ကလေးသုံးယောက်ထိ ယူခွင့်ပြုတဲ့ တရုတ်မူသစ်ကြောင့် အနာဟောင်းတွေ ပြန်ပေါ်

တရုတ်ပြည်မှာ မိသားစုတစုကို ကလေး သုံးယောက်ထိ ယူခွင့်ပေးဖို့ တရုတ် အစိုးရ ဆုံးဖြတ်လိုက်ပါတယ်။ ဒီမူသစ်ကို လာတာ သိပ်နောက်ကျတယ်ဆိုပြီး အင်တာနက်မှာ ဝေဖန်ပြောဆိုနေကြပါတယ်။

တရုတ် သန်းခေါင်စာရင်းမှာ မွေးဖွားနှုန်း သိသိသာသာ ကျဆင်းနေချိန်မှာ ဒီလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

နှစ်ထောင်ပြည့်လွန်နှစ်တွေမှာ မွေးကြတဲ့ တရုတ် လူများစုအတွက် ဒီကြေညာချက်ဟာ မေလ ၃၁ ရက်က ကြေညာတဲ့ အငြိမ်းစားယူတဲ့အသက်ကို ဆိုင်းငံ့ဖို့ စီစဉ်တာနဲ့ ဘယ်လို ပတ်သက်မလဲ စဉ်းစားနေကြပါတယ်။

အတိတ်မှာ ကလေးများများ ယူချင်ခဲ့ကြတဲ့ မိသားစုတွေ ခံစားခဲ့ရတဲ့ စိတ်သောကတွေအတွက် နစ်နာကြေးပေးဖို့ တောင်းဆိုနေသူတွေလည်း ရှိလာ ပါတယ်။

တင်းကျပ်တဲ့ တအိမ်ထောင် ကလေး တယောက် မူဝါဒကို ၁၉၇၉ က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမိန့်ကို ရှောင်လွှဲဖို့ ကြိုးစားတဲ့ မိသားစုတွေ ဒဏ်တပ်ခံရတာ၊ အလုပ်ပြုတ်တာနဲ့ အတင်းအကျပ် ကိုယ်ဝန်ဖျက်ချခံရတာထိ ဖြစ်ခဲ့ပါတယ်။

မိန်းကလေးမွေးလာရင် သတ်ပစ်တာနဲ့ မိန်းကလေး မွေးဖွားမှုကို စာရင်းလျှော့သွင်းတာ စတဲ့ ပြဿနာတွေ ဖြစ်လာတယ်လို့လည်း တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။

အခု ပြဋ္ဌာန်းလိုက်တဲ့ မူကို တုံ့ပြန်တဲ့အနေနဲ့ အရင်ခေတ်က မိသားစုတွေ ဘဝကို ထင်ဟပ်တဲ့ အရေးအသားတွေလည်း တရုတ်လူမှုကွန်ရက်တွေမှာ အခု ပေါ်ထွက်လာပါတယ်။

' လူတိုင်းက ကိန်းဂဏန်းလေးတွေ ဖြစ်လာ '

တရုတ် ဝေဘိုဝက်ဆိုက်မှာ လူတယောက်က သူ့အမေဟာ ဒုတိယမြောက်ရင်သွေးဖြစ်တဲ့ သူ့ကို မွေးပြီးကတည်းက သန္ဓေမတည်အောင် သားအိမ်ထဲ ပစ္စည်းထည့်ခံရတယ်၊ ဒီအတွက် ခုထိ သူ့အမေမှာ ရောဂါတွေ ရနေတုန်းလို့ ရေးပါတယ်။

"ဒီမူကြောင့် လူတွေ ဘယ်လောက် စိတ်သောကရောက်ရတယ် ဆိုတာ လှည့်မကြည့်ပါဘူး၊ လူတိုင်းက ကိန်းဂဏန်းတွေပဲ ဖြစ်ကုန်တယ်၊ လူလို့လည်း ဂရုစိုက် လေးစားတာ မခံရဘူး" ဆိုပြီး ငရုတ်ရည် နာမည်ဝှက်နဲ့ လူက ဝေဘိုမှာ ရေးပါတယ်။

ဒုတိယကလေးအတွက် ဒဏ်ကြေးမဆောင်နိုင်လို့ ကိုယ်ဝန် ခုနစ်လမှာ အတင်းဖျက်ချခံရတဲ့ ဖန်ဂျာမိုင်ဆိုတဲ့ အမျိုးသမီးအကြောင်းလည်း လူတွေက ပြန်ပြောကြပါတယ်။

မစ္စဖန်နဲ့ ပျက်ကျသွားတဲ့ သန္ဓေသားပုံတွေကြောင့် အင်တာနက်မှာ အထိတ်တလန့်ဖြစ်သွားခဲ့တဲ့ လူတွေကိုလည်း သူ့မြို့က အာဏာပိုင်တွေ တောင်းပန် ခဲ့ရပါတယ်။

တောပိုင်းမှာ တရားမဝင်ကလေး အဖြစ် ကြီးပြင်းခဲ့တဲ့ ကြားရွှေဆိုသူကတော့ မိသားစု စီမံကိန်းဘက်ကလူတွေ လာစစ်တိုင်း သူရေကန်ထဲ ဆင်းပုန်း ရတယ်လို့ ရေးပါတယ်။

"ခင်ဗျား ဒဏ်ကြေးမပေးနိုင်ရင်း အာဏာပိုင်တွေ အိမ်လာရှင်းထုတ်ပြီး ခင်ဗျား တိရစ္ဆာန်တွေကို မသွားမယ်၊ ဘယ်လောက် ခြောက်ခြားစရာ ကောင်းလဲ" လို့ သူက ရေးပါတယ်။

နောက်တယောက်ကတော့ ကြင်နာတတ်တဲ့ ဆရာဝန်နဲ့တွေ့လို့ သူ့ညီမလေး အသက်ရှင် လူဖြစ်ခဲ့ပုံကို ရေးပါတယ်။ ကိုယ်ဝန်ရှစ်လနဲ့ ဆေးရုံ မှာ ဖျက်ချဖို့ လာခိုင်းလို့ ရောက်နေတဲ့ သူတို့အမေကို ဆေးရုံက ထွက်ပြေးနိုင်အောင် ဆရာဝန်က ကူခဲ့တယ်လို့ ဆိုပါတယ်။

နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ ကျန်းရီမူနဲ့ ဇနီးကိုတော့ နိုင်ငံရဲ့ တအိမ်ထောင် ကလေးတယောက်မူကို ချိုးဖောက်တယ် ဆိုပြီး ၂ဝ၁၄ တုန်းက ဒေါ်လာ ၁.၂ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။ ဒီမူသစ်ထွက်လာတော့ သူတို့လည်း မှတ်ချက်ပေးပါတယ်။

"အချိန်စောပြီး တာဝန်ကျေသွားပြီ" ဆိုပြီး သူတို့စုံတွဲက ဝေဘိုမှာ ရေးပါတယ်။ လက်မောင်းကြွက်သား ထုတ်ပြတဲ့ အီမိုဂျီ အရုပ်ကလေးလည်း တင်ထား ပါတယ်။

ဒီမူမှာ အရင် မူဟောင်းတွေလိုပဲ လိင်နဲ့ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးတွေကို ချိုးဖောက်နေတုန်း ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်လို့ အဖွဲ့တွေက ပြောပါတယ်။

"လူတွေ ကလေး ဘယ်လောက် မွေးရမယ် ဆိုတာ အစိုးရ ကန့်သတ်စရာ မလိုပါဘူး။ မွေးနှုန်းကို ထိန်းညှိမယ့်အစား တရုတ်အစိုးရ အနေနဲ့ လူတွေရဲ့ ဘဝ ရွေးချယ်မှုကို လေးစားပြီး သူတို့မိသားစု ဘဝ ဆုံးဖြတ်ချက်တွေကို အတင်းအကျပ် ကန့်သတ်ချုပ်ချယ်တာတွေ ရပ်တန့်သင့်တယ်" လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ရဲ့ တရုတ်ပြည် ကိုယ်စားလှယ် ဂျိုရှူဝါ ရိုဇန်းစဗိုက်က ပြောပါတယ်။

'အူကြောင်ကျား မျိုးဆက်'

၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ မွေးတဲ့ ထောင်စုနှစ်မျိုးဆက်တွေက သူတို့ဟာ အလယ်မှာ ကြားလပ်နေတဲ့ အူကြောင်ကျား မျိုးဆက် ဖြစ်နေပြီ ဆိုပြီး ဒီကလေးမွေးဖွားတဲ့ မူသစ်ကို ဝေဖန်ကြပါတယ်။

"၁၉၈ဝ နဲ့ ၁၉၉ဝ ကျော်မှာ မွေးတဲ့သူတွေအတွက် နားချိန်မရကြဘူး။ အစိုးရက ကျွန်တော်တို့ကို ကလေးပိုမွေးခိုင်းနေချိန်မှာ အလုပ်လည်း ပိုကြာကြာ လုပ်ခိုင်းနေတယ်။ ဘယ်လို ဘဝမျိုးလဲ " ဆိုပြီး တယောက်က မေးပါတယ်။

အမျိုးသားတွေအတွက် အသက် ၆ဝ နဲ့ အမျိုးသမီးတွေအတွက် ၅၅ နှစ်မှာ ပင်စင်ယူရတဲ့ ဥပဒေက တရုတ်ပြည်မှာ အနှစ် ၄ဝ ကျော် မပြောင်းဘဲ နေခဲ့ ပါတယ်။ ဒါပေမဲ့ ဒီတပတ်ထဲမှာပဲ ဒီပင်စင်သက်တွေကို ဆိုင်းငံ့ထားမယ်ဆိုပြီး အသေးစိတ် မကြေညာသေးဘဲ ထုတ်ပြန်ခဲ့ပါတယ်။

"ကျွန်တော်က သုံးယောက်မပြောနဲ့ တယောက်တောင် မလိုချင်ဘူး " လို့လည်း နောက်တယောက်က ပြောပါတယ်။

မွေးနှုန်း တကယ်တိုးလာအောင် ဒီမူအသစ်က ပြောင်းပေးနိုင်မှာလားဆိုတာကို အသေးစိတ် အချက်အလက်တွေ ထွက်မလာခင်မှာ သံသယဝင် နေကြ သူတွေလည်း ရှိပါတယ်။

၂ဝ၁၆ တုန်းက အနှစ် ၄ဝ နီးပါး ကျင့်သုံးခဲ့တဲ့ မိသားတစု ကလေးတယောက် မူကို ဖျက်သိမ်းပြီး ကလေးနှစ်ယောက်ထိ ယူခွင့် ပြုလိုက်ချိန်မှာတော့ မွေးနှုန်း သိသိသာသာ တက်မလာတာကို တွေ့ရပါတယ်။

"မွေးနှုန်းမူဝါဒကို ဖြေလျှော့ပေးလိုက်တာက ထိရောက်တယ်ဆိုရင် လက်ရှိ ကလေးနှစ်ယောက်မူကလည်း အကျိုးရှိတယ်ဆိုတာ သက်သေပြနိုင်ရမှာပေါ့" လို့လည်း ကော်မာ့ဇ်ဘဏ်က အကြီးတန်းစီးပွားရေးပညာရှင် ဟောင်ချူးက ရိုက်တာသတင်းကို ပြောပါတယ်။