မြန်မာ-ထိုင်းနယ်စပ်မှာ ပြန့်ကျဲသွားတဲ့ ကျားဖြန့်အလုပ်သမားတွေ

မြဝတီမြို့ထဲက ကားဂိတ်၊ စားသောက်ဆိုင်တွေမှာ ခရီးဆောင်အိတ်၊ ကျောပိုးအိတ်တွေနဲ့အတူ ပုံစံမျိုးစုံနဲ့ လူတချို့ဟာ ဟိုနားတစ်စု၊ ဒီနားတစ်စုနဲ့ ရှိနေကြပါတယ်။

သူတို့တွေက အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်နဲ့ ပတ်သက်ပြီး နာမည်ဆိုးနဲ့ လူသိများနေတဲ့ KK Park ကို စစ်တပ်က နောက်ထပ်ဝင် ဖမ်းမယ်လို့ သတင်းတွေထွက်ပြီးနောက် မြဝတီမြို့ပေါ်ကို ထွက်ပြေးလာကြသူတွေပါ။

အောက်တိုဘာ ၂၂ ကစပြီး မြဝတီမြို့ထဲမှာ ကျားဖြန့်အလုပ်သမားတွေ နဲ့ ပြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိတ်ကိုယ်စီနဲ့ ထွက်လာကြတဲ့ ကျားဖြန့်အလုပ်သမားတွေကို "အစာချီထားတဲ့ ပုရွက်ဆိတ်တွေ တွင်းထဲက ထွက်လာသလိုပဲ" လို့ မြဝတီမြို့ခံ အမျိုးသားတစ်ယောက်က ခိုင်းနှိုင်းပြောဆိုပါတယ်။

KK Park ထဲက ကျားဖြန့်လုပ်ငန်းတွေကို စစ်ကော်မရှင်က ဟန်ပြစီးနင်းခဲ့တယ်လို့ ဝေဖန်မှုတွေရှိကြပေမဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေရှိနေတာဖြစ်ပါတယ်။

ဦးတည်ရာမဲ့ ကျားဖြန့်အလုပ်သမားတွေ

KK Park ဟာအခိုင်အမာ ခတ်ထားတဲ့ ခြံဝန်းကြီးထဲမှာ ရုံးခန်း အဆောက်အဦတွေ၊ စားသောက်ဆိုင်တွေပါ ထည့်သွင်းထားတဲ့ မြို့ပြလေးတစ်ခုလို ရှိနေတာပါ။

KK Park ထဲမှာ အလုပ်သမား ထောင်ချီရှိတယ်လို့ BGF တာဝန်ရှိသူတစ်ယောက်က ပြောပြီး ထွက်ပြေးလာတဲ့လူတွေက ဒီပမာဏကို အတည်ပြုပေးနေပါတယ်။

အဲဒီထဲမှာ တစ် ထပ်တိုက် ၁၀ လုံး၊ နှစ်ထပ်တိုက် အလုံး ၁၀၀၊ လေးထပ်တိုက်က အလုံး ၂၀ ၊ ငါးထပ်တိုက် ၂ လုံး အပါအဝင် ဈေးဆိုင်ခန်း၊ ဂိုထောင်၊ ဆေးပေးခန်း အဆောက်အဦတွေ ရှိတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကရင်နယ်ခြားစောင့်တပ် (BGF/ KNA) ထိန်းချုပ်နယ်မြေထဲက ကေကေပါ့ခ် (KK Park) ထဲကို စစ်တပ်က ဝင်‌ရောက်စီးနင်းချိန်မှာ KK Park ထဲက အလုပ်သမား ၂,၁၉၈ ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဘီဘီစီ သတင်းရင်းမြစ်တစ်ယောက်ရဲ့ ပြောပြချက်အရ KK Park ဟာ BGF ရဲ့ ဗိုလ်မှူးချုပ် စောတင်ဝင်းက အဓိက ထိန်းချုပ်ဦးဆောင်ပြီး လည်ပတ်နေတာလို့ ဆိုပါတယ်။

စစ်တပ်က နောက်ထပ် စီးနင်းမယ်ဆိုတဲ့ သတင်းကြောင့် KK Park ဝင်းထဲကနေ ခြံစည်းရိုးကျော်သူကကျော်၊ ထိုင်းမြန်မာနယ်စပ်က သောင်းရင်းမြစ်ကို ဖြတ်ပြေးသူက ပြေး၊ မြဝတီမြို့ဘက်ကို သွားသူသွားနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ ရုပ်သံတွေကိုလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။

"အရင်ကဆို ဒီဝင်းထဲက အဝင်အထွက်လုပ်ဖို့ဆိုတာ မလွယ်ဘူး။ ဂိတ်စောင့်တွေက ထွက်ခွင့်ပေးမှ ထွက်ရတာ။ မနေ့ကတည်းက တရုတ်သူဌေးတွေက သူတို့နဲ့ သက်ဆိုင်တဲ့သူတွေကို ကားတွေနဲ့ ခေါ်သွားပြီး အလုပ်သမားတွေကို ဒီအတိုင်းထားခဲ့တာ"လို့ မြဝတီမြို့ခံ ကိုအိုက်စံက ပြောပါတယ်။

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ KK Park ရှိတဲ့ နေရာကို ကားနဲ့ဆို ၄၅ မိနစ်ခရီးလောက် ကြာပါတယ်။

အရင်က ကားငှားရင် ငွေကျပ် တစ်သောင်းခွဲကနေ နှစ်သောင်းဝန်းကျင်သာ ရှိခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်ကစပြီး KK Park ကနေ ထွက်လာတဲ့ ကျားဖြန့်အလုပ်သမားတွေ စုပြုံကားငှားတဲ့အခါ ငွေကျပ် ငါးသောင်းကနေ တစ်သိန်းအထိ ဈေးမြင့်တက်သွားပါတယ်။

အွန်လိုင်းကနေ ငွေလိမ်ပြီး ရှာဖွေနေတဲ့ လုပ်ငန်းဖြစ်တာကြောင့် ဒီလုပ်ငန်း လုပ်ကိုင်တဲ့အလုပ်သမားတွေကို မကူညီကြဖို့ကိုလည်း ပြောဆိုတာတွေ ရှိနေပါတယ်။

"ဒါပေမဲ့ဗျာ တချို့ က အဲဒီဝင်းထဲက စားသောက်ဆိုင်တွေမှာ အလုပ်လုပ်တဲ့မြန်မာတွေရှိတယ်။ တချို့ဆို အလုပ်ရှင်က ငွေမရှင်းပေးဘဲ ထားခဲ့တာ။ ပြန်စရာလမ်းစရိတ်တောင်မရှိလို့ အခမဲ့ခေါ်တင်ခဲ့ရတယ်"လို့ ကျားဖြန့် အလုပ်သမားတချို့ကို ကူညီပေးခဲ့တဲ့ ကားသမားတစ်ယောက်က ပြောပါတယ်။

မြဝတီမြို့ထဲမှာရှိတဲ့ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း စတဲ့ နေရာတွေမှာလည်း ကျားဖြန့်အလုပ်သမားတွေနဲ့ ပြည့်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

တချို့က အခန်းမရလို့ ကြုံရာနေရာမှာ စုပေါင်းအိပ်ကြရတယ်လို့လည်း သိရပါတယ်။

"ဒီနေ့မနက်ဆို နေရာတိုင်း သူတို့နဲ့ရှောင်လို့ မလွတ်ဘူး၊ ကားဂိတ်၊ စားသောက်ဆိုင်တွေမှာ အများကြီးပဲ"လို့ ကိုအိုက်စံက ပြောပါတယ်။

မြန်မာလူငယ်တွေက နေရပ်ပြန်လို့ ရကြပေမဲ့ တရုတ်၊ အာဖရိက၊ ပါကစ္စတန် နိုင်ငံသားတွေကတော့ ဦးတည်ရာမဲ့နေကြတာကို မြို့ခံတွေ မြင်တွေ့နေကြရပါတယ်။

ထိုင်း-မဲဆောက်ဘက်ကိုလည်း ထွက်ပြေးကြ

တရုတ်နဲ့ ပါကစ္စတန် နိုင်ငံသား ကျားဖြန့်အလုပ်သမား တချို့ကတော့ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ တက်ခ်ခရိုင်၊ မဲဆောက်မြို့ကို ပြေးလာကြလို့ ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားကြပါတယ်။

မဲဆောက်မှာ သတင်းရယူနေတဲ့ ဘီဘီစီ - ထိုင်း သတင်းအရ ရေမြှုပ်မွေ့ရာလို ပစ္စည်းတွေသုံးပြီး သောင်ရင်းမြစ်ကို ဖြတ်ကျော်လာတဲ့သူ ရာချီရှိတယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်ရဲ့ ဒီနေ့ညနေထုတ်ပြန်ချက်အရ ကျားဖြန့်လုပ်ငန်းတွေကနေထွက်ပြေးလာသူ ၆၀၀ ဝန်းကျင်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သူတို့တွေကို ထိုင်းလေယာဉ်ကွင်းရှေ့က နယ်စပ်လုံခြုံရေး စစ်တပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ အဝေးရောက် ဧရာဝတီအသင်း (OIA) အထွေထွေ အတွင်းရေးမှူး ကိုဖိုးသင်္ကြန်က ပြောပါတယ်။

လူကုန်ကူးမှု တားဆီးရေးနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးတွေမှာ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဝေးရောက် ဧရာဝတီအသင်း (OIA) က ထိုင်းထိန်းချုပ်မှုအောက်ကို ရောက်လာတဲ့ ကျားဖြန့်အလုပ်သမားတွေကို စားသောက်စရာတွေ စီစဉ်ပေးခဲ့ပါတယ်။

"အဲထဲမှာ လူကုန်ကူးခံရသူတွေပါလား၊ ညှဉ်းပန်းနှိပ်စက်သူပါသလား၊ ဒါမှမဟုတ် ကိုယ်က တခြားသူကို နှိပ်စက်သူပါသလား ဒါတွေစစ်မှာ။ ကျွန်တော်တို့ကိုတော့ ကျားဖြန့်အလုပ်သမားတွေနဲ့ စကားပေးမပြောဘူး၊ ထမင်းထုတ်ဝေပြီး တန်းပြန်လာရတာ "လို့ အထွေထွေ အတွင်းရေးမှူး ကိုဖိုးသင်္ကြန်က ပြောပါတယ်။

သူ့ရဲ့ မျက်မြင်အပြင် ရရှိထားတဲ့ စာရင်းအရတော့ ထိုင်းရောက် ကျားဖြန့်အလုပ်သမားဦးရေဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံက အယောက် ၈၀၀ ဝန်းကျင်ရှိပြီလို့ ပြောပါတယ်။

ဒီထက်လည်း အရေအတွက် ပိုများလာနိုင်ပါတယ်။

စစ်ဆေးခံပြီးရင်တော့ သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေဆီကို ထိုင်းကနေတဆင့် ပြန်ပို့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြဝတီ-မဲဆောက် အမှတ် ၁ တံတားကနေ ထိုင်းနိုင်ငံဘက်ကို ကူးချင်တဲ့ ပြည်ပနိုင်ငံသား ကျားဖြန့်အလုပ်သမားတချို့ကလည်း မြဝတီဘက်ခြမ်း တံတားထိပ်ကနေ စောင့်ဆိုင်းနေတာကိုလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။

ပြည်ပနိုင်ငံတွေကနေ ကျားဖြန့်လုပ်ငန်းတွေကို တရားမဝင် ရောက်လာသူတွေတွေ၊ အထောက်အထား မရှိသူတွေ ဖြစ်တာကြောင့် တရားဝင် တံတားဖြတ်ခွင့်ရဖို့ ခက်ခဲလိမ့်မယ်လို့ ကိုဖိုးသင်္ကြန်က မှတ်ချက်ပေးပါတယ်။

တချို့ ကျားဖြန့် အလုပ်သမားတွေကလည်း BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ် ကျားဖြန့်လုပ်ငန်းတွေဆီ သွားကြတာလည်း ရှိပါတယ်။

"ရွှေကုက္ကိုလ်က လက်မခံဘူး။ လမ်းမှာ စောင့်ဖမ်းပြီး စည်းကမ်းထိန်းသိမ်းရေးကို ပို့တယ်။ အတွင်းရေးမှူးက ကိစ္စဖြစ်ဖြစ်ချင်း ရွှေကုက္ကိုလ်ထဲ ရောက်လာမှာစိုးလို့ လမ်းတလျှောက် ပိတ်ဆို့တယ်၊ ရှာဖွေတယ်၊ ဖမ်းပြီးရုံးပို့တယ်" လို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

ဖမ်းမိသူတွေကို ဘယ်လိုဆက်လုပ်မလဲ ဆိုတာကတော့ မသိရသေးပါဘူး။

မသိနားမလည်သူတွေ အပါအဝင် ငွေကြေးအပိုဝင်ငွေ ရှာချင်သူတွေကို ပစ်မှတ်ထားပြီး အွန်လိုင်း ငွေလိမ်လုပ်ငန်း ကျားဖြန့်ကြောင့် ထိခိုက်ခဲ့ရသူတွေလည်း များခဲ့ပါတယ်။

"ကိုယ်ပြုမယ့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်"ဆိုတဲ့ မှတ်ချက်တွေလည်း ကျားဖြန့်အလုပ်သမားတွေရဲ့ Tik Tok မှာ တွေ့ရပါတယ်။

စတားလင့်ကုမ္ပဏီ Space X ကလည်း ကျားဖြန့်လုပ်ငန်းတွေမှာ အင်တာနက် ရယူသုံးစွဲနေတယ်လို့ သံသယရှိတဲ့ စတားလင့်ခ် ကွန်ရက် ၂၅၀၀ ကျော်ကိုဖြတ်တောက်လိုက်ပြီလို့ ကြေညာထားပါတယ်။

ဒါက နမူနာဖြစ်တယ်လို့ SpaceX ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ လော်ရန် ဒရေယာက ပြောပါတယ်။

တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းတဲ့ ကျားဖြန့်နှိမ်နှင်းရေးကို ဒီနှစ်ဆန်းပိုင်းကတည်းက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိ ရွှေကုက္ကိုမြို့သစ်နဲ့ KK Park ကျားဖြန့်လုပ်ငန်းကနေ လောင်းကစားနဲ့ ဒုစရိုက်မှု ကျူးလွန်ခဲ့သူ နိုင်ငံပေါင်း ၄၀ က ပြည်ပနိုင်ငံသား ၉,၃၃၉ ဦးကို ဒီနှစ်ထဲမှာ လွှဲပြောင်းထားပြီးပြီလို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဒီလူတွေထဲ ထိုင်းနယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်လာသူကအများဆုံးဖြစ်ပြီး လူ ၉,၅၀၆ ဦး အထိရှိတယ်လို့ ဆိုပါတယ်။

၄၅ ဦးကတော့ ရန်ကုန်လေဆိပ်ကို ဝင်ရောက်ပြီးမှ မြဝတီဒေသထဲကို ရောက်သွားခဲ့ကြတာလို့ စစ်ကော်မရှင်က ‌ထုတ်ပြန်ပါတယ်။