မင်းကင်းက မင်္ဂလာဆောင် ဗုံးကြဲခံရမှု သေဆုံးသူ ၂၉ ဦးရှိ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတော‌ကျေးရွာမှာ မင်္ဂလာဆောင် ကျင်းပနေချိန် စစ်ကောင်စီတပ်က ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် သေဆုံးသူ ၂၉ ဦးအထိရှိလာတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ဘီဘီစီကိုပြောပါတယ်။

မင်းကင်းမြို့တစ်ဖက်ကမ်း ချင်းတွင်းမြစ်ကမ်းဘေးက မတောကျေးရွာထဲမှာ မင်္ဂလာပွဲကျင်းပနေချိန် ဇွန်လ ၃ ရက် မနက် ၈ နာရီကျော်မှာ စစ်ကောင်စီတိုက်လေယာဥ်က ဗုံး ၂ လုံးကြဲချခဲ့တာလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီက ကြဲခဲ့တဲ့ဗုံးတစ်လုံးဟာ မင်္ဂလာဆောင်အိမ်နဲ့ မင်္ဂလာမဏ္ဍပ်ကြားကို ကျရောက်ပေါက်ကွဲခဲ့ပြီး နောက် ဗုံးတစ်လုံးကတော့ မင်္ဂလာဆောင် အိမ်အနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူ ၃၀ ထက်မနည်းရှိနိုင်တယ်လို့လည်း ကယ်ဆယ်ရေးလုပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

မြေပြင်မှာရှိနေသူတွေကတော့ မင်္ဂလာဆောင်မဏ္ဍပ်အနီး ပေါက်ကွဲခဲ့တဲ့ ပထမဗုံးဟာ ပေါက်ကွဲ အားပိုပြင်းတယ်လို့ ဘီဘီစီကိုပြောပါတယ်။

မြေကြီးမာနေတာကြောင့် တွင်းချိုင့်ကြီးပေါ်တဲ့အထိ မဖြစ်ခဲ့တာကလည်း ဗုံးအစအနတွေဟာ ပတ်ဝန်းကျင်ကို ပိုပြီး ပျံ့ထွက်မှုများပြီး လူထိခိုက်သေဆုံးမှု ဖြစ်ခဲ့တာလို့ ကယ်ဆယ်ရေးမှာပါဝင်သူတွေက ပြောပါတယ်။

‘’ပြင်းအားက ပေါင် ၂၀၀ ထက်တော့ မသေးဘူးခင်ဗျာ့။ သေဆုံးသူတချို့ဆိုရင် လူတစ်ကိုယ်လုံးခြေ လက် ကိုယ်ခေါင်းပြည့်အောင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို နှစ်အိမ်ကျော် သုံးအိမ်ကျော်လောက်မှာ သွားကောက်ရတာတွေလည်းရှိတယ်။ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားဖို့ မဖြစ်နိုင်တော့ လောက်တဲ့အထိ ရုပ်ပျက်သွားပြီ’’ လို့ ကယ်ဆယ်ရေးမှာပါဝင်သူ တစ်ဦးက ပြောပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မင်္ဂလာဆောင်အိမ်အပြင် အနီးနားက နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးကြန့်ကြာနေခဲ့

မတောရွာကို စစ်တပ်က ဗုံးကြဲချိန်ဟာ မနက်ခင်း မင်္ဂလာဆောင်ထမင်းကျွေးချိန်မှာဖြစ်ခဲ့တာကြောင့် သေဆုံးသူတွေထဲမှာ ကလေးတွေလည်း ပါဝင်တယ်လို့ မြေပြင်မှာ ကူညီရေးလုပ်နေသူတွေက ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေဟာ လေကြောင်းတိုက်ခိုက်မှုထပ်ဖြစ်လာမှာကိုစိုးရိမ်တာကြောင့် ရွာထဲကနေ ထွက်ခွာ သွားကြပြီး တချို့ဆိုရင် ဒဏ်ရာရသူတွေကိုတောင် တောထဲအတူခေါ်သွားတာမျိုးရှိပါတယ်။

ဒဏ်ရာရသူတွေတောင် တောထဲအထိခေါ်သွားလို့ လူတိုင်းဆီ အရောက်လာခေါ်ဖို့ ခက်ခဲတယ်ဆိုတဲ့အကြောင်း၊ လာရလွယ်တဲ့နေရာအထိ ဒဏ်ရာရသူကိုခေါ်လာဖို့ ကယ်ဆယ်ရေးအဖွဲ့က လှမ်းပြော နေသံတွေကိုလည်း ဘီဘီစီက ဒေသခံတွေဆီ ဖုန်းနဲ့ ဆက်သွယ်နေတုန်းမှာ ပြောဆိုသံတွေ ကြားနေရပါတယ်။

ကူညီ ကယ်ဆယ်ရေးလုပ်နေချိန်မှာပဲ မြစ်တစ်ဖက်သာခြားတဲ့ မင်းကင်းမြို့ထဲကနေ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

‘‘ကယ်ဆယ်ရေးလုပ်နေချိန်မှာတောင် မင်းကင်းဘက်က (စစ်တပ်က) လှုပ်လှုပ် လှုပ်လှုပ်လုပ်တာမျိုးရှိတယ်။ ၆၀ မမ တွေနဲ့ လှမ်းပစ်တယ်။ ကူးခဲ့မယ်သယောင်ပြတယ်။ ပျူရွာတွေဘက်ကနေ ပျူရွာတွေဘက်ကလည်း အလားတူ အလှုပ်ပြတယ်’’လို့ ကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။

လူနာတွေကို သယ်ယူပို့ဆောင်ရာမှာ ဒေသခံတွေအပြောအရ လက်နက်ကိုင်ပျူစောထီး အားကောင်းတဲ့ ပန်းဆက်နဲ့ တောင်ဖြူကျေးရွာတွေအနီးကို ဖြတ်သွားရတာကြောင့်လည်း ကြန့်ကြာတာတွေရှိခဲ့ပါတယ်။

''သူတို့ ထွက်လာမယ်ဆို လာလို့ရတဲ့နေရာမှာရှိနေတော့ တဖက်ကမ်းက စစ်တပ်ရော၊ ဒီဘက် က ပျူရွာတွေ အန္တရာယ်ရော သတိထားပြီး ကယ်ခဲ့ရတယ်'' လို့ ဆိုပါတယ်။

အဲဒီရွာတွေဟာ အာဏာသိမ်းအစောပိုင်းကာလ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ PDF ပူးပေါင်းအဖွဲ့တွေက တောင်ဖြူရွာက ပျူစောထီးတွေကို သွားရောက်တိုက်ခိုက်ချိန် PDF ၄ ဦးသတ်ဖြတ်ခံရပြီး နောက်ထပ် အယောက် ၅၀ ကျော် ဖမ်းဆီးခံခဲ့မှုဖြစ်ခဲ့တဲ့ကျေးရွာတွေဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် ဗုံးကြဲခံရမှုမှာ ထိခိုက်သေဆုံးသူတွေကို ကူညီကယ်ဆယ်ရေးကြန့်ကြာခဲ့ပြီး ဇွန်လ ၃ ရက် ညနှောင်းပိုင်းအထိ ရှာဖွေရေးတွေ ဆက်လုပ်နေခဲ့ရပါတယ်။

PDF ခေါင်းဆောင် မင်္ဂလာဆောင်လား

မတောရွာ မင်္ဂလာဆောင်ဟာ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ခေါင်းဆောင်တစ်ဦးရဲ့ မင်္ဂလာဆောင်ဖြစ်ပြီး ပေါင် ၅၀၀ ဗုံးကြဲချခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်တွေက ရေးသားပြောဆိုကြပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း PDF တွေ သေဆုံးတယ်လို့လည်း ရေးသားကြပါတယ်။

မြေပြင်မှာရှိတဲ့ကူညီကယ်ဆယ်ရေးနဲ့ ကာကွယ်ရေးပိုင်းလုပ်နေသူတွေကတော့ ရွှေမျောလုပ်ငန်းနဲ့ ဆက်စပ်သူ ရွာခံ အမျိုးသမီးနဲ့ တခြားရွာက အမျိုးသားတို့ ထိမ်းမြားတာဖြစ်ပြီး PDF ခေါင်းဆောင်ပိုင်း မင်္ဂလာဆောင်မဟုတ်ဘူးလို့ပြောပါတယ်။

အသက် ၂၇ အရွယ် သတို့သမီးဟာ ရွှေမျောလုပ်ငန်းတွေမှာ အကျိုးစီးပွားပါဝင်ပတ်သက်မှုနဲ့ ဝေဖန်ခံရသူတစ်ဦးဖြစ်တယ်လို့လည်း သူတို့က ပြောပါတယ်။

‘‘မင်္ဂလာဆောင်တဲ့အမျိုးသမီးက အလုပ်လုပ်တဲ့အပိုင်းတွေမှာ ရန်သူရော၊ မိတ်ဆွေရောရှိတယ်ပေါ့လေ။ ရွှေမျောကိစ္စတွေဘက်မှာ သူပါဝင်တာပါတယ်။ တော်လှန်ရေးဘက်ခြမ်းမှာလည်း ပါဝင်တာမျိုးရှိတယ်။ အခုလည်း ကာကွယ်ရေးတပ်တွေဘက်က ခေါင်းဆောင်တွေ မင်္ဂလာဆောင် ရောက်နေတယ်ဆိုတာမျိုး သတင်းမှား ပေးလို့ ဗုံးလာချသွားတဲ့သဘောမျိုး’’ လို့ ဆေးကုသရေးမှာပါဝင်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

‘‘သတို့သမီးကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်။ သတို့သားကလည်း ဆိုင်ကယ်နဲ့ သူ့ရွာကို သူပြန်သွားတာ ကျွန်တော်တို့ တွေ့လိုက်ရတယ်’’ လို့ မြေပြင်မှာ အကူအညီပေးနေတဲ့ ကျောင်းသားတော်လှန်ရေးတပ်(SRF) ခေါင်းဆောင်က ဘီဘီစီကို အတည်ပြုပါတယ်။

မင်းကင်းက စစ်ရေးအခြေအနေ ဘယ်လိုရှိလဲ

စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှု သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ PDF တွေဟာ မင်းကင်းကို တိုက်ဖို့ မတောရွာ မင်္ဂလာဆောင်မှာပဲ ဆွေးနွေးဖို့ရှိနေချိန် စစ်တပ်က လေကြောင်းကနေ ရှင်းလင်းခဲ့တာလို့ဆိုပြီး ပြောဆိုကြပါတယ်။

တဖက်မှာလည်း PDF တွေက မင်းကင်းကို တိုက်ခိုက်ဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့အပြီးမှာ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)တွေဟာ ရိက္ခာတွေ စုဆောင်းနေတာမျိုးရှိတယ်လို့ မြေပြင်စစ်ရေးသတင်း ရင်းမြစ်တွေက ဘီဘီစီကိုပြောပါတယ်။

ကျောင်းသားတော်လှန်ရေးတပ်(SRF) ခေါင်းဆောင် ကိုစံကတော့ မတောရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးပါတယ်။

‘’ရန်သူကို ထိထိရောက်ရောက် ဖိအားပေးတာမျိုးရှိလာတယ်။ တိုက်ခိုက်မှုတွေမှာ လက်နက်ရရှိတယ် ဆိုတာမျိုးတင် မဟုတ်တော့ဘဲ ရန်သူကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တာမျိုး အထိဖြစ်လာတယ်။ သူတို့ပိုင်ဆိုင်တာတွေကို ခြိမ်းခြောက်တာမျိုးရှိလာတယ်။ ဥပမာ ပျူရွာတွေဆိုရင် ဆန်စပါး တစ်သိန်းစျေး ပေါက်ရင် သူတို့က သောင်းဂဏန်းနဲ့ စျေးလျှော့ရတာမျိုးရှိတယ်။ ကာကွယ်ရေးဘက်က ပိတ်ဆို့မှုတွေကြောင့် သူတို့ရပ်တည်ရေးအတွက် ရတဲ့စျေးနဲ့ရောင်းရတာမျိုးပေါ့’’ လို့ သူက ပြောပါတယ်။

တောမရွာထဲမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေကို ဇွန်လ ၄ ရက်မှာ စျာပနပြုလုပ်ဖို့ရှိနေပါတယ်။