မင်းကင်းက NUG နဲ့ ကျောင်းသားတပ် SRF တို့ တင်းမာမှု ဘယ်လိုဖြေရှင်းနေလဲ

ဖတ်ရန်အချိန်: မိနစ် ၁၁

စစ်ကိုင်းတိုင်းထဲ ရွှေမျှောလုပ်ကွက်တွေရှိရာ ချင်းတွင်းမြစ်ဘေးက မင်းကင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)တို့ကြား အုပ်ချုပ်ရေးဖော်ဆောင်မှုတွေနဲ့ပတ်သက်လို့ တင်းမာမှုတွေ ဆက်ရှိနေပါတယ်။

ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)ကတော့ SRF နဲ့ NUG ရဲ့ခရိုင်ကွပ်ကဲရေးမှူးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းတာတွေလုပ်ခဲ့ပြီး နှစ်ဖက်တပ်တွေ ဆုတ်ခွာပေးဖို့ သဘောတူညီချက်ရခဲ့တယ်လို့ ဖေဖော်ဝါရီလ ပထမပတ်မှာ စာထုတ်ပါတယ်။

NUG ရဲ့ မင်းကင်း မြို့နယ်အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကတော့ ဒါဟာ ကနဦးသဘောတူညီချက်တစ်ခုသာဖြစ်ပြီး လူထုတိုင်ကြားချက်တွေကို ဖြေရှင်းဖို့ ဆက်လုပ်ရမယ့်ကိစ္စရပ်တွေရှိသေးတယ်လို့ ဖေဖော်ဝါရီ ၄ ရက်မှာ ဘီဘီစီကိုပြောပါတယ်။

မင်းကင်းဒေသခံအချို့ရဲ့ အပြောအရ တင်းမာမှုတွေဟာ SRF တပ်ဘက်က တပ်သားသစ်စုဆောင်းမှုနဲ့ ကာကွယ်ရေးစရိတ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အိမ်ထောင်စုအလိုက် ဖိအားပေးငွေကြေးတောင်းခံမှုက စတင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိပါတယ်။

မင်းကင်းမြို့နယ်မှာဖြစ်နေတဲ့ NUG နဲ့ SRF တို့ကြားက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်အဖွဲ့ ဘာတွေပြောလဲ။ ဒေသခံ လူထုတွေ ဘာတွေကြုံတွေ့နေရလဲ။

အပြန်အလှန်စွပ်စွဲမှုတွေ

မင်းကင်းမြို့နယ်ထဲ ကျောင်းသားတော်လှန်ရေးတပ်တော်(SRF) ထိန်းချုပ်ထားတဲ့ ရှမ်းတောရွာထဲကို NUG ရဲ့ မြို့နယ်ပကဖအဖွဲ့ ဝင်လာပြီး တပ်သားစုဆောင်းရေးတွေ လုပ်နေတယ်လို့ SRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မသူသူခိုင်က ပြောပါတယ်။

"ဇန်နဝါရီ ၂၂ ရက်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေက ဝင်လာတာ" လို့ သူက ဆိုပါတယ်။

မင်းကင်းဒေသထဲက ရှမ်းတော၊ ရေမြေ၊ ဥယျာဉ်မ၊ သင်္ဘော၊ ကမ်းပြည့်၊ မုံဒင်း စတဲ့ရွာတွေမှာ ၂၀၂၂ ခုနှစ်ကတည်းက ရပ်‌ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တို့ကို NUG အနေနဲ့ ဖွဲ့စည်းထားပြီးသားဖြစ်တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

မင်းကင်းမြို့နဲ့ အနီးနားက ကျေးရွာဝန်းကျင်ကို‌တော့ သူတို့ထိန်းချုပ်ထားတယ်လို့ SRF က ဖေဖော်ဝါရီ ၁ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် ရပ်ကျေးပကဖနဲ့ ပအဖအဖွဲ့တို့အပြင် SRF တပ်တို့ ရှိပြီးသားဖြစ်တဲ့ ရှမ်းတောရွာထဲကို မြို့နယ်ပကဖတွေ ထပ်ဝင်လာတာဟာ မြို့နယ် ပကဖအင်အားတိုးဖို့ လုပ်နေတာလို့ SRF က ဘီဘီစီကို ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။

ဒ့ါအပြင် ရှမ်းတောရွာထဲရောက်လာတဲ့ မြို့နယ်ပကဖအဖွဲ့ဟာ "တစ်ရွာကို ရဲဘော် ၅ ယောက်စီ စုဆောင်းဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ကြိုရခဲ့တယ်"လို့ SRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မသူသူကျော်က ဆက်ပြောပါတယ်။

"ရွာတွေကနေခေါ်ပြီး သင်တန်းတွေ ခဏခဏပေးတာ တွေ့နေရတာပဲ" လို့ သူက ပြောပါတယ်။

NUG ရဲ့ မင်းကင်းမြို့နယ်ပကဖ လက်ရုံးတပ်ရဲ့ဆက်သွယ်ရေးတာဝန်ခံ ဦးကျော်နိုင်မင်းကတော့ NUG ရဲ့မြို့နယ်ပကဖအဖွဲ့ ရှမ်းတောရွာထဲ ဝင်လာရတာဟာ SRF နဲ့ ပတ်သက်ပြီး လူထုရဲ့တိုင်ကြားချက်တွေကို ဖြေရှင်းဖို့ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၃ ရက်မှာ တုံ့ပြန်ပြောပါတယ်။

SRF အနေနဲ့ "လူစုဆောင်းတာ၊ ငွေကြေးတောင်းခံတာတွေကို လူထုဆန္ဒမပါဘဲ အဓမ္မလုပ် ဆောင်တယ်ဆိုတဲ့လူထုတိုင်ကြားချက်တွေ ရှိတယ်" လို့ ဦးကျော်မင်းနိုင်က ဆိုပါတယ်။

လက်ရှိမှာတော့ ရှမ်းတောနဲ့ ရေမြေစတဲ့ရွာတွေထဲမှာ အထိုင်ချနေထိုင်နေတဲ့ SRF တပ်တွေအပြင် ဇန်နဝါရီနောက်ဆုံးအပတ်မှာ ရောက်လာတဲ့ NUG တပ်တွေပါ ရွာတွေထဲကနေ ပြန်ဆုတ်ခွာသွားပြီလို့ ရှမ်းတောရွာခံတစ်ဦးက ပြောပါတယ်။

"ရွာသားတွေက တောင်းဆိုရတာ။ လက်နက်ကိုင်တွေ လာစုနေရင် လေကြောင်းအန္တရာယ်ပိုကြီးတယ်" လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာလည်း SRA ဘက်က ၂၀၂၅ နှစ်ဝက်လောက်ကစပြီး ရှမ်းတော၊ ရေမြေ၊ ဥယျာဉ်မ စတဲ့ရွာတွေကနေ တပ်သားသစ်စုဆောင်းတာတွေ လုပ်ခဲ့တယ်လို့ စုဆောင်းခံခဲ့ရသူတွေရဲ့ မိသားစုဝင်တချို့က ပြောပါတယ်။

၂၀၂၅ ခုနှစ်ကစလို့ SRF က ရပ်ရွာကာကွယ်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေ လူစုဆောင်းနေပြီး ရွာ ၃ ရွာက ရွာခံ ၄၀ ဦးထက် ထက်မနည်း စုဆောင်းခံထားရတယ်လို့ ဒီအခြေအနေတွေကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်က အတည်ပြုပါတယ်။

"ရေမြေရွာက ၈ ယောက်၊ ရှမ်းတောက ၁၆ ယောက်ဝန်းကျင်၊ ဥယျာဉ်မက ၁၆ ယောက်" စုဆောင်းခံလိုက်ရတာလို့ သူက ဖြည့်ပြောပါတယ်။

စုဆောင်းခံလိုက်ရသူတွေထဲက ၅ ဦးနဲ့ ဆွေမျိုးတော်စပ်သူ ရှားတောဒေသခံ တစ်ဦးက "ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းပေးမယ်၊ ၄၅ ရက်လောက်ပဲကြာမယ်ဆိုပြီး အမျိုးသားတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ခေါ်သွားတာ" လို့ ဘီဘီစီကို ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။

၂၀၂၅ နှစ်စပိုင်းမှာ SRF တပ်ရဲ့ စုဆောင်းခံခဲ့ရတာဖြစ်ပြီး ပြန်ရောက်မလာတာ ၁၁ လဝန်းကျင်ရှိပြီလို့ သူက ပြောပါတယ်။

SRF အနေနဲ့ တပ်သားသစ်စုဆောင်းတဲ့နေရာမှာ လူကို တိုက်ရိုက်စည်းရုံးခေါ်ဆောင်တာမျိုးမဟုတ်ဘဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ဖိအားပေး လူစုဆောင်းခိုင်းခဲ့တာလို့ သတင်းရင်းမြစ်အချို့ကလည်း ပြောပါတယ်။

နောက်ထပ် ရေမြေနဲ့ ဥယျာဉ်မရွာမှာနေထိုင်တဲ့ဒေသခံ ၂ ဦးကလည်း သူတို့နေထိုင်တဲ့ရွာတွေမှာ ရှမ်းတောရွာနည်းတူ အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖိအားပေးပြီး တပ်သားစုဆောင်းတာတွေ ရှိခဲ့တယ်လို့ ပြောကြပါတယ်။

SRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မသူသူကျော်ကတော့ မင်းကင်းဒေသမှာ SRF အနေနဲ့ "အတင်းအကျပ် တပ်သားစုဆောင်းခဲ့တာမျိုး မရှိဘူး" လို့ ဘီဘီစီကို ဖေဖော်ဝါရီ ၃ ရက်မှာ တုံ့ပြန်ပြောပါတယ်။

SRF အနေနဲ့ တော်လှန်ရေးအတွက် စစ်ရေး၊ နိုင်ငံရေးဗျူဟာတွေအရ နယ်မြေကျွမ်းကျင်မှုရှိတဲ့ နယ်မြေခံရဲဘော်တွေ လိုအပ်တာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို တောင်းခံခဲ့တာမျိုးရှိတယ်လို့ ဘီဘီစီကို ဖြေကြားပါတယ်။

"စစ်သင်တန်းပေးမယ်ဆိုတာတွေ၊ နိုင်ငံရေး၊ စစ်‌ရေးဗျူဟာတွေကို ပွင့်ပွင့်လင်းလင်းရှင်းပြပြီး လူတောင်းခံခဲ့တာ" လို့ SRF ရဲ့ပြောခွင့်ရ မသူသူကျော်က ဖြေရှင်းချက်ပေးပါတယ်။

တပ်သားအဓမ္မစုဆောင်းမှုနဲ့ပတ်သက်လို့ SRF က ပွင့်ပွင့်လင်းလင်းချပြ၊ ရှင်းပြပြီး အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်းခံခဲ့ပေမယ့် အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို ပြန်ပြောပြတဲ့အခါ "မျှော်လင့်ချက်အမှားတွေ ပေးကောင်းပေးလိမ့်မယ်၊ ဒါကြောင့် အဓမ္မစုဆောင်းတယ်ဆိုတာတွေဖြစ်လာတာ" လို့ SRF ပြောခွင့်ရက ထပ်ပြောပါတယ်။

လူထုတွေ ဖိအားပေးငွေကြေးတောင်းခံနေရ

ရှမ်းတော၊ ရေမြေ၊ ဥယျာဉ်မ ရွာတို့က လူထုတွေအနေနဲ့ SRF ကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကဆင့် အိမ်ထောင်စုအလိုက် လစဉ်ငွေကြေး ကျပ် ၁၅,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ အထိ ပေးဆောင်နေရတယ်လို့ အဲဒီရွာတွေမှာနေထိုင်နေကြတဲ့ ရွာခံ ၃ ဦးက ပြောပါတယ်။

"တောင်သူတွေဆိုတော့ များများစားစားမတတ်နိုင်လည်း မဖြစ် ဖြစ်တဲ့နည်းနဲ့ ပေးနေရတာပဲ၊ မိသားစုထဲ ပြည်ပမှာ တစ်ယောက်အလုပ်ထွက်လုပ်ရင် ကျပ် ၁၀,၀၀၀၊ ၂ ယောက်ထွက်လုပ်ရင် ကျပ် ၂၀,၀၀၀ ပေးရတာမျိုးလည်း ရှိတယ်" လို့ ရှမ်းတောနဲ့ ရေမြေ ရွာခံ ၂ ဦးတို့က ရှင်းပြပါတယ်။

ငွေမပေးနိုင်ရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဖိအားပေးခြိမ်းခြောက်တာတွေ လုပ်တယ်လို့ သူတို့က ဆက်ပြောပါတယ်။

တောင်းတဲ့ငွေမပေးနိုင်ရင် "၂၄ နာရီအတွင်း တနိုင်တပိုင်ပစ္စည်းပဲ ယူသွားပြီး နေထိုင်နေတဲ့ ရွာထဲကနေ ထွက်သွားခိုင်းတယ်" လို့ ရှမ်းတောရွာခံတစ်ဦးက ပြောပါတယ်။

ရေမြေနဲ့ ဥယျာဉ်မ ရွာခံ ၂ ဦးတို့ကလည်း သူတို့ရွာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အလားတူပုံစံအတိုင်း ဖိအားပေး ငွေကြေးတောင်းခံခဲ့တဲ့အကြောင်း ထပ်ပြောပါတယ်။

မင်းကင်းက ရွာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် ငွေကြေးတောင်းခံမှုနဲ့ ပတ်သက်လို့ "SRF ကနေ ညွှန်ကြားချက်ပေးတာမျိုး မရှိဘူး" လို့ SRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မသူသူကျော်က ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။

ရွာခံလူထုအနေနဲ့ SRF ကို ထောက်ပံ့ကြသလို အုပ်ချုပ်ရေးမှူးတွေကလည်း ကာကွယ်ရေးစရိတ်နဲ့ ပတ်သက်လာရင် "အဆင်ပြေအောင် စီစဉ်ပေးကြတာပါ" လို့ သူက ဆက်ပြောပါတယ်။

ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်ကတော့ စစ်အာဏာသိမ်းစနှစ်တွေမှာ မင်းကင်းဒေသက ရွာခံလူထုတွေအနေနဲ့ SRF ကို သဘောတူကြည်ဖြူပြီး ထောက်ပံ့မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

SRF အနေနဲ့ "၂၀၂၄ နှစ်စပိုင်းလောက်စပြီး လက်နက်အားကိုးနဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးတာတွေလုပ်လာတာ" လို့ သူက ဖြည့်ပြောပါတယ်။

ရှမ်းတောရွာခံတစ်ဦးကတော့ စီးပွားရေးအခြေအနေအရ အိုးအိမ်ကိုစွန့်ပြီး ထွက်သွားနိုင်တဲ့အခြေအနေလည်းမရှိတဲ့အတွက် တောင်းသလောက် ငွေပေးနေရတယ်လို့ ဘီဘီစီကို ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။

ရွှေမျှောအကျိုးမြတ်

မင်းကင်းဒေသရဲ့ ချင်းတွင်းမြစ်ရိုးတကြောမှာ လောင်းပြည့်၊ ကမ်းပြည့်၊ မြောက်ချွန်း စတဲ့ ရွှေမျှောလုပ်ငန်းတွေရှိပြီး အဲဒီရွှေမျှောကနေရတဲ့ အကျိုးအမြတ်တွေနဲ့ပတ်သက်လို့ လက်နက်ကိုင်တပ်တွေနဲ့ ဒေသခံလူထုကြား ပဋိပက္ခတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံ ၃ ဦးက ပြောပါတယ်။

ကမ်းပြည့်ရွှေမျှောကတော့ SRF ထိန်းချုပ်တဲ့နေရာအတွင်းမှာရှိပြီး ၂၀၂၆ နှစ်စပိုင်းကစလို့ ရွှေမထွက်တော့တာကြောင့် လုပ်ငန်းတွေ ရပ်ထားလုနီးပါးဖြစ်နေပြီလို့ ကမ်းပြည့်ရွှေမျှောမှာ လုပ်ကိုင်ခဲ့တဲ့ ကမ်းပြည့်ရွာခံတစ်ဦးက ပြောပါတယ်။

၂၀၂၆ မတိုင်ခင် အာဏာသိမ်းကာလတွေမှာတော့ ကမ်းပြည့်ရွှေမျှောလုပ်ငန်းက အကျိုးအမြတ်တွေကို SRF တပ်ကပဲ အများဆုံးရယူခဲ့တာလို့ သူက ဆိုပါတယ်။

ကမ်းပြည့်ရွှေမျှောနဲ့ ပတ်သက်ပြီး SRF ပြောခွင့်ရကတော့ "ရွှေမျှောနဲ့ပတ်သက်ပြီး တိုက်ရိုက်ထိန်းချုပ်တာ၊ ခွဲဝေခြမ်းမှုတွေလုပ်ထားတာ မရှိသလို မြို့နယ်ပကဖကပဲ ချုပ်ကိုင်ထားတာပါ" လို့ ဖေဖော်ဝါရီ ၃ ရက်မှာ တုံ့ပြန်ပြောပါတယ်။

ရွှေမျှောဖောင် ရာနဲ့ချီလုပ်ကိုင်နေကြတဲ့ လောင်းပြည့်နဲ့ မြောက်ချွန်းရွာတို့ရဲ့ ရွှေမျှောတွေကိုတော့ NUG ကပဲ ထိန်းချုပ်ထားတာလို့ NUGရဲ့ မြို့နယ်ပကဖနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

စစ်တပ်ကလည်း လောင်းပြည့်ရွာ ရွှေမျှောလုပ်ကွက်တွေကို ၂၀၂၅ နှောင်းပိုင်းမှာ ၃ ကြိမ်ထက်မနည်း ဗုံးကြဲတာတွေ လုပ်ခဲ့ပါတယ်။

အဲဒီဗုံးကြဲမှုတွေကြောင့် ရွှေမျှောဖောင်မှာလုပ်ကိုင်နေတဲ့ ဒေသခံတချို့ သေဆုံးခဲ့သလို ဖောင်တွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

၂၀၂၅ ဒုတိယနှစ်ဝက်မှာ လောင်းပြည့်ကျွန်းအနီးက ရွှေမျှောလုပ်ကွက်တွေနဲ့ပတ်သက်ပြီး NUG ရဲ့ပသုံးလုံးတာဝန်ရှိသူတွေနဲ့ ဒေသခံ လူထုတွေကြား အငြင်းပွားမှုတွေရှိခဲ့ပါတယ်။

NUG လက်အောက်ခံတပ်တွေက ဒီရွှေမျှောတွေကို တူးဖော်လုပ်ကိုင်ဖို့ ပြင်ဆင်ခဲ့တာကြောင့် ကျေးရွာဒေသခံတွေက ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

ရွှေမျှောကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဒေသခံ တိုက်နယ်ပကဖနဲ့ ပအဖတာဝန်ခံအပါ ၃ ဦးကိုလည်း ကလေးခရိုင်အခြေစိုက် NUG တပ်ရင်း ၇ နဲ့ ၁၀ တပ်ဖွဲ့ဝင်တချို့အပြင် မင်းကင်းမြို့နယ်တပ်ရင်း ၁ နဲ့ ၄ တပ်ဖွဲ့ဝင်တချို့တို့ပူးပေါင်းပြီး ၂၀၂၅ နိုဝင်ဘာမှာ ဖမ်းဆီးခဲ့တယ်လို့ သူကဆိုပါတယ်။

ဖမ်းဆီးခံ ၃ ဦးလုံး ၂၀၂၆ ဖေဖော်ဝါရီ ပထမအပတ်အထိ မလွတ်မြောက်လာသေးဘူးလို့ သူက ဆိုပါတယ်။

"ရွှေမျှောမှာ ဦးဆောင်လုပ်ကိုင်မယ့် မြို့နယ်အဆင့် ပကဖနဲ့ ပအဖတာဝန်ခံတွေကို ရာထူးကရပ်နားပေးဖို့ ဆန္ဒပြပွဲတွေမှာ ထည့်သွင်း တောင်းဆိုတာလည်း လုပ်ခဲ့တာကြောင့်"လို့ သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း ၂၀၂၅ နှစ်ကုန်ပိုင်းအထိ လည်ပတ်ခဲ့တဲ့ ကမ်းပြည့်ရွှေမျှောကနေ ရတဲ့ အကျိုးအမြတ်တွေကို ၂၀၂၂ ကနေ ၂၀၂၄ အထိကာလတွေအတွင်း NUG၊ SRF နဲ့ ဒေသခံလူထုတွေ စသဖြင့် အချိုးကျ ခွဲဝေယူခဲ့ကြတယ်လို့ ကမ်းပြည့်ဒေသခံ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

အချိုးကျ ၃ ပုံပုံပြီး ခွဲဝေယူချိန်တုန်းကလည်း လက်နက်ကိုင် ၂ ဖွဲ့ကြားမှာ အငြင်းပွားတာ၊ အဝေမတည့်တာတွေရှိခဲ့တယ်လို့ ကမ်းပြည့်ရွာဒေသခံတစ်ဦးက ထုတ်ပြောပါတယ်။

"ရွှေမျှောကို မက်တော့ ရွှေမျှောရှိတဲ့နယ်မြေတွေကိုပါ ချုပ်ကိုင်ချင်လာတယ်။ ပြဿနာတွေက ဒီလိုအကျိုးအမြတ်တွေကို လောဘ တက်ရာကနေ စလာတာ" လို့ သူက ပြောခဲ့ပါတယ်။