ အဲဒီလို ရာဇဝတ်မှုမျိုးတွေကြောင့် အမေရိကန်ဟာ တစ်နှစ်ကို ဒေါ်လာ ၁၀ ဘီလျံ အထိ ဆုံးရှုံးရပြီး၊ အလိမ်အညာ ခံရတဲ့ နှုန်းလည်း တစ်နှစ်ထက်တစ်နှစ် အလျင်အမြန်ပဲ တိုးလာနေပါတယ်။ မနှစ်ကနဲ့ နှိုင်းယှဥ်ရင် ဒီနှစ်မှာဆိုရင် ၆၀ ရာခိုင်နှုန်း အထိကို တိုးလာပါတယ်။

အမေရိကန် နေရာအနှံ့က သူတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ ပြည်နယ်တွေက လွှတ်တော် အမတ်တွေ ဆီ စာရေးသားပြီး သူတို့ ရဲ့ စိုးရွံ့မှုတွေကို ပြောလာကြပါတယ်။ ဒီ အွန်လိုင်း အလိမ်အညာ ကိစ္စဟာ အများပြည်သူတွေကြား စိုးရိမ်စရာ၊ ဆွေးနွေးစရာ အကြောင်းချင်းရာ ဖြစ်လာပါတယ်။ ဒီတော့ လွှတ်တော်တွင်း ဥပဒေကြမ်း တစ်ရပ် ရေးဆွဲပါတယ်။ ကမကထ စတင်သူက ရီပတ်ဘလစ်ကင်ပါတီက အင်ဒီယားနား ပြည်နယ် ကိုယ်စားပြု အောက်လွှတ်တော် အမတ် ရှရိဗ် (Jefferson Shreve) ဖြစ်ပါတယ်။

အဲဒီ ဥပဒေဟာ အဓိကကတော့ ဒီပြဿနာကြီးကို ကိုင်တွယ်ဖို့ အစိုးရ အေဂျင်စီ အဖွဲ့တွေ အသီးသီး ပူးပေါင်း ပါဝင်တဲ့ အထူး အဖွဲ့ တစ်ရပ် ဖွဲ့စည်း ထားရှိဖို့ ဖြစ်ပါတယ်။ ဥပဒေ သက်ဝင်အောင် ပြုလုပ်ပေးရတဲ့ သက်ဆိုင် ဆီလျော်ရာ . law enforcement အေဂျင်စီတွေ အားလုံး အဲဒီ အဖွဲ့မှာ ပါဝင်ရမယ်လို့ ဆိုပါတယ်။

ဒီလိုဆိုရာမှာ ထောက်လှမ်းရေး အဖွဲ့တွေလည်းပါပါတယ်။ Treasury လို့ ခေါ်တဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနရော၊ State Departmen လို့ ခေါ်တဲ့ နိုင်ငံခြားရေး ဌာနက သူတွေရော၊ အမေရိကန် အစိုးရရဲ့ အစိတ်အပိုင်း သက်ဆိုင်တဲ့ ဌာနက သူတွေ အားလုံး ပါဝင်ဖို့ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ရဲ့ တာဝန်ဟာ အမေရိကန် ပြည်သူတွေကို အခုလို အွန်လိုင်း အလိမ်အညာ ရာဇဝတ်မှုတွေကနေ အကာအကွယ် ပေးနိုင်ဖို့ ဖြစ်ပါတယ်။

ဒီလို လုပ်ဖို့ ထိရောက်တဲ့ နည်းနာတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ ပိတ်ဆို့ အရေးယူတဲ့ ပြစ်ဒဏ် ဆန်ရှင်တွေ ချတာက အစ၊ ဒီ ရာဇဝတ်မှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေကြသူတွေကို တကယ့်ကို ရာဇဝတ်မှု ပုဒ်မတွေ တပ်ပြီး တရားစွဲ အရေးယူတာတွေ လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ နောက်ကွယ်က လက်သည်တွေဟာ အင်မတန် ဩဇာကြီးလှတဲ့ တရုတ် ရာဇဝတ်ဂိုဏ်း အဖွဲ့တွေ ဖြစ်တဲ့ အတွက် တရုတ်နိုင်ငံ အပေါ်မှာလည်း ဒီ ရာဇဝတ်မှုတွေ အတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒီ ရာဇဝတ်ဂိုဏ်းတွေဟာ ဘေဂျင်းရဲ့ မျက်စေ့ရှေ့မှောက်မှာပဲ အဆမတန် ကြီးထွား လာခဲ့တာ ဖြစ်ပြီး၊ အဲဒါကို ရပ်တန့်စေရေး တရုတ်အစိုးရက ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ အခု တကမ္ဘာလုံးဆိုင်ရာ ပြဿနာ ဖြစ်လာပြီး နိုင်ငံတကာ ခြိမ်းခြောက်မှု အနေအထားထိ ရောက်လာတဲ့ အခါမှာလည်း တရုတ် နိုင်ငံ အပေါ် အဓိက သက်ရောက်နေစေတဲ့ နေရာမျိုးတွေကို ရွေးချယ် ပြီးတော့သာ ဖြိုခွင်းတာမျိုးတွေ ဘေဂျင်းဘက်က ပြုလုပ်ပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲက အွန်လိုင်း အလိမ်အညာ ရာဇဝတ်ဂိုဏ်းတွေဟာ တရုတ်ကို ပစ်မှတ် မထားနိုင်တော့တဲ့ အခါ အမေရိကန် အပါအဝင် တခြားနေရာကသူတွေ ပိုပြီး ပစ်မှတ်ထား ခံလာရတော့တာပါပဲ။

အမေရိကန်ဟာ အဲဒီဒဏ်ကို ခံရတဲ့ အတွက် အမေရိကန် အစိုးရဘက်ကလည်း မြန်မြန်ဆန်ဆန်ပဲ တုန့်ပြန် ဆောင်ရွက်လာပါတယ်။ အခုနက ပြောတဲ့ ဥပဒေ အတည် မဖြစ်သေးခင်မှာကို ဥပဒေပါ တောင်းဆိုချက်တွေကို အစိုးရဘက်က အကောင်အထည် ဖော်လာပါတယ်။

ဒီ အထူးအဖွဲ့အစည်း ဆိုတာကလည်း အမေရိကန် အစိုးရရဲ့ တုန့်ပြန် ဆောင်ရွက်မှုကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လ တွေမှာ တွေ့မြင်နေခဲ့ရတဲ့ အမေရိကန်ရဲ့ အရေးယူ ဆောင်ရွက်ပုံတွေဟာ ဒီ အထူးအဖွဲ့ရဲ့ စုပေါင်း ကြိုးစားမှုကနေ ပေါ်ပေါက်လာတဲ့ ရလဒ်တွေ ဖြစ်ပါတယ်။ ပါဝင် ပတ်သက်နေတဲ့ ရာဇဝတ်သားတွေ အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု ပြစ်ဒဏ်တွေကို ဘဏ္ဍရေး ဌာနကနေ ချမှတ် ပါတယ်။ တခါ၊ FBI လို စုံထောက် အဖွဲ့ကလည်း ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုတွေ အပေါ် ထောက်လှမ်းပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကပဲ နယူးယောက်မြို့၊ ဘရွတ်ကလင် ဗဟိုအစိုးရ တရားရုံးကနေ အွန်လိုင်း အလိမ်အညာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အကြီးမားဆုံး တရားဝင် စွပ်စွဲ အရေးယူမှု ပြုလုပ် ခဲ့ပါတယ်။ ဆန်ရှင် ချထားနှင့်ပြီး ဖြစ်တဲ့ Prince Holding Group လို့ ခေါ်တဲ့ ကမ္ဘောဒီးယား အခြေစိုက် နိုင်ငံတကာ ရာဇဝတ် ဂိုဏ်း အဖွဲ့အစည်းနဲ့ ပတ်သက်သူတွေ အပါအဝင် ရာဇဝတ်မှု ကျူးလွန်သူ လူပုဂ္ဂိုလ်တွေရဲ့ နောက်ကိုပါ အပြစ်ပေး အရေးယူ နိုင်ရေး အတွက် အမေရိကန် ဗဟို အစိုးရ တရားစွဲ ရှေ့နေတွေ လိုက်နေပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေ ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ် သိမ်းဆည်းပါတယ်။

အမေရိကန် အစိုးရဟာ ယူကေလိုမျိုး မိတ်ဖက် နိုင်ငံတွေနဲ့ အတူ အခုလို အရေးယူတာတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီတော့ Strike force ဆိုတာ ဘာလဲလို့ ဆိုရင် .... အခု ပြောခဲ့တာတွေ အားလုံးကို ခြုံငုံ ကိုယ်စား ပြုတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ဒီ Strike force အဖွဲ့နဲ့ ပတ်သက်ပြီး အမေရိကန် တရားရေးဌာနရဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက် ကိုကြည့်ရင် The Strike Force Burma team ဆိုပြီး မြန်မာနိုင်ငံ ဆိုင်ရာ အဖွဲ့ တစ်ခု သီးသန့် ထားရှိထားတဲ့ အချက်ကိုတွေ့ရပါတယ်။ အဲဒီ အဖွဲ့ဟာ မြန်မာနိုင်ငံထဲက Scam centres ၂ ခုနဲ့ ပတ်သက်ပြီး အော်ပရေးရှင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အော်ပရေးရှင်း ဆိုတဲ့ အသုံးအနှုံးဟာ မြန်မာနိုင်ငံထဲထိ ဝင်ပြီး မြေပြင်မှာ ပြုလုပ်တဲ့ စစ်ဆင်ရေး ဆိုပြီး နားလည်ရမလား၊ ဒါမှမဟုတ် ဒီ ကျားဖြန့် နေရာ နှစ်ခု မလည်ပတ်နိုင်ရေး အရေးယူ ဆောင်ရွက်မတဲ့ တခြား ပုံစံမျိုးတွေ လို့ အဓိပ္ပာယ်ကောက်ရမလား ဆိုပြီး ဒွိဟ ပွားဖွယ်တော့ ဖြစ်စေပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ Tai Chang ဆိုတဲ့ နေရာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံသား တွေ ပစ်မှတ်ထားခံရတဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ပင် ထိန်းချုပ်လိုက်တယ် လို့ ဆိုပါတယ်။ နောက် တစ်နေရာမှာလည်း လိမ်ညာတာတွေ၊ ငွေမည်း ခဝါချတာတွေ ပြုလုပ်ဖို့ရာ အသုံးပြုတဲ့ ဂြိုဟ်တု အင်တာနက်တွေကို ဖြတ်တောက်နိုင်ရေး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ အဲဒီ Strike force ဟာ ထိုင်းနိုင်ငံထဲမှာ အဖွဲ့ အနေနဲ့ ကို အခြေစိုက် နေရာချထားပြီး လှုပ်ရှားနေတာမျိုးလား ဂျေဆင်။

ဂျေဆင်တာဝါ။ ။ ဒီလို အထူးအဖွဲ့မျိုး အတွက် အကြီးမားဆုံး အရေးပါတဲ့ အစိတ်အပိုင်းကတော့ ပူးပေါင်း ဆောင်ရွက်မှုပါ။ ဒီတော့ ဥပဒေ သက်ဝင်အောင် ပြုလုပ်ပးရတဲ့ အမေရိကန် အစိုးရတွင်း အဖွဲ့အစည်းတွေကြား ပူးပေါင်း ဆောင်ရွက်ရသလို၊ အခု ပြဿနာကြီးရဲ့ ဒဏ်ကို ခံကြရတဲ့ တခြား နိုင်ငံတွေနဲ့ လည်း ပူးပေါင်း ဆောင်ရွက်ရပါတယ်။ သတင်းအချက်အလက်တွေ ရရှိဖို့ စုဆောင်းရတာက အစ၊ အရေးယူ တရားစွဲနိုင်ဖို့ အလယ်၊ ရာဇဝတ်သားတွေကို အဆုံးတစ်နေ့ တကယ်တမ်း အပြစ်ပေး အရေးယူနိုင်ဖို့ အထိ လုပ်ငန်းစဥ် တိုင်းမှာ နိုင်ငံတကာအနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။

ဒီ ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေတဲ့ ငွေကြေးတွေ စီးဆင်းရာနောက် ခြေရာခံ လိုက်တာ၊ ထိန်းချုပ်တာ၊ ဆုံးရှုံးထားတာတွေ၊ ငွေကြေးတွေ သူတို့ ဘယ်နေရာမှာ သိုဝှက်ထားသလဲ ဆိုတာကို ဖော်ထုတ်တာ စတာတွေမှာ နိုင်ငံတကာရဲ့ ပူးပေါင်း ကူညီမှု လိုအပ်ပြီး၊ အခု Strike Force အဖွဲ့ရဲ့ အဓိက တာဝန်ထဲမှာ အဲဒီလို နိုင်ငံတကာနဲ့ကြား ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးတွေ ဖော်ဆောင် ထားရှိဖို့ ဆိုတဲ့ အချက် ပါဝင်ပါတယ်။

အခုလုပ်ဆောင်နေတာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ ဒီ အလိမ်အညာတွေကြောင့် အမေရိကန် ပြည်သူတွေ ငွေကြေး အမြောက်အများ ဆုံးရှုံး နေကြရပြီး ဘဝပေါင်းများစွာ ပျက်စီးခဲ့ရ၊ မိသားစုပေါင်းများစွာ ပြိုကွဲခဲ့ရပါတယ်။ ဒီတော့ အမေရိကန် အနေနဲ့ သူတို့ရဲ့ ဥပဒေ သက်ဝင်စေရေး တပ်ဖွဲ့တွေကို အသုံးပြုပြီး ဒီ ပြဿနာ အစပြုရာ လက်သည်နောက် ဘာ့ကြောင့် လိုက်ဖို့ လိုသလဲ၊ တခြားနိုင်ငံတွေနဲ့ ဘာ့ကြောင့် တွဲပြီး အလုပ်လုပ်ဖို့ လိုသလဲ ဆိုတဲ့ အကြောင်းပြချက် အခိုင်အမာ ရှိနေပါတယ်။

ဘီဘီစီ။ ။ ဂျေဆင်လည်း သတိထားမိကောင်း ထားမိပါလိမ့်မယ်။ မြန်မာ စစ်ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောတာတွေထဲ အမေရိကန် အနေနဲ့ အခုလို Strike force အဖွဲ့မျိုး ထားရှိလာတာဟာ hidden agenda လို့ ခေါ်တဲ့ နက်နဲတဲ့ လျှို့ဝှက် ရည်ရွယ်ချက် ရှိနိုင်တယ်လို့ ဆိုသွားပါတယ်။ အရှေ့တောင်အာရှမှာ တရုတ်နဲ့ အာဏာ ချိန်ခွင်လျှာ ညှိနိုင်ဖို့ က အစ၊ မြန်မာ့ နိုင်ငံရေးထဲ အတိုင်းအတာ တစ်ခုထိ ပါဝင် ပတ်သက်ဖို့ ရည်ရွယ်ချက်မျိုးတွေ အမေရိကန်မှာ တကယ် ရှိနေလား။

ဂျေဆင်တာဝါ။ ။ Strike force အဖွဲ့ရဲ့ ရည်မှန်း ဦးတည်ချက်ကတော့ အမေရိကန်တို့ရဲ့ ဆုံးရှုံး နစ်နာမှုတွေကို ရပ်တန့်ရေး၊ ဆုံးရှုံးသွားခဲ့တဲ့ ငွေကြေးတွေကို ပြန်လည် ရှာဖွေ ရယူနိုင်ရေး တို့ ဖြစ်ပါတယ်။ အမေရိကန် ပြည်သူတွေသာမက ကမ္ဘာတလွှား အတိုင်းတိုင်း အပြည်ပြည်မှာ ကြုံတွေ့နေရတဲ့ ဆိုးရွား ပြင်းထန်လှတဲ့၊ ဆုံးရှုံးမှု ကြီးမားလှတဲ့ ဒီ ပြဿနာကြီးကို အမေရိကန်က ဦးစီးဦးဆောင် ကဏ္ဍမှာ ပိုမို ရယူပြီး ကိုင်တွယ်နိုင်ဖို့ရာလည်း ရည်ရွယ်ပါတယ်။

နိုင်ငံတကာ ပြဿနာဆိုတာ ဘယ်လောက် ထင်ရှားသလဲ ဆိုရင် မြန်မာနိုင်ငံထဲကနေ လွတ်လာသူတွေ၊ ကယ်လိုက်နိုင်သူတွေ၊ ဝင်စီးတဲ့ အခါ တွေ့ရသူတွေကို ကြည့်ရင် နိုင်ငံတကာက သူတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ လို့ ဆိုတာမှာ နှစ်နိုင်ငံ သုံးနိုင်ငံ ဆိုတာမျိုး၊ ဒေသတွင်း နိုင်ငံတွေကလို့ ဆိုတာမျိုး မဟုတ်ပါဘူး။ မတူတဲ့ နိုင်ငံပေါင်း ၂၀ - ၃၀ က သူတွေဟာ အဲဒီ ခြံဝင်းတွေ၊ အဆောက်အအုံတွေထဲကနေ လွတ်လာတာမျိုး ဖြစ်ပါတယ်။ အခုအချိန်ထိ စာရင်းဇယားတွေ အရ ဒီ အလိမ်အညာ နေရာတွေမှာ ခိုင်းစေဖို့ လူကုန်ကူး ခံရသူတွေ မူလ လာရာ နိုင်ငံတွေကို ကြည့်ရင် နိုင်ငံပေါင်း ၇၇ နိုင်ငံက သူတွေ ဖြစ်ပါတယ်။ အဲဒီမှာ အတော်လေး ဆိုးဆိုးရွားရွားကို အတင်းအဓမ္မ ခိုင်းစေခံရတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ အနေနဲ့ အရေးယူ ဆောင်ရွက်ဖို့ရာ မလုပ်မနေရ ဦးစားပေး လုပ်ရမယ့် ကမ္ဘာ့ပြဿနာကြီး ဖြစ်လာပါတယ်။

အဲဒီ ကမ္ဘာ့ပြဿနာကြီး ပေါ်ပေါက်လာစေတဲ့ အကြောင်းအရင်းတွေထဲ ကျွန်တော် အစောပိုင်းက ပြောခဲ့သလို မြန်မာ စစ်တပ်နဲ့ သူတို့ရဲ့ နယ်ခြားစောင့်တပ်တွေလည်း ပါဝင်နေပါတယ်။ မြန်မာ စစ်တပ်ရဲ့ နယ်ခြားစောင့်တပ်ကပဲ ကိုးကန့် နယ်ထဲမှာ ဒီ ရာဇဝတ်ဂိုဏ်းတွေကို အခြေစိုက်ခွင့် ပေးခဲ့ပြီး တရုတ် နိုင်ငံထဲက သူတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ရှမ်းပြည်နယ် တခွင်နဲ့ ထိုင်းနဲ့ ကပ်ရက် ကရင်ပြည်နယ်ထဲက နေရာတွေမှာ ခြေကုပ်ယူလို့ အုံနဲ့ကျင်းနဲ့ ဖြစ်လာပါတယ်။

ဒီတော့ အမေရိကန်ရဲ့ ရည်ရွယ်ချက်လို့ ပြောရင် ကျွန်တော့် အမြင်မှာတော့ ဒီ ပြဿနာကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် အရေးယူနိုင်ဖို့နဲ့ ဒီ အလိမ်အညာ ဂိုဏ်းတွေရဲ့ ခြေကုပ်ယူမှုဟာ ဒီလှိုင်းတွေလို ဆင့်ပွား ဆင့်ပွား ရိုက်ခတ်ပြီး မြန်မာ တစ်နိုင်ငံလုံး ပြန့်နှံ့ သွားတာမျိုးကို ကာကွယ် တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။ အခု အချိန်မှာမှ ထိရောက်အောင် စနစ်တကျ အရေး မယူဘူးဆိုရင် ပြဿနာ ကြီးထွားမှုဟာ လာမယ့် ၂ နှစ်- ၃ နှစ်အတွင်း မမှန်းဆနိုင်လောက်အောင် ဆကဲ တိုးတက်လာဖို့ ပဲ ရှိပါတယ်။ ဒီတော့ အမေရိကန် အနေနဲ့ တားမှ၊ ထိန်းချုပ်မှပဲ ရပါတော့မယ်။

အဲဒီလို တားဆီး အရေးယူတဲ့အခါ ကျူးလွန်သူ ရာဇဝတ်သားတွေသာမက၊ ကျူးလွန်နိုင်ခွင့် ပေးထားသူတွေလည်း ပစ်မှတ်ထား ခံရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာ စစ်တပ် အနေနဲ့ အချုပ်အခြာ အာဏာ sovereignty ဆိုတာမျိုး ကို ပြောကောင်း ပြောပါလိမ့်မယ်။ တကယ်တမ်း တော့ ဒီလို ရာဇဝတ်ဂိုဏ်း ခြေကုပ်နေရာတွေကို လက်သင့်ခံထားတဲ့၊ လှုပ်ရှားခွင့် ပေးနေခဲ့တဲ့ အပြုအမူကသာ

တစ်နိုင်တည်းရဲ့ အချုပ်အခြာ အာဏာ ကိုသာမက ကမ္ဘာ့ နိုင်ငံ အမြောက်အများရဲ့ အချုပ်အခြာ အာဏာကို ထိပါး ချိုးဖောက် နေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ မိတ်ဖက် ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ်တွေကို ဘာတစ်ခုမှ ထိန်းချုပ် ဟန့်တားတာမျိုး မြန်မာစစ်တပ် အနေနဲ့ မလုပ်ဆောင်ခဲ့ပါဘူး။ အခု လုပ်နေတယ် ဆိုတာတွေကလည်း သက်သေတွေကို အစုလိုက် အပြုံလိုက် ဖျောက်ဖျက် နေတာမျိုးသာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ တကယ်လို့ မြန်မာ စစ်တပ်အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်း ကူညီမယ် ဆိုရင်ရော အလိမ်အညာ ရာဇဝတ်ဂိုဏ်းတွေ ဖြိုခွဲရေး ခေါင်းစဥ်အောင် အမေရိကန်နဲ့ မြန်မာ စစ်တပ် နီးစပ်သွား နိုင်မယ်လို့ ထင်လား။

ဂျေဆင်တာဝါ။ ။ ကျွန်တော့် အမြင်မှာတော့ ဒီနေ့လို အခြေအနေမျိုးထိ ဘာဖြစ်လို့ ရောက်လာရသလဲ ဆိုတဲ့ အရင်းခံ ပြဿနာကို မျက်မှောက်ပြု နားလည်ဖို့ လိုပါတယ်။ မြန်မာစစ်တပ်ကို ဒီ အရေး ကိုင်တွယ်ဖို့ တရုတ်က ၂၀၂၃ မှာ အတော်လေး ဖိဖိစီးစီး တောင်းဆိုခဲ့ပါတယ်။ မြန်မာ စစ်တပ်ဘက်က လိုက်လျော ဆောင်ရွက်တာမျိုး မရှိတဲ့ အခါ တရုတ် ကျောထောက်နောက်ခံနဲ့ ၁၀၂၇ စစ်ဆင်ရေး ဆိုပြီး ပေါ်လာတာပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ ပင်မ ရည်မှန်းချက်ကတော့ ညီနောင် မဟာမိတ် အဖွဲ့တွေ အနေနဲ့ ကိုးကန့်ကို ထိန်းချုပ်ထားတဲ့ မိသားစုကြီး ၄ စု ကို ညီနောင်အဖွဲ့တွေကနေ တဆင့် ဖယ်ရှား ရှင်းလင်းနိုင်ရေး ဖြစ်ပါတယ်။

ကိုးကန့် မိသားစုကြီးတွေဆိုတာ မြန်မာ စစ်တပ်ရဲ့ နယ်ခြားစောင့်တပ်ကို ဦးဆောင် နေသူတွေပဲ ဖြစ်ပါတယ်။ ဒီရဲ့ နောက်ဆက်တွဲ စစ်ပွဲတွေ ပေါ်လာပြီး မြန်မာ စစ်တပ်ဟာ ထိန်းချုပ်မြေတွေ အတော်လေး လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာ စစ်တပ်မှာ အစွမ်းသတ္တိ မရှိဘူး၊ ပြဿနာကို ကိုင်တွယ် နိုင်စွမ်း မရှိဘူး ... တကယ်တမ်းတော့ မြန်မာစစ်တပ်ဟာ အင်မတန် ပျော့ညံ့တွေဆိုတာကို တရုတ် အစိုးရ ကောင်းကောင်း နားလည် သွားပါတယ်။

တကယ်လို့ ညီနောင်အဖွဲ့တွေကိုသာ တရုတ်က ဆက်ပြီး ထောက်ပံ့ ပေးနေမယ် ဆိုရင် အဲဒီ အချိန်ကတည်းက မြန်မာ စစ်တပ်ဟာ ပြိုကွဲသွားတော့မယ့် အခြေအနေထိ ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် တရုတ်က အဲဒီလို မလုပ်ပါဘူး။ ရပ်တည်မှု ပြန်ပြီး ပြောင်းပါတယ်။ မြန်မာ စစ်တပ်ကို ပြန်ပြီး အားဖြည့် ပေးပြန်ပါတယ်။

မြန်မာ စစ်တပ်လည်း တရုတ်က ပြန် တည်ဆောက် ပေးတာတွေကို အသုံးချလို့ နယ်မြေတွေကို ပြန်ပြီး ရယူပါတယ်။ အရပ်သားတွေပါ ပစ်မှတ်ထား ဗုံးကြဲ ခံရတာမျိုးပါ။ လူအစုလိုက် အပြုံလိုက် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးတွေ အထိ မြန်မာ စစ်တပ်က ပြုမူ ကျူးလွန်ပြီး တရုတ် အကူအညီနဲ့ ဆုံးရှုံးနယ်မြေတွေကို ပြန်ရယူတာ ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း တရုတ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေ အပေါ် ဆက်ပြီး ဖိအားပေးနေပြီး ... မြန်မာနိုင်ငံထဲမှာ လုံခြုံရေး ဆိုင်ရာ စွက်ဖက် ပါဝင်နိုင်ခွင့် အတိုင်းတာ ပမာဏဟာ အင်မတန် ကြီးမား ကျယ်ပြန့်လာခဲ့ပါတယ်။

ဒီလို အနေအထားမျိုး ရောက်လာသည့်တိုင် တရုတ်ဟာ နိုင်ငံတကာ အပေါ် သက်ရောက် ရိုက်ခတ်နေတဲ့ Scam centres တွေကို တိုက်ဖျက် ခြေမှုန်းရေး အာရုံ မစိုက်တော့ပါဘူး။ ဒီ ကိစ္စနဲ့ ပတ်သက်ရင် သူတို့ အာရုံစိုက်မှုဟာ တရုတ်ကနေ ဝေးရာကို တွန်းလွှတ် နိုင်ရေးပဲ ဖြစ်ပါတယ်။

ဒီတော့ တရုတ်ဟာ ဒီ ကိစ္စကို ကိုင်တွယ်ရေးမှာ ဘယ် လောက်အထိပဲ လုပ်မယ်၊ ဘယ်စည်းကို မကျော်ဘူး ဆိုတာ ပိုပြီး ပုံပေါ်လာပါတယ်။ အဲဒီ တရုတ်ပုံစံ တရုတ်မော်ဒယ်ကို အမေရိကန်က ဆက်ခံမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီ အလိမ်အညာ ရာဇဝတ်ဂိုဏ်းတွေနဲ့ သူတို့ရဲ့ ခြေကုပ်နေရာတွေကို ဖြိုခွင်း နိုင်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က တက်တက်ကြွကြွ လုပ်လာမယ် ဆိုရင် အမေရိကန်က အားပေး ကူညီကောင်း ကူညီပါလိမ့်မယ်။ မြန်မာ စစ်တပ် အပေါ်မှာလည်း အလားတူ လုပ်ဖို့ ဖိအားပေး ပြောဆိုတာတွေ လုပ်ကောင်း လုပ်ပါလိမ့်မယ်။

ဒါပေမယ့် အရပ်သား ကျေးရွာတွေကို ဗုံးကြဲ နေတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အကူအညီ အထောက်အပံ့ ဖြစ်စေမှ မြန်မာ စစ်တပ်ရဲ့ နယ်မြေ ပိုင်စိုးမှု တိုးချဲ့ လာနိုင်ပြီး၊ Scam centres တွေကို ဖြိုခွင်းနိုင်ရေး မှာ ပိုပြီး ထိရောက်လာလေမလား ဆိုတာကတော့ အဓိပ္ပာယ် ကင်းမဲ့ လှပါတယ်။ အဲဒီ လို စဥ်းစားပုံဟာ ဒီပြဿနာကို ကိုင်တွယ်နိုင်ရေးမှာ အကျိုးကြောင်း ညီညွတ်တဲ့ စဥ်းစာပုံမျိုး၊ လမ်းကြောင်းမျိုး မဟုတ်ပါဘူး။

အမေရိကန်ဟာ အခုဆိုရင် ယူကေ အပါအဝင် နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ဒီ အရေး ကိစ္စ ကိုင်တွယ်နိုင်ရေးမှာ ထိထိရောက်ရောက် လက်တွဲ လုပ်နေပြီ ဖြစ်ပါတယ်။

ဒီ scam centres တွေဆီ လူတွေ ရောက်သွားတဲ့ ဝင်ပေါက် လမ်းကြောင်းတွေကို ဘယ်လို ပိတ်ဆို့ ဟန့်တားနိုင်မလဲ ဆိုတာကို ထိုင်းနိုင်ငံနဲ့ကြား ထိထိရောက်ရောက် ပိုပြီး ပူးပေါင်း ဆောင်ရွက်နိုင်ဖို့လိုမျိုး လက်တွေ့ကျတဲ့ အရာတွေ အပေါ်မှာ အာရုံစိုက်နေပါတယ်။