ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗိုလ်မှူးကြီးစောချစ်သူရဲ့ ရွှေကုက္ကိုမြို့သစ်ထဲမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေလား
ကရင်နယ်ခြားစောင့်တပ် BGF ကြီးစိုးအုပ်ချုပ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့ နဲ့ ရွှေကုက္ကိုက အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)လုပ်ငန်းတွေရဲ့ နောက်ကွယ်က အဓိကပံ့ပိုးပေးနေသူတွေကို ဖော်ထုတ်လိုက်တဲ့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)ရဲ့ အစီရင်ခံစာထွက်လာခဲ့ပါတယ်။
ဒီအစီရင်ခံထွက်ပြီး ရက်သတ္တပတ်အကြာမှာပဲ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF)က သူ့ဒေသထဲ ရှိနေတဲ့ နိုင်ငံခြားသားအားလုံး ၅ လ အတွင်း ထွက်ခွာဖို့ဆိုပြီး စာထုတ်ပြန်လာပါတယ်။
BGF ထုတ်ပြန်တဲ့စာထဲမှာ ကရင်ပြည်နယ်၊ မြဝတီမြို့အပါအဝင် အနီးတဝိုက်မှာ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေကြတဲ့ နိုင်ငံခြားသားတွေဟာ ၂၀၂၄ မေလ ၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အတွင်း ထွက်ခွာကြရမယ်လို့ဆိုပါတယ်။
ဒါအပြင်တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကလည်းလာရာလမ်းအတိုင်း ထွက်ခွာရမယ်လို့ ပြောထားပါတယ်။
ဒီထုတ်ပြန်ချက်မတိုင်ခင် ဧပြီ ၂၅ ရက်ကတည်းက BGF က ရွှေကုက္ကိုမြို့သစ်ရဲ့ အဝင်ဂိတ်တွေကို ရက်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားတာဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ ရွှေကုက္ကိုမြို့သစ် အတွင်းရှိနေတဲ့ကုမ္ပဏီတွေက ဝန်ထမ်းကတ် ကိုင်ဆောင်ထားသူတွေသာ အဝင်အထွက်လုပ်ခွင့်ရတာမျိုးဖြစ်ပါတယ်။
“အပြင်ကားတွေဝင်တာကိုလည်း ပိတ်ထားတယ်။ အထဲမှာ အလုပ်လုပ်နေတဲ့သူတွေတော့ ဝန်ထမ်းကတ်နဲ့ဆို အဝင်၊အထွက်ရတယ်” လို့ ရွှေကုက္ကိုထဲရှိနေသူတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ မြောက်ဘက် ဆယ်မိုင်အကွာက တရုတ်ဆိုက်လို့ လူသိများတဲ့ ရွှေကုက္ကိုမြို့သစ်ဟာ ထိုင်းနဲ့မြန်မာကို နယ်မြေပိုင်းခြားထားတဲ့ သောင်ရင်းမြစ်ကမ်းပါးမှာရှိပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)လုပ်ငန်းတွေ ရာနဲ့ချီရှိတယ်ဆိုပြီး ကျော်ကြားပါတယ်။
အဲဒီက ကျားဖြန့်လုပ်ငန်းတွေထဲမှာ ပိတ်လှောင်ခံရပြီး အဓမ္မအလုပ်စေခိုင်းခံရသူတွေထဲ တရုတ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားအပါအဝင် အာရှနိုင်ငံပေါင်းစုံနဲ့ အာဖရိကနိုင်ငံသားတွေလည်း ပါဝင်သလို အဲဒီနေရာတွေကနေ ပြန်လည်လွတ်မြောက်လာသူတွေနဲ့ အစိုးရချင်းလွှဲပြောင်းပေးခဲ့တဲ့ သတင်းအချက်အလက်တွေအရ အတည်ပြုထားနိုင်ပါတယ်။
ဒီလိုနာမည်ဆိုးနဲ့ကျော်ကြားတဲ့နောက်မှာတော့ ဒီနယ်မြေကို ဦးဆောင်သူဗိုလ်မှူးကြီးစောချစ်သူက သူတို့အုပ်ချုပ်တဲ့နယ်မြေထဲ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လုံးဝလက်မခံတော့ဘူးလို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီနဲ့ မတ်လတုန်းက ဘီဘီစီကို ဖြေကြားထားပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်ဖြစ်တဲ့ တယ်လီဂရမ်မှာတော့ ရွှေကုက္ကိုမြို့သစ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေအတွက် အလုပ်ခေါ်တာတွေက၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်အထိ ဆက်ရှိနေသလို ကျားဖြန့်လုပ်ငန်းတွေက ၂၀၂၄ ခုနှစ်၊ မတ်လက စတင်ပြီး ပြန်လည်ပတ်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။
ရွှေကုက္ကိုမြို့မှာ ကျားဖြန့်လုပ်ငန်းတွေအပြင် ငါးပစ်ဂိမ်း၊ စလော့ဂိမ်းနဲ့ ကာစီနိုစတဲ့ အွန်လိုင်းလောင်းကစားရုံအများအပြားနဲ့ အခိုင်အမာစည်ကားရပ်တည်နေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
ရွှေကုက္ကိုက ကျားဖြန့်လုပ်ငန်းတွေထဲ ဘယ်သူတွေပါနေလဲ
အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ ဧပြီ ၂၂ ရက် အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့လက်အောက်က ဗိုလ်မိုလ်သိုလ်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ကို အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းတွေမှာ အဓိကပါဝင်သူတွေအဖြစ် စွပ်စွဲထားတာဖြစ်ပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဗိုလ်မှူးတင်ဝင်းတို့ဟာ အရင်ဖူလီလိုက်ဖ်လုပ်ငန်းကြီးကထိန်းချုပ်ခဲ့တဲ့ ရွှေကုက္ကိုအပါအဝင် မြဝတီမြို့အနီးမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကနေ အမြတ်ထုတ်ပြီးအပြန်အလှန် စီးပွားချင်းရိုင်းပင်းနေကြတယ်လို့ ထည့်ပြောထားပါတယ်။
ဗိုလ်မိုလ်သိုလ်ကတော့ မြဝတီ KK Park ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့သူဖြစ်တယ်လို့ ဖော်ပြပါတယ်။
USIP ရဲ့ အစီခံရင်ခံစာထဲမှာ ကျားဖြန့်လုပ်ငန်းတွေ ရာဇဝတ်မှုကျူးလွန်ဖို့နေရာနဲ့ လုံခြုံရေးတွေပံ့ပိုးပေးနေတဲ့ အထဲ BGF တင်မကဘဲ တခြားကရင်လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ (DKBA) နဲ့ ဆက်စပ်တဲ့ ဗိုလ်မှူးချုပ်စိုင်းကျော်လှနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဗဟိုကော်မတီဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ စောရော်ဂျာခင်တို့ကလည်း ကျားဖြန့်လုပ်ငန်းတွေမှာ အဓိက ပါဝင်လှုပ်ရှားနေတယ်လို့ USIP က ထောက်ပြထားပါတယ်။
KNU က စောရော်ဂျာခင်နဲ့ BGF ရဲ့ ဗိုလ်မှူးတင်ဝင်းတို့ဟာ လိမ်လည်မှုတွေကို ဦးတည်လှုပ်ရှားတဲ့ Huanya စီမံကိန်းမှာ အတူပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ KNU သတင်းအရင်းအမြစ်တွေက ပြောတဲ့အကြောင်း အစီရင်ခံစာထဲမှာ ရေးသားဖော်ပြထားပါတယ်။
USIP အစီရင်ခံစာပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးစောချစ်သူ နဲ့ ဗိုလ်မှူးတင်ဝင်းတို့ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒါအပြင် စောရော်ဂျာခင်နဲ့ ပတ်သက်လို့ ရော USIP အစီရင်ခံစာပါအချက်အလက်တွေနဲ့ ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျင်လည်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့(ကိုးကန့်၊ တအာင်း၊ အေအေ) ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်မှာ တရုတ်အစိုးရဘက်ကလည်း ကျားဖြန့်လုပ်ငန်းတွေကို မြန်မာစစ်ကောင်စီနဲ့ပေါင်းပြီး အာရုံစိုက်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။
ကျားဖြန့်လုပ်ငန်းမှာ ဦးဆောင်လည်ပတ်နေတဲ့ တရုတ်နိုင်ငံသား ၄ သောင်းကျော်ထက်မနည်းကိုလည်း စစ်ကောင်စီက တရုတ်အာဏာပိုင်တွေလက်ထဲ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
တရုတ် - မြန်မာနယ်စပ် ရှမ်းမြောက်ဒေသမှာ တရုတ်အစိုးရရဲ့ ဒီလိုနှိမ်နင်းမှုတွေက ထိုင်း - မြန်မာ နယ်စပ် ကရင်ပြည်နယ်၊ ရွှေကုက္ကိုမြို့သစ်ကို ကျားဖြန့်လုပ်ငန်းတွေ ထပ်တိုးရွှေ့ပြောင်းလာဖို့အတွက်တွန်းအားပေးနေတယ်လို့ USIP က ပြောထားပါတယ်။
ရွှေကုက္ကို အပေါ် ဗိုလ်မှူးကြီးစောချစ်သူ စိုးရိမ်ချက်ရှိနေလား
ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF/KNA) တပ်ဟာ ရွှေကုက္ကို - ရထိုက် မြို့သစ်စီမံကိန်းကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်နေရတယ်လို့ အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူ (USIP) ရဲ့ မြန်မာ့ရေးရာညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ဘီဘီစီကိုပြောပါတယ်။
BGF ဟာနယ်ခြားစောင့်တပ်ဖွဲ့အင်အားတွေတိုးချဲ့ဖို့နဲ့ စစ်တပ်အင်အားခိုင်ခံ့လာဖို့အတွက် ကျားဖြန့်လုပ်ငန်းတွေကငွေတွေကို သုံးစွဲပြီး ရွှေကုက္ကိုကို အကာအကွယ်ပေးဖို့ ဖြန့်ကြက်တာဝန်ပေးထားတယ်လို့ ဂျေဆင်တာဝါက ဆိုပါတယ်။
“ရွှေကုက္ကိုဟာ အတော်လေးကို လုံခြုံရေးမြှင့်ထားပါတယ်။ မြို့ထဲမှာ လက်နက်ကိုင်လုံခြုံရေးအစောင့်အကြပ်အထပ်ထပ်ရှိပါတယ်” လို့ ဘီဘီစီကို ဂျေဆင်တာဝါက ဖြေပါတယ်။
တချိန်တည်းမှာပဲ ရှမ်းမြောက်ပိုင်းကိုးကန့်က ကျားဖြန့်နှိမ်နင်းရေးက စောချစ်သူကို စိုးရိမ်စေခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူဟာ အခု USIP ရဲ့ အစီရင်ခံစာထဲမတိုင်ခင် ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာက ဗြိတိန်နိုင်ငံရဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေပေါ် ပိတ်ဆို့ကန့်သတ်အရေးယူမှုတွေထဲ ပါဝင်ခဲ့ပါတယ်။
အထူးသဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအတွက် အလုပ်လုပ်ပေးဖို့ရာ သွေးဆောင်ဖြားယောင်းလို့ ဖြစ်စေ၊ အတင်းအကျပ်အဓမ္မပုံစံ ခိုင်းစေတာမျိုးဖြစ်စေ ပြုလုပ်ကြတဲ့လူကုန်ကူးမှုတွေထဲ ပါဝင်ပတ်သက်သူတွေကို ပစ်မှတ်ထားတာလို့ ဆိုပါတယ်။
လူပုဂ္ဂိုလ် ၉ ယောက်နဲ့ လုပ်ငန်းကုမ္ပဏီ ၅ ခုကို ပိတ်ဆို့ အရေးယူမှုတွေချမှတ်တယ်လို့ ဗြိတိန်ဘက်က ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ မြဝတီမြို့အနီး ရွှေကုက္ကိုမြို့သစ် စီမံကိန်းနယ်မြေထဲက လုပ်ငန်းတွေ အတွက် တာဝန်ရှိသူ ၃ ဦးကို ထည့်သွင်းထားပါတယ်။
အဲဒီနယ်မြေကို ထိန်းချုပ်ထားတဲ့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ တရုတ်အမည် ရှီကျီကျန်း(She Zhijang)နဲ့ စောမင်းမင်းဦးတို့ ဖြစ်ပါတယ်။
မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု(ISP- Myanmar) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ ရွှေကုက္ကိုနဲ့ ပတ်သက်တဲ့ သတင်းတွေထွက်လာတဲ့နောက်မှာ ဗိုလ်မှူးကြီးစောချစ်သူက သူ့လုံခြုံရေးကို စိုးရိမ်နေတဲ့အကြောင်း သုံးသပ်ပါ။
''စောချစ်သူက သူ့လုံခြုံရေး စိုးရိမ်နိုင်ပါတယ်။ တရုတ်က ကရင် ထဲအထိ နှိမ်နင်းတွေ လာလုပ်မှာကတော့ ဝေးတော့ သိပ်မဖြစ်နိုင် ယူဆရပါတယ်။ ဒါပေမဲ့ မဲဆောက်မှာ ထိုင်းတွေနဲ့ ပူးတွဲထိုင်တဲ့ တရုတ် ထောက်လှမ်းရေး အရာရှိကြီးတွေနဲ့ ယူနစ်တော့ ရှိနေပါတယ်'' လို့ ဦးအောင်သူငြိမ်းက သူ့အမြင်ကို ပြောပါတယ်။
ဒါအပြင် စစ်ကောင်စီက ရွှေကုက္ကို အပါအဝင် BGF ကြီးစိုးတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်ပြီး ဖြိုခွင်းလာခဲ့ရင် ဗိုလ်မှူးကြီးစောချစ်သူရဲ့ အင်ပါယာဟာ အချိန်တိုအတွင်း ပြိုဆင်းသွားနိုင်တယ်ဆိုတဲ့ ယူဆသုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
ဒါကလည်း BGF နဲ့ ဗိုလ်မှူးကြီးစောချစ်သူအပေါ် စိုးရိမ်စိတ်တိုးစေတဲ့အချက်လို့ ပြောဆိုကြတာဖြစ်ပါတယ်။
''သူ(စောချစ်သူ) က စစ်တပ်ဘက်ကလေကြောင်း တိုက်ခိုက်မှုကိုတော့စိုးရိမ်ပုံရတယ်။ မြေပြင်တိုက်ခိုက်မှုမျိုးက သူ့မှာလည်း အင်အားတစုံတရာနဲ့ ကာကွယ်နိုင်ပုံ ရပါတယ်'' လို့ ဦးအောင်သူငြိမ်းက ဆက်ပြောပါတယ်။
စစ်တပ်နဲ့လက်တွဲတာ နှစ်ပေါင်း ၃၀ နီးနီးရှိလာချိန်မှာပဲ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ဟာ ၂၀၂၄ ခုနှစ်၊ မတ်လတုန်းက ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(Karen National Army)ဆိုပြီး သူ့ရဲ့ တပ်နာမည်ကို ပြောင်းလဲခဲ့ပါတယ်။
ဒါပေမဲ့ BGF အမည်ပြောင်း KNA ကို ဘယ်လိုဆက်ပြီးလည်ပတ်မလဲဆိုတာနဲ့ စစ်တပ်လက်အောက်မှာ BGF ရထားတဲ့နယ်မြေနဲ့ ဂိတ်တွေရဲ့ လည်ပတ်နိုင်မှုဘယ်လိုဖြစ်မလဲဆိုတာကို BGF က ရှင်းရှင်း လင်းလင်းမပြောထားပါဘူး။
ကရင်ပြည်နယ်တစ်ခုလုံးမှာ မြဝတီ၊ ဘားအံ၊ ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့၊ ကြားအင်းဆိပ်ကြီး၊ ဘုရားသုံးဆူအပါအဝင် BGF တပ်နယ် ၄ ရှိနေတာ ဖြစ်ပါတယ်။
ဒီလိုနိုင်ငံတကာပိတ်ဆို့မှုတွေ၊ အစီရင်ခံစာတွေထဲ ဖော်ပြခံရတာတွေနဲ့ အိမ်နီးချင်းအစိုးရတွေရဲ့အာရုံစိုက်ခံရမှုတွေကြောင့် ဗိုလ်မှူးကြီးစောချစ်သူဟာ စစ်တပ်အောက်မှာရှိနေတဲ့သူ့ရဲ့ တပ်ကို ခွဲထွက်မယ်လို့ အသံထုတ်ခဲ့ပြီး နာမည်ပြောင်းခဲ့တာလို့သုံးသပ်ချက်တွေ ရှိနေပါတယ်။
ရွှေကုက္ကိုထဲ ဆက်ရှိနေတဲ့ ကျားဖြန့်လုပ်ငန်းတွေ
ထိုင်း-မြန်မာနယ်စပ်မှာရှိနေတဲ့ ရွှေကုက္ကိုမြို့မှာ ကျားဖြန့်လုပ်ငန်းတွေ တဖြည်းဖြည်းရင့်သန်လာတာကြောင့် ဒီလုပ်ငန်းတွေကို နှိမ်နှင်းဖို့ အိမ်နီးချင်းထိုင်းအာဏာပိုင်တွေက ၂၀၂၄ နှစ် အစပိုင်းကတည်းက နေပြည်တော်အထိ သွားရောက်ပြီး စစ်ကောင်စီကို ဆွေးနွေးပြောဆိုတာတွေ ရှိပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်မှာတော့ ရွှေကုက္ကိုအပါအဝင် မြဝတီ KK Park က ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ အလုပ်စေခိုင်းခံနေရတဲ့ တရုတ်နိုင်ငံသားတွေကို စစ်ကောင်စီက ထိုင်းနိုင်ငံ၊ မဲဆောက်ကတစ်ဆင့် တရုတ်အာဏာပိုင်တွေလက်ထဲကို လွှဲပြောင်းပေးခဲ့ပါတယ်။
BGF ဗိုလ်မှူးချုပ်စောချစ်သူကလည်း ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေထဲရောက်နေတဲ့ တရုတ်နိုင်ငံသား ၉၉၇ ဦးကို ထိုင်းကတစ်ဆင့် တရုတ်ကို လွှဲပြောင်းပေးလိုက်တယ်လို့ ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာကနေ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ၅ လဝန်းကျင်အတွင်း နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံထဲ တရားမဝင်ဝင်ရောက်နေထိုင်နေတဲ့နိုင်ငံခြားသား ၅၂,၈၂၀ ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပေးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
လွှဲပြောင်းခဲ့တဲ့အထဲ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံသားတွေပါဝင်ပြီး တရုတ်နိုင်ငံသားကတော့ ငါးသောင်းကျော်နဲ့ အများဆုံးပါဝင်နေတာဖြစ်ပါတယ်။
တရားမဝင်နေထိုင်တဲ့သူတွေကို ဆက်လက်စိစစ်ဖော်ထုတ်ပြီး ပြန်ပို့သွားမယ်လို့ စစ်ကောင်စီက ပြောသလို ဗိုလ်မှူးကြီးစောချစ်သူကလည်း ရွှေကုက္ကိုထဲမှာ အွန်လိုင်းငွေလိမ်သူတွေ အဝင်မခံဘူးလို့ ဘီဘီစီကို မတ်လက ပြောခဲ့ပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်ချန်လ်နယ်တစ်ခုဖြစ်တဲ့ တယ်လီဂရမ်မှာတော့ ရွှေကုက္ကိုနဲ့ မြဝတီမြို့အနီးက ကျားဖြန့်လုပ်ငန်းတွေမှာ လိမ်လည်ဖို့ သားကောင်ရှာပေးရတဲ့(Finding)လို့ခေါ်တဲ့ အလုပ်အကိုင်တွေနဲ့ Chatting လို့ခေါ်တဲ့ စာပို့ဆက်သွယ်ပြီးလိမ်လည်ရတဲ့အလုပ်အကိုင်တွေကို မေလ ပထမပတ်အထိ ဆက်တိုက်ခေါ်ယူနေဆဲဖြစ်ပါတယ်။
အများမြင်သာအောင် Public နဲ့ အလုပ်ခေါ်နေတဲ့ ဒီမြဝတီနဲ့ ရွှေကုက္ကိုအလုပ်အကိုင် တယ်လီဂရမ်ဂရုတွေထဲကို ဘီဘီစီက ဝင်ရောက်ဖတ်ရှုတဲ့အခါမှာတော့ ကျားဖြန့်လုပ်ငန်း Chatting လို့ခေါ်တဲ့ အလုပ်တစ်နေရာရဖို့အတွက် ကိုယ်ရေးအချက်အလက် အထောက်အထားတစ်ခုမှ မလိုအပ်တဲ့အပြင် အင်္ဂလိပ်ဘာသာစကားကို ကောင်းကောင်းနားလည်ပြီး စာစီစာရိုက်တတ်ဖို့သာ လိုအပ်တယ်ဆိုတာတွေ့ရပါတယ်။
ဒီလို အလုပ်ခေါ်စာတွေက တစ်ရက်တည်းကို ဆယ်နဲ့ချီမကရှိတာကို အဲဒီဂရုတွေထဲမှာ တွေ့ရပါတယ်။
ဒါအပြင် အဲဒီမှာ အလုပ်လျှောက်ဖို့ စုံစမ်းခဲ့သူတစ်ဦးရဲ့ အပြောအရ အွန်လိုင်းနဲ့ အင်တာဗျူးဖြေတာမျိုးမဟုတ်ဘဲ ရွှေကုက္ကိုမြို့အထိ လူကိုယ်တိုင်သွားရောက်ဖြေဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။
လမ်းကြောင်းအရ မြဝတီကတစ်ဆင့် ရွှေကုက္ကိုထဲက တရုတ်ဆိုက်(ရထိုက်)အထိ ကားစီစဉ်ပေးမှာဖြစ်ပြီး တရုတ်ဆိုက်ရောက်မှ အင်တာဗျူးဖြေဆိုရမယ်လို့ ဆိုပါတယ်။
အင်တာဗျူးအောင်ခဲ့ရင်တော့ တရုတ်ယွမ်ငွေ ၄,၀၀၀ နဲ့ ၃ လ အနည်းဆုံး အလုပ်လုပ်ကိုင်ပေးရမှာဖြစ်ပြီး အင်တာဗျူးကျခဲ့ရင်တော့ မြဝတီကနေ ရွှေကုက္ကိုအထိ ခေါ်ဆောင်ပေးခဲ့တဲ့ ကားခထိုင်းဘတ်ငွေ ၅၀၀ ပြန်လျော်ပေးရမယ်လို့ အလုပ်ရှင်ဘက်က ပြောတဲ့အကြောင်းသူက ဆက်ပြောပါတယ်။
တယ်လီဂရမ်မှာတွေ့ရတဲ့ ကျားဖြန့်အလုပ်ခေါ်တဲ့ ကြော်ငြာတွေအရ လစဉ် တရုတ်ငွေ ယွမ် ၄,၀၀၀ ကနေ ၈,၀၀၀ ကြား လစာပေးပြီးခေါ်နေသလို ထိုင်းဘတ်ငွေ ၁၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ ပေးပြီးခေါ်နေတာတွေ့ရပါတယ်။
ရွှေကုက္ကိုထဲမှာ ကျားဖြန့်လုပ်ငန်းတွေ ထွက်ခွာဖို့ပြောနေပေမဲ့ အလုပ်ခေါ်ဆိုမှုတွေဆက်ရှိနေတာ၊ ဒီနယ်မြေထဲက နိုင်ငံခြားသားတွေထွက်ခွာခိုင်းတာအပါအဝင် USIP ရဲ့ ရွှေကုက္ကိုက ကျားဖြန့်လုပ်ငန်းတွေအပေါ် ပြောဆိုချက်နဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးစောချစ်သူကို မေ ၆ ရက် နေ့လယ်ပိုင်းမှာ ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းကိုင်တာမရှိလို့ မေးမြန်းခွင့်မရခဲ့ပါဘူး။