ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးက ကျားဖြန့်ခွင် အသစ်လား
ကျားဖြန့်လုပ်ငန်းတွေအခြေပြုတဲ့ အဆောက်အဦတွေကို အမြစ်ဖြတ်ဖို့ဆိုပြီး မြန်မာစစ်တပ်က ဖောက်ခွဲဖြိုချရှင်းလင်းရေးတွေ ပြုလုပ်ခဲ့တဲ့ KK Park အနီးမှာပဲ နောက်ထပ် ကျားဖြန့်လုပ်ငန်းဆိုက်သစ် ထပ်ပေါ်လာတယ်လို့ မြေပြင်သတင်းရင်းမြစ် ၅ ဦးခန့်က အတည်ပြုပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်အတွင်းက KK Park အနီးမှာ ထွက်ပေါ်လာတဲ့ ဒီကျားဖြန့် ( အွန်လိုင်းငွေလိမ်လုပ်ငန်း) အသစ်တွေကို ဒေသခံတွေကြား "ကေကေပါ့ခ် တူးပွိုင့်ဇီးရိုး (KK Park 2.0)" လို့ ခေါ်ကြပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ တင်ဆက်တဲ့ ဟောင်ကောင်အခြေစိုက် The Standard သတင်းဌာနကလည်း ကျားဖြန့် တူးပွိုင့်ဇီးရိုးခွင်အသစ်အကြောင်းကို မလေးရှားနိုင်ငံက တက်ကြွလှုပ်ရှားသူတစ်ဦး ရှာဖွေတွေ့ရှိခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းများနဲ့ ဖော်ထုတ်တင်ပြလာပါတယ်။
ဖေဖော်ဝါရီဒုတိယပတ်မှာဖော်ထုတ်တင်ပြလာတဲ့ The Standard ရဲ့ မှတ်တမ်းပုံတွေထဲမှာ အတွဲလိုက်ဆောက်ထားတဲ့ နှစ်ထပ်ဆောင်တိုက်တန်းလျားပုံစံတွေကိုတွေ့ရပါတယ်။
"KK Park တူးပွိုင့်ဇီးရိုး" က မြဝတီမြို့ရဲ့ ဘယ်နေရာမှာ ရှိနေတာလဲ။ အဲဒီဝင်းအတွင်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေ တကယ်ပဲ လည်ပတ်နေသလားဆိုတာကို မြေပြင်သတင်းရင်းမြစ် အနည်းဆုံး ငါးဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
KK Park 2.0 ရဲ့ တည်နေရာ
ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးဟာ မြဝတီမြို့နယ်၊ မယ်ထော်သလေးဒေသက ကျားဖြန့်လုပ်ငန်းတွေလည်ပတ်ခဲ့တဲ့ မူလ KK Park ရဲ့ အနောက်ဘက်ခြမ်း ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
KK Park ရဲ့ အနောက်ဘက်ခြမ်း ၁၀ မိုင်ဝန်းကျင် အကွာမှာ မေတ္တာလင်းမြိုင်ရွာရှိပါတယ်။ အဲဒီရွာကို ကရင်နယ်ခြားစောင့်တပ်(BGF) အသွင်ပြောင်း ကရင်အမျိုးသားတပ်(KNA) က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးလို့ ခေါ်ဆိုကြတဲ့ နေရာဟာ မေတ္တာလင်းမြိုင်ရွာနဲ့ အဲဒီရွာအနောက်ဘက် လက်ခတ်တောင်ကြားထဲက နေရာမှာရှိနေတာလို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
မေတ္တာလင်းမြိုင်ရွာနဲ့ လက်ခတ်တောင်ကုန်းဟာ ၂ မိုင်ဝန်းကျင်ကွာဝေးပြီး ကားနဲ့ ဆိုင်ကယ်တွေမောင်းနှင်လို့ရတဲ့ ရွာလမ်းတချို့ရှိတယ်လို့ ရွာခံ ၁ ဦးက အတည်ပြုပါတယ်။ လက်ခတ်တောင်ကုန်းကို အရှေ့ဒေါနလို့လည်း သတ်မှတ်ခေါ်လေ့ရှိကြတဲ့အကြောင်း ရွာခံတချို့က ပြောပါတယ်။
မေတ္တာလင်းမြိုင်ရွာနဲ့ လက်ခတ်တောင်ကုန်းကြားမှာ "ရွာလမ်းတွေရှိတယ်။ တောင်ကုန်းတွေနဲ့ ကပ်နေတဲ့နေရာဆိုတော့ လူသူအရောက်ပေါက်နည်းတာပေါ့" လို့ မေတ္တာလင်းမြိုင်ရွာခံတစ်ဦးက ပြောပါတယ်။
မြဝတီမြို့တောင်ဘက်က လက်ခတ်တောင်ကုန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး(PDF)ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ်မှာ သိမ်းခဲ့ပါတယ်။ အဲဒီအချိန်က တော်လှန်ရေးတပ်တွေနဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) တို့ကြားတောင်အနီးနားတဝိုက်မှာ လက်နက်ကိုင်တပ်တွေအနေနဲ့ အထိုင်ချတပ်စွဲတာတွေ မလုပ်ကြဖို့ဆိုတဲ့ ညှိနှိုင်းသဘောတူတာတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတချို့မှာ ဖော်ပြခဲ့ကြပါတယ်။
၂၀၂၅ စက်တင်ဘာမှာတော့ အဲဒီလက်ခတ်တောင်ကုန်းကို မြန်မာစစ်တပ်က ပြန်လည်သိမ်းယူထိန်းချုပ်ခဲ့ပါတယ်။
KK Park 2.0 ထဲမှာဘာတွေရှိလဲ
ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးဟာ မြေဧကကျယ်ကြီးထဲက ဝင်းကြီးတစ်ခုဖြစ်ပြီး အဲဒီခြံဝင်းထဲမှာ အဆောက်အဦ ၃ ခုထက်မနည်းရှိတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"ဝင်းထဲမှာ ၂ ထပ်တိုက်၊ ၃ ထပ်တိုက်နဲ့ ၄ ထပ်တိုက်တွေရှိတယ်" လို့ ဒီခြံဝင်းထဲကို ပစ္စည်းပို့ဆောင်ရေးအတွက် ဝင်ထွက်ခဲ့ဖူးသူတစ်ဦးက ပြောပါတယ်။
ဒီခြံဝင်းထဲက အဆောက်အဦတွေ ဆောက်လုပ်ပြီးစီးတာ လပိုင်းလောက်သာရှိသေးတယ်လို့ သိရပြီး ၂၀၂၅ နှစ်စပိုင်းလောက်ကတည်းက တိုက်တွေဆောက်နေတာတွေ့ရတယ်လို့ သူက ပြောပါတယ်။
ဟောင်ကောင်သတင်းဌာနတစ်ခုဖြစ်တဲ့ The Standard မှာလည်း တူးပွိုင့်ဇီးရိုး ခြံအပြင်ဘက်မှာ စောင့်ကြည့်ကင်မရာတွေတပ်ဆင်ထားပြီး သံတံတိုင်းတွေနဲ့ ကာရံထားတယ်လို့ ဓာတ်ပုံတွေနဲ့ အတူ ဖော်ပြထားပါတယ်။
အလားတူ မြေပြင်အခြေအနေသိသူတစ်ဦးကလည်း ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးခြံဝင်းထဲမှာ မြန်မာအပါအဝင် တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံသားတချို့ နေထိုင်နေကြတယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
KK Park 2.0 ထဲမှာ ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်နေလား
ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးခြံဝင်းထဲမှာ အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းတချို့ တနိုင်တပိုင် ပြန်လည်ပတ်နေတယ်လို့ ဒီအခြေအနေကို သိတဲ့ သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။
မြဝတီမြို့တောင်ဘက် ကေကေပါ့ခ်(KK Park)ဝင်းထဲက ကျားဖြန့်လုပ်ငန်းတွေ ဖြိုခွင်းခံရပြီးနောက်ပိုင်းမှာမှ နေရာအသစ်ဖြစ်တဲ့ ကေကေပါခ့် တူးပွိုင့်ဇီးရိုးခြံဝင်းထဲကို လုပ်ငန်းတချို့ ရွှေ့ပြောင်းလာကြတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
''နေ့ချင်းညချင်းဆောက်တာမဟုတ်ဘူး။ တကယ်တော့ ထပ်ထပ်ချဲ့ပြီးဆောက်ထားတာတွေထဲက တစ်ခုပါ။ ဟိုဘက်မှာအကုန်ထွက်ပြေးရတော့ ဒါတွေက အတော်ဖြစ်သွားတာ'' လို့ သတင်းရင်းမြစ်ကပြောပါတယ်။
KK Park ဝင်းထဲကို စစ်တပ်က ၂၀၂၅ အောက်တိုဘာမှာ စီးနင်းမှုတွေလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ ဖြိုချဖျက်ဆီးရေးတွေ လုပ်နေတယ်လို့ ထုတ်ပြန်နေပါတယ်။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ KK Park နယ်မြေထဲက ကျားဖြန့်လုပ်တဲ့တရားမဝင်အဆောက်အဦ တွေကို ၂၀၂၅ အောက်တိုဘာကတည်းက ဖြိုချနေပြီး ၂၀၂၆ ဇန်နဝါလအထိ ၄ လအတွင်း အဆောက်အအုံ ၆၃၁ လုံးကို ဖြိုချဖျက်ဆီးထားတယ်လို့ သတင်းထုတ်ထားပါတယ်။
အလားတူ မြဝတီမြို့မြောက်ဘက်က ကရင်နယ်ခြားစောင့်တပ်(BGF/ KNA) ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်အဆောက်အအုံတချို့ကိုလည်း စစ်တပ်က ဖြိုချတာ၊ ချိပ်ပိတ်တာတွေ လုပ်ထားပါတယ်။
"ကျားဖြန့်လုပ်တဲ့ တရုတ်နိုင်ငံသားထိပ်ပိုင်းခေါင်းဆောင်တွေက သူတို့လုပ်ငန်းတွေ ဖြိုခွင်းခံရလို့ နေရာသစ်ကို ခဏရွှေ့လာတာ" လို့ သတင်းရင်းမြစ်က ပြောပါတယ်။
တူးပွိုင့်ဇီးရိုးခြံဝင်းအသစ်ဟာ BGF ထိန်းချုပ်နယ်မြေထဲမှာပဲရှိတာကြောင့် ဒီပြောင်းရွှေ့မှုတွေကိုလည်း BGF တပ်ဖွဲ့ဝင်တချို့ ကပဲ ပြောင်းရွှေ့ပေးထားတာဆိုတဲ့ ပြောဆိုချက်တွေလည်းရှိပါတယ်။
အစောပိုင်းက သတင်းရင်းမြစ်တွေရဲ့ အပြောအရ စစ်တပ်က KK Park ထဲကို စီးနင်းမှုမလုပ်ခင် နာရီပိုင်းအလိုမှာပဲ KK Park ထဲက တရုတ်ကျားဖြန့်လုပ်ငန်းရှင်တွေနဲ့ ရာထူးအကြီးပိုင်းတွေ တခြားနေရာတစ်ခုကို ပြောင်းရွှေ့သွားခဲ့တယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ် တစ်ဦးကပြောထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ KK Park နဲ့ ရွှေကုက္ကိုဝင်းထဲက ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းတဲ့ ၂၀၂၅ နှောင်းပိုင်းကတည်းက စလို့ လက်ရှိတူးပွိုင့်ဇီးရိုးခြံဝင်းအသစ် အပြင် မြဝတီမြို့မြောက်ဘက်၊ သစ်ကတေကျေးရွာထဲက အဆောက်အဦသစ်တချို့ရှိတဲ့ နေရာတွေဆီ တရုတ်အပါအဝင် နိုင်ငံခြားသားတချို့ ပြောင်းရွှေ့နေကြတာလို့ မြဝတီမြို့က အငှားဆိုင်ကယ်မောင်းနှင်နေသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ နေရာသစ် တူးပွိုင့်ဇီးရိုးခြံဝင်းသစ်မှာရောက်နေတဲ့ တရုတ်နိုင်ငံသားတွေထဲ တချို့ကတော့ "ကျားဖြန့်လုပ်ငန်းတွေပြန်စနေပြီ" လို့ ဒီခြံဝင်းထဲက ကျားဖြန့်ဝန်ထမ်းတချို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဟောင်ကောင်သတင်းဌာနဖြစ်တဲ့ The Standard ကလည်း ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးခြံဝင်းထဲမှာ မလေးရှားနိုင်ငံသား ၁၅၀ ဝန်းကျင်ကို ဖြားယောင်းခေါ်ဆောင်ပြီး ကျားဖြန့်လုပ်ငန်းတွေစဖို့ ပြင်ဆင်နေကြတယ်လို့ ဖော်ပြထားပါတယ်။
အာဏာပိုင်တွေဘက်က နှိမ်နင်းဖြိုခွင်းမှုတွေလုပ်နေတယ်ဆိုတဲ့ပြောဆိုချက်တွေရှိပေမဲ့ မြန်မာက တယ်လီဂရမ်ပေါ် မှာတော့ မြဝတီ၊ ရွှေကုက္ကိုနဲ့ မြဝတီတကြော မှာ ကျားဖြန့်ဂိုဏ်းတွေရဲ့ အလုပ်ခေါ်စာတွေက ရပ်မသွားပါဘူး။
တယ်လီဂရမ်ထဲက မြဝတီ၊ ရွှေကုက္ကိုနဲ့ မြဝတီတကြော အလုပ်အကိုင်ရှာဖွေရေး ဂရုတွေထဲမှာ ကျားဖြန့် အလုပ်ခေါ်စာတွေက ပလူပျံနေဆဲပါ။
ဒီလိုဂရုတွေက ဆယ်နဲ့ချီရှိသလို တစ်ရက်တည်းမှာ အကြိမ်ရေများစွာ အလုပ်ခေါ်နေပါတယ်။
တယ်လီဂရန်ချန်နယ်တွေမှာ ကျားဖြန့်အလုပ်တွေ နေ့စဥ်ရက်ဆက် ခေါ်ယူနေသလို မြဝတီဒေသထဲမှာလည်း ကျားဖြန့်လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နေတယ်လို့ မြေပြင်အခြေအနေသိသူတွေနဲ့ မြို့ခံတချို့ကပါ အတည်ပြုပြောကြပါတယ်။
မြဝတီဒေသထဲက နေရာ ၇ နေရာထက်မနည်းမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်လုပ်ကိုင်နေတာကို ဘီဘီစီဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ ကျားဖြန့်ဝန်ထမ်း ၃ ဦးထက်မနည်း ဖြိုချဖျက်ဆီးမှုတွေလုပ်တယ်ဆိုတဲ့ ၂၀၂၅ နှောင်းပိုင်းကတည်းက ဘီဘီစီကိုပြောထားပါတယ်။
ယူကေ(UK)ဝင်း၊ ၆၆၉ ဂိတ်ဝင်း၊ ၁၃ ဂိတ်နဲ့ ၁၂ ဂိတ် အနီးက ခရမ်းပြာဝင်း၊ ၉၉၉ ဂိတ်၊ မြဝတီ ၁ ဂိတ်(ဟိန်းစိန် ၁ )၊ ဂိတ်အမှတ် ၂၀၊ ဝမ်ခ-ရွှေပိတောက်မြိုင်၊ သဲပုံ၊ သစ်ကတေ စတဲ့နေရာတွေမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နေတာဖြစ်ပါတယ်။
ဝမ်ခ-ရွှေပိတောက်မြိုင်၊ သဲပုံနဲ့ ရွှေညောင်ပင် ၂၉ ဂိတ်အပါအဝင် သစ်ကတေကျေးရွာ စတဲ့နေရာတွေမှာ ကျားဖြန့်ဆိုက်ကြီးတွေ ရှိနေပြီး တရုတ်လုပ်ငန်းရှင်တွေ၊ နိုင်ငံပေါင်းစုံက ကျားဖြန့်အလုပ်သမားတွေနဲ့ ဆက်ပြီးလည်ပတ်နေတယ်လို့ အဲဒီဆိုက်တွေမှာ လုပ်ကိုင်နေသူတချို့က ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာလည်း ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးခြံဝင်းအသစ်ထဲမှာ ကျားဖြန့်လုပ်ငန်းတွေလည်ပတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အဲဒီနေရာကိုထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားခြင်းမရှိသေးပါဘူး။
တူးပွိုင့်ဇီးရိုးခြံဝင်းထဲက ကျားဖြန့်ဝန်ထမ်းတချို့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ လက်ရှိမှာ ကျားဖြန့်ကို တနိုင်တပိုင်ပြန်စနေပြီဖြစ်သလို အွန်လိုင်းလောင်းကစားလုပ်ငန်းတချို့လည်း ပြန်စတော့မယ်လို့ ထပ်ပြောပါတယ်။
"တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့အတွက် အွန်လိုင်းကနေပဲ ညဆိုင်းသမားတွေ ထပ်ရှာနေတယ်"