မင်းကင်းက ရွာမီးရှို့မှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့လူငယ်တွေ

မင်းကင်းမြို့နယ်ထဲက မုဿာရွာနဲ့ မောက်တက်ကျေးရွာထဲကို ဖေဖော်ဝါရီ ၁၀ ရက်ကြာသပတေးနေ့မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေအင်အား ၂၀၀ လောက်နဲ့ ဝင်ရောက်လာခဲ့ပြီးတဲ့နောက် ကျေးရွာ၂ ရွာလုံးကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

အိမ်ခြေ ၂၀၀ နီးပါးလောက် ရှိတဲ့ သူတို့ရွာ ပြာပုံဘဝရောက်သွားအောင် မီးရှို့ခံလိုက်ရတဲ့ မုဿာရွာသူတယောက်က"ကုန်းကောက်စရာမရှိအောင် ဖြစ်သွားတာ၊ ကြိုတင်ပြီး ဘာမှ ရွှေ့ထားတာလည်း မရှိဘူးလေ၊ ဒီလို ရွာပျက်လောက်အောင် ဖြစ်သွားမယ်လို့ မမျှော်လင့်ထားဘူး"လို့ သူတို့ တရွာလုံး ကြုံနေရတဲ့အဖြစ်ကို ပြောပြပါတယ်။

အနားက အိမ်ခြေ ၁၀၀ ကျော် ရှိတဲ့ မောက်တက်ရွာလည်း အလားတူ မီးရှို့ခံလိုက်ရတဲ့အတွက် ရွာ၂ ရွာ ကထောင်နဲ့ချီတဲ့ ရွာသူရွာသားတွေ အိုးအိမ်မဲ့သွားတဲ့အပြင် အစားအစာအတွက်ပါ အခက်အခဲ ကြုံနေကြရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ အပေါင်းပါတွေဟာ စစ်ကိုင်းတိုင်းက ရွာတွေထဲ ရုတ်တရက်ဝင်ရောက်လာပြီး ရွာသူရွာသားတွေ ကြောက်လန့်တကြား ထွက်ပြေးသွားချိန်မှာ ရွာထဲက အိမ်တွေကို ချိုးဖျက်မွှေနှောက်ပြီး ရွှေ၊ငွေနဲ့ တန်ဖိုးရှိတာတွေယူတာ၊ နောက်တရွာလုံးကို မီးရှို့တာဆိုတဲ့ သတင်းတွေက အခုလပိုင်းတွေအတွင်း အတော်များလာနေပါတယ်။

ဒီအဖြစ်နဲ့ တရက်တည်းမှာပဲ အဲဒီရွာ၂ရွာနဲ့ အနီးက ငါးနန္ဒာရွာ(ငနန္ဒာရွာလို့အသံထွက်ခေါ်ကြ)မှာတော့ လူငယ် ၃ ယောက်ကို စစ်ကောင်စီတပ်တွေက သတ်ဖြတ်သွားတယ်လို့ ရွာခံက ဘီဘီစီကို ပြောပါတယ်။

မုဿာ၊ မောက်တက်ရွာတွေနဲ့ ငါးနန္ဒရွာကြားမှာရှိတဲ့ ချောင်းဘေးမှာ ရွာလုံခြုံရေးစောင့်နေတဲ့ လူငယ်၉ယောက်ဟာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက ပစ်ခတ်လို့ ထွက်ပြေးကြရင်း သူတို့ထဲက ၆ယောက်သာ လွတ်မြောက်အောင် ပြေးနိုင်ခဲ့ပါတော့တယ်။

သူတို့ကို ပြန်လိုက်ရှာကြတဲ့ ဒေသခံတွေ ညနေပိုင်းမှာ ပျောက်နေတဲ့ လူငယ် ၃ ယောက်ကို ပြန်တွေ့ခဲ့ရပေမယ့် သူတို့အလောင်းတွေကိုသာ တွေ့လိုက်ရတော့တာပါ။

"၁ ယောက်က အသတ်ခံထားရပြီး မီးနဲ့ရှို့ပစ်ထားခဲ့တယ်၊ နောက်၂ယောက် ကခေါင်းတွေကို တေ့ပစ်ထားတဲ့ ဒဏ်ရာတွေနဲ့" လို့ သူတို့ကို ပြန်တွေ့ရတဲ့အဖြစ်ကို ရွာသားတယောက်က ဘီဘီစီကို ပြောပြပါတယ်။

တေ့ပြီး ပစ်ထားတဲ့ဒဏ်ရာတွေနဲ့မို့ ဒီရွာသားလူငယ်တွေကို ဖမ်းမိပြီးတော့မှ သတ်ဖြတ်ခဲ့ကြတာ၊ ဒါဟာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ပဲလို့ သူတို့က စွပ်စွဲပါတယ်။

စစ်ကောင်စီဘက်က အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးသလို အရင်တုန်းက အလားတူကိစ္စမျိုးတွေမှာလည်း သူတို့သတ်တာလို့ ဝန်ခံတာမျိုးမရှိခဲ့ပါဘူး။